5 Feb 2017

မဟာသောတာပန် အကြောင်း တစေ့တစောင်း

Image may contain: one or more people, sky, outdoor and nature



မဟာသောတာပန် အကြောင်း တစေ့တစောင်း 
****************************

"မဂ်" လေးပါးရှိတဲ့ အနက် ပထမဦးဆုံး မဂ် ကျရင် သောတာပန် ဖြစ်ပြီဆိုတာတော့ ..ဓမ္မမိတ်ဆွေတို့  သိပြီးသားဖြစ်ကြမှာပါ။

"မဂ် မသိ၊ ဖိုလ် နဲ့ ညှိ " ဆိုတဲ့ စကားရပ်အတိုင်း ...အစပျိုးရရင်တော့
မဂ် က"အသေ၊ ဖိုလ် က "အရှင်" ပေါ့။ 

"မဂ်"လေးပါး မှာ ဆိုင်ရာလေးပါး ကျပြီးရင် "မဂ်"က ဆက်ပြီး၊ မဖြစ်ပေါ်တော့တဲ့အတွက်ကြောင့် "သေလေးပါး"လို့ သတ်မှတ်တာပါ။

ဖိုလ်လေးပါးမှာ သူနဲ့ ဆိုင်ရာ ဖိုလ်ကို အကြိမ်ကြိမ်ဝင်စားနိုင်တဲ့ အတွက်ကြောင့် "ရှင်လေးပါး"ဟု ခေါ်ဆိုတာဖြစ်ပါတယ်။

" သောတာပန်"အတွက်ဆိုရင် "မဂ်"ဟာ တစ်ကြိမ်သာဖြစ်ခဲ့ပြီး "ဖိုလ်ဥာဏ်"သည် အကြိမ်ကြိမ်ပြန်ဝင်စားရရှိနိုင်ပါတယ်။

ဝိပသနာဥာဏ်စဉ် အဆင့်ဆင့်တက်ပြီး သောတာပန်ဆိုင်ရာ "မဂ်" ဟာ တစ်ကြိမ်သာကျပြီး ဖိုလ်ဇော သည် နှစ်ကြိမ်၊ တချို့သုံးကြိမ်ကျပြီး ပြန်လည်ဆင်ခြင်တဲ့ ဥာဏ်ဖြစ်ပေါ်ပြီး တော့ ပထမအဆင့် အောင်မြင်တယ်လို့ ခေါ်ပါတယ်။ အရှင်းဆုံးပြောရရင် "သောတာပန်" ဖြစ်တယ်ပေါ့။ 


ဓမ္မမိတ်ဆွေတို့ ဟာ မိမိဟာ သောတာပတ္တိမဂ်ကျ၊ မကျသိချင်ရင်တော့ ..
"ဖိုလ်ဥာဏ်"ဆိုတာ ဟာ ဆိုင်ရာ"မဂ်ဥာဏ်"အတွက် အကြိမ်ကြိမ် ပြန်လည်ဝင်စားရရှိနိုင်တဲ့ အတွက်ကြောင့်.."ဖိုလ်"ဝင်စားကြည့်လို့ ရနိုင်ရင်တော့ "သောတာပန်" ဖြစ်ပြီလို့ သေချာပေါက်ပြောနိုင်ပါတယ်။

ဒီတော့" ဖိုလ် "စိတ်မျိုး ဖြစ်အောင် ဖိုလ်ဝင်စားတော့မယ်ဆိုရင်...

အရင်ဆုံးတစ်ခုရှင်းပြပါရစေ...

"ဉာဏ်စဉ် (၁၆)ပါး" ဆိုတာရှိပါတယ်။အရင် စာမျက်နှာတွေမှာလည်း ဖေါ်ပြခဲ့ဘူးပါတယ်။ဒီနေရာမှာတော့ ဒီ( ၁၆ ) ပါးလုံးကို မဖေါ်ပြတော့ပါဘူး။

ဝိပဿနာရှုတဲ့အခါ သာမာန်ပုထုဇဉ်တွေအနေနဲ့  စပြီးအားထုတ်တော့မယ်ဆိုရင်ဉာဏ်စဉ် (၁၆)ပါး မှာရှိတဲ့ "နာမရူပ ပရိစ္ဆေဒ ဉာဏ်" မှ စပြီး ဖြစ်ပေါ်ပါတယ်။

"နာမရူပ ပရိစ္ဆေဒ ဉာဏ်" ဆိုတာ ဘာလည်း ဆိုတော့..
"ရုပ် နာမ် ခွဲခြားသိတဲ့ဉာဏ်"..ဖြစ်ပါတယ်။ တရားအားထုတ်ရင်း ရှုဖန်များလာရင်.. ဒါကတော့"ရုပ်"၊ ဒါကတော့ "နာမ်"လို့ပိုင်းခြားသိလာတော့...

"နာမရူပပရိစ္ဆေဒဉာဏ်"ဆိုတာရလာပါတယ်။ ဒါ ပုထုဇဉ် မှာ စဖြစ်တဲ့ ပထမဆုံး ဉာဏ်စဉ်ပါ။


သောတာပန် ဖြစ်ပြီးသား အရိယာ ကတော့ " ဥဒယဗ္ဗယဉာဏ်" လို့ ခေါ်တဲ့...
ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်တဲ့ ဉာဏ် ကစပြီး ဖြစ်ပေါ်ပါတယ်။ ( မဟာစည်ဆရာတော်ဘုရား ၏ "ဝိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်" ဒုတိယတွဲစာမျက်နှာ ၄၃ မှာလည်း ပြဌာန်းထားပါတယ် )


ဓမ္မမိတ်ဆွေတို့  အဲဒီလို ရှုမှတ်နေတဲ့ အစ မှာ အဖြစ်အပျက် နှစ်ပါးလုံးကို သိလျက် " ဥဒယဗ္ဗယဉာဏ်" ဖြစ်ပေါ်နေပြီးတော့..သူ့ ဉာဏ်စဉ် အတိုင်း တိုးတက်၊တိုးတက် လာပြီးမကြာမီ အချိန်တစ်ခုမှာ အနူးညံ့ဆုံး၊ အသိမ်မွေ့ ဆုံး၊ အကောင်းဆုံး မှတ်သိမှုဖြစ်တဲ့ " သင်္ခါရုပေက္ခာဉာဏ်"သို့  ရောက်ရှိသွားပါလိမ့်မယ်။ ရုပ်၊ နာမ် ဓမ္မသင်္ခါရ တွေကို မချစ်မမုန်းဘဲ လျစ်လျူရှုတတ်တဲ့....

"သင်္ခါရုပက္ခောဉာဏ်"ပေါ်လာပါတယ်။

တစ်ကယ်တန်း မဂ်ဖိုလ် သို့ ရောက်ပြီးသောသူရဲ့ စိတ်ထားဟာ အရင်တုန်းက စိတ်ထားနဲ့ မတူဘဲ ထူးခြားလာတာ ကိုယ့်ဖာသာကိုယ်သိသာပါတယ်။

ဥပမာ...

ဘဝအသစ်တစ်ခု ပြောင်းလဲ လာသလို ထင်ရတတ်ပါတယ်။ ယုံကြည်မှု ၊ကြည်ညိုမှု ၊ကြည်လင်မှု သဒ္ဓါ တွေဟာ အလွန် ထက်သန်စွာဖြစ်တတ်ပါတယ်။ အဲဒီ သဒ္ဓါ အဟုန်ကြောင့် ပီတိ ၊ပဿဒ္ဓိ တို့ လည်းလွန်ကဲစွာ ဖြစ်နေတတ်ပါတယ်။ ဝမ်းသာမှု သုခ ဟာ လည်း အလိုလိုပင် ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီ သဒ္ဓါ၊ ပီတိ ၊ပဿဒ္ဓိ ၊သုခ တို့ က လှိုက်လှိုက်လှဲလှဲ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ အတွက်ကြောင့် မဂ်ဖိုလ်သို့  ရောက်ပြီးခါစ မှာ ရှုမှတ် ပေမယ့်လည်း ပိုင်းပိုင်းခြားခြား မသိနိုင်သေးတာလည်း ရှိတတ်ပါတယ်။


ဒါပေမယ့် နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်း ဖြစ်စေ ကြာလွန်တဲ့ အခါမှာ အဲဒီ သဒ္ဓါ တို့ ဟာ အားနည်းသွားပါလိမ့်မယ်။ အဲဒီအခါမှာ ပိုင်းပိုင်းခြားခြား သိနိုင်ပြီးတော့ အမှတ်ကောင်းသွားပါလိမ့်မယ်။ တချို့ ပုဂ္ဂိုလ်တွေ ဟာ မဂ်ဖိုလ် သို့ ရောက်ပြီးခါစမှာ ဘယ်လို ဖြစ်လည်းဆိုတော့..


ဝန်ပေါ့သွားသလိုမျိုး ၊မမှတ်ချင်တော့သလို၊ အားရသွားသလိုမျိုး အဲဒီလိုစိတ်တွေ ဖြစ်တတ်ပါတယ်။အဲဒီလိုဖြစ်တဲ့ သောတာပန် က နဂိုကတည်းကမိမိဟာ "သောတာန်ပန်"ဖြစ်ရင်တော်ပြီ၊ "သောတာပတ္တိမဂ်ဖိုလ် " လောက်ကိုဘဲ ရည်မှန်းခဲ့တဲ့ အတွက်ကြောင့် ရောင့်ရဲမှုသာ ဖြစ်တယ် လို့  ယူဆ ရပါတယ်လို့ ..မဟာစည်ဆရာတော်ဘုရား ကြီး က ရေးသားဖေါ်ပြထားပါတယ်။


အဲဒီလို ဉာဏ်အား ပြည့်တဲ့အခါမှာ "သင်္ခါရငြိမ်းတဲ့ နိဗ္ဗာန်အာရုံ " ကို အယင် ကလိုပင် ကူးပြောင်းပြီး..
"ဖိုလ်စိတ်"အစဉ်ဖြစ်ပေါ်နေပါလိမ့်မယ်။


ဒီ "ဖိုလ်စိတ်"ဟာ "အရင်တုန်းက လို အချိန်ကို မပိုင်းခြားတော့ဘဲ တစ်ချို့ ဖိုလ်ဝင်စားသူတွေမှာ..
" တစ်ခါတစ်လေ ခဏလေးသာဖြစ်တတ်ပါတယ်။တစ်ခါတစ်လေ..၅မိနစ်လောက်၊ ၁၀မိနစ် ၊၁၅မိနစ်၊ နာရီဝက်၊ တနာရီ လောက် စသည်ဖြင့် အချိန် ကြာမြင့်စွာလည်း ဖြစ်တတ်ပါတယ်။


"အဋ္ဌကထာ" ထဲမှာတော့..တစ်နေ့ လုံး၊တစ်ညလုံး သော်လည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။တကယ်လို့ အချိန်ကာလပိုင်းခြားပြီး အဓိဋ္ဌာန်ထားတဲ့ ကာလပတ်လုံး လည်း ဖြစ်တတ်သည် ဟု မိန့် ဆိုထားပါတယ်။အခုမျက်မှောက်ကာလမှာလည်း သမာဓိ၊ ဝိပဿနာ ထက်သန်တဲ့ သူတွေမှာတော့ ၁နာရီ ၊၂နာရီ ၊၃နာရီ စသည်ဖြင့် ပိုင်းခြားထားသည့်အတိုင်း ကြာမြင့်စွာ "ဖိုလ်"တည်တံ့နေသည်ကို တွေ့ ကြရပါတယ်။

ထားပါတော့...

"ဖျက်လိုမှဘဲ ပျက်ပါစေ" ဆိုတဲ့ အဓိဌာန် နဲ့ အရင်ကတည်းက ပိုင်းခြားထားရင်လည်း အလိုမရှိတဲ့ အခါကျမှသာ ကောင်းစွာ ထပါတယ်။ဒါပေမယ့် တနာရီ ၊နှစ်နာရီ ကြာတဲ့ ပုဂ္ဂိုလ် အဖို့ ဆင်ခြင်တဲ့ စိတ်တွေလည်း ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ်...အဲဒီစိတ်တွေ ကို ၄-ချက်၊ ၅-ချက် လောက် မှတ်လိုက်ရင်တော့ "ဖိုလ်" ကို တဖန်ရောက်သွားပြန်ပါတယ်။ အဲဒီနည်း နဲ့ လည်းပဲ အားရသည့်တိုင်အောင် နာရီပေါင်းများစွာ တည်တံ့နေတာကိုလည်း တွေ့ ကြရပါတယ်။အဲဒီ " ဖိုလ် "စိတ်တွေ ဖြစ်နေတဲ့ အခိုက် မှာ "သင်္ခါရ" အလုံးစုံချုပ်ငြိမ်းသော နိဗ္ဗာန်အာရုံ မှာဘဲ စိတ် ဟာ တည်တံ့လျက်ရှိနေပါတယ်။


နိဗ္ဗာန်အာရုံ ကလွဲပြီး တစ်ခြားအာရုံကို မသိပါဘူး။ နိဗ္ဗာန် ဆိုတာကလည်း ဒီလောက၊ တစ်ပါးသော လောကတို့ နဲ့ ဆိုင်တဲ့ ရုပ်နာမ် သင်္ခါရ တရား၊ ပညတ်တရား တို့ မှ အလွတ် သီးခြားသဘောတရား ဖြစ်ပါပေတယ်။ ဒါ့ကြောင့်မို့ ဖိုလ် ဝင်စားနေတဲ့ အချိန်မှာ မိမိခန္ဓာကိုယ်ဟာ ဒီလောက တစ်ပါးသော လောကတို့ ရဲ့ အကြောင်းကို ဘာမျှ သတိမရပါဘူး၊ သိလည်းမသိပါဘူး၊ ကြံစည် စဉ်းစားမှု တွေဟာလည်းလုံးဝ ကင်းစင်နေပါတယ်။မြင်စရာ၊ ကြားစရာ၊ ထိစရာ ၊ နံစရာ အာရုံတွေ ထင်ထင်ရှားရှားရှိနေပေမယ့်လည်း ဘာကိုမျှ မသိတော့ပါဘူး။


"အပ္ပနာဇဝနံ ဣရိယာပထမ္ပိ သန္နာ မေတိ" ဟု ဆိုတာ နဲ့  အညီ ဣရိယာပုထ် လည်း ခိုင်ခံ့နေပါတယ်။ ထိုင်ပြီး ဝင်စားနေရင် ထိုင်တဲ့ ကိုယ်အမူအရာဟာ မူလက အတိုင်းဘဲ တည်တံ့လျက်ရှိနေပါတယ်။ ယိမ်းယိုင်ခြင်း၊ ညွတ်ကျခြင်း၊ ယွင်းပျက်ခြင်း မရှိပါဘူး။ ဖိုလ် စိတ် အစဉ်ပြတ်သွားသောအခါမှာ သင်္ခါရငြိမ်းတဲ့ သဘော၊ အဲဒီ ငြိမ်းရာကို ရောက်နေတဲ့ သဘောတွေကို ဆင်ခြင်မှုဖြစ်စေ၊ ပုံသဏ္ဌာန် စတဲ့ အာရုံတစ်မျိုးမျိုးကို တွေ့ မြင်မှုဖြစ်စေ၊ ရှေးဦးစွာ ထင်ရှားဖြစ်တတ်ပါတယ်။


အဲဒီနောက် မှတ်မြဲ မှတ်ခြင်း၊ ကြည်လင်ခြင်း၊ ဆင်ခြင်ခြင်း စတဲ့ စိတ်တို့ ဟာ ထိုက်သည့်အားလျော်စွာ ဖြစ်ကုန်ကြပါတယ်။ မှတ်နေတာကို ဆက်မှတ်နေပေမယ့်လည်း အစ မှာ ပီသ ကြမ်းတမ်းတဲ့ အဖြစ်အပျက် ကို သိပြီး ခပ်ကျဲကျဲသာ ဖြစ်တတ်ပေမယ့် ဝိပဿနာ အထူးအားကောင်းလာတဲ့ အခါ "ဖိုလ်" မှ ထခါစ မှာ လည်း အမှတ်မကျဲဘဲ ကောင်းမြဲပင်၊ သိမ်သိမ်မွေ့ မွေ့ နဲ့ ကောင်းနေတာလည်းရှိနေသေးပါတယ်။


အဓိကအချက်က "ဖိုလ်"ကို မြန်မြန်ရောက်ရန်၊ ဖိုလ်ဝင်စားမှု ကြာကြာတည်တံ့ဖို့ အတွက် ၊ ဆောက်တည်မှုကို အားမထုတ်ခင်ကတည်းက ကြိုတင်ပြီး ပြုလုပ်ဖို့ လို ပါတယ်။ မှတ်နေတဲ့ အချိန်ကျမှ ဆောက်တည်မှုအတွက် ကြောင့်ကြမှု၊ တောင့်တမှုကို မပြုအပ်ပါဘူး။ ဝိပဿနာ အားမပြည့်သေးဘူး ဆိုရင်တော့ အမှတ် အထူးကောင်းနေတဲ့ အချိန်မှာ ကြက်သီးထ တာတို့ ၊ သမ်း တာတို့ ၊ ခန္ဓာကိုယ်တုန်လှုပ်တာတို့ ၊ ရှိုက်တာ တို့ တွေ ဖြစ်ပြီးတော့ အမှတ်ကျဲသွား သည်လည်း ရှိတတ်ပါသေးတယ်။


မှတ်နေရင်း မှတ်နေရင်း အထူးကောင်းလာတဲ့ အချိန် မှာ "ရောက်တော့ မှာဘဲ" လို့ ဆင်ခြင်မိတဲ့အတွက် အမှတ်ကျဲသွားသည်လည်း ရှိပါသေးတယ်။ဓမ္မမိတ်ဆွေတို့  မဆင်ခြင်မိစေကြစေဖို့  အထူးဂရုပြုသင့်ပါတယ် ။
အကယ်၍ပေါ့လေ ဓမ္မမိတ်ဆွေ အနေနဲ့ ဆင်ခြင်မိရင်၊တွေးမိလိုက်ရင်တောအဲဒီ "ဆင်ခြင်မှု" "တွေးတောမှု"ကို မိမိရရ မှတ်ပါလို့ တိုက်တွန်းပါတယ် ။


အဲဒီလို ကျဲကျဲသွားတာကို အကြိမ်များစွာ မကြာခဏ တွေ့ ရပြီး မှ "ဖိုလ်" ကို ရောက်တဲ့သူလည်းရှိတတ်ပါတယ်။ သမာဓိ ဉာဏ်အားနည်း နေရင်တော့ သောတာပန် ပုဂ္ဂိုလ်ဟာ ဖိုလ် သို့ မြန်မြန်မရောက်တတ်ပါဘူး၊ ရောက်ရင်လည်း ကြာကြာမတည်တံ့ တတ်ပါဘူး။ ဒါကတော့ "ဖိုလ်"ဝင်စားတဲ့ ပုံစံဖြစ်ပါတယ်။အဲဒီလို "ဖိုလ်" ဝင်စားနိုင်ပြီဆိုရင်တော့ သေချာပေါက် "သောတာပန်" ဖြစ်တယ် လို့ ပြောနိုင်ပါတယ်။ 

ဘယ်လိုဘဲ ဖြစ်စေ..

ဓမ္မမိတ်ဆွေ ကိလေသာ ကို သတ်တယ် ဆိုတာ"မဂ်"၊ ရုပ်ဓာတ်၊နာမ်ဓာတ် ချုပ်ပြတ်ခြင်းကား အချက် လို့ ဆိုတဲ့အတိုင်း၊ ဒါမှမဟုတ် သင်္ခါရုပေက္ခာဉာဏ် အင်အားမပြည့်ဝသေးမှီ၊ ဗိုလ်ငါးပါး အင်အားမမျှ၊ ရင့်ကျက်မှုကာလသို့ မရောက်သေးမှီ၊ "မဂ်သဘာဝ"၏ ချုပ်ပြတ်ပုံမျိုး လို "မဂ်အတု" များလည်း သေချာပေါက် ပေါ်ပေါက်ကြပါသေးတယ်။


လေ့လာထားရသလောက်မျှဝေရရင်....

၁။ ချမ်းသာဆင်းရဲတို့အပေါ် ဥပေက္ခာအပြု လွန်ရာမှ တစ်ချက်စာမျှ လစ်လပ်သွားခြင်း၊

၂။ ကြောင့်ကြပူပန်ခြင်းကင်းနေတဲ့ စိတ်ဖြူစင်မှုအပေါ် နှစ်သက်နေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားခြင်း၊

၃။ကြောင့်ကြပူပန်ခြင်းကင်း စိတ်ငြိမ်းအေးနေခြင်းအပေါ် ငြိနေခြင်းကြောင့်လည်း တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊

၎။ ဝီရိယထား၊ သမာဓိအား နှင့် မလိုက်ဖက်ရာမှလည်း စိတ်ပျံ့ထွက်သွားပြီး တစ်မှတ်စာလောက် လစ်လပ်သွားတတ်ခြင်း၊

၅။ အမြင်ကလည်းမတိုး၊ ရိုးအီပျင်းရိလာပြီးတော့ အားထုတ်ရတဲ့ ဆန္ဒအားတွေ ယုတ်လျော့ နိမ့်ပါးသွားပြီး ငိုက်မြည်းမှုအရာဖြင့် တစ်မှတ်စာမျှ လစ်လပ်သွားတတ်ခြင်း၊

၆။ နုလွန်သောအတွေ့ မှာ အသိက မလိုက်နိုင်တော့တဲ့ အတွက်ကြောင့် ထိုင်းမှိုင်းပျင်းရိလာတော့ကာ တစ်မှတ်စာမျှ လစ်လပ် သွားတတ်ခြင်းများပင်ဖြစ်ပါတယ်။

တကယ်တော့ အဲဒီခြောက်မျိုးဟာ သမာဓိလွန်ကဲ ဉာဏ်အားနည်းရာမှ ဖြစ်တဲ့ မသိပြတ်မျိုးချည်းဘဲ ဖြစ်ကြပါတယ်။ 

မဂ်အစစ်ကား …
မဂ် ကျတာ နဲ့  တစ်ပြိုင်နက် ထပ်ချပ်မကွာ "ဖိုလ်" လို့ ခေါ်တဲ့ ကိလေသာ သေဆုံးသွားမှု ရဲ့ အကျိုးထူးခံ ရလာဒ်အဖြစ် အအေးဓာတ် အငြိမ်းဓာတ်ကြီး ပေါ်ပေါက်ခံစားရခြင်းပင် ဖြစ်၏ ။ "ဖိုလ် နှင့် မဂ်" တစ်ဆက်တည်းသာ ဖြစ်ပါသည်။

မဂ်အတုတို့ကား …
မလစ်လပ်ခင် ကတည်းက အေးလည်းအေး၊မှေးလည်းမှေး အဖြစ်ဖြင့် ဥပေက္ခာ ကပေးသော သာမန် အအေး ထိုအခွင့်ရေးကြားမှ ပြတ်တောက်သွားခြင်းမျိုးများ ဖြစ်ကြပြီး ပြတ်တောက်ပြီး နောက်၌လည်း ထူးထူးခြားခြား အေးမလာတော့ပါဘူး။

တစ်ကယ်တော့"မဂ်" ဆိုတာ သူနဲ့ ဆိုင်ရာ ကိလေသာ ကို သတ်ဖြတ်ချလိုက်ခြင်း၊" ဖိုလ်" ဆိုသည်မှာ ရန်ကင်းသဖြင့် အေးချမ်းခြင်း၊ သို့ကြောင့် "မဂ် နှင့် ဖိုလ်" တို့ဟာအကြောင်းခံ နဲ့  အကျိုးဆက် ခွဲဖျက် မရစကောင်းသော အတွဲများသာ ဖြစ်ကြသောကြောင့်....
စာရေးသူမိမိရဲ့ သဘောထားကို ပြောရရင်... "မဂ်အစစ်" ဟုတ်မဟုတ် မည်သူ့ကိုမျှ မေးကြည့်စရာ မလိုဘူးလို့ ထင်ပါတယ်။

အတုအစစ် "ခွဲခြားနည်း" မည်သူ့ထံမှလည်း နည်းခံနေစရာ လိုမယ်လည်း မထင်ပါဘူး။ "မဂ်မသိ ဖိုလ် နဲ့ ညှိ " စကားပမာ ချုပ်ပြတ်မှုသိတဲ့ အသိရဲ့ နောက်မှာ အငြိမ်းဓာတ် အအေးဓာတ်ကြီး လိုက်၊ မလိုက်ဖြင့် ချိန်ကိုက်သိနိုင်ကြောင်း ကိုသာ တင်ပြရင်း ဓမ္မဒါနပြုလိုက်ပါသည်။


( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••
ကိုးကား- မဟာစည်ဆရာတော်ဘုရားကြီး ၏ "ဝိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်" ဒုတိယတွဲ အား ဖတ်ရှုယင်းစာမျက်နှာ ၄၃ မှ ကောက်နုတ်၍ လည်းကောင်း၊ (မဟာစည်နာယက၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီ)"သောတာပန်" စာမျက်နှာမှလည်းကောင်း၊ ရွှေကျောင်းကုန်းဆရာတော် (မဟာဗောဓိမြိုင်ဆရာတော်) ဝနဝါသီဉေယျဓမ္မသာမိထေရ် ၏ ဓမ္မောဝါဒကထာ မှ ကောက်နှုတ် ပူဇော်ပါသည်။





2 comments:

Post a Comment