6 May 2014

အီတလီ မြို့ငယ်လေးတစ်ခုမှ ထူးခြားသော မြွေပွဲတော်



 
အလယ်ခေတ် အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်သည့် မြို့လေးတွင် ကျင်း ပသည့် အဆိုပါ ပွဲတော်သည် သူတော်စင် ဒေါမနစ်၏ ထူးခြားလှသော အနာရောဂါ ကုသမှု စွမ်းရည်ကို ဂုဏ်ပြုရည်ညွှန်းကြခြင်းဟု သိရသည်မြင်ကွင်းက အသည်းယားစရာဖြစ်သည်။ သူတော်စင် ရုပ်တုတစ်ခုကို လူအများက ထမ်းပိုးသယ်ဆောင်လာကြသည်။
ယင်းရုပ်တုပေါ်တွင် မြွေအရှင်များက လူးလွန့်လှုပ်ရှားရင်း လိုက်ပါလာကြသည်။ Festa dei Serpari အမည်ရှိ ပွဲတော်ကို အီတလီနိုင်ငံ၊ ကိုကူလို မြို့ငယ်လေးတွင် နှစ်စဉ်နှစ်တိုင်း မေလဆန်း၌ ကျင်းပလေ့ရှိသည်။ 
 
သူတော်စဉ် ဒေါမနစ်၏ ရုပ်တုကို မြွှေအရှင် အကောင်(၃၀)တင်ပြီး လှည့်လည်ကြသည့် အဆိုပါ ပွဲတော်သည် မြို့လေး၏ ထူးခြားသော အစဉ်အလာ တစ်ရပ်လည်း ဖြစ်သည်။ ယင်းပွဲသဘင်တွင် လိုက်ပါလာသည့် လူအုပ်ကြီးထဲတွင် ရောနှောသယ်ဆောင်လာသည့် မြွေကောင်ရေမှာလည်း ရာနှင့်ချီ ရှိနေသည်။ အလယ်ခေတ် အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်သည့် မြို့လေးတွင် ကျင်းပသည့် အဆိုပါ ပွဲတော်သည် သူတော်စင် ဒေါမနစ်၏ ထူးခြားလှသော အနာရောဂါ ကုသမှု စွမ်းရည်ကို ဂုဏ်ပြုရည်ညွှန်းကြခြင်းဟု သိရသည်။ ပွဲမတိုင်မီတွင် အဆိပ်မရှိသော မြွေများကို မြို့ခံများက ကြိုတင်ဖမ်းယူ စုဆောင်းထားကြသည်။

ထို့အပြင် ပို၍ စိတ်ချရစေရန်အတွက် ပွဲမစမီ ရက်အနည်းငယ်၌ မြွေများ၏ အစွယ်မှတစ်ဆင့် ၎င်းတို့၏ တံတွေးဂလင်းကို ညှစ်ထုတ်ကာ အဆိပ်ဖယ် ရှားသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်ထားကြပြန်သည်။ လူဦးရေ (၃၀၀)ပင် မပြည့်သည့် မြို့လေးတွင် မေဒေးနေ့ ကျရောက်တိုင်း အဆိုပါ ပွဲသဘင်ကို ဆင်ယင်ကျင်းပလေ့ ရှိကြသည်။ ထိုအချိန်မျိုးတွင် ကမ္ဘာလှည့် ခရီးသည်များ၊ မြွေချစ်သူများ၊ ဓာတ်ပုံဆရာများပါ ရောက်ရှိလာပြီး မြို့လေးထဲတွင် လူပေါင်းထောင်ချီ များပြားလာခဲ့သည်။
 
 ပွဲတော်ကို တစ်နာရီခွဲမျှ ကျင်းပလေ့ရှိပြီး ထို့နောက်တွင်မူ မြွေများအားလုံးကို ဘေးမဲ့လွှတ်လိုက်သည်။ ကိုကူလို မြို့အတွင်းတွင်မူ မီးရှူးမီးပန်းများ အကြီးအကျယ် ပစ်ဖောက်ကာ အခမ်းအနားအတွက် အောင်ပွဲခံလေ့ ရှိကြောင်းလည်း သိရသည်။ အဆိုပါ ပွဲတော်ကို မြွေပွဲတော်ဟု အလွယ်ခေါ်ဝေါ်မှုများ ရှိသော်လည်း (၁၁)ရာစုက ပေါ်ထွန်းခဲ့သည့် သူတော်စင် ဒေါမနစ်အား ဂုဏ်ပြုသည့် အစဉ်အလာ တစ်ရပ်အဖြစ် အများစုက အခိုင်အမာ ယုံကြည်ခဲ့သည်။
 
 ထိုစဉ်က သူတော်စဉ် ဒေါမနစ်သည် မြွေဆိုးထူပြောလွန်းသည့် အဆိုပါဒေသမှ မြွေပေါင်းထောင် နှင့်ချီ အရေအတွက်ကို ရှင်းလင်းနိုင်အောင် ဦးဆောင်ကူညီခဲ့ကြောင်းလည်း ဒေသခံများက ပြောကြားခဲ့ကြသည်။

Planet


ရေရှားပါးမှုပြဿနာ ဖြေရှင်းရန် ကျပ်သန်း ၃၈,၀၀၀ ကျော် သုံးမည်


 နှစ်စဉ်မတ်လမှစကာ ကြုံတွေ့နေရ သော ရေရှားပါးမှုပြဿနာများ ဖြေရှင်းရန် ယခုဘဏ္ဍာနှစ်တွင် သန်း ၃၈,၀၀၀ ကျော် သုံးစွဲသွားမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကိုက ပြောဆိုလိုက်သည်။ “အခုနောက်ပိုင်း ရေရရှိရေးလုပ်ငန်းအတွက် နိုင်ငံတော်ကလည်း ဘတ်ဂျက်တွေ တိုးချပေးတယ်။ နိုင်ငံ တကာက လည်း ရေပေးဝေရေးလုပ်ငန်းတွေမှာ ပူးပေါင်းတယ်။ အဲဒီတော့ ပိုပြီးတော့ ရေရရှိဖို့ နည်းလမ်းတွေရှိလာမှာပါ”ဟု ၎င်းက ပြောသည်။

“ဒေသတစ်ခုနဲ့တစ်ခု မတူဘူးပေါ့။ တချို့ရေတွင်း၊ ရေကန်တွေ တူးတာရှိမယ်။ မြေအောက်ရေတွေကို တွင်း တိမ်၊ တွင်းနက် တူးတာရှိမယ်။ တောင်ပေါ်ဒေသတွေမှာဆို စိမ့်စမ်းရေတည်တာတွေ နောက်ပြီးတော့ ရှိပြီးသား တွင်းတွေကို နှစ်စဉ်ပြန်ပြင်ပေးတာတွေ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
သောက်သုံးရေများ ရှားပါးလာမှုကို ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ အချို့ဒေသများ တွင်ပါ ကြုံတွေ့လာရသည်။

လူဦးရေ ခုနစ်ထောင်ခန့် နေထိုင်သော ဒလမြို့နယ်အတွင်းရှိ ရာဇသင်္ကြန်ရပ်ကွက်တွင် ရေရှားပါးမှု ကြောင့် ဒေသခံများ သုံးစွဲနေသည့် သောက်ရေကန်ကို တစ်ရက်လျှင် နှစ်နာရီအတွင်းသာ ခပ်ယူသုံးစွဲခွင့်ပြုထား ရသည်။

“ညနေ သုံးနာရီကနေ ငါးနာရီအထိပဲ ခွင့်ပြုထားတာပါ။ သွားမခပ်နိုင်တဲ့သူတွေကတော့ ၀ယ်သုံးရတာပေါ့။ တစ်ထမ်းကို သုံးလေးရာလောက်ပေးပြီး ၀ယ်ရတယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေလောက် အခြေ အနေမဆိုးဘူး””ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဒလမြို့နယ်အတွင်း သုံးရေနှင့် ချိုးရေအတွက် ရေကန်သုံးကန်ကို ကျေးလက် ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနက တူးဖော်ပေးထားသည်။

အဆိုပါ ရေကန်များမှရေများမှာ ၀ါကျင့်ကျင့်အရောင်ရှိနေပြီး ဒေသခံများက ကျောက်ချဉ်စိမ်ပြီး သုံးစွဲနေကြ ရသည်ကို မေလ ၅ ရက်က သတင်းရယူချိန်တွင် မဇ္ဈိမက မျက်မြင်တွေ့ခဲ့ရသည်။

ဒလမြို့နယ်အတွင်း ရပ်ကွက်ပေါင်း ၂၃ ခုရှိသည့်အနက် ရာဇသင်္ကြန်ရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက် နှစ်ခုမှာ နွေ ရာသီတွင် ရေရှားပါးမှု အများဆုံးရပ်ကွက် များဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ရေရရှိရေးလုပ်ငန်းအတွက် ဂျပန်နိုင်ငံ၏ ချေးငွေဖြစ်သည့် ယန်းသန်း ခြောက်ရာကျော်ကို အစိုးရက ချေးယူထား သေးသည်။

“လာမယ့်နှစ်မှာ ဒီလိုရာသီရောက်ရင် ရေမပြတ်ဖို့ အစီအစဉ်တွေ အများကြီး လုပ်ပေးဖို့ ရှိပါတယ်။ နိုင်ငံတကာ အကူအညီတွေ ထပ်ရရင်လည်း အများကြီး ထပ်ယူပါမယ်”ဟုလည်း ဦးစိုးကိုကိုက ပြော ခဲ့သည်။

Mizzima - News in Burmese

နည်းပြရာထူးတစ်နေရာရရေး မန်ယူအသင်းမှ ထွက်ခွာမည်ဟုရိုင်ယန်ဂစ်ဖွင့်ဟ


ပရီမီယာလိဂ်ကလပ်မန်ယူအသင်း၏ ယာယီနည်းပြဖြစ်သူ ရိုင်ယန်ဂစ် သည် ယခုနှစ်နွေရာသီတွင် မန်ယူ အသင်းအနေဖြင့်စာချုပ်သစ်ကမ်းလှမ်းခဲ့ခြင်းမရှိပါက ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်းနှင့် နည်းပြရာထူးတစ်နေရာရရှိရေးအတွက် မန်ယူအသင်းကို စွန့်ခွာတော့မည်ဖြစ်ကြောင်း ရိုင်ယန်ဂစ်က ပြော ကြားခဲ့သည်။မန်ယူအသင်းသည် လက်ရှိတွင် လာမည့်ဘောလုံးရာသီတွင် လူးဝစ် ဗန်ဂဲလ်အား အမြဲတမ်း နည်းပြအဖြစ်ခန့်အပ်ရန် ပစ်မှတ်ထားလျက်ရှိပြီး ယင်းသို့မန်ယူအသင်း၏ ရည်ရွယ်ချက်အောင်မြင်ခဲ့ပါက ၎င်းအနေဖြင့် နည်းပြဘဝနှင့်သာမဟုတ်ဘဲ ကစားသမားဘဝနှင့်ပင် မန်ယူအသင်း၌ ဆက်ရှိတော့ မည်မဟုတ်ကြောင်း ရိုင်ယန်ဂစ်က ဆိုသည်။

မန်ယူအသင်းမှ ထွက်ခွာခဲ့ပါက ကစားသမားဘဝဖြင့် အခြားကလပ်အသင်း များသို့ ပြောင်းရွှေ့လိမ့်မည် မဟုတ် ဘဲ နည်းပြဘဝဖြင့် အခြားကလပ်အသင်း တစ်ခုတွင် တာဝန်ထမ်းဆောင်ရန်ရည်ရွယ်ထားကြောင်း ရိုင်ယန်ဂစ်က လူသိ ရှင်ကြားပြောကြားခဲ့သည်။ရိုင်ယန်ဂစ်သည် မန်ယူအသင်းအနေဖြင့် ဒေးဗစ်မိုယက် အား နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြရာထူးအဖြစ် မန်ယူအသင်းအား စတင် ကိုင်တွယ်ခဲ့ သည့် နော့ဝှစ်ခ်ျအသင်းနှင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့ကြောင်း၊ ဆန်းဒါးလန်းအသင်းနှင့်ပွဲစဉ်တွင် တစ်ဂိုး-ဂိုး မရှိဖြင့်ရှုံးနိမ့်ခဲ့ခြင်းကြောင့်အမြဲတမ်းနည်းပြရာထူးတစ်နေရာမသေချာတော့သည့်အတွက် အသင်းမှထွက်ခွာ ရန် ဆုံးဖြတ်ထားခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
 
 ငွေကြယ်
The Mirror Daily

အိမ်မှာ နေရင်း ကိုယ်တိုင် မျက်နှာ ပေါင်းတင်မယ်


အိမ်မှာ နေရင်း မိမိ မျက်နှာ အရည်အပြား လှပအောင် ကိုယ်ကိုယ်တိုင် ပေါင်းတင် ပေးလို့ ရပါတယ်။ ပြုလုပ်ပုံ အဆင့်ဆင့် ကို မျှဝေ ပေးရမယ် ဆိုရင် .
အမုန့်ကြိတ်ထားတဲ့ နနွင်း၊ မန်ကျည်း၊ သားနပ်ခါး အပြင် အခြားသော အရည်အပြား လှရန် လိမ်းနေချ ဆေးဥ ဆေးမြစ် များကို အမုန့် ကြိတ် အသုံးပြု နိုင်ပါတယ်။ ပြီးရင် ယင်းအမုန့်ကို ဒိန်ချဉ် သို့မဟုတ်၊ နွားနို့ သို့မဟုတ် ပျားရည် တို့နဲ့ ရောနှယ် ရပါအုံးမယ်။ ပြီးရင် ယင်း အရည်ကို မျက်နှာပေါ် လိမ်းခြယ် နိုင် ပါပြီ။ ၁၀ မိနစ်၊ ၁၅ မိနစ် လောက် ကြာပြီး ချိန်မှာ ရေနဲ့ ဆေးချ လိုက် ရ ပါမယ်။

ယင်းသို့ ပြုလုပ် ခြင်းဖြင့် မျက်နှာပေါ်မှာ ဖြစ်ပေါ် တတ်တဲ့ တင်းတိမ့်၊ ဝက်ခြံ၊ မဲ့ခြောက်၊ အမာရွတ် နဲ့ အရည်အပြား အနာအဆာ၊ ယားယံ၊ ရောဂါ မျိုးစုံကို ပျောက်ကင်း သက်သာ စေမှာ ဖြစ်ပါတယ်။ မျက်နှာမှာ သေဆုံးနေတဲ့ ဆဲလ်များကို ဖယ်ရှင်းပြီး ဆဲလ် အသစ် များနဲ့ ပြန်လည် အစားထိုး ရှင်သန် စေမှာ ဖြစ်ပါတယ်။ ၂ ပတ် ကနေ ၄ ပတ် အတွင်း သိသိ သာသာ ထူးခြား လှပ လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရွယ်တင် နုပျို စေမယ့် နည်းလမ်း ကောင်းလေး လည်း ဖြစ်တာမို့ ပျိုမေတို့ ပြုလုပ် နိုင်အောင် မျှဝေ ပေးလိုက် ရပါတယ်။
.
Ref: beautytips
International news for Myanmar



ပြည်သူပိုင်မြေ ၆၆ ဧကပေါ်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်းကြီးနှစ်ခုကို တင်ဒါမခေါ်ဘဲ FMI ကုမ္ပဏီသို့ လုပ်ခွင့်ပေးရန် စီစဉ်၊ အကျိုးအမြတ်အား နိုင်ငံတော်က ရာခိုင်နှုန်း ၃၀ သာရပြီး FMI က ရာခိုင်နှုန်း ၇၀ အထိ ရယူမည်

ရန်ကုန်မြို့ မှအိမ်ယာတချို့ ကိုတွေ့ရစဉ်

ပြည်သူပိုင်မြေ ၆၆ ဧကပေါ်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်းကြီးနှစ်ခုကို တင်ဒါမခေါ်ဘဲ Mr.Serge Pun ၏ FMI (First Myanmar Investment Co.,Ltd) ကုမ္ပဏီသို့ တည်ဆောက်ခွင့်ပေးရန် စီစဉ်နေသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

စီမံကိန်းကြီးနှစ်ခုမှာ မင်္ဂလာဒုံမြို့နယ်ရှိ ပြည်သူပိုင်မြေ ၂၇ ဧကပေါ်တွင် တည်ဆောက်မည့် ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းနှင့် အမှတ်(၁)လမ်းမကြီးအနီး ပြည်သူပိုင်မြေ ၃၉ ဧကပေါ်တွင် တည်ဆောက်မည့် ပျဉ်းမပင် အိမ်ရာစီမံကိန်းတို့ဖြစ်သည်။

ပုလဲဥယျဉ်အိမ်ရာစီမံကိန်းကို တည်ဆောက်ရာတွင် FMI က အကျိုးအမြတ်အဖြစ် ရာခိုင်နှုန်း ၇၀ အထိ ရယူမည်ဖြစ်ပြီး နိုင်ငံတော်က ရာခိုင်နှုန်း ၃၀ သာ ရရှိမည်ဖြစ်သည်ဟုလည်း စုံစမ်းသိရှိရသည်။

ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းမှ နိုင်ငံတော်ကရမည့် ရာခိုင်နှုန်း ၃၀ ကိုရောင်းချ ပြီး ရရှိလာသောငွေများဖြင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းကို ဆောက်လုပ်ရာတွင်လည်း FMI သို့သာ ငှားရမ်းဆောက်လုပ်ခွင့်ပြုသွားရန် စီစဉ်နေကြခြင်းဖြစ်သည်။

ပုလဲဥယျာဉ် အိမ်ရာစီမံကိန်း၌ အိမ်ခန်းပေါင်း ၂၇၀၀ ကျော်အထိ တည်ဆောက်မည်ဖြစ်ပြီး ပျဉ်းမပင်အိမ်ရာစီမံကိန်းတွင် အိမ်ခန်းပေါင်း ၃၀၀၀ ၀န်းကျင်အထိ တည်ဆောက်ရန် အစီအစဉ်ရေးဆွဲထားသည်ဟု သိရသည်။

FMI မှ ရာခိုင်နှုန်း ၇၀ အထိ အကျိုးအမြတ်ယူတည်ဆောက်မည့် ပျဉ်းမပင်အိမ်ရာစီမံကိန်းတွင် အိမ်ခန်းပေါင်း ၂၇၀၀ကျော် ပါဝင်သည်ဆိုသော်လည်း ၀င်ငွေနည်းပြည်သူများအတွက် တန်ဖိုးသင့်အိမ်ခန်းကို ၁၁၀၀ ၀န်းကျင်သာ ထည့်သွင်းတည်ဆောက်မည်ဖြစ်ပြီး ၀င်ငွေအလယ်အလတ်ရှိသူများ ၀ယ်ယူနိုင်မည့် အိမ်ခန်းပေါင်းကိုမူ ၁၆၀၀ နီးပါးအထိ တည်ဆောက်ဖြစ်ရာ ၀င်ငွေနည်း ပြည်သူများအတွက်ထက် ၀င်ငွေအလယ်အလတ်ရှိသူများအတွက်သာ ပို၍ရွေးချယ်ခွင့်ရှိမည့် စီမံကိန်းဖြစ်သည်။

အများပြည်သူနှင့်သက်ဆိုင်သည့် အိမ်ရာစီမံကိန်းများမှာ နိုင်ငံခြားကုမ္ပဏီများသို့ပါ တင်ဒါခေါ်ယူဆောက်လုပ်သင့်ကြောင်း၊ သို့မှသာ အမှန်တကယ် တန်ဖိုးသင့်၊ တန်ဖိုးသက်သာပြီး အရည်အသွေးမီသော အဆောက်အအုံများကို အများပြည်သူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက တင်ဒါမခေါ်ဘဲ FMI သို့ပေးရန် စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအထိပင် FMI သို့ဆောက်လုပ်ခွင့်ပေးရန် တင်ပြသည့်အဆင့်သို့ ရောက်ရှိနေပြီဟု စုံစမ်းမှုများအရ သိရသည်။

ပုလဲဥယျာဉ် အိမ်ရာစီမံကိန်းနှင့် ပျဉ်းမပင်အိမ်ရာစီမံကိန်းများမှာ ပြည်သူပိုင်မြေပေါ်တွင် ၀င်ငွေနည်းပြည်သူများအတွက် အိမ်ရာများ အဓိကတည်ဆောက်ရမည့် စီမံကိန်းများဖြစ်သည်။

သို့သော် ယခုအခါ ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းဆိုလျှင် လက်ရှိအစီအစဉ်အရဆိုပါက ၀င်ငွေအလယ်အလတ်ရှိသူများအတွက်သာ အဓိကတည်ဆောက်မည့် စီမံကိန်းဖြစ်သည်ဟု စီမံကိန်းနှင့်ပတ်သက်၍ သိရှိထားသူအချို့က သုံးသပ်သည်။

အများနှင့်သက်ဆိုင်သော စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ၀န်ကြီးဌာနများအနေဖြင့် တင်ဒါခေါ်ယူပြီး လုပ်ကိုင်ခွင့်ပြုရမည်ဖြစ်ရာ ယခုနောက်ပိုင်းနှစ်များတွင် ၀န်ကြီးဌာနအများစုသည် တင်ဒါခေါ်ယူပြီးမှ လုပ်ကိုင်ခွင့်ပေးလာကြသည်။

နိုင်ငံတော်သမ္မတရုံးကလည်း တင်ဒါခေါ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

သို့သော် အများနှင့်သက်ဆိုင်သည့် အိမ်ရာစီမံကိန်းများ တည်ဆောက်မှုအများစုကိုမူ တင်ဒါခေါ်ယူမှုမရှိဘဲ နီးစပ်သည့်ကုမ္ပဏီများသို့သာ လုပ်ခွင့်ပေးသည့်စနစ် ကျင့်သုံးနေဆဲဟု လုပ်ကိုင်ခွင့်ချထားပေးမှုများအရ သိရသည်။

စက်မှု(၁)လမ်းမပေါ်၊ ဆီဒိုးနားဟိုတယ်နှင့် ဗဟိုဘဏ်ကြားရှိ ၁၀ ဧကကျော်ကျယ်ဝန်းသော မြေကွက်ပေါ်တွင် တည်ဆောက်မည့်စီမံကိန်းကိုလည်း ရွှေသံလွင်ကုမ္ပဏီသို့ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ခဲ့ပြီး ယင်းစီမံကိန်းမှာ ရွှေသံလွင်ကုမ္ပဏီမှ ယခင်က မကိုက်၍မလုပ်ဘဲ နိုင်ငံတော်သို့ပြန်အပ်ခဲ့သော စီမံကိန်းဖြစ်ပြီး ယခုမြေဈေးများ မြင့်တက်ကာ အကျိုးအမြတ်များနိုင်သည့် အခြေအနေရောက်မှ လုပ်ခွင့်ရရန် တောင်းခံခြင်းဖြစ်သည်။

ရွှေသံလွင်ကုမ္ပဏီက လုပ်ကိုင်ခွင့်တောင်းသည့် စီမံကိန်းမှာလည်း အများပြည်သူအတွက် အိမ်ရာဆောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး ယခု FMI သို့လုပ်ခွင့်ပေးရန် စီစဉ်နေသည့် အိမ်ရာများမှာလည်း ပြည်သူအတွက် ဆောက်လုပ်မည့် စီမံကိန်းများ ဖြစ်သည်။

အများနှင့်သက်ဆိုင်သော စီမံကိန်းများဖြစ်သော်လည်း တင်ဒါခေါ်ယူမှုမရှိဘဲ နီးစပ်ရာကုမ္ပဏီသို့ ပေးရန်စီစဉ်မှု၊ လုပ်ကိုင်ခွင့်ရရန် ကုမ္ပဏီများမှ တောင်းခံမှုများသည့် တင်ဒါခေါ်ယူရမည်ဆိုသော စည်းမျဉ်းနှင့် ဆန့်ကျင်လျက်ရှိသည်။

ယှဉ်ပြိုင်လုပ်ကိုင်ရခြင်း မဟုတ်သည့်အတွက် အများပြည်သူအတွက်ဟုဆိုသော်လည်း ပြည်သူအတွက် အမှန်တကယ် သက်သာခွင့်မရဘဲ ကုမ္ပဏီ၏အကျိုးအမြတ်အပေါ် အခြေခံသည့်စနစ်အောက်တွင် နစ်နာရနိုင်သည်။

အများပြည်သူနှင့်သက်ဆိုင်သည့် အိမ်ရာစီမံကိန်းများမှာ နိုင်ငံခြားကုမ္ပဏီများသို့ပါ တင်ဒါခေါ်ယူဆောက်လုပ်သင့်ကြောင်း၊ သို့မှသာ အမှန်တကယ် တန်ဖိုးသင့်၊ တန်ဖိုးသက်သာပြီး အရည်အသွေးမီသော အဆောက်အအုံများကို အများပြည်သူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တင်ဒါခေါ်ယူရမည့်စည်းမျဉ်းကို ဖောက်ဖျက်၍ပေးခဲ့ပါက ပေးခဲ့သူများကသာ တာဝန်ခံကြရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောကြားခဲ့ကြသည်။

အကျိုးအမြတ်ပိုင်းကြည့်လျှင်လည်း ရန်ကုန်တွင် လက်ရှိတည်ဆောက်ရန်စီစဉ်နေကြသည့် အဆောက်အအုံစီမံကိန်းများအားလုံးသည် နိုင်ငံတော်မှမြေပေးပြီး လုပ်ငန်းရှင်မှ အားလုံးအကုန်အကျခံ တည်ဆောက်သည့် စီမံကိန်းများဖြစ်ပြီး နိုင်ငံတော် ၅၀ လုပ်ငန်းရှင် ၅၀ အချိုး၊ နိုင်ငံတော် ၄၉ လုပ်ငန်းရှင် ၅၁ အချိုးများဖြင့်သာ အကျိုးအမြတ်ခွဲဝေ တည်ဆောက်ကြခြင်း ဖြစ်သည်။

ယခု ပုလဲဥယျာဉ်အိမ်ရာစီမံကိန်းသည်လည်း နိုင်ငံတော်မှ မြေစိုက်ထုတ်ပေးရပြီး လုပ်ငန်းရှင်အကုန်အကျခံဆောက်သည့် စီမံကိန်းဖြစ်ရာ ၃၀း၇၀ ဆိုသည်မှာ အခြားစီမံကိန်းများဖြင့်ယှဉ်လျှင် နိုင်ငံတော်ရသည့်နှုန်း များစွာနည်းပါးလျက်ရှိသည်။

Eleven Media Group


ဂုတ်တက်စီးသော သရဲမ (တကယ့် ဖြစ်ရပ်မှန်)

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_5260.html

ဒီအဖြစ်လေးဟာ တကယ် ဖြစ်ရပ်မှန်ပါ... သရဲဆိုတာ တကယ်မရှိဘူးလို့ ထင်ခဲ့မိတယ် ဒါပေမယ့် အခုတော့ ယုံလိုက်ပါပြီ တကယ်ရှိပါတယ် ပြောပြမယ်နော်
ရွာတစ်ရွာမှာပေါ့ ကိုကျော်တင့်ဆိုသူ ရှိပါတယ် အသားညိုညို အရပ်မြင့်မြင့်ပေါ့ ချမ်းသာသော တောသူဌေး တစ်ယောက်ပါ သူကို ရွာထဲမှ အမျိုးသမီးများ တော်တော်လေး သဘောကျသူပေါ့ ဒါပေမယ့် ကိုကျော်တင့်ဟာ မမေနိုး ကိုသာ ချစ်ခဲ့တယ် မမေနိုးက ရိုးရိုးလေးနေပြီး အသားဖြူဖြူ မျက်တောင်မွေးကောင်းကောင်း ရွာတွင် အေိချာဆုံးပါ အိမ်ပြင်ကိုလည်း မထွက်တတ်ဘူး အိမ်တွင်းအောင်း အလှပိုင်ရှင်ပါ ဆင်းရဲသူ မဟုတ် ပေမယ့် မချမ်းသာပါ သူတို့၂ယောက် ချစ်ကြိုက်ပြီး ခိန်းတွေ့ရာ အချိန်လွန်၍ ခိုးပြေးကြရသည် အရမ်းချစ်ကြသူတွေပါ အားလုံး သူတို့ကို ကြည့်ပြီး အားကျနေတယ် နောက်တော့ ကလေးရပါ တယ် သမီးလေးပါ နာမည်ကို သွန်းသွန်းသုသာ လို့ပေးကြတယ်
ဖြစ်ချင်တော့ သွေးနု သားနု အချိန်မှာပဲ ရွာထဲတွင် ငါးလောင်း ဆက်တိုက် သေကြတယ် နောက်ဆုံး သေတာက သူတို့အိမ်ဘေးက ကိုနိုင်မင်းပါ အစိမ်းသေလေ အသက် ၃၅လောက် ရှိတယ် အသတ်ခံရတာ ၇ရက်ခြား ၅ရက်ခြား သေကြတယ် ဒါကြောင့် ကြောက်လန့်နေချိန်မှာ သူလည်း သွေးလန့်တာနဲ့ ရောဂါ အခံနဲ့ ပေါင်းတော့ သေသွားတယ် ကလေးလေးက ၃လ သမီးလေးပါ ကျန်ခဲ့တယ် ဒီလိုနဲ့ ကိုကျော်တင့်ဟာ မိဘတွေနဲ့ အတူနေရင်း ကလေး ၃နှစ်ပြည့်တော့ နောက်မိန်းမ ယူလိုက်တယ် အပျိုလေးပါပဲ ဒီလိုနဲ့ ကိုကျော်တင့်ဟာ လယ်ရာတွေ များစွာပိုင်သူဆိုတော့ တောဓလေ့ ဆိုတာက မိုးရာသီမှာ လယ်ထဲမှာ ငါးတွေ ဖမ်းကြတယ် အခြောက်လုပ်ပြီး ၃ရာသီ စားကြရတယ် ဆယ်လို့ခေါ်မှာပေါ့ တညကို အိမ်ကနေ ၂ခေါက်သွားပြီး သယ်ရပါတယ် နောက်ထောင်ပြုတာ မကြာသေးတော့ သူ့ရဲ့ ဇနီး အသစ်လေးကို လယ်ထဲ မခေါ်ရက်ဘူး တစ်ယောက်တည်းသွားတယ်
တနေ့ ည၂နာရီထိုးလောက် လယ်ထဲကို သွားရတယ် အဖော်မပါဘူးပေါ့ ဓာတ်မီး တစ်လက် ငါးထည့်မဲ့ ပလိုင်းကြီး တစ်လုံးနဲ့ သွားပါတော့သည် သွားရသည်မှာ ရွာနဲ့ ၂မိုင်လောက် ဝေးပါတယ် သူသွားရတဲ့ လမ်းဘေးမှာ ၃ပေခန့်မှာ သစ်ပင်တပင် ရှိပါတယ် ညောင်ပင်အိုပါ အသွားတုံးက ဘာမှ မဖြစ်ပါဘူး အပြန်မှာ ငါးတွေနဲ့ ပြန်လာခဲ့တယ် သူ့က သစ်ပင်အောက် ရောက်လာတော့ သူ့ရဲ့ စိတ်ထဲ တမျိုးဖြစ်လာတယ်တဲ့ ကျက်သီးတွေထ လာတယ် ဒါပေမယ့် သူဟာ အားတင်းလိုက်တယ် အို့ ငါ အလာတုံးကတောင် ဖြတ်လာသေးတာပဲ ဘာမှ မဖြစ်နိုင်ပါဘူး ဆိုပြီး သီချင်းလေး ငြီးပြီး ဖြတ်လျှောက်လိုက်တော့ ၃လှမ်းလောက် လွန်လာတော သူ့ရဲ့ ဂုတ်မှာ လေးလာတယ် နောက် သိသိသာသာ လေးလာတယ် နောက်တော့ သူဟာ လေးဘက်ထောက် ကြီး ဖြစ်သွားတယ် သူလည်းအော်ပါတယ် သူအော်တဲ့ အသံဟာ နောက်ဆုံး အသံ မထွက်တော့ပါဘူး အော်လေ အသံက သေးသေးလေပါပဲတဲ့ သူဟာ ရုန်းကန်ပြီး ထွက်ပြေးလာခဲ့တယ် ရှေ့ကိုက် ၂၀၀လောက်မှာ သူလို ငါးဖမ်းတဲ့ လူတစ်ယောက် တွေ့တော့ ဟေ့ကောင် ဘာဖြစ်တာလည်း မေးလာတော့ သရဲ ဂုတ်တက်ခွလို့ ပြောလိုက်တယ် ထိုလူက အေးအေး ဂရုစိုက်သွားလို့ မှာလိုက်တယ် သူနဲနည်းနည်း လွန်တာနဲ့ ဘေးက တရှဲရှဲ နဲ့ လိုက်လာတယ် စပါးပင် အမြင့်ကလည်း တစ်ရပ်လောက် ရှိနေချိန်ပေါ့ သူသတ္တိတော်တော် ကောင်းပါတယ်
ဒီလိုနဲ့ အရွာအဝင်မှာ ကိုကျော်တင့်က ကဲ ငါရွာဝင်တော့မယ် နင်လည်း နေခဲ့လို့ ပြောတော့မှ ဘေးမှ သစ်ပင်ပေါ် ကြွက်တက်သလို အသံကြားပြီးနေခဲ့တယ်
စာရေးသူ အထင်က သူရဲ့ အရင်မိန်းလို့ ထင်တယ် နောက်မိန်းမ ယူတာ မကြိုက်လို့ ဖြစ်မယ် အဲ ဒီလို မကြာ မကြာ ဖြစ်လာတော့ သူ အခု ဘုန်းကြီး တစ်ပါးက ကုပေးနေရတယ် လည်းပင်းမှာ ကြိုးလေး တွေ့ရတယ် လိပ်ပြာ ကြိုးတဲ့.....
စာရေးသူလည်း သရဲ ရှိတယ်ဆိုတာ ယုံခဲ့ရပါပြီ သရင်းတို့ရယ်..........။ ။ ။

Credit by မင်း သွင်
ADMIN  Htut Htet

အရက်ကို အသင့်ဖျော် အမှုန့်ထုပ်ပုံစံဖြင့် အမေရိကတွင် ရောင်းချတော့မည်


အမေရိကန်နိုင်ငံ၏ အရက်အရောင်းဆိုင် အချို့တွင် Palcohol ဟုအမည်ရသည့် အသင့်ဖျော် အရက်မှုန့်ထုပ်များ ရောင်းချတော့မည်ဟု သိရသည်။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် အခြေစိုက်သည့် အဆိုပါ Palcohol ကုမ္ပဏီ ထုတ် အရက်မှုန့်ထုပ်များမှာ ဖျော်စပ်သောက်သုံးရန် လွယ်ကူပြီး ရေနှင့်အချိုရည်များတွင် အလွယ်တကူ ပျော်ဝင်နိုင်ကြောင်း သိရသည်

အသင့်ဖျော် အရက်မှုန့်ထုပ်များကို သံပုရာ အရသာ၊ ဗော့ကာအရက်အရသာ အစရှိသည့် အရက်အရသာ ခုနှစ်မျိုး ထုတ်လုပ်ထားပြိး အရသာအမျိုးအစားပေါ်မူတည်ပြီး တစ်ထုပ်လျှင် ၁၀ ဒေါ်လာမှ ဒေါ်လာ ၂၀ ထိကျသင့်နိုင်ကြောင်း သိရသည်။ ယင်းအရက်မှုန့်ကို တီထွင်ခဲ့သည့် မက်ဖီးလစ်က အသင့်ဖော်ျအရက်မှုန့်ထုပ်များကို တောင်တက်ခြင်း၊ ခရီးသွားခြင်းနှင့် ပျော်ပွဲစားထွက်ရာတွင် လေးလံသော ပုလင်းများဖြင့် သယ်ယူရန် အခက်အခဲကို အဓိက ဖြေရှင်းရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ အလေးချိန်ပေါ့ပါးသော အသင့်ဖျော် အရက်မှုန့်ထုပ်များကြောင့် ခရိးသွားလာရာတွင် သက်တောင့် သက်သာ သွားလာနိုင်မည် ဖြစ်ပြီး မတော်တဆ ဖန်ပုလင်းကွဲခြင်းမျိုးကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကိစ္စများကို ကြိုတင်ကာကွယ် သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

အသင့်ဖျော် အရက်မှုန့်ထုပ်များကို အမေရိကန် နိုင်ငံ၏ ပြည်နယ်တစ်ခုချင်းစီတွင် ချမှတ်ထားသော အရက်သေစာ ဥပဒေများပေါ် မူတည်၍ ခွင့်ပြုချက်ရရှိထားသော ပြည်နယ်များတွင်သာ ဖြန့်ဖြူးရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ဖျော်စပ်သောက်သုံးရန် အဆင်ပြေပြီး အလွယ်တကူ သယ်ယူသွားနိုင်သော Palcohol  အရက်မှုန့်များကို နှစ်သက်သဘောကျ၍ ၀ယ်ယူသောက်သုံးရန် စောင့်ဆိုင်းနေသူများ ရှိသကဲ့သို့ အဆိုပါ အရက်မှုန့်ထုပ်များကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးသက်ရောက်မှုများ အပေါ် စိုးရိမ်နေသူများလည်း ရှိကြောင်း သိရသည်။

World-Myanmar News
သံသာ


ယနေ့တပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဟု ကာချုပ်ပြော


ယနေ့ မြန်မာ့ တပ်မတော် သည် မည်သည့် အဖွဲ့အစည်း၊ လူ မျိုးစု တစ်စုကိုမှ ကိုယ်စားပြုခြင်း မရှိဘဲ တိုင်းရင်းသားများဖြင့် ဖွဲ့ စည်းထားသည့် ပြည်ထောင်စု တပ်မတော်သာဖြစ်ကြောင်း တပ် မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။

မေလ ၅ ရက်က နေ ပြည်တော်တွင် ပြုလုပ်ခဲ့သော နယ်ခြားစောင့်တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ ၀င်များအား ဂုဏ်ထူးဆောင်ပြန် တမ်းဝင် အရာရှိအဖြစ် ခန့်အပ် သည့် အခမ်းအနား၌ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယနေ့တပ်မတော် သည် ပြည်ထောင်စုဖွားတိုင်းရင်း သားများဖြင့် ဖွဲ့စည်းတည် ထောင်ထားသည့် အမိနိုင်ငံတော် ကို ကိုယ်စားပြုသည့် မြန်မာ့ တပ်မတော်သာဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၊ မည်သည့်လူမျိုးစု တစ်ခုတည်းကိုမှ ကိုယ်စားပြုခြင်း မရှိဘဲ တိုင်းတစ်ပါး၏ လက်စေ ခံလည်း မဟုတ်ကြောင်းကို အတိ အလင်းပြောကြားလိုကြောင်းနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုများဖြင့် ဖွဲ့စည်းထား သော မြန်မာ့တပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဖြစ် ကြောင်း ပြောကြားသည်။

ထို့အပြင်တပ်မတော်စတင် ဖွဲ့စည်းချိန်မှ ယနေ့အချိန်အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ မိမိ တို့၏ အသိစိတ်ဓာတ်ဖြင့် ပါဝင် အမှုထမ်းနေကြသော တပ် မတော်ဖြစ်ပြီး တိုင်းရင်းသားများ ထဲမှ တပ်မတော်တွင် ဦးစီးချုပ်၊ တိုင်းမှူးနှင့် အထက်အဆင့်မြင့် တာဝန် ထမ်းဆောင်နေသူများ လည်းပါရှိကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဆက် လက်ပြောသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များကမူ လက်ရှိ တပ်မတော်သည် ဖက်ဒ ရယ်ပြည်ထောင်စုစနစ်နှင့် မကိုက်ညီဘဲ လူမျိုးစုတစ်ခုတည်း ကြီးစိုးနေရာယူထားကြောင်း အစဉ်တစိုက်ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

တိုင်းရင်းသားအားလုံး ပါ ၀င်သည့် ပြည်ထောင်စုတပ်မ တော်၏  ရပ်တည်ချက်၊ တည်ရှိ မှုနှင့် ဖွဲ့စည်းမှုများကို မဟုတ်မ မှန်စွပ်စွဲပြောဆိုနေမှုများ၊ မှေး မှိန်အောင်ပြုလုပ်နေမှုများ၊ သွေး ခွဲနေမှုများကို တပ်မတော်အနေ ဖြင့် လက်မခံနိုင်ကြောင်း ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

Author: အောင်ခိုင်၊ ဇွဲဉာဏ်
7Day Daily

နောက်ဆက်တွဲ ငလျင်များ သတိထားရန် ပညာရှင်များ သတိပေး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးတစ်ခု ငလျင်ကြောင့် အက်ကွဲသွားသည်ကို မေလ ၅ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)

ထိုင်း-မြန်မာ နယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် မေလ ၅ ရက်ညနေက အင်အားရစ်ခ်ျတာစကေး ၆ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ကနဦးသတင်းများအရ မြန်မာနိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများ မရှိသော်လည်း နောက်ဆက်တွဲငလျင်များကို သတိထားရန် ဘူမိဗေဒ ပညာရှင်များနှင့် မိုးလေ ၀သပညာရှင်များက သတိပေးပြောကြားသည်။

အဆိုပါငလျင် လှုပ်ခတ်သည်ကို  ရန်ကုန်မြို့အပါအ၀င် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ပဲခူး၊ ကရင် စသော  နိုင်ငံဧရိယာအများစုငလျင်အဖျားခတ်မှုကြောင့် ငလျင်လှုပ်သည်ကို မေ ၅ ရက် ညနေတွင် သိရှိခံစားခဲ့ရသည်။

အမေရိကန် ဘူမိဗေဒလေ့လာတိုင်းတာရေးဌာန(US Geo−logical Survey) ၏ ထုတ်ပြန်ချက်အရ ထိုင်း-မြန်မာနယ်စပ်မှ မိုင် ၃၀ ခန့်အကွာ ချင်းရိုင်ခရိုင်အတွင်း ရစ်ခ်ျတာစကေး ၆ အဆင့် အင်အားပြင်းငလျင်သည် မြေအောက်အနက် ၄ ဒသမ ၆ မိုင်မှ လှုပ်ခတ်ခဲ့ရာ မြန်မာနှင့် ထိုင်းနိုင်ငံတို့ အနေဖြင့် နောက်ဆက်တွဲ ငလျင်များကို သတိထားရန်လိုအပ်သည်ဟု ဖော်ပြခဲ့သည်။

‘‘ငလျင်ရဲ့ သဘောက နောက်ဆက်တွဲနည်းနည်းတော့ ရှိကြတယ်။ အခုက မြန်မာနဲ့နည်းနည်းတော့ဝေးတယ်။ ဒါပေမဲ့ဒီဟာက ငလျင်အကြီးကြီးတစ်ခုရဲ့ ရှေ့ပြေးနိမိတ်လားဆိုတာကိုလည်း မပြောနိုင်ဘူး။ ဘာပဲပြောပြော မြန်မာက ငလျင်ကြောတွေပေါ်မှာချည်းပဲ မြို့တွေကရှိနေတော့ ကြိုတင်သတိတော့ထားရမယ်’’ဟု ငလျင်နှင့် ပတ်သက်၍ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းကပြောသည်။

‘‘ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှာ နေတဲ့ ပြည်သူတွေအနေနဲ့ နောက်ဆက်တွဲငလျင်တွေကို သတိထားဖို့လိုတယ်’’ဟု ယခုလှုပ်ခတ်ခဲ့သော ငလျင်နှင့် စပ်လျဉ်း၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

‘‘ညနေ ငါးနာရီသုံးဆယ့်ငါးမိနစ်မှာ လှုပ်တာ၊ ဆိုးဆိုးရွားရွားကြီး ပျက်စီးတာတော့ မရှိသေးဘူး။ ဟိုတစ်ခါ တာလေငလျင်ထက်စာရင် အများကြီး သက်သာတယ်။ ဘာမှ ဖြစ်တာမတွေ့သေးဘူး’’ ဟု ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့ ပဇ္ဈိမလူမှုကူညီရေးအသင်းမှ ကိုနေမျိုးကပြောသည်။

မေလ၅ ရက်ညနေ ငါးနာရီခွဲခန့်အချိန်၌ပင် ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်းအတွင်းရှိ မြို့ နယ်များ၊ ရှမ်းပြည်နယ် အရှေ့ ပိုင်းနှင့် မန္တလေးတိုင်းတို့တွင် မြေငလျင်လှုပ်သည်ကို သိရှိခံစားရပြီး၊ ပြည်တွင်း၌လှုပ်သော ငလျင်ဟု ထင်ခဲ့ကြကာ စိုးရိမ်ခဲ့ကြသည်။ ငလျင်လှုပ်ပြီး မိနစ်ပိုင်းအတွင်းမှာပင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ငလျင်နှင့်ပတ်သက်သော ပျံ့နှံ့သွားသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်မှ ကိုမင်းသူက ‘‘ဒီဘက်မှာက ခါခါတက်ပြီး လူးသွားတယ်။ နည်းနည်းတော့ ကြမ်းတယ်။ အပျက်အစီးတော့ မတွေ့ရသေးဘူး’’ ဟု ပြောသည်။

ပဲခူးတိုင်း တောင်ငူမြို့နယ်မှ ကိုဝေဖြိုးကလည်း ညနေ ငါးနာရီခွဲခန့်က ငလျင်လှုပ်ခတ်ခဲ့ကြောင်း အပျက်အစီးမရှိကြောင်း ပြောကြားသည်။

နိုင်ငံပိုင် ရုပ်သံမီဒီယာများက မန္တလေး မြေငလျင်စခန်း၏ အရှေ့ဘက် ၂၀၉ မိုင်အကွာ မြန်မာနိုင်ငံ ပြင်ပနေရာကို ဗဟိုပြု၍ ရစ်ချတ်တာစကေး ၅ ဒသမ ၈ အဆင့် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွား သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရာအချို့၌ လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လင်းကပြောကြားသည်။

‘‘ကြီးကြီးကျယ်ကျယ်မဖြစ်ပေမယ့် စတိုးဆိုင်တွေ၊ ကုန်စုံဆိုင်တွေမှာ ပစ္စည်းတွေ ပြုတ်ကျတာတွေတော့ရှိတယ်။ တာလေငလျင်မှာ ကိုယ်တွေ့ကြုံထားတော့ ငလျင်ဆိုရင် ကြောက်ကိုကြောက်တယ်’’ဟု တာချီလိတ်မြို့ခံ ကိုဖြိုးကိုက ည ၈နာရီခွဲခန့် တွင် ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းရိုင် ခရိုင်အတွင်း ယခု လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အဆောက်အအုံ အပိုင်းအစများ ပြုတ်ကျခြင်း၊ ဘုရားစေတီအချို့ပြိုလဲခြင်း၊ အဝေးပြေးလမ်းအချို့မြေပြို၊ မြေကျွံမှုများဖြစ်ပေါ်ခဲ့သည်ဟု နိုင်ငံတကာနှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၂၀၁၁ ခုနှစ်က အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာတွင် အဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်း တစ်သောင်းရှစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့အပြင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလကလည်း စစ်ကိုင်းတိုင်း သပိတ်ကျင်းငလျင်ကြောင့် လူဦးရေ နှစ်ဆယ်ခန့်သေဆုံးခဲ့ရပြီး ရှစ်ဆယ်ကျော် ဒဏ်ရာရခဲ့သည်။

‘‘ရန်ကုန် ငလျင်ကြောက မလှုပ်တာ နှစ် ၈၀ ကျော်နေပြီ။ ၁၉၃၀ နောက်ပိုင်း ကြီးကြီးမားမားမရှိခဲ့ဘူး။ အဲဒီလောက်ကြီးကြီးလှုပ်မယ်ဆိုရင် အန္တရာယ်ရှိတယ်။ အသေအပျောက်များသွားမယ်’’ဟု ငလျင်များနှင့် စပ်လျဉ်း၍ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းက သတိပေးပြောကြားလိုက်သည်။

Author: ရဲနောင် / အိဖြူမွန်
7Day Daily

ထိုင်းနိုင်ငံတွင်းဗဟိုပြု ငလျင်ပြင်း မြန်မာနိုင်ငံတွင်လည်း ခံစားရ


တာချီလိတ် မေ ၅

ယနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီ ၃၈ မိနစ်အချိန်ခန့်က ထိုင်းနိုင်ငံ ချင်းရိုင်မြို့ကို ဗဟိုပြုကာ အင်အားရစ်ခ်ျတာစကေး ၆ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ချင်းရိုင်ခရိုင် အတွင်းရှိ နေအိမ်အဆောက်အအုံများ၊ မော်တော်ကားလမ်းများ ပျက်ဆီးဆုံးရှုံးခဲ့သည်။ မြေငလျင်လှုပ်ခတ်မှု အရှိန် သည် အိမ်နီးချင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဒေသတွင် သိသိသာသာ လှုပ်ခတ်သွားခဲ့ပြီး မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ နေပြည်တော်၊ ပျဉ်းမနား၊ ရန်ကုန်မြို့များသို့တိုင် အင်အား အဆင့်ဆင့်ဖြင့် လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။

အင်အားပြင်း

“၂၀၁၁ ခုနှစ်က လှုပ်ခဲ့တဲ့ တာလေငလျင်လောက် မပြင်းပေမယ့်တာချီလိတ်မြို့ထဲက တိုက်တာအဆောက် အအုံတွေ သိသိသာသာ လှုပ်ရမ်းသွားတဲ့အထိ အင်အားပြင်းပါတယ်။ ၁၀ စက္ကန့်လောက်ပဲကြာတာ ဖြစ်ပေမယ့် အားလုံးက ဆိုးရွားတဲ့ တာလေငလျင်ဒဏ်ကို ခံခဲဖူးသူတွေဆိုတော့ တုန်လှုပ်ခြောက်ခြား သွားကြပြီး နေအိမ်အဆောက်အအုံတွေထဲက ပြေးထွက်လာကြပါတယ်” ဟုစားသောက်ဆိုင်ပိုင်ရှင် ဦးဟန်ဝင်းက မြေငလျင်နှင့် ပတ်သက်ပြီးပြောပြသည်။ “ဒီနေ့မနက် ၄ နာရီလောက်ကစပြီး တာချီလိတ် မြို့မှာ မိုးသည်းထန်စွာရွာပြီး မိုးကြိုးတွေလည်းအတော်များများပစ်တယ်၊ အခုညနေပိုင်း ကျတော့ မြေငလျင် လှုပ်တယ် ဆိုတော့ တော်တော်လေး ထိတ်လန့်ကုန်ကျတာပေါ့” ဟု မကာဟိုခမ်းရပ်ကွက်မှ ကိုဇော်အောင် ကပြောကြားသည်။

အဆင်သင့်ပြင်ဆင်ထား

မြေငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်ဖြစ်သော Facebook စာမျက်နှာများမှတစ်ဆင့် အချင်းချင်း အပြန်အလှန်သတင်းပေးပို့ ဖလှယ်နိုင်ခဲ့မှုကြောင့် မြေငလျင်ဗဟိုချက် တည်နေရာကို မိနစ်ပိုင်း အတွင်း သိရှိကြကာချင်းရိုင်ခရိုင် အတွင်းရှိ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအတွက် စိတ်မကောင်း ဖြစ်ကြကြောင်း၊ ထိုဒေသတွင်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ အခက်အခဲ တစ်စုံတစ်ရာ ရှိပါက ကူညီမှုပြုနိုင်ရန်အတွက် တာချီလိတ်မြို့အခြေစိုက် လူမှုကူညီရေးပရဟိတ အသင်းအဖွဲ့များက အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။

MOI Webportal Myanmar