27 May 2014

သံလွင်မြစ်ပေါ်တွင် ပထမဆုံးတည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းကို အစိုးရက ပြည်သူအားချမပြဘဲ တရုတ်ကုမ္ပဏီနှင့် အေးရှားဝေါလ်သို့ အပြီးသတ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သိရ

ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်တစ်နေရာအား တွေ့ရစဉ်

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Hanergy Group Holding Limited နှင့် အေးရှားဝေါလ်ကုမ္ပဏီတို့ကို အပြီးသတ်လုပ်ခွင့်ပြုလိုက်ပြီး မေလတတိယပတ်က သဘောတူစာချုပ်ချုပ်ခဲ့သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းရရှိသည်။

Hanergy Group Holding Limited၊ အေးရှားဝေါလ်ကုမ္ပဏီနှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနတို့မှ Joint Venture Agreement ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး နှစ် ၃၀ အထိ (ထပ်တိုးခွင့် ၁၀ နှစ်ပါဝင်သည့်အတွက် နှစ်ပေါင်း ၄၀ အထိ) လုပ်ခွင့်ပေးမည့် BOT စနစ်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ၁၄၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းမှ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၁၅ ရာခိုင်နှုန်းသာ မြန်မာကရမည်ဖြစ်ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့အတွက် တရုတ်ကုမ္ပဏီဘက်ကထွက်ရှိမည့် ဓာတ်အားစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ရယူမည်ဖြစ်သည်။

ရှယ်ယာပိုင်းတွင်လည်း မြန်မာက အခမဲ့ရှယ်ယာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ ပါဝင်ခွင့်ရမည်ဖြစ်ပြီး Hanergy နှင့် အေးရှားဝေါလ်တို့မှ ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ပါဝင်ခွင့်ရမည်ဖြစ်သည်။

အကယ်၍ မြန်မာနိုင်ငံမှ အခမဲ့ဓာတ်အားထက် ပိုမိုရယူလိုပါက အခမဲ့ရထားသော ပမာဏအပါအ၀င် ၅၀ ရာခိုင်နှုန်းအထိကို ကုမ္ပဏီထံမှ ၀ယ်ယူသုံးစွဲရမည်ဖြစ်သည်။ (ဥပမာအခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းဆိုပါက ၄၀ ရာခိုင်နှုန်းကို သတ်မှတ်သည့်ဈေးဖြင့် မြန်မာနိုင်ငံက ပြန်ဝယ်သုံးရမည်)

အထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းမှာ သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ပထမဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သော်လည်း အစိုးရအနေဖြင့် စာချုပ်ပါအချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အချက်အလက်အသေးစိတ်ကို အများပြည်သူသို့ ချပြခြင်းမပြုမီ ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခွင့်ပြုခဲ့ခြင်းလည်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်းကာ ယခုအထက်သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းအပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းပေါင်း အနည်းဆုံးကိုးခုအထိ ထပ်မံလုပ်ခွင့်ရထားသူဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်မှ CPI ကုမ္ပဏီတို့ပူးပေါင်း၍ မြစ်ဆုံစီမံကိန်း၊ ချီဖွေ၊ လိုက်ဇာဝူဆောက်၊ ခေါင်လံဖူး၊ ယီနန်၊ ဖီဇော၊ ဂေါလန် ရေအားလျှပ်စစ်မံကိန်းများကို လုပ်ခွင့်ရထားသူဖြစ်သည်။

ယင်းအပြင် အေးရှားဝေါလ်ကုမ္ပဏီသည် Gold Energy ကုမ္ပဏီအမည်ဖြင့်လည်း သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်ခွင့်ရခဲ့ပြီး ယခုအခါ နိုင်ငံတော်မှ တစ်ယူနစ် ၇၀ ကျပ်ပေးကာ ၎င်းထံမှ ပြန်လည်ဝယ်ယူနေရပြီဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသည့် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၂၂ ခုရှိပြီး တည်ဆောက်ဆဲစီမံကိန်းပေါင်း ၁၄ ခုရှိကြောင်းနှင့် တည်ဆောက်ရန်အတွက် လက်မှတ်ရေးထိုးပြီးနှင့် လက်မှတ်ရေးထိုးရန် စီစဉ်နေသည့် စီမံကိန်းပေါင်း ၅၀ အထိရှိကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ပုဂ္ဂလိကသို့ တည်ဆောက်ခွင့်ပေးမည့် စီမံကိန်းပေါင်း ၅၀ တွင် ၁၀ ပုံတစ်ပုံဖြစ်သော စီမံကိန်း ၅ ခုသာလျှင် ဥရောပနိုင်ငံအချို့ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်ထားပြီး ကျန်ရှိသော ၄၅ ခုတွင် အားလုံးနီးပါးမှာ တရုတ်ကုမ္ပဏီသီးသန့်၊ တရုတ်နှင့်ပူးပေါင်းမည့် ပြည်တွင်းရှိ အေးရှားဝေါလ်၊ ရွှေတောင်၊ IGE ကုမ္ပဏီများကသာ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားခြင်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီမှ ကိုးခု၊ IGE ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများဖြင့် ပူးပေါင်း၍ စီမံကိန်းရှစ်ခု၊ ရွှေတောင်ကုမ္ပဏီမှ တရုတ်ကုမ္ပဏီဖြင့်ပေါင်း၍ စီမံကိန်း ၁၀ ခု၊ အခြားတရုတ်ကုမ္ပဏီများက ၁၂ ခု စုစုပေါင်း စီမံကိန်း ၃၉ ခုအထိ လုပ်ကိုင်ခွင့်ရယူထားကြခြင်းဖြစ်သည်။

ထို့အတွက် စီမံကိန်းပေါင်း ၄၅ ခု၌ ရွှေတောင်၊ IGE ၊ အေးရှားဝေါလ်နှင့် တရုတ်ကုမ္ပဏီများက ၃၉ ခုအထိ တည်ဆောက်လုပ်ကိုင်ခွင့် ရရှိထားပြီး၊ စီမံကိန်းအားလုံးနီးပါးမှာလည်း နှစ်ပေါင်း ၄၀ အထိ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရမည့်စနစ်ဖြင့် လုပ်ခွင့်ရထားကြခြင်းဖြစ်သည်။

စီမံကိန်းအားလုံးနီးပါးသည်လည်း မြန်မာနိုင်ငံမှ အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်းသာရရှိပြီး တရုတ်ကုမ္ပဏီများက ၉၀ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။

စီမံကိန်းပေါင်းများစွာကို ခွင့်ပြုပေးနေသော်လည်း မြန်မာနိုင်ငံမှ မည်သို့အကျိုးအမြတ်ရမည်၊ မည်သို့ထိခိုက်မည် စသည်တို့ကို အသေးစိတ်ထုတ်ပြန်ပေးခြင်းမရှိပဲ စာချုပ်ချုပ်ဆိုခွင့်ပြုပေးနေခြင်းမျိုးဖြစ်သည်။

လက်ရှိလုပ်ကိုင်ခွင့်ပြုထားသည့် အနေအထားများအရဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းမှာ တရုတ်ကုမ္ပဏီများနှင့် ရွှေတောင်၊ IGE ၊ အေးရှားဝေါလ်ကုမ္ပဏီများ၏ လက်ဝယ်တွင်သာရှိမည်ဖြစ်သည်။

Eleven Media Group


သယံဇာတပေါတဲ့ မြန်မာနိုင်ငံသား ၉၅ရာနှုန်း တစ်ရက်ဝင်ငွေ ၁၀ဒေါ်လာအောက်သာရှိ


ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ မတုပနိုင်တဲ့ အရင်းအမြစ်တွေရှိတဲ့နိုင်ငံဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Research and Markets ခေါ် ဈေးကွက်သုတေသနအဖွဲ့ ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး အပြောင်းအလဲတွေ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ အမေရိကန် နဲ့ အီးယူတို့ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ဖြေလျှော့ပေးမှုနဲ့အတူ စီးပွားရေးအရှိန်အဟုန် တိုးတက်လာခဲ့ကြောင်း၊ သဘာဝသယံဇာတကြွယ်ဝတဲ့အပြင် ကမ္ဘာ့ ရှေးအကျဆုံး ရေနံတူးဖေါ်ခဲ့တဲ့နေရာလည်းဖြစ်၊  မတူးဖေါ်ရ သေးတဲ့ဓါတ်သတ္တုတွေ အများအပြား ရှိနေတဲ့ဒေသလည်းဖြစ်ကြောင်း၊ ဒါပေမဲ့ လူမျိုးစုပြဿနာ နဲ့ ဘာသာရေး ပဋိပက္ခတွေ၊ နိုင်ငံရေးအကြပ်အတည်းတွေလည်းရှိနေကြောင်း ဖေါ်ပြထားပြီး၊ မြန်မာနိုင်ငံရဲ့ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ နဲ့တည်ဆောက်ရေးလုပ်ငန်း၊ စက်မှု နဲ့အသေးစားလုပ်ငန်း စတဲ့ ကဏ္ဍတွေ နဲ့ ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေ တင်ပြထားပါတယ်။

ဒီအတွင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ ကုလအရင်းအနှီး ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ UNCDF တို့ ပူးပေါင်းကောက်ယူခဲ့တဲ့ MAP ခေါ် သုတေသနအစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၉၅ ရာခိုင်နှုန်းရဲ့ တစ်ရက်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက်မှာသာ ရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ ငွေကြေးဝန်ဆောင်မှုအဆင့် အလွန်နိမ့်ကျနေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဟာ ငွေသားအပေါ်အလွန်အမင်းမှီခို နေတာကြောင့်၊ စီးပွားရေး လုပ်ကိုင်ဖို့ စရိတ်ကြီးမြင့်နေရကြောင်း၊ ဘဏ်လုပ်ငန်းတွေမှာ စာရွက်စာတမ်းတွေ အများအပြားလိုအပ်နေတာ၊ ငွေချေးငှားနိုင်ဖို့ အတားအဆီးတွေ၊ စည်းမျဉ်းစည်းကမ်းတွေ များပြားလှတာကြောင့် ဈေးကွက်တွေ ပေါ်ပေါက်လာဖို့ ခက်ခဲနေကြောင်း ဖေါ်ပြထားပါတယ်။

RFA Burmese


ဗုဒ္ဓဘာသာ ဘုရားဟော နည်းလမ်းအရ ချစ်သူတို့ ဘဝဆက်တိုင်း ပေါင်းဖက် ရမယ့် နည်းလမ်း


ဘဝဆက်တိုင်း ချစ်သူတို့ လက်တွဲရမယ့် နည်းလမ်း ဗုဒ္ဓဘာသာ ဘုရားဟော နည်းလမ်းအရ ချစ်သူတို့ ဘဝဆက်တိုင်း ပေါင်းဖက် ရမယ့် နည်းလမ်း ရှိပါတယ်။ သာမန် အကြမ်းအားဖြင့်က အချစ် ဆိုတာ တဏှာ လို့ သိထားပေမယ့် ယင်း တဏှာကိုပဲ အခြေခံလို့ နိဗ္ဗာန်ရောက် အောင်သွားတဲ့ လမ်းစဉ် ရှိပါတယ်။ ဘုရားရှင် လက်ထက်က နိဗ္ဗာန် ဝင်သွားတဲ့ ဇနီးမောင်နှံ နှစ်ဦး ဟာဆို ဘဝ ဆက်တိုင်း အတူ ပါရမီ ဖြည့်ကျက်ပြီး နောက်ဆုံးတော့ အတူ လောကီမှ လျွှါ်မြောက်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူတို့ ဘဝ ဆက်တိုင်း မကွဲချင်ရင် အောက်ပါ အချက်များ လုပ်ဆောင်ရန် လိုအပ်ပါတယ်။

၁။ ကုသိုလ် အတူ ပြုလုပ်ခြင်း

၂။ မတူ မပြုနိုင်တောင် တစ်ဦးက ကုသိုလ် ပြုလျှင် နောက်တစ်ဦးက အားပေး ကူညီ ထောက်ပံ့ပေးခြင်း

၃။ နှစ်ဦး စလုံးက ဝိပဿနာ တရား ကျင့်ကြံကြခြင်း ယင်း အချက် သုံးချက်က ပြောရင်သာ လွယ်ပေမယ့် တကယ် လုပ်ဆောင်တဲ့ အခါကျ ခဲယင်းပါတယ်။ တစ်ဦးက ကောင်းမှု ပြုတဲ့အခါ တစ်ဦးက လှိုက်လှိုက်လှဲလှ ဖြစ် အာေးပး၊ ကူညီခြင်း ဖြစ်ဖို့က တစ်ခါတစ်လေကျ ခက်ခဲ တတ်ကြ ပါတယ်။ ယင်းခက်ခဲတာကို ကျော်လွန်ပြီး လက်တွဲတဲ့ ဘဝ တစ်ခုစာ အတွင်း တစ်ယောက်နဲ့ တစ်ယောက် မှားနေတာတွေ ထိန်းကျောင်း ပြင်ပေး သွားမယ်။ မှန်တဲ့ အလုပ်တွေကျ အတူတူ ထပ်ခါထပ်ခါ ပြုလုပ်ကြမယ် ဆိုရင် နောက်ဘဝတွေမှာ ပြန်တွေ့နိုင်ချေ ပိုများပြီး ပါရမီ ဖြည့်ဘက်တွေ ဖြစ်ကြ အုံးမှာ ဖြစ်ပါတယ်။ သောတပန် အတူဖြစ် ပြီးရင် နိဗ္ဗာန် ဝင်ခါနီး အချိန်အထိတောင် ပါရမီ ဖြည့်ဖို့ အခွင့် အရေး ရကြအုံးမှာ ဖြစ်ပါတယ်။ စကားချပ် အနေနဲ့ အကုသိုလ် ပြုတဲ့ သူများလည်း ဖြစ်လေရာ ဘုံဘဝမှာ အကုသိုလ် ပြုဖော် အဖြစ် ပြန်စုံ နိုင်ပါသေးတယ်။ ဒီတော့ ဘယ်လို ဘုံဘဝမှာ ပြန်စုံမယ်ဆိုတာ မိမိတို့ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး) ကိုးကား - အဘိဓမ္မာကျမ်း

၅၉(စ)ပြုတ်ရင် ဘာနိုင်ငံဖြစ်သွားမလဲ?? ဒေါက်တာခင်နိုင်ဦး


ယနေ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ)အရ သမ္မတလောင်း ရွေးချယ်ခံချင်သူရဲ့ ချွေးမဟာတိုင်းတစ်ပါးသား ဖြစ်နေမယ်ဆိုရင် အဲ့သည်သူ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးသွား တယ်လို့ပြပါတယ်။ တကယ်တော့ သားသမီး ကိုတောင်မှ အဲ့သလိုချုပ်ချယ်ချင်လို့ မဖြစ်ပါ ဘူး။ ငါသမ္မတဖြစ်ချင်လို့ ငါ့သားနင်လည်း နိုင်ငံခြားသားမလုပ်နဲ့ နိုင်ငံခြားသား မိန်းမ ကိုလည်း မယူနဲ့လို့ ပိတ်ထားရမယ့် အဖြစ် မျိုးပါ။ လူဆိုတာက အသက် ၂၁ ဆိုရင် သူ့လမ်းသူရွေးပြီပဲ။

အခြေခံဥပဒေမှာဖော် ပြထားတဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၄၇ နိုင်ငံ တော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည် အရ နိုင်ငံသားတိုင်းဟာ အမှန်တကယ်ပဲ နိုင်ငံ ရေးမှာ ပါဝင်နိုင်ရပါလိမ့်မယ်။
ဒါ့အပြင်ပုဒ်မ ၃၄၈ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သည် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည် သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်း ရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိ စေရ။ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မို့ဆိုပြီး ခွဲခြားထားလို့ မရပါဘူး။ ဒါဟာ အခြေခံဥပဒေက ပေးပြီးသား နိုင်ငံသားအခွင့် အရေး ဖြစ်ပါတယ်။

ပုဒ်မ ၃၄၈ နှင့် ၃၄၇ ကို ပုဒ်မ ၅၉(စ)က ပြန်ပြီး ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် ပြင်ကိုပြင်ရပါလိမ့်မယ်။ မပြင် ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံဟာ ရှေ့နောက် မညီလို့ ရှက်စရာကြီးပါ။ ဒါကြောင့် နိုင်ငံတ ကာက ဥပဒေပညာရှင်တွေက အမှိုက်ပုံးဆိုပြီး တင်စားခေါ်ရအောင် စွမ်းတဲ့ ဖွဲ့စည်းပုံဖြစ် နေလို့ပါ။

၅၉(စ) မပြင်ရင် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ပြီလား၊ မဟုတ်ပါ ဘူး။ ၅၉(စ)ကို မပြင်လည်း ၀ှိုက်ကတ်ရတဲ့သူ တောင်မှ ပါတီထောင်ခွင့်ပေးထားလို့ ဘယ် အမျိုးဘာသာသာသနာ စောင့်ရှောက်တဲ့ ဥပ ဒေထုတ်ထုတ် ဘာသာခြားအပြင်ကို နိုင်ငံ သားမဟုတ်သူပါ လွှတ်တော်ထဲ ရောက်လာ နိုင်တဲ့ အခွင့်အရေး ပေးထားပါတယ်။ ဒါ ကြောင့် ထူးပြီးခြားမလားနိုင်ပါဘူး။

၅၉(စ) ကိုပြင်ရင် ဘာဖြစ်မလဲ၊

ဘာမှမဖြစ်ပါဘူး။ နိုင် ငံခြားက ဘယ်လိုလူမျိုးကမှလည်း တက်ပြီး သမ္မတလာဖြစ်လို့ မရပါဘူး။ အတော် များများက ၅၉(စ)ကို မဲနေတာ။ သူ့ထက် ကောင်းတဲ့ ၅၉(ခ) နဲ့ ချုပ်ထားပြီးသားဖြစ်ပါ တယ်။ ၅၉(က) နဲ့ (ခ) နဲ့တင် အားလုံးပွဲသိမ်း ပါတယ်။

၅၉(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေး ဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာ နိုင်ငံသားဖြစ်ရမည်။ သေသေချာချာပြန်ဖတ် ကြည့်ပါဦး။ သမ္မတလောင်းတစ်ဦးဟာ မိမိ ရော၊ မိမိရဲ့ မိဘနှစ်ပါးစလုံးဟာ မြန်မာနိုင်ငံ မှာပဲ မွေးဖွားကြီးပြင်းသူဖြစ်ရမယ်၊ တိုင်းရင်း သားတွေ ဖြစ်ရမယ်၊ မြန်မာနိုင်ငံသားဖြစ်ရ မယ် ဆိုတဲ့ အချက်နဲ့တင် ဘယ်မှာလာပြီး ဘယ်နိုင်ငံက ကုလားတွေ၊ တရုတ်တွေလာပြီး မြန်မာနိုင်ငံရဲ့ သမ္မတလာဖြစ်တော့မလဲ။ သူ တို့ဟာ နိုင်ငံသားဖြစ်ခဲ့တယ်ထားဦးတော့ တိုင်း ရင်းသားမှ မဟုတ်ကြပဲ။ သည်တော့ အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ဖို့ ၅၉(စ) မလိုပါ။။ ၅၉(ခ)နဲ့တင် ပွဲသိမ်းနေပါပြီ။

၅၉(စ) ကတော့ ထဘီဝတ်မိန်းမသားတစ်ဦးကို ဘောင်း ဘီဝတ်စစ်သားကြီးများက ကြောက်ပြီး ရေး ထားတဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ပါ။ ဘုမသိ ဘ မသိ အမျိုးစောင့်သူများဟာ မလေ့လာဘဲ ကုန်းမအော်ကြပါနဲ့။ ၅၉(စ)ဖြုတ်လို့ ဘာသာခြား နိုင်ငံဖြစ်စရာအကြောင်း မရှိပါဘူး။ ဖြစ်စရာရှိ ကိုယ့်နိုင်ငံကို အကောင်းဆုံးမြှင့်တင်ပေးနိုင် မည့်သူကို ဆုံးရှုံးသွားမှာကိုပဲ စိုးရိမ်ကြပါ။ ၅၉(စ) မပြင်လို့ နစ်နာစရာရှိရင် ပြည်သူပဲနစ် နာမှာပါ။ ရေးခဲ့တဲ့ စစ်သားဘောင်းဘီကျွတ် တွေကတော့ နစ်နာစရာမရှိပါဘူး။

အမျိုးဘာ သာသာသနာ စောင့်ရှောက်မယ် အော်တဲ့ သူတွေ စိတ်ဆိုးထိုက်တာက ၅၉(စ) မဟုတ် ဘူး။ နိုင်ငံသားမဟုတ်ဘဲ ၀ှိုက်ကတ်ကိုင် တဲ့သူတွေ ပါတီထောင်ခွင့်ပေးတာကိုပါ။ အဲ့ ဒါကိုကော ဘယ်လို သဘောရလဲ။ ၅၉(စ)ကို ပဲ မြင်မြင်နိုင်လွန်းလို့ ပြောတာပါ။

သမ္မတ ရာထူး အရည်အချင်းအတွက် မြန်မာနိုင်ငံရဲ့ ဘယ်ဖွဲ့စည်းပုံမှာမှ ပြီးတော့ ဘယ်နိုင်ငံမှာမှ သားသမီး၊ ချွေးမ၊ သမက်တွေကို ကြည့်ပြီး ရွေးချယ်ခံပိုင်ခွင့်မရှိလို့ ပါတာ မတွေ့ဖူးပါဘူး။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းကို ပြပါဦးမယ်။ ၁၉၄၇ ဗိုလ် ချုပ်အောင်ဆန်းတို့ရေးခဲ့သော ဖွဲ့စည်းပုံပုဒ်မ ၄၉(က) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း ပြည် ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွား ခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံနိုင်သည့် အရည်အ ချင်းနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်မျိုးမဟုတ် လျှင် မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအ တွက် ရွေးကောက်ခံနိုင်ခွင့်မရှိစေရ။ ကဲ ရှင်း ပလား။

ဒါကြောင့်မို့ ၅၉(စ) ဆိုတာ အမျိုး ဘာသာစောင့်ရှောက်ဖို့ ထည့်ဆွဲထားတာ မ ဟုတ်ဘူးဆိုတာ သိရမယ်။

၅၉(စ) ဆိုတာ ဒေါ်စု သမ္မတဖြစ်လို့မရအောင် ညစ်ပတ်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ လူသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ပိတ် ထားတဲ့ ၅၉(စ) ပြုတ်အောင်ကို ပြည်သူ့ အင်အားနဲ့ ဖြုတ်ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါးကဏ္ဍ
အမှတ်စဉ် ၉၈၊ သည်လေဒီးစ်နယူးစ်ဂျာနယ်



မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန်

 
ကွာလာလမ်ပူ- ပျောက်ဆုံးသွားသော မလေးရှား လေယာဉ် MH370 နှင့် ဂြိုဟ်တုများအကြား ဆက်သွယ်ခဲ့မှုအချက်အလက်များကို ယနေ့ထုတ်ပြန်လိုက်သည်။

ပျောက်ဆုံးသွားသော မလေးရှားလေယာဉ် ခရီးစဉ်မှာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု အပြီးသတ်ဆုံးဖြတ်မှုတွင် အသုံးပြုခဲ့သော မူရင်းဂြိုဟ်တုအချက်အလက် ၄၇ မျက်နှာကို မလေးရှားအစိုးရu ထုတ်ပြန်ခြင်းဖြစ်သည်။

ဂြိုဟ်တုအချက်အလက်များတွင် ဗြိတိန်ဂြိုလ်တုကွန်ရက် အင်မာဆက်နှင့် မလေးရှားလေယာဉ်ကြား ဆက်သွယ်ခဲ့သော အီလက်ထရွန်နစ် အချက်ပြပုံများပါဝင်သည်။

ယင်းကို ခွဲခြမ်းစိတ်ဖြာလေ့လာ၍ လေယာဉ်ပြန်လည်ရှာဖွေ တွေ့ရှိရေးအတွက် အသုံးချခဲ့သည်။

—Ref: USA Today
7day daily


သူရဲကောင်း ရွေးချယ်ပွဲ


တစ်ခါက ဘုရင်ကြီးတစ်ပါးသည် နိုင်ငံအတွင်းတွင်
သူရဲကောင်းရွေးခြယ်ပြီး သူကောင်းပြုရန်အတွက် အကြံရလေသည် ။

သူသည် သူ၏ဖောင်တော်ကို မိချောင်းများမွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည် ။

တိုင်းသူပြည်သားများ ခင်ဗျား ။
ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်၏ သူရဲကောင်းရွေးချယ်ပွဲကြီး စတင်ပါမည်ခင်ဗျား ။

မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ်ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည် ။
ပြိုင်ပွဲ စပါပြီခင်ဗျား ။

ပရိတ်သတ်များသည် ကမ်းလုံးပြည့်မျှ စည်ကားလှ၏ ။

အမတ်ကြီးကထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ် ။
မည်သူမှ ရေထဲမဆင်းရဲပဲ ငြိမ်သက်နေကြသည် ။

အတန်ကြာတော့ ဘုရင်ကြီးဒေါသထွက်လာသည် ။

ငါကိုယ်တော်ရဲ့ တိုင်းပြည်ထဲမှာ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူးလားဟု မူးမတ်များကို မေးသည် ။

တစ်ခဏနေသော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ ခုန်ချ သွားသည် ။

မိချောင်းများက သူ့ထံသို့ စုပြုံလိုက်ကြလေသည် ။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်းရင်း ဖောင်ဆီသို့ ရောက်အောင် ကြိုးပမ်းလေ၏ ။

ပရိတ်သတ်ကြီးလည်း အသက်ပင်မရှုနိုင်ပဲ
သည်းထိတ် ရင်ဖိုစွာ ကြည့်ရှု့ကြလေသည် ။

နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီသို့ အောင်မြင်စွာ ရောက်ရှိလေသည် ။

ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွှေဓါးဆုကို ချီးမြင့်လေသည် ။

မူးမတ်များ က ချီးကျူး စကားဆိုကြ၏ ။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည် ။

ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား

“သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို ဘာများ ပြောချင်ပါသေးသလဲခင်ဗျာ“

ဟုမေးလိုက်ရာ သူရဲကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး ဒေါသကြီးစွာဖြင့်

“ဘယ်သူ..... ကျုပ်ကို ရေထဲတွန်းချတာလဲကွ“ ဟူ၍ ပြောလိုက်လေသတည်း......။


သွားတိုက်ဆေးနှင့်နေရောင်ကာခရင်မ်အချို့က သုက်ပိုးကို ပျက်စီးစေနိုင်


 
Health Updates Journal No. 118

ဒိန်းမတ်နှင့် ဂျာမာန်နိုင်ငံမှ သိပံ္ပပညာရှင်များက သုက်ပိုးများအား ပျက်စီးစေပြီး မျိုးပွားမှုအား အနှောင့်အ ယှက်ဖြစ်စေသည့် ဓာတု ပစ္စည်းများအားတွေ့ရှိခဲ့ကြပြီး ယင်းတို့ထဲမှ အချို့ပစ္စည်းများမှာ တစ်ကိုယ်ရေ သုံးပစ္စည်းများ အစားအသောက်များတွင် ပါဝင်နေကြောင်း တွေ့ရသည်။

အထူးသဖြင့် နေရောင်ခြည်ကာခရင်မ်များတွင် ပါလေ့ရှိသော 4-methyl benzylidene camphor (4-MBL)ာနှင့် သွားတိုက်ဆေးများတွင် ပါလေ့ရှိသော ဘက်တီးရီးယားများကိုသေစေသည့်ပစ္စည်း Triclosan တို့က သုက်ပိုးများအား ပျက်စီးစေကြောင်း တွေ့ရသည်။ ထို့ပြင် စားသောက်ကုန်များ၊ ဆေးဆိုး ပန်းရိုက်ခြင်းများ၊ ကျန်းမာရေး သန့်စင်ပစ္စည်းများ၊ အရုပ်၊ အလှကုန် နှင့်ကော်ဘူးတို့တွင်ပါဝင်သော ဓာတု ပစ္စည်းပေါင်း ၉၆မျိုးခန့် ရှိသေး ကြောင်းပြောကြားခဲ့သည်။ ယင်းဓာတုပစ္စည်းများက သုက်ပိုးတွင် ကယ်လ် ဆီယမ် ပမာဏကို တိုးပွားစေပြီး မမျိုးဥ၏ကာကွယ်ထားသော အလွှာအား ထိုးဖောက်ရာတွင် အခက် အခဲဖြစ်စေကြောင်း တွေ့ရသည်။ ယခုတွေ့ရှိမှုကို အသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ ပါဝင် ရမည့်ပစ္စည်းများအား နိုင်ငံတကာစည်းကမ်းနှင့် အညီချမှတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ဖိုးသောကြာ
ref:Medindia


26 May 2014

သန်းခြောက်ဆယ်အထက်မှာ တပ်မတော်သားများ ရှိသလား

 နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုး ဆန္ဒပြုပွဲတွင် ပြည်သူကို စကားပြောကြားစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ရာမည) 

နေပြည်တော်၊ မဇ္ဈိမ။ ။ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅%ပါနေတော့ သူတို့မပါဘဲ ပြင်လို့မရဘူး။ မြန်မာနိုင်ငံမှာ ပြည်သူ သန်းခြောက်ဆယ်လောက်ရှိပြီး တပ်မတော်သားက ငါးသန်းလောက်ရှိတယ်လို့ သိထားတယ်။ ဒါကြောင့် ပြည်သူသန်းခြောက်ဆယ်ရဲ့ အထက်မှာ ငါးသန်းက ရှိနေသလား ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ် အဖွဲ့ချုပ်ရုံးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဝန်ထမ်းများ ပုဒ်မ ၄၃၆ပြင်ရေး လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

နေပြည်တော်၊ မဇ္ဈိမ။ ။ “အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲမှာ ဝန်ထမ်းတွေလည်း လက်မှတ်ဝင်ထိုးလို့ရတယ်။ ဒါဟာ ဥပဒေနဲ့ မညိစွန်းဘူး။ အဲဒါကို လက်မှတ်ထိုးဖို့ တားမြစ်တယ်ဆိုလို့ရှိရင် ဒါဟာ ဥပဒေချိုးဖောက်တာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ပုပ္ဗသီရီမြို့နယ်တို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများတွင် ပုဒ်မ ၄၃၆ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ပြည်သူလူထုအား ပြောကြားခဲ့သည်။

မဇ္ဈိမသတင်းဌာန

၄၃၆ ပြင်ဆင်ရေးအတွက် နေပြည်တော်ကောင်စီအတွင်းရှိ သီရိလေးမြို့နယ်ရှိ NLDရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားလိုက်လံ ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ယနေ့ မေလ ၂၇ရက် နံနက်တွင် တစ်ပြည်နက် ပြုလုပ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းမှု ထိုင်းဘုရင်အတည်ပြု

 
ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချား
 
 
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ကို ထိုင်းဘုရင်ကြီးက တိုင်းပြည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ခွင့် အတွက် အတည်ပြု ပေးလိုက်ပါတယ်။

တိုင်းပြည် အုပ်ချုပ်ရေး အဖွဲ့ ဖြစ်တဲ့ စစ်ကောင်စီ အကြီးအကဲ အဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချားကို တရားဝင် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ပရာ ယွတ် ကျန်အိုချားက နိုင်ငံရဲ့ အာဏာကို မသိမ်းရင် မဖြစ်တော့လို့ လုပ်ခဲ့ရတာလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါဟာ စစ်တပ် အကျိုး အတွက်လုပ်တာ မဟုတ်ပါဘူး၊ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လုပ်ရတာပါလို့ ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချားက ပြောသွားပါ။

အာဏာသိမ်းမှု အပေါ် ဆန့်ကျင်ကန့်ကွက်မှု တွေကို ဆက်လက် မလုပ်ကြဖို့ သူက သတိပေးလိုက် ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို အိမ်ပြန်ခွင့် ပေးလိုက်ပေမဲ့ စစ်တပ်ရဲ့ ကြီးကြပ်စောင့်ကြည့်မှု အောက်ပါပဲ ထားရှိပါတယ်။

ပြီးခဲ့တဲ့ အစိုးရအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ပ Suthep Thaugsuban ကိုလည်း ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒါပေမဲ့ သူဟာ စွဲချက်တွေကိုတော့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား

 
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရုံးတွင် ကောင်စစ်ဝန်နှင့် မန္တလေး မီဒီယာများ တွေ့ဆုံစဉ် မီဒီယာများက တရုတ်နိုင်ငံ အနေနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရှိမရှိ မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

မြန်မာအစိုးရနှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် China Power Investment (CPI) ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း စာချုပ်ကို ရပ်ဆိုင်းခြင်း၊ မရပ်ဆိုင်းခြင်း ကိစ္စများသည် ယင်းကုမ္ပဏီကသာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နှစ်ဖက်အစိုးရက ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူညီမှု မရလျှင် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းနိုင်ကြောင်း တရုတ်ကောင်စစ် ဝန်ချုပ်က ပြတ်သားစွာ ပြောဆိုသည်။

“ဒီစီမံကိန်းကို ကန့်ကွက်နေတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စိုးတဲ့အတွက် ကန့်ကွက်နေတာလို့ သိထားတယ်။ ဒီစီမံကိန်း အကောင်အထည် ဖော်နိုင်ရင် အနည်းဆုံး မန္တလေးမှာ မီးမပျက်တော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက မြစ်ဆုံ ဝန်းကျင်တွင် ရေလွှမ်းဧရိယာ ကျယ်ပြန့်သွားမည် ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်နှင့် အဏုဇီဝများ ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကချင်ဒေသ တစ်ခုလုံး ထိခိုက် ပျက်စီးသွားနိုင်ပြီး ဧရာဝတီ မြစ်ရိုးတစ်လျှောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဒီစာချုပ်ကို အစိုးရနှစ်ဖက်က သဘောမတူလို့ အပြီးတိုင် ဖျက်သိမ်းလို့သာ ရတယ်ဆိုရင် ဒါဟာ မင်္ဂလာသတင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းသွားဖို့သာ အဓိကပါ” ဟု မန္တလေးမြို့အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တက်ရောက်လာသည့် အရပ်သားအစိုးရက ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် မဖော်လိုရေး ကန့်ကွက်ဆန္ဒပြမှုများကို တရားဝင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေလ ၂၂ ရက်နေ့တွင် ပြောကြားထားသည်။

The Voice Weekly

 
တရားဝင် အလုပ်ချိန် သတ်မှတ်ပေးခြင်း မရှိသေးသည့် KTV နှင့် Club များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အလုပ်ချိန်များကို တရားဝင် သတ်မှတ်ပေးရန် ၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတွင် ယခင်က ထည့်သွင်းထားခြင်း မရှိသည့် ကာရာအိုကေခန်းမ (KTV)၊ Club များအပြင် ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် အလှပြုပြင်ရေးဆိုင်များ၊ မိတ္တူကူးခြင်းလုပ်ငန်း၊ ကုန်သွယ်ရေး အလုပ်ဌာနများ၊ ဗီဒီယိုပြသရေး၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် အဆင့်မြင့် ကိရိယာများကို ပြုလုပ်တပ်ဆင်ခြင်း စသည့် အလုပ်များကို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြဋ္ဌာန်းစဉ်က လုပ်ကိုင်နေကြသည့် လုပ်ငန်းများကိုသာ ယင်းဥပဒေတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ခေတ်နှင့် လျော်ညီခြင်း မရှိတော့သဖြင့် အလုပ်အကိုင် အမျိုးစားအသစ်များကို ထပ်တိုး ထည့်သွင်းခြင်း ဖြစ်ကြောင်း ဦးဝင်းရှိန်က ရှင်းပြသည်။

အလုပ်သမားများသည် တစ်ရက်အလုပ်ချိန် ရှစ်နာရီ လုပ်ကိုင်ရမည် ဖြစ်ပြီး ရက်သတ္တတစ်ပတ်လျှင် တစ်ရက်နားခွင့် ရမည်ဖြစ်ကြောင်း၊ အချိန်ပို ခိုင်းစေရာတွင်လည်း အလုပ်သမား သဘောတူမှသာ ခိုင်းစေရမည် ဖြစ်ပြီး ဆိုင်များတွင် တစ်ပတ်လျှင် အချိန်ပို ၁၂ နာရီသာ ခိုင်းစေခွင့် ရရှိမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။

KTV ဆိုင် လုပ်ငန်းရှင် သူဌေးက နေစရိတ်၊ စားစရိတ်ငြိမ်းဖြင့် အကုန်စီစဉ်ပေးကြောင်း၊ အလုပ်ချိန်မှာ ဧည့်သည်ပေါ် မူတည်ကာ နံနက် ၉ နာရီခန့်မှ ည ၁၁ နာရီခန့်အထိ ဖြစ်ကြောင်း မန္တလေးမြို့ရှိ KTV ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်လျက် ရှိသည့် မြစ်ကြီးနားမှ အသက် ၂၂ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“လခတော့ နည်းတယ်။ လေးသောင်းလောက်ပဲ ရတယ်။ One Section ဝင်မယ်ဆိုရင် အခန်းဝင်တဲ့သူက ကောင်မလေး ခေါ်ချင်ရင် spy တစ်လုံး မှာရတယ်။ ညီမတို့က ၅၀၀ ရတယ်။ ပြီးတော့ One Section ကို ၁၀၀၀ ရတယ်။ နာမည်ကြီး KTV တွေမှာ လုပ်နေတဲ့ ကောင်မလေးတွေက ရာခိုင်နှုန်းနဲ့ ရတယ်။ တချို့ဆိုင်တွေဆို ၁ သောင်းကို ၁၀၀၀ ပြန်ပေးတယ်” ဟု ကချင်တိုင်းရင်းသူလည်း ဖြစ်သူ ၎င်းကဆိုသည်။

အလုပ်ခိုင်းစေရာတွင် အသက်အနည်းဆုံး ၁၃ နှစ် ပြည့်ပြီးသူများကိုသာ ခိုင်းစေခွင့် ရှိကာ ၎င်းတို့ကို ခိုင်းစေရာတွင် ဆရာဝန်၏ ဆေးထောက်ခံချက်ဖြင့် ခိုင်းစေခွင့် ရရှိမည်ဖြစ်ပြီး အလုပ်သမားများကို လစာ ထုတ်ပေးရာတွင်လည်း လဆန်း ၇ ရက်နေ့ထက် နောက်မကျဘဲ ထုတ်ပေးရမည် ဆိုသည့် အချက်များလည်း ထည့်သွင်းထားကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။

၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်ရန် ၂၀၁၂ ခုနှစ်မှ စတင်ကာ အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ILO ကိုယ်စားလှယ်များနှင့်ပါ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးဝန်ဆောင်မှုစင်တာများ ဆက်လက်ပေါ်ပေါက်လာဖွယ်ရှိ


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများအတွက် အခက်အခဲများ ပြန်လည်ဖြေရှင်းပေးရန် ဆက်သွယ်ရေးဝန်ဆောင်မှုစင်တာများ ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ယခုတစ်ပတ်အတွင်း မန္တလေးမြို့၌ တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုစင်တာတစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့၌လည်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ မိုဘိုင်းဖုန်းလိုင်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုစင်တာကို ကြေးနန်းရုံးအတွင်းဖွင့် လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မန္တလေးမှာဖွင့်တဲ့ စင်တာကတော့ ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ အကုန်လုံးနဲ့ပတ်သက်ပြီး စုံစမ်းလို့လည်းရတယ်၊ တိုင်ကြားလို့လည်းရတယ်။ ရန်ကုန်မှာ ဖွင့်ထားတာကတော့ MEC ဖုန်းလိုင်းအတွက် သီးသန့်လိုပဲဖြစ်နေတယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေကပြောသည်။

လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်အခြေစိုက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးလျှက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများစတင်သည့်အခါ ယခုကဲ့သို့ Customer Care Center (ဝန်ဆောင်မှုစင်တာ) များကို Plan ရေးဆွဲ၍ ဦးစားပေး ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို အသုံးပြုသူများသည် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများနှင့် ပတ်သက်၍ အခြေစိုက်ရုံးများဆီသို့သွားရောက် ဆက်သွယ်ကြသော်လည်း အများအားဖြင့် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြောင်း ယခုကဲ့သို့ သီးခြားဝန်ဆောင်မှု စင်တာများကို တိုးချဲ့ဖွင့်လှစ်နိုင်ပါက အသုံးပြုသူများ၏ ယုံကြည်မှုကို ပိုမိုရရှိလာမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်း အကျိုးဆောင်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောသည်။

အလားတူ အင်တာနက်လိုင်းများ ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်းများနှင့် ပတ်သက်၍ စုံစမ်းလိုခြင်းများ ရှိခဲ့ပါကလည်း တစ်နေရာတည်းနှင့် ဖြေရှင်းပေးနိုင်သည့် နေရာ၊ ဝန်ဆောင်မှုပေးအပ်နိုင်သည့်နေရာများ ယခင်က မရှိခဲ့ဖူးကြောင်း သိရသည်။

မြင့်ကျော်လှိုင်
Internet Journal


ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက် ရှစ်သန်းအထိရှိလာ


မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ရှစ်သန်းအထိရှိလာပြီး ယင်းအနက်မှ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူအရေအတွက်သည် လေးသန်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

၂၀၁၀ ခုနှစ်ဝန်းကျင်က မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်းအရေအတွက်၏ ဆယ်ရာခိုင်နှုန်းခန့်သာ အင်တာနက် အသုံးပြုနိုင်ခဲ့သော်လည်း ကျပ်တစ်ထောင့်ငါးရာဟု သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး၏ ဆင်းမ်ကတ်များ ဈေးကွက်အတွင်း စတင်ရောက်ရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု သိသိသာသာတိုးတက်လာခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်သည် နေ့စဉ်မှန်မှန် တိုးတက်လျက်ရှိပြီး တစ်နိုင်ငံလုံး မိုဘိုင်းဖုန်း အသုံးပြုနေသူအရေအတွက်၏ ထက်ဝက်ကျော်ခန့်ပမာဏသည် အင်တာနက် သုံးစွဲနေသူများဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြီးခဲ့ရက်အနည်းငယ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်  ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

“မိုဘိုင်းဖုန်းအသုံးပြုသူနဲ့ အင်တာနက်အသုံးပြုတဲ့နှုန်းက အရမ်းတက်လာတယ်။ နောက်ကနေ တိုးတက်လာတဲ့နှုန်းကို ထောက်ပံ့ပေးဖို့တွေ လိုအပ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဘက်က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ထပ်ပြီးဖြည့်စွက်ပေးဖို့တွေကို လုပ်ပေးမှာပါ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လေးသန်းကျော်တွင် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ကို သုံးစွဲသူမှာ အရေအတွက် တစ်သန်းရှိနေပြီဖြစ်သည်။

“အဓိကအချက်က Facebook သုံးစွဲသူများလာလို့ မိုဘိုင်းအင်တာနက် သုံးတဲ့သူများလာတယ်လို့ပဲ ထင်ပါတယ်။ စမတ်ဖုန်းကိုင်နေတဲ့ သူအများစုက သုံးနေကြတာက မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးတဲ့သူကို ပိုပြီးတိုးတက်လာစေတယ်လို့ ပြောနိုင်ပါတယ်” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လူငယ်တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုသူနှင့် မိုဘိုင်းအင်တာနက်သုံးစွဲသူအရေအတွက် အလျင်အမြန် တိုးတက်လာခြင်းကြောင့် အင်တာနက် ဆက်သွယ်မှုမြန်နှုန်းများ ယခင်ကထက် ပိုမိုဆိုးရွားစွာကျဆင်းလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ယင်းပြဿနာနှင့်ပတ်သက်ပြီး လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ တည်ဆောက်မှုများကို ပြုလုပ်ပေးရန် စီစဉ်နေကြောင်း  အထက်ပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ ဂျီအက်စ်ဖုန်း အသုံးပြုသူအရေအတွက်သည် စီဒီအမ်အေဆင်းမ်ကတ် အသုံးပြုသူ အရေအတွက် ထက်ပိုမိုများပြားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ယုဇနကိုကို
Internet Journal


မြန်နှုန်းမြင့် 3G အင်တာနက် ဝန်ဆောင်မှုက ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် အထောက်အကူပြုမည်ဟု Ooredoo ဆို

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/3g-ooredoo.html

ကာတာဆက်သွယ်ရေး ကုမ္ပဏီက ၎င်းတို့ပေးမည့် မြန်နှုန်းမြင့် 3G အင်တာနက် ဝန်ဆောင်မှုသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာအောင် ပံ့ပိုးပေးနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ယခုလတတိယပတ်အတွင်းက ပြည်တွင်းမီဒီယာသို့ ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်ဖြစ်တဲ့ သရီးဂျီကွန်ရက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်ပိုပြီး ပေါ်ပေါက်လာပြီး တိုင်းပြည်တိုးတက်အောင် ပြောင်းလဲပေးသွားမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှု လက်ရှိထက်ပိုမို အဆင့်မြင့် ကောင်းမွန်လာမည်ဆိုပါက ပြည်တွင်းသို့ဝင်ရောက်မည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများက အဆင်သင့်ရှိနေသည်ဟု ပြည်ပဆက်သွယ်ရေး အော်ပရေတာများက သုံးသပ်ထားကြသည်။

ယခုလက်ရှိအစိုးရလက်ထက် အချို့သောကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများရှိလာသော်လည်း အိုင်စီတီကဏ္ဍမှာမူ အစိုးရဘက်မှ တွန်းအားပေး ပံ့ပိုးပေးမှုအားနည်းလွန်းနေသေးကြောင်း ပြည်တွင်းဆက်သွယ်ရေးကဏ္ဍကို စောင့်ကြည့်လေ့လာနေသူ
အချို့က သုံးသပ်သည်။

ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အရည်အသွေးနိမ့် ဝန်ဆောင်မှုများကြောင့် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရန်အတွက် တုံ့ဆိုင်းနေသောနိုင်ငံခြားကုမ္ပဏီများ အများအပြားရှိနေကြောင်း ပြည်တွင်း ကွန်ပျူတာပညာရှင်အချို့က ပြောသည်။

“ကျွန်တော့်ဆီမှာ အင်တာနက်အမျိုးအစား လေးမျိုးလောက်ရှိတယ်။ GSM, WCDMA နဲ့ ဖိုက်ဘာရယ်၊ Red Link ကုမ္ပဏီကရယ်။ တစ်ခုမှသုံးစားမရဘူး။ ဒါတွေကြောင့် ထိခိုက်မှာတွေကအများကြီးပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၁ နောက်ပိုင်းတွင် သိသိသာသာဝင်ရောက်မှု များပြားလာသော်လည်း စီးပွားရေးလုပ်ငန်း လည်ပတ်မှုတွင် အဓိကကျသည့် အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုများမှာမူ ဈေးနှုန်းမြင့်မားလာပြီး ကောင်းမွန်ခြင်းမရှိသည့်အတွက် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်တွေ့နေရသည်ဟု ရန်ကုန်အခြေစိုက် ပြည်ပကုမ္ပဏီအချို့တွင် လုပ်ကိုင်နေသူများထံမှ သိရသည်။

Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီသာ မဟုတ်ဘဲ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီဘက်ကလည်း  မြန်နှုန်းမြင့်ဆက်သွယ်ရေးစနစ်များက မြန်မာနိုင်ငံ၏ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုနှံမှုကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာပြီး ကောင်းမွန်သည့် ဝန်ဆောင်မှုဖြင့် ပြည်တွင်းကဏ္ဍပေါင်းစုံ တိုးတက်အောင်ကူညီပေးနိုင်လိမ့်မည်ဟု ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲများတွင် မကြာခဏ ကတိပေးပြောကြားခြင်းများ ရှိသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကအင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ၏ ဈေးနှုန်းမြင့်မားပြီး အရည်အသွေးမပြည့်သည့် အင်တာနက်ဝန်ဆောင်မှုများကိုသာ ကာလကြာရှည်သုံးစွဲနေကြရပြီး သုံးစွဲသူများအနေဖြင့် လာမည့်လအနည်းငယ်အတွင်းတွင် ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ ဝန်ဆောင်မှုများကိုအသုံးပြုရန် စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

ယုဇနကိုကို
Internet Journal

ကလေးငယ်များတွင် ဖြစ်တတ်သော အရေပြားရောဂါများ ကာကွယ်ရန်နည်းလမ်း



ကလေးငယ်များ၏ အရေပြားမှာ အလွန်နူးညံ့သိမ်မွေ့ပြီး အနည်းငယ်ပွန်းမိ၊ ခြစ်မိရုံမျှဖြင့် (သို့မဟုတ်) အဖုအပိမ့်လေးများ ပေါက်လာရုံဖြင့် ၎င်းတို့ကို အလွန်ယားယံစေသည်။

မွေးကင်းစကလေးငယ်များတွင် အဖုအပိမ့်များ မကြာခဏပေါက်လေ့ရှိသော်လည်း အဖုအပိမ့်အများစုမှာ အန္တရာယ်မရှိဘဲ ရက်အနည်းအငယ်အတွင်း အလိုလိုပျောက်သွားလေ့ရှိသည်။ ကလေးငယ်များအတွက် သေးခံအသုံးပြုရာတွင် အလွန်တင်းကျပ်စွာ မ၀တ်ပေးမိရန် အရေးကြီးသည်။ သေးခံဝတ်ထားသော နေရာတစ်ဝိုက်ကို မကြာခဏစစ်ဆေးပါ။ ယင်းနေရာတစ်ဝိုက် အနီရောင်သမ်းနေခြင်း၊ အဖုအပိမ့်လေးများ ထွက်လာခြင်းတို့ကို တွေ့ရှိပါက အရေပြားယားယံခြင်းကို ပျောက်စေသော လိမ်းဆေးလိမ်းပေးပြီး ယင်းနေရာကို ဖွင့်ထားပါ။ တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ။ လိုအပ်သည်ထင်တိုင်း သေးခံမကြာမကြာလဲပေးပါ။ ညဘက်တွင်လည်း သေးခံအနည်းဆုံးတစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လဲပေးပါ။

ပေါင်ဒါမှုန့်လိမ်းပေးခြင်း ရှောင်ပါ။ ပေါင်ဒါမှုန့်လိမ်းပေးချိန်တွင် ပေါင်ဒါမှုန့်များ ကလေးငယ်၏ နှာခေါင်းမှတစ်ဆင့် ရှူသွင်းမိလေ့ရှိ သဖြင့် ကလေးငယ်ကို မသက်မသာ ဖြစ်စေနိုင်သည်။ အကောင်းဆုံးနည်းမှာ ကလေးငယ်အနည်းဆုံး လေးလအရွယ်မှ ခြောက်လအရွယ်အထိ ပေါင်ဒါမှုန့်မသုံးပါနှင့်။ ကလေးငယ်၏ အ၀တ်အစားများ ချောင်ချောင်ချိချိ ရှိနေရန် လိုအပ်သည်။

ကလေးငယ်၏ လျှော်ဖွပ်ဆေးကြောစရာများ အားလုံးအတွက် အလွန်နူးညံ့သော ဆပ်ပြာမှုန့်သုံးပါ။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင်နှင့်တဘက်စသည်တို့ကို နှံ့စပ်အောင် လျှော်ဖွပ်ပါ။

ဆိုးဆေး၊ အမွှေးနံ့၊ နူးညံ့စေသော ဓာတုဒြပ်ပေါင်းများ၊ ကြာရှည်ခံစေသော ဓာတုပစ္စည်းများမပါသည့် ကလေးအရေပြားကာကွယ်ရေးထုတ်ကုန်များကို ရွေးချယ်သုံးစွဲပါ။

ကလေးငယ်များကို ရေချိုးပေးချိန်တွင် ရေနွေးငွေ့ဖြင့် ချိုးပါ။ ရေချိုးပြီးချိန်တွင် ညင်ညင်သာသာ နှံ့နှံ့စပ်စပ် ခြောက်သွေ့အောင် သုတ်ပေးပြီး အစိုဓာတ်ရှိနေဆဲအချိန်တွင် လိုးရှင်းလိမ်းပေးပါ။ မွေးကင်းစကလေးငယ်များကို ဆီဖြင့် ညင်သာစွာ နှိပ်နယ်ပေးခြင်းမှာ ကလေးငယ်ကို သက်သောင့်သက်သာရှိစေရုံသာ မဟုတ်ဘဲ အသားအရေကျန်းမာစေပြီး ကောင်းစွာအိပ်စက်စေကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

7Day Daily


ခရီးသွားတဲ့အခါ ကိုယ့်ပစ္စည်းတွေကို လွယ်ကူလျှင်မြန်စွာ ထုပ်ပိုးနိုင်ဖို့ သိထားရမယ့် အချက်(၁၅ ) ချက်



မေသော် on 2014-05-26 13:35  
ကိုယ်က အလုပ်ကိစ္စကြောင့်  ဒါမှမဟုတ် ၀ါသနာပါလို့ကို ခရီးခဏခဏ ထွက်ရတဲ့သူ၊ ထွက်တတ်တဲ့သူမျိုးလား။ ဒီလိုလူမျိုး မဟုတ်ပဲ ခရီးစဉ်တစ်ခုကို အချိန်နီးမှ သိလိုက်ရလို့ ဘာတွေယူဆောင်သွားရမှန်း မသိတော့ပဲ ဗျာများနေရတဲ့ သူမျိုးလား။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတော့မယ်ဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်တွေကို အချိန်တိုအတွင်း မမေ့မလျော့ထုပ်ပိုးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေ သိရမယ်ဆိုရင် အရင်ကထက်တော့ ထုပ်ပိုးတဲ့အခါ ပိုမိုမြန်ဆန်သွားမှာပဲလေ။

၁။ပထမဆုံးအနေနဲ့ သယ်သွားရယ့် ပစ္စည်းစာရင်းလုပ်ပါ။

လူတော်တော်များများက ဒီအချက်ကို အရေးမကြီးဘူးလို့ ထင်တတ်ပါတယ်။ မေ့ရင်လည်း မေ့နေတတ်ကြပါလိမ့်မယ်။ အမှန်တော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ပစ္စည်းထုပ်ပိုးမှုအတွက် အချိန်ကုန်လည်း သက်သာစေပြီး ဘာပစ္စည်းမှ မေ့မကျန်ခဲ့အောင် ဒီအချက်လေးက ကူညီနိုင်ပါတယ်။

၂။ဓာတ်ပုံလေးတွေရဲ့ အကူအညီကို ယူပါ။

ခုနောက်ပိုင်း ဘယ်သူမဆို selfie ဓာတ်ပုံလေးတွေ ရိုက်တတ်ကြပါတယ်။ ဘယ်အင်္ကျံယူရမလဲဆိုတာကို ဗီရိုရှေ့ထိုင်စဉ်းစားနေတာထက် ဓာတ်ပုံတွေ ပြန်ကြည့်ပြီး ဘယ်ဟာယူရင် အဆင်ပြေမလဲတွေးပြီး ပစ္စည်းထည့်တာက ပိုမြန်ပါတယ်။

၃။ကိုယ့်လက်ကိုင်အိတ်ထဲမှာ ဖိနပ်တစ်ရံ ထည့်ထားပါ။

သွားမယ့် ခရီးအတွက် ဖိနပ်သုံးရံလောက် ယူသွားမယ်လို့ ဆုံးဖြတ်ထားရင် လက်ဆွဲအိတ်ထဲမှာ အခြားအ၀တ်အစားတွေနဲ့ ပစ္စည်းတွေအတွက် နေရာပှိုဆံ့အောင် ဖိနပ်သုံးရံထဲက တစ်ရံကို ကိုယ်နဲ့အတူပါမယ့် လက်ကိုင်အိတ်အကြီးထဲ ထည့်သယ်သွားပါ။

၎။ဂျင်းဘောင်းဘီတစ်ထည်ကိုလည်း လက်ကိုင်အိတ်ထဲမှာပဲ သယ်သွားပါ။

လက်ကိုင်အိတ်ကတော့ ခပ်ကြီးကြီးဖြစ်ဖို့ လိုတာပေါ့နော်။ အရေးပေါ် လိုလာတဲ့အခါ ၀တ်ဖို့အတွက် ကိုယ်နဲ့အတူရှိမယ့် လက်ကိုင်အိတ်ထဲမှာပဲ ဂျင်းဘောင်းဘီတစ်ထည်လောက်ကိုလည်း ထည့်ထားပါ။ ဒါဆို ဟိုဘက်က ခရီးဆောင် အိတ်မှာလည်း အလေး သက်သာသွားပါလိမ့်မယ်။

၅။လက်ကိုင်အိတ်ထဲမှာ မျက်နှာအတွက် မရှိမဖြစ်လိုအပ်မယ့် Two Way လိုမျိုးအရာတွေ ပါနေပါစေ။

တစ်ခါတစ်လေ လေယာဉ်နဲ့သွားတဲ့အခါ ကိုယ့်ရဲ့ခရီးဆောင်အိတ်ထုတ်ဖို့အတွက် စောင့်နေရတဲ့အခါ မျက်နှာမှာ အဆီပြန်နေတာမျိုးတွေ၊ နှုတ်ခမ်းနီ ပျက်နေတာမျိုးတွေ မဖြစ်အောင် အလှကုန်နည်းနည်းကိုလည်း လက်ကိုင်အိတ်ထဲ ထည့်သယ်လာခဲ့ပါ။

၆။နောက်ထပ် အင်္ကျံခပ်ပါးပါးတစ်ထည်ကိုလည်း လက်ကိုင်အိတ်ထဲ သယ်ဖို့လိုတာပါပဲ။

လိုရမယ်ရ အချိန်မျိုးတွေအတွက် ကိုယ့်လက်ကိုင်အိတ်ထဲမှာ ၀တ်စုံတစ်စုံပါနေတော့ ကောင်းတာပေါ့။

၇။ကိုယ်သွားမယ့်နိုင်ငံ၊ အရပ်ဒေသရဲ့ အခြေအနေကိုကြည့်ပြီး အ၀တ်အစားကို ထည့်ပါ။

ကိုယ်သွားမယ့်နေရာက သိပ်ပူလွန်းတယ်ဆိုရင်တော့ boot ဖိနပ်တွေထက်စာရင် flat လေးတွေ၊ ဒါမှမဟုတ် slipper လေးတွေကိုသာ ယူသွားရပါလိ့မ်မယ်။ ဒီလိုပါပဲ။ အ၀တ်အစားကိုလည်း အထူကြီးတွေရှောင်ပြီး ပေါ့ပါးမယ့် ဒီဇိုင်းလေးတွေချည်း ရှာထည့်သွားလိုက်ပါ။

၈။အိတ်ထဲနေရာပိုအောင် စဉ်းစားထည့်ပါ။

ခြေစွပ်တွေကို ဖိနပ်တွေထဲ ထည့်သယ်သွားနိုင်သလို၊ အောက်ခံဘောင်းဘီတွေကိုလည်း ဘရာစီယာအုံခွက်လေးထဲ ထည့်သယ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။

၉။ဖိနပ်တွေကို ၀တ်စုံနဲ့အညီ အားလုံးသယ်မသွားပါနဲ့။

ဒီဝတ်စုံက ဒီဖိနပ်နဲ့မှ လိုက်မယ်ဆိုပြီး သယ်သမျှ ၀တ်စုံတိုင်းအတွက် ဖိနပ်တွေ အရံများစွာ သယ်သွားဖို့မလိုပါဘူး။ ကိုယ်သယ်မယ့် ၀တ်စုံနဲ့ များသောအားဖြင့် လိုက်ဖက်မှုရှိနိုင်မယ့် ဖိနပ်မျိုးတွေကိုသာ ရွေးသယ်ပါ။

၁၀။ခရီးသွားတဲ့အခါ ကိုယ်သွားတဲ့နေရာကနေ ပြန်သယ်လာတဲ့ ပစ္စည်းတွေအတွက် နေရာစဉ်းစားသွားပါ။

ကိုယ်အလည်အပတ်သွားမယ့် နေရာမှာ ရှော့ပင်လုပ်မှာလား၊ ဟိုဝယ် ဒီဝယ်အတွက် ကိုယ့်အိတ်က ဘယ်လောက်နေရာပိုဦးမလဲ စဉ်းစားပါ။ အဲ့ဒီ ပြန်သယ်လာရမယ့် ပစ္စည်းတွေအတွက် နေရာစဉ်းစားထားပါ။

၁၁။ယိုစိမ့်နိုင်တဲ့အရာတွေအတွက် ပလတ်စတစ်အိတ်ဆောင်ထားပါ။

တစ်ခါတစ်လေ အလှကုန်ပစ္စည်းတွေ၊ ဘော်ဒီလိုရှင်းလိုအရာမျိုးတွေ၊ အရည်ပါတဲ့ ပစ္စည်းတွေကို သယ်မယ်ဆိုရင် ပလတ်စတစ်အိတ်နဲ့ ပတ်ပြီးတော့မှသာ ယူဆောင်သွားပါ။

၁၂။ပေကျံစေမယ့်အရာတွေကို အိတ်တစ်ခုထဲသပ်သပ်ထည့်ပြီး သယ်ဆောင်ပါ။

ခရီးဆောင်အိတ်ထဲမှာ အကုန်ရောပြီး ပစ္စည်းတွေ ထည့်လိုက်တဲ့အခါ ဖိနပ်တွေနဲ့ အ၀တ်အစားတွေ ရောမသွားအောင်လို့ ဖိနပ်ကို အိတ်သပ်သပ်နဲ့ထည့်သယ်တာမျိုးလုပ်ပါ။

၁၃။ခရီးအစဉ်အတွက် မရှိမဖြစ်လိုအပ်မယ့် အရာတွေကို ပိုက်ဆံအိတ်ထဲ ထည့်ဖို့မမေ့ပါနဲ့။

မှတ်ပုံတင်၊ ပတ်စ်ပို့ ၊ လက်မှတ်စတာတွေကို ပိုက်ဆံအိတ်ထဲ သေသေချာချာထည့်သယ်ဖို့ မမေ့ပါနဲ့။

၁၄။လက်ဝတ်ရတနာတွေကိုလည်း အိတ်ခွဲပြီးထည့်သယ်ပါ။

လက်ဝတ်ရတနာတွေနဲ့ ကိုယ့်အ၀တ်အစားတွေနဲ့ ဟိုငြိဒီငြိဖြစ်တတ်တာမို့ လက်ဝတ်ရတနာထည့်တဲ့ အိတ်လေးတစ်အိတ်ရှာပြီး ထည့်သယ်ပါ။

၁၅။ဝတ်ပြီးသား အ၀တ်အစားတွေ ပြန်ထည့်သယ်နိုင်ဖို့  အိတ်ယူသွားပါ။

ခရီးစဉ်အတွင်း ၀တ်ပြီးသား အ၀တ်အစားတွေကို လျှော်ဖွပ်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် ၀တ်ပြီးသားအ၀တ်အစားတွေကို အသစ်တွေနဲ့ ခွဲထားနိုင်ဖို့ အိတ်သပ်သပ်တစ်လုံး ယူထားပါ။ ၀တ်ပြီးသားတွေကို အိတ်ထဲခွဲထည့်ပြီးမှ ခရီးဆောင်အိတ်ထဲ ထည့်လိုက်ပါ။

Ref:luckymag.com
trend myanmar



ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ


တောင်အမေရိက အပူပိုင်း ဒေသ မှာ ရှင်သန် ပေါက်ဖွားလေ့ ရှိတဲ့ အနာကွန်ဒါ (anaconda) မြွေဟာ ကမ္ဘာ့ အကြီးဆုံး မြွေများထဲမှ မျိုးစိတ် တစ်ခု ဖြစ်ပြီး အမေရိကမှာ အကြီးဆုံး မြွေ ဖြစ်ပါတယ်။ သူဟာ အဆိပ်ဖြင့် ရန်ပြုတတ်တဲ့ မြွေ မဟုတ်ပေမယ့် သားကောင်ကို အရိုးကြေမွ သွားအောင် အချိန် ခဏအတွင်း တိုက်ခိုက် နိုင်တဲ့ မြွေမျိုး ဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံ အမေဇုန် တော အတွင်းသို့ Animal Planet အဖွဲ့ သွားရောက်ပြီး ရိုက်ကူးရေး ပြုလုပ်ရာ မမျော်လင့်ပဲ ပေ ၂၀ ကျော် ရှည်တဲ့ အနာကွန်ဒါ မြွေ တစ်ကောင်နဲ့ ထိပ်တိုက် တိုးခဲ့ ပါတယ်။ မြစ်ရေအောက် တစ်နေရာမှာ တွေ့ရှိခြင်း ဖြစ်ပြီး ရိုက်ကူးရေး အဖွဲ့ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ ပါတယ်။ ယင်း ဒေသမှာ မြွေရစ်ပတ်မှု ကြောင့် အရိုးကြေ သေဆုံး သူ အချိ့ ရှိနေပြီး ယင်းအတွက် စုံစမ်းမှုကိုလည်း ပြုလုပ် လျက် ရှိပါတယ်။ ဒီအတွက် တရားခံဟာ အနာကွန်ဒါ မြွေ ဖြစ်တယ် ဆိုတာကို သိပေမယ့် ဘယ်သူမှ ယခုလို မျက်စိရှေ့ တပ်အပ် မမြင်ခဲ့ကြ ပါဘူး။

မမျော်လင့်ပဲ တွေ့ရှိချိန် မကြောက်မရွဲ့ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်း တင်ခဲ့ သူများ ကတော့ အသက် ၅၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ Jeremy Wade နဲ့ Animal Planet ရုပ်သံ အဖွဲ့သားများ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)