3 Jul 2014
"တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကုထုံးကို ကုသနိုင်ကြောင်း အမေရိကပညာရှင်တွေက အသိမှတ်ပြုလိုက်ပါပြီ"
"တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကုထုံးကို ကုသနိုင်ကြောင်း အမေရိကပညာရှင်တွေက အသိမှတ်ပြုလိုက်ပါပြီ"
မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေက လူ့ဘ၀ရဲ့ လက်တွေ့ဘ၀ ထဲမှာ ဘယ်လို အထောက်အကူပြုဖြေရှင်းပေး သလဲဆိုတာ အားလုံး ဒီဗီဒီယိုဖိုင်လေးကြည့်လိုက်ပါ သိသွားပါလိမ့်မယ်။ အနောက်နိုင်ငံ တော်တော်များများဟာ အခုဆိုမိမိရဲ့ စိတ်ဖိစီးမှု တွေကို လျော့ချဖြေရှင်းနိုင်စေဖို့ နည်းလမ်းရှာရာမှာ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ ဖြစ်တဲ့ စိတ်ကို မိမိရဲ့ ၀င်သက် ထွက်သက် တိုင်းမှာ အသိနဲ့ ကပ်ပြီး မှတ်ယူနေခြင်း (တရားထိုင်ခြင်း)ဟာ စိတ်ဖိစီးမှု တွေကို ပြေပျောက်စေပြီး ကြည်လင်သန့်ရှင်းတဲ့ စိတ်အဆင်အဖြစ် ပျောင်းလဲလာပါတယ်လို့  ဆေးပညာရှင်များကလဲ အသိအမှတ်ပြု လက်ခံလိုက်ပြီ။ အခုဆိုနာမည်ကြီး အနုပညာလောက က လူတွေတောင် လည်းကောင်း ကျင့်စဉ်ကို လိုက်နာကျင့်သုံးရင်း စိတ်ဖိစိးမှု တွေကို လျော့ချနေပါပြီလို့ သိရပါတယ်။
Credit >> Mayyu Tun
အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပါ
အလုပ်လုပ်တဲ့နေရာမှာ တချို့တွေက ထိပ်တန်းအောင်မြင်မှုတွေ ရရှိကြပါတယ်။ တချို့ကတော့ သာမန် ပါပဲ။ တချို့တွေကတော့ အဆင်မပြေမှုတွေ ရှုံးနိမ့်မှုတွေနဲ့ပဲ တွေ့နေရတတ်ပါတယ်။ ဒီလိုအောင်မြင်မှု တွေ ကွာခြားသွား ကြတာဟာ သူတို့ရဲ့ အားထုတ်လုပ်ဆောင်မှုတွေ လုံ့လ၀ီရိယတွေ ကွာခြားသွားကြ လို့ပါပဲ။
ရှုံးနိမ့်မယ့်သူတွေကတော့ စိတ်မပါတပါ လုပ်ကြပါတယ်။ လုပ်ချင်ယောင် ဆောင်တတ်ကြပါတယ်။ အဖြစ် သဘော လုပ်တတ်ကြပါတယ်။ သာမန်သူတွေကတော့ တတ်နိုင်သလောက် ကြိုးစားလုပ်ကြပါတယ်။ အဆင်ပြေသလို လုပ်ကြတာလည်း ရှိပါတယ်။ လူတော်တွေကတော့ အကောင်းဆုံး လုပ်ဆောင်တတ်ကြ ပါတယ်။ အလုပ်ဖြစ်အောင်လုပ်တတ်ကြ ပါတယ်။ အောင်မြင်မယ့်သူတွေကတော့ အစွမ်းကုန်ကြိုးစား လုပ်ဆောင်တတ် ကြပါတယ်။ ၀ီရိယပြင်းပြင်းနဲ့ လုံ့လစိုက်ပြီး လုပ်ဆောင်တတ်ကြပါတယ်။
လူတစ်ယောက်ဟာ မိမိမှာရှိနေတဲ့ အစွမ်းအစတွေကို ထုတ်သုံးဖို့ စိတ်အား မထက်သန်တဲ့အခါ ခြေထော့ ကျိုးအရှုံးသမား စိတ်ဓာတ်မျိုးတွေ ၀င်လာတတ် ပါတယ်။ ခြေထော့ကျိုး အရှုံးသမားဆိုတာက ဒီလိုပါ။ ဘောလုံးပွဲတစ်ပွဲတစ်ပွဲ ကို သွားကြည့်တဲ့အခါမှာ တစ်ဖက်အသင်းက ဘောလုံးသမားတွေက နောက်ခံ လူတွေကို ကျော်တက်သွားတယ်။ နောက်ဆုံး ဂိုးဧရိယာထဲကို ရောက်အောင် အဆင့်ဆင့်ပေးပြီး ကစား သွားကြတယ်။ နောက်ခံလူတွေက အသည်းအသန်ပြေးလိုက်ကြတာပေါ့။ ဂိုးဧရိယာနဲ့ ကိုက် (၂၀) လောက်အကွာ ရောက်လာတဲ့အခါ တစ်ဖက်နောက်ခံလူက ဒီလူကို မမီနိုင်တော့ပါဘူးဆိုပြီး လက်လျှော့ လိုက်တယ်။ ဒီအခါ အဲ့ဒီ နောက်ခံလူက ခြေထောက်ကို ထော့ကျိုး-ထော့ကျိုး လုပ်ပြလိုက်တာပေါ့။
ပရိသတ်ကတော့ သူမမီတာ သူ့ခြေထောက်တစ်ခုခု ထိခိုက်သွား လို့ဖြစ်မှာပါလို့ ပြောကြတယ်။ ဒါကိုပဲ ခြေထော့ကျိုး အရှုံးသမားစိတ်ဓာတ်လို့ ခေါ်တာပေါ့။ သင်ရော အောင်မြင်မှုတစ်ခုကို ရရှိဖို့အတွက် ကြိုး ပမ်းအားထုတ်နေတဲ့အချိန်မှာ မဖြစ်နိုင်တော့ပါဘူး၊ ရမှာမဟုတ်ပါဘူး ဆိုပြီး ယုံကြည်မှု လျော့နည်းတဲ့ ပုံစံမျိုးနဲ့ ခြေထော့ကျိုး အရှုံးသမားလို မူယာမာယာ များခဲ့ဖူးပါသလား။
အောင်မြင်သူတိုင်းဟာ ဘယ်လို အခြေအနေမျိုးမှာမဆို မလျော့သော ဇွဲလုံ့လနဲ့ အစွမ်းကုန် ကြိုးစား လုပ်ဆောင်သင့်ပါတယ်။ ဘယ်တော့ မှ ခြေထော့ကျိုးအရှုံးသမားလို့လုပ်ဖို့ မစဉ်းစားပါနဲ့။ အောင်မြင်ချင် တာ မှန် တယ်ဆိုရင်ပေါ့။ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို အကုန်ထုတ် မသုံးကြခြင်း ဟာ ခြေထော့ကျိုး စိတ်ဓာတ်ဝင်နေကြလို့ပါပဲ။ အောင်ြမင်မှုရချင်ရင် ဒီစိတ် ဓာတ်ကို အရင်ဆုံး ဖယ်ရှားပစ်ရပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အစွမ်းကုန်ထုတ်သုံးပြီး ကြိုးစားလုပ်ဆောင်ကြတဲ့ အခါ မှာ အောင်မြင်မှုတွေ ရရှိခဲ့တာကို ကြုံဖူးကြမှာပါ။ တစ်ခါတစ်ရံမှာ လူတွေရဲ့ အစွမ်းသတိ္တတွေဟာ အခက်အခဲတွေ၊ ဘေးကျပ်နံကျပ် အချိန် မျိုးတွေမှာ ထွက်ပေါ်လာတတ်ပါတယ်။ အိမ်မီးလောင်နေတဲ့အချိန်မှာ လူတစ်ယောက် အနေနဲ့ သယ်မဖို့ မဖြစ်နိုင်တဲ့ မနိုင်ဝန်မျိုးတွေကို သယ်ဆောင်ပြေးလွှားနိုင် ကြပါတယ်။ အန္တရာယ်ပေးမယ့် တစ်စုံတစ် ယောက် အနောက်က လိုက်လာ ရင်လည်း ရိုးရိုးပြေးမှာမဟုတ်ပါဘူး။ ရှိသမျှ အစွမ်းတွေအကုန်ထုတ်ပြီး လွတ်အောင်ပြေးလွှားမှာ ဖြစ်ပါတယ်။
ဒီလိုအချိန်မျိုးတွေမှာမှ လူတွေက ကိုယ့်မှာ ရှိနေပြီးသား အစွမ်းတွေ ကို အစွမ်းကုန်ထုတ်သုံးမယ့်အစား ကြိုးစားအားထုတ်မှုတိုင်းမှာသာ အစွမ်းကုန်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုဟာ ပြေးလို့ မလွတ်ပါ ဘူး။ ဘ၀မှာ အောင်မြင်မှုတွေ ရရှိချင်တာ သေချာရင်ရုန်းကန်နေရုံနဲ့ မပြီးပါ ဘူး။ ရုန်းထွက်မှသာလျှင် လွတ်မြောက်မှာ ဖြစ်ပါတယ်။ အများစုကတော့ ရုန်းကန်ဖို့ပဲ စဉ်းစားကြတယ်။ဘာအစွမ်းအစမှ ထက် ထက်သန်သန်မပါ ဘဲနဲ့ပေါ့။
ရုန်းကန်နေရင် လှုပ်ရှားနေရမယ်။ ရုန်းထွက်မှ လွတ်မြောက်မှာ ဖြစ်ပါတယ်။ ကြွက်တစ်ယောက်ဟာ ကြောင်ကြီး တစ်ယောက်လိုက်လို့ ပြေးတဲ့အခါမှာ လွတ်မြောက်လိုစိတ်နဲ့ အစွမ်းကုန်ပြေးတာဖြစ်ပါတယ်။ ဘ၀မှာ ကြုံတွေ့ရတဲ့ ဒုက္ခအခက်အခဲတွေဟာ ကိုယ့်နောက်က လိုက်နေပြီဆိုရင် ရပ်တန့်နေရုံ၊ ရုန်းကန် နေရုံနဲ့ မပြီးပါဘူး။ ဒီဒုက္ခ ဆင်းရဲတွင်းတွေ၊ အခက် အခဲတွေကနေ လွတ်မြောက်ဖို့အတွက် အားကုန် ရုန်းထွက်လိုက်ဖို့လိုပါတယ်။
တစ်ခါက ပညာရှိကြီးတစ်ယောက်ဆီကို သူပညာသင်ပေးခဲ့တဲ့ တပည့်တစ်ယောက်က ရောက်ရှိလာပါ တယ်။ ပြီးတော့ သူက ဆရာကြီးကို ရန်ရှာတယ်။ “ဒီမယ်ဆရာကြီး - ဆရာကြီးက ကျုပ်နဲ့ ကျုပ်သူငယ်ချင်း ကို ပညာတွေ အတူတူ သင်ကြားပေးခဲ့တယ်။ ဒါပေမဲ့အခုချိန်မှာ ကျုပ်သူငယ်ချင်းက အောင်မြင် ချမ်းသာ နေပြီ။ ကျုပ်ကတော့ ဘာမှ မဖြစ်သေးဘူး။ သေချာတာကတော့ ဆရာ ကြီး ကျုပ်သူငယ်ချင်းကို ကျုပ်မသိ အောင် ပညာတွေ ပိုသင်ပေးထားလို့ပဲဖြစ် ရမယ်။ ဆရာကြီးက မျက်နှာလိုက်တာလားဗျ။”
ဒီအခါမှာ ဆရာကြီးကဘာမှ ခွန်းတုန့်ပြန်ပြီး ပြောမနေတော့ဘဲ သူ့ကို ရန်လာရှာတဲ့ သူ့တပည့်ကို ဦးခေါင်းကနေကိုင်ပြီး ရေဇလုံကြီး တစ်ခုထဲကို ဆွဲနှစ်တော့တာပါပဲ။ တပည့်လည်း ဘုမသိ ဘမသိနဲ့ ရေထဲ အနှစ်ခံလိုက်ရပါတယ်။ အတင်းရုန်းပေမယ့် ဆရာကြီးရဲ့ ခွန်အားကြောင့် တော်ရုံနဲ့ ရုန်းလို့ မရနိုင် ပါဘူး။ ကြာတော့ ရေထဲမှာ တော်တော်မွန်းကြပ်လာတယ်။ ပါးစပ်တွေ နှာခေါင်းတွေထဲ ရေတွေအလုံး အရင်း ၀င်ရောက်လာတယ်။ သူရုန်းတာပဲ။ ရုန်းလို့မရဘူး။ ဒီအတိုင်းဆို မကြာခင်သူသေရ တော့မယ်။ ဒါနဲ့ပဲ ရှိသမျှ အားအင်တွေစုပြီး အစွမ်းကုန် ကြိုးစားရုန်း ထွက်ပစ်လိုက်တယ်။
ရေဇလုံကြီးလည်း မှောက်သွားတယ်။ ဆရာကြီးကိုလည်း တွန်းလှဲပစ် လိုက်တယ်။ ရေတွေကို အန်ထုတ် ပြီး လေကို အ၀ရှုပစ်လိုက်တယ်။ ပြီးတော့ ဆရာကြီးကို ပြောတယ်။ “ဒီမယ် ဆရာကြီး- ခင်ဗျားက ကျုပ် ကို အောင်မြင်အောင် မသင်ပေးရုံမကဘူး ကျုပ်ကို ပါသေကြောင်းကြံနေ တာလားဗျ” လို့ အော်ဟစ်မေး တယ်။
ဒီတော့မှ ဆရာကြီးက မေးပါတယ်။ “မင်း ရေထဲမှာ နစ်မွန်းနေတော့ ဘာဖြစ်သလဲ” တဲ့။
“ဟာ ဆရာကြီး - ခင်ဗျားမေးမှ မေးရက်တယ်။ ရေထဲနစ်နေတော့ အသက်ရှုကြပ်တာပေါ့။ မွန်းကြပ် တာပေါ့။ ဒီလို ဒုက္ခမျိုး ခင်ဗျားခံစားကြည့် ပါလား။” လို့ ပြန်အော်တယ်။
ဆရာကြီးက “ ဒီတော့ မင်းဘာဖြစ်ချင်သလဲ၊ ဘာလုပ်ခဲ့သလဲ” လို့ မေးတယ်။
“ဟာ .. ဒီအတိုင်းနေရင် ကျုပ်သေသွားမှာပေါ့။ ဒီတော့ ကျုပ်ရှိသမျှ ခွန်အားနဲ့ အစွမ်းကုန် ရုန်းထွက်ခဲ့တာ ပဲ။”
ဒီတော့မှ ဆရာကြီးက သူ့တပည့်ကို ပြောလိုက်ပါတယ်။ “ အေး... မင်းသူငယ်ချင်းက အဲ့လို ကြိုးစားခဲ့လို့ အောင်မြင်ခဲ့တာကွ။ မင်းတို့ကို ငါပညာ သင်ပေးခဲ့တာ အတူတူပဲ။ မင်းရေနစ်နေတုန်းက လွတ်မြောက် ချင်တဲ့ စိတ်ပြင်းပြမှုဖြစ်သလို ဘ၀မှာ အဲ့လို စိတ်ဓာတ်နဲ့ အစွမ်းကုန် ကြိုးစား လုပ်ဆောင်မယ်ဆိုရင် မင်း သူငယ်ချင်းလိုပဲ မင်းအောင်မြင်မှုတွေ ရလာမှာပါ” လို့ သင်ခန်းစာပေးခဲ့ပါတယ်။
ကံချင်းတူရင် ဥာဏ်သာတဲ့သူက ပိုအောင်မြင်သွားမှာပါပဲ။ ကံချင်း ဥာဏ်ချင်း တူတယ်ဆိုရင်တော့ ၀ီရိယ သာတဲ့သူက ပိုအောင်မြင်မှာဖြစ်ပါတယ်။ စာဖတ်သူတွေလည်း အောင်မြင်မှုတစ်ခု ရရှိဖို့အတွက် ဘယ် လောက်အထိ ၀ီရိယပြင်းပြင်းစိုက်ထုတ်လုပ်ဆောင်ခဲ့ဖူးပါသလဲ။ အောင်မြင်လိုတဲ့ အရာတစ်ခုအတွက် အစွမ်းကုန်ကြိုးစား လုပ်ဆောင်ခဲ့ဖူးပါသလား။ ဘယ်နယ် ပယ်မှာမဆို အောင်မြင်မှု ထိပ်တန်းတစ်နေရာ ကို အမြန်ဆုံးရောက်ချင်တယ် ဆိုရင်တော့ ကိုယ့်မှာ ရှိသမျှ အစွမ်းအစတွေကို အကုန်ထုတ်သုံးပြီး ကြိုး စား လုပ်ဆောင်မှ ရပါလိမ့်မယ်။ ဒါကြောင့် အစွမ်းကုန်ကြိုးစား လုပ်ဆောင်ရင်းနဲ့ ထိပ်တန်းအောင်မြင် မှုတွေ ရရှိနိုင်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ဗျာ။
Let's Fly Together !
ဖူးကျော်ဇင် (Future Wave)
JOB Seekers Journal vol.2,no.45
မုန်းမုန်း ကွဲကွဲ ပြန်ချစ်တွဲအောင် ဓာတ်ဆင်မယ်
ဒီယတြာနည်းကို နှစ်နံတွဲ ပီယဓာတ်ဆင်နည်းလို့ ခေါ်ပါတယ်။ ဒီယတြာကို ဘယ်လို ကိစ္စများ အတွက် ဆောင်ရွက်လို့ ရနိုင်သလဲဆိုရင်...
+ မိမိချစ်တဲ့သူက မိမိအပေါ် အမုန်းပွားနေရင်
+ လင်ကွဲမယားကွဲ ကိစ္စပြန်ပေါင်းချင်လျှင်...
+ မောင်နှမ သားအမိ စိတ်ဝမ်းကွဲနေလျှင်...
+ ဇနီးမောင်နှံ အချစ်ပျယ်နေလျှင်....
+ ဆရာတပည့် အထင်လွဲ၍ လမ်းကွဲစပြုနေလျှင်....
+ အောက်လက်ငယ်သားနှင့် အထက်လူကြီး အမြင်စောင်းနေလျှင်...
အဲဒီလို အခါတွေမှာ ဆိုရင်လည်း ဒီယတြာကို ဆောင်ရွက်လို့ ရပါတယ်။
အရေးကြီးတာလေးတွေ အရင်မှတ်ထားရမယ်။
+ ဒီယတြာကို မိတ်အချိန်အတွင်းမှာ တိတိကျကျ လုပ်ရမယ်။
+ မိမိရဲ့ ဆပွတ်နေ့သားက စိတ်ပါလက်ပါ ကူညီ လုပ်ဆောင်ပေးရမယ်။
+ (၂၁)-ရက်တိတိ မထိရ မကိုင်ရ ထားထားရမယ်။
+ (၂၁)ရက်ပြည့်ရင်တော့ ရေစီးနေသော ရေသန့်သန့်မှာ မျှောပစ်ရမယ်။
အရင်ဆုံး ယတြာကို ဆောင်ရွက်မယ့် လူက ကိုယ်ဘာနေ့သားလည်း။ ကိုယ် အဆင်ပြေချင်တဲ့ လူက ဘာနေ့သားလည်း။ အဲဒီနှစ်ချက်ကို အဓိက ထားရမယ်။ အဲဒါကို ကျကျနန သိထားပြီးရင်တော့ အောက် မှာ ဖော်ပြထားတဲ့ ယတြာကို ကျကျနန တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ယတြာ ဆောင်ရွက်နေတဲ့ (၂၁)ရက် အတွင်းမှာတောင် ထူးခြားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင် အမုန်းဓာတ်တွေ ပျက်ပျယ် သွားတယ်။ မေတ္တာဓာတ်တွေ ပြန်လည် စိမ့်ဝင်လာမယ်။ ပီယဓာတ်တွေ ပြန်ပြီး ပေါ်လာမယ်။ အမြင်မကြည်ရင် ပြန်ကြည်လာမယ်။
ဥပမာ တနင်္ဂနွေ သားသမီး တစ်ဦးဦးက အင်္ဂါသားသမီး တစ်ဦးနှင့် အဆင်ပြေချင်တယ်ဆိုရင် အုန်းညွန့် (၆) ညွန်နှင့် ဇော်စိမ်း(၈) ညွန့်ကို ပန်းအိုး အသစ်တစ်လုံးထဲမှာ ရောထိုးရမယ်။ ဓာတ်မိအောင် ဓာတ်ပုံ နှစ်ပုံကို ပန်းအိုးမှာ ကပ်ထားလို့ ရပါတယ်။ အဲဒီပန်းအိုးကို အကူနေ့သား ဖြစ်သူက ကိုယ်သတ်မှတ်ထား တဲ့ နေရာကို တင်ပေးရုံပဲ။ ခုံ မြင့်မြင့်လေး တစ်လုံးပေါ် တင်လည်း ရပါတယ်။ သူတင်နေတဲ့ အချိန်မှာ ကိုယ်က ထိုင်ပြီး ဆုတောင်းပေါ့။ အရေးကြီးတာက(၂၁)-ရက် တိတိ ထားရမယ်။ (၂၁)-ရက်အတွင် မထိရ မကိုင်ရဘူး။ ၂၁-ရက်ပြည့်ရင် ရေမျှောပစ်လိုက်ပါ။ အဲဒီတော့ အောက်မှာ (၇)ရက်သား သမီးများ အားလုံးအတွက် ရေးပေးလိုက်ပါတယ်။ အတိအကျသာ လုပ်ဆောင်ပါ။ သေချာပေါက် အောင်မြင်စေပါ တယ်။
တနင်္ဂနွေ သားသမီးများအတွက်
တနင်္ဂနွေ သားသမီးများ၏ ယတြာကို သောကြာသားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ သောကြာသားသမီးက လုပ်ပေး၇မှာ ဖြစ်ပါတယ်။ အချိန်ကတော့ တနင်္ဂနွေနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါ တယ်။ အောက်မှာ တနင်္ဂနွေသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
တနင်္ဂနွေ + တနင်္ဂနွေ (အုန်းညွန့် ၁၂-ညွန့်)
တနင်္ဂနွေ + တနင်္လာ (အုန်းညွန့် ၆- ညွန့် ၊ ကံကော် ၁၅-ညွန့်)
တနင်္ဂနွေ + အင်္ဂါ (အုန်းညွန့် ၆-ညွန့် ၊ ဇော်စိမ်း ၈-ညွန့်)
တနင်္ဂနွေ + ဗုဒ္ဓဟူး ( အုန်းညွန့် ၆-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
တနင်္ဂနွေ + ကြာသပတေး (အုန်းညွန့် ၆-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
တနင်္ဂနွေ + သောကြာ (အုန်းညွန့် ၆-ညွန့် ၊ သပြေ ၂၁-ညွန့်)
တနင်္ဂနွေ + စနေ (အုန်းညွန့် ၆-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
တနင်္လာ သားသမီးများအတွက်
တနင်္လာ သားသမီးများ၏ ယတြာကို စနေသားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ စနေသားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ တနင်္လာနေ့ နေ့လည် (၃း၀၀) ကနေ (၄း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ တနင်္လာသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
တနင်္လာ + တနင်္ဂနွေ (ကံကော် ၁၅-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
တနင်္လာ + တနင်္လာ (ကံကော် ၃၀-ညွန်)
တနင်္လာ + အင်္ဂါ (ကံကော် ၁၅-ညွန့် ၊ ဇော်စိမ်း ၈-ညွန့်)
တနင်္လာ + ဗုဒ္ဓဟူး ( ကံကော် ၁၅-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
တနင်္လာ + ကြာသပတေး (ကံကော် ၁၅-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
တနင်္လာ + သောကြာ (ကံကော် ၁၅-ညွန့် ၊ သပြေ ၂၁-ညွန့်)
တနင်္လာ + စနေ (ကံကော် ၁၅-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
အင်္ဂါ သားသမီးများအတွက်
အင်္ဂါသားသမီးများ၏ ယတြာကို တနင်္ဂနွေ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ တနင်္ဂနွေ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ အင်္ဂါနေ့ နံနက် (၉း၀၀) ကနေ (၁၀း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ အင်္ဂါသားသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
အင်္ဂါ + တနင်္ဂနွေ (ဇော်စိမ်း ၈-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
အင်္ဂါ + တနင်္လာ (ဇော်စိမ်း ၈-ညွန့် ၊ ကံကော် ၃၀-ညွန့်)
အင်္ဂါ + အင်္ဂါ (ဇော်စိမ်း ၁၆-ညွန့်)
အင်္ဂါ + ဗုဒ္ဓဟူး ( ဇော်စိမ်း ၈-ညွန့် ၊ ရွက်လှ ၁၇-ညွန့်)
အင်္ဂါ + ကြာသပတေး (ဇော်စိမ်း ၈-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
အင်္ဂါ + သောကြာ (ဇော်စိမ်း ၈-ညွန့် ၊ သပြေ ၂၁-ညွန့်)
အင်္ဂါ + စနေ (ဇော်စိမ်း ၈-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
ဗုဒ္ဓဟူး သားသမီးများအတွက်
ဗုဒ္ဓဟူးသားသမီးများ၏ ယတြာကို တနင်္လာ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီ ပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ တနင်္လာ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ ဗုဒ္ဓဟူးနေ့ နံနက် (၇း၃၀) ကနေ (၉း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ ဗုဒ္ဓဟူးသမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
ဗုဒ္ဓဟူး + တနင်္ဂနွေ (ရွက်လှ ၁၇-ညွန့်+ အုန်းညွန့် ၁၂-ညွန့်)
ဗုဒ္ဓဟူး + တနင်္လာ (ရွက်လှ ၁၇-ညွန့် ၊ ကံကော် ၃၀-ညွန့်)
ဗုဒ္ဓဟူး + အင်္ဂါ (ရွက်လှ ၁၇-ညွန့် ၊ ဇော်စိမ်း ၁၆-ညွန့်)
ဗုဒ္ဓဟူး + ဗုဒ္ဓဟူး (ရွက်လှ ၃၄-ညွန့်)
ဗုဒ္ဓဟူး + ကြာသပတေး (ရွက်လှ ၁၇-ညွန့် ၊ မေမြို့ပန်း ၁၅-ပွင့်)
ဗုဒ္ဓဟူး + သောကြာ (ရွက်လှ ၁၇-ညွန့် ၊ သပြေ ၂၁-ညွန့်)
ဗုဒ္ဓဟူး + စနေ (ရွက်လှ ၁၇-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
ကြာသပတေး သားသမီးများအတွက်
ကြာသပတေး သားသမီးများ၏ ယတြာကို အင်္ဂါ သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ အင်္ဂါ သားသမီးက လုပ်ပေးရမှာ ဖြစ်ပါ တယ်။ အချိန်ကတော့ ကြာသပတေးနေ့ နံနက် (၉း၀၀) ကနေ (၁၀း၃၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ ကြာသပတေး သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
ကြာသပတေး + တနင်္ဂနွေ (မေမြို့ပန်း ၁၅-ပွင့်+ အုန်းညွန့် ၁၂-ညွန့်)
ကြာသပတေး + တနင်္လာ (မေမြို့ပန်း ၁၅-ပွင် ၊ ကံကော် ၃၀-ညွန့်)
ကြာသပတေး + အင်္ဂါ (မေမြို့ပန်း ၁၅-ပွင့် ၊ ဇော်စိမ်း ၁၆-ညွန့်)
ကြာသပတေး + ဗုဒ္ဓဟူး (မေမြို့ပန်း ၁၅-ပွင် ၊ ရွက်လှ ၃၄-ညွန့်)
ကြာသပတေး + ကြာသပတေး (မေမြို့ပန်း ၃၀-ပွင့်)
ကြာသပတေး + သောကြာ (မေမြို့ပန်း ၁၅-ပွင့် ၊ သပြေ ၂၁-ညွန့်)
ကြာသပတေး + စနေ (မေမြို့ပန်း ၁၅-ပွင့် ၊ နှင်းဆီ ၁၀ ပွင့်)
သောကြာ သားသမီးများအတွက်
သောကြာ သားသမီးများ၏ ယတြာကို ဗုဒ္ဓဟူး သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ ဗုဒ္ဓဟူး သားသမီးက လုပ်ပေးရမှာ ဖြစ်ပါတယ်။ အချိန်ကတော့ သောကြာနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါ တယ်။ အောက်မှာ သောကြာ သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေးလိုက်ပါတယ်။
သောကြာ + တနင်္ဂနွေ (သပြေ ၂၁-ညွန့် + အုန်းညွန့် ၁၂-ညွန့်)
သောကြာ + တနင်္လာ (သပြေ ၂၁-ညွန့် ၊ ကံကော် ၃၀-ညွန့်)
သောကြာ + အင်္ဂါ (သပြေ ၂၁-ညွန့် ၊ ဇော်စိမ်း ၁၆-ညွန့်)
သောကြာ + ဗုဒ္ဓဟူး (သပြေ ၂၁-ညွန့် ၊ ရွက်လှ ၃၄-ညွန့်)
သောကြာ + ကြာသပတေး (သပြေ ၂၁-ညွန့် + မေမြို့ပန်း ၁၅-ပွင့်)
သောကြာ + သောကြာ (သပြေ ၄၂ - ညွန့်)
သောကြာ + စနေ (သပြေ ၂၁-ညွန့် ၊ နှင်းဆီ ၁၀ ပွင့်)
စနေ သားသမီးများအတွက်
စနေသားသမီးများ၏ ယတြာကို ကြာသပတေး သားသမီး တစ်ဦးဦးမှ ပြင်ဆင် ပြုလုပ်ပေးရမယ်။ ပန်းအိုး ထိုးပေးပြီး အဲဒီပန်းအိုးကို သတ်မှတ် နေရာမှာ တင်ပေးတဲ့ အထိ ကြာသပတေး သားသမီးက လုပ်ပေးရ မှာ ဖြစ်ပါတယ်။ အချိန်ကတော့ စနေနေ့ နေ့လည် (၁း၃၀) ကနေ (၃း၀၀) အတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ အောက်မှာ စနေ သမီးများ မိမိ အဆင်ပြေစေချင်တဲ့ လူနဲ့ ယတြာ ဆောင်ရွက်လို့ ရအောင် ပန်းတွေ ရေးပေး လိုက်ပါတယ်။
စနေ + တနင်္ဂနွေ (နှင်းဆီ ၁၀ ပွင့် + အုန်းညွန့် ၁၂-ညွန့်)
စနေ + တနင်္လာ (နှင်းဆီ ၁၀ ပွင့် ၊ ကံကော် ၃၀-ညွန့်)
စနေ + အင်္ဂါ (နှင်းဆီ ၁၀ ပွင့် ၊ ဇော်စိမ်း ၁၆-ညွန့်)
စနေ + ဗုဒ္ဓဟူး (နှင်းဆီ ၁၀ ပွင့် ၊ ရွက်လှ ၃၄-ညွန့်)
စနေ + ကြာသပတေး (နှင်းဆီ ၁၀ ပွင့် + မေမြို့ပန်း ၁၅-ပွင့်)
စနေ + သောကြာ (နှင်းဆီ ၁၀ ပွင့် ၊ သပြေ ၄၂ - ညွန့်)
စနေ + စနေ (နှင်းဆီ ၂၀ - ပွင့်)
မြန်မာ.ရိုးရာဗေဒင်ပညာရပ်
ဂျပိုး(ကြမ်းပိုး)နှိမ်နှင်းခြင်း
ဂျပိုး(ကြမ်းပိုး)နှိမ်နှင်းခြင်း
▬▬▬▬▬▬▬▬▬▬
(NaclO)  ဖြန်းပေးခြင်းပဲ ဖြစ်ပါတယ်။ အိမ်သာ သန့် ရှင်းရေး လုပ်တဲ့ အခါမှာ အသုံးများတဲ့ (NaclO) ကို အားပျော့အောင် ရောစပ်ပြီး စပရေး အနေနဲ့  အခန်းထဲမှာပက်ဖျန်းရပေမဲ့   သတိထားရမဲ့  အချက်တွေ အလွန်များပါတယ်။   အခန့် မသင့်ရင်တော့  အ၀တ်အစားတွေဟာအရောင်ပြောင်းလဲဖြစ် ပေါ်လာနိုင်ပါတယ်။
အံသြဖွယ် မျိုးပွားနှုံးနဲ့  အခန်းတွေတင် မက အဆောက်အဦးရဲ့ နေရာတိုင်းမှာ  အလွန်လျင်မြန်စွာ ပေါက်ဖွားလာပါတော့တယ်။  ဒါ့ အပြင်  ဂျပိုး အကိုက်ခံရရင် ကိုက်ရာထင်ပြီး  ရောင်လာတတ်ပါတယ်။
ဘယ်လိုမှ အောင့်အီးပြီး မနေနိုင်လောက်အောင် ယားယံလာပြီး  မကုတ်ပဲ မနေနိုင်တော့ပါဘူး။  အထူးသဖြင့်  လက်၊ခြေထောက်၊ ဗိုက်  အစရှိတဲ့ နေရာတွေမှာအကိုက်ခံရရင်  သိသိသာသာ ရောင်တက်လာပါတယ်။  အဲဒီ ဝေဒနာဟာ အိပ်စက်လို့ ကို မရနိုင်တော့ပါဘူး။   ကလေး သူငယ်တွေ အတွက် ပိုဆိုးပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ အမေရိကန်နိုင်ငံကနေ  ပြန့် ပွားလာချေ များတယ်လို့ ဆိုပါတယ်။စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်က အမေရိကန်ပြည်ပေါက်  ဂျပိုးဟာ  ပိုးသတ်ဆေးဖြန်းတာတောင်မှ  တော်တော်နဲ့  မသေဘူး ဆိုတာပါပဲ။
အမေရိက မှာတော့  1950 ခုနှစ်လောက်က  အသုံးပြုခဲ့တဲ့   DDT ဆိုတဲ့  ပိုးသတ်ဆေး ကို အသုံးပြုခွင့် မရှိတော့ပါဘူး။ DDT ဟာ လူကို ထိခိုက် အဆိပ်သင့်စေတဲ့အတွက်  အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ် ။
ဒီလိုကြောက်စရာကောင်းတဲ့ ဂျပိုးကို..အမြန်သုတ်သင်ရှင်းလင်းပါလို့ ....တိုက်တွန်းလိုက်ပါတယ်။
ရွှေအိမ်စည်
ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းများ မြင့်တက်လာ
ကမ္ဘာတစ်ဝန်းရှိ အင်တာနက် အမြန်နှုန်းသည် ပုံမှန် မြင့်တက်လာလျက်ရှိသော်လည်း အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှု နှေးကွေးနေဆဲ ဖြစ်ကြောင်း cloud ဝန်ဆောင်မှု ကုမ္ပဏီ Akamai က ဖော်ပြခဲ့သည်။
Akamai ကုမ္ပဏီ၏ ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်းရှိ ပျှမ်းမျှ အင်တာနက် အမြန်နှုန်းသည် ပြီးခဲ့သည့် သုံးလပတ်က ၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်းသည် 10.5 Mbps သာရှိပြီး စစ်တမ်း ကောက်ယူခဲ့သည့် နိုင်ငံ ၉၈ နိုင်ငံအနက် အဆင့် ၁၂ နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းရှိ အင်တာနက်အမြန်ဆုံး နိုင်ငံများစာရင်းတွင် တောင်ကိုရီးယားက ပျှမ်းမျှ အမြန်နှုန်း 23.6 Mbps ဖြင့် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့သည်။ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ဂျပန်က ဒုတိယ၊ ဟောင်ကောင် က တတိယ၊ ဆွဇ်ဇာလန်က စတုတ္ထ၊ နယ်သာလန်က ပဉ္စမ၊ လတ်ဗီးယားက ဆဋ္ဌမ၊ ဆွီဒင်က သတ္တမ၊ ချက်သမ္မတနိုင်ငံက အဋ္ဌမ၊ ဖင်လန်က နဝမနှင့် အိုင်ယာလန်က ဒသမ စသည်ဖြင့် အသီးသီးရပ်တည်ခဲ့ ကြသည်။ ဆူဒန်နိုင်ငံ၏ အင်တာနက် အမြန်နှုန်း တိုးတက်မှုမှာ အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၁၉၆ ရာခိုင်နှုန်း မြင့် တက်လာခဲ့ကာ အမြန်နှုန်း 3.2 Mbps ရှိခဲ့သည်။
Akamai သည် အင်တာနက် အမြန်နှုန်းကို တိုင်းတာရာတွင် နိုင်ငံများ၏ 4K ဗီဒီယို အသုံးပြုနိုင်မှု၊ မိုဘိုင်း အင်တာနက်အမြန်နှုန်းများနှင့် broadband အသုံးပြုမှုနှုန်းတို့ အပါအဝင် အခြားသော ရှုထောင့်များမှ တိုင်းတာခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့နောက် နိုင်ငံများ၏ မိုဘိုင်းအင်တာနက် အမြန်နှုန်း ကွဲပြားသည်ကို တွေ့ရှိခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ထို့အပြင် မိုဘိုင်းအချက်လက်ကို လစဉ်ကြေးပေးသွင်းပြီး အသုံးပြုသူ အရေအတွက်သည် မြင့်တက်လာ လျက်ရှိပြီး ၂၀၁၃ ခုနှစ် စတုတ္ထ သုံးလပတ်မှ ၂၀၁၄ ခုနှစ် ပထမ သုံးလပတ်အတွင်း အင်တာနက် အသုံး ပြုသူ ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
Ref: Mashable
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၅)
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးများ
ရေမွှေးများသည် အလှအပနှင့် ဖက်ရှင်ဆိုင်ရာ အသုံးအဆောင် တစ်ခုအဖြစ်သာမကဘဲ လူ့အဆင့်အ တန်းကို တိုင်းတာသည့် အဆောင်အယောင် တစ်ခုအဖြစ်လည်း မှတ်ယူနိုင်မည် ဖြစ်သည်။
ချမ်းသာကြွယ်ဝသူများက တန်ဖိုးကြီး ရေမွှေးအမှတ်တံဆိပ်များကို ဂုဏ်ယူစွာ ဝယ်ယူအသုံးပြုလေ့ ရှိကြ သည်။ ပမာဏ အနည်းငယ်မျှသာ ပါဝင်သည့် ရေမွှေးပုလင်းလေးများကို ငွေကြေးအမြောက် အမြားဖြင့် ဝယ်ယူပြီး ဂုဏ်သရေ၊ စိတ်ခံစားချက်တို့၏ ပြယုဂ်သဖွယ် ဆွတ်ဖျန်းကြသည်။
အမှတ်တံဆိပ်၊ ရနံ့သင်းပျံ့မှု၊ ရနံ့စွဲမြဲမှု အစရှိသည့် ဂုဏ်ပုဒ်များဖြင့် ရေမွှေးတစ်ခုချင်းစီ၏ တန်ဖိုးကို သတ်မှတ်လေ့ရှိရာ ယင်းတို့အနက်မှ ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်မားဆုံး ရေမွှေး ၁၀ မျိုးကို စုစည်းဖော်ပြ လိုက်ရပါသည်။
၁၀။ Chanel No. 5
မိမိ၏ ဘဝရည်မှန်းချက် အိပ်မက်တစ်ခုအဖြစ် ရည်စူးရသည့် အမျိုးသမီးတစ်ဦးကို ပေးအပ်ရန် အကောင်း ဆုံးလက်ဆောင်အဖြစ် Chanel No.5 ရေမွှေးကို ညွှန်းဆိုလေ့ရှိကြသည်။
Chanel No.5 သည် အရည်အသွေးမြင့်မားခြင်း၏ ပြယုဂ်တစ်ခုသဖွယ် ရေမွှေးချစ်သူများ၏ ကောင်း ချီးပေး ဂုဏ်ပြုမှုကိုခံရပြီး ကမ္ဘာပေါ်တွင် ရောင်းအား အကောင်းဆုံး ရေမွှေးအမှတ်တံဆိပ် တစ်ခုလည်း ဖြစ်သည်။
Coco Chanel သည် ရေမွှေးပညာရှင် အားနက်စ်ဘေယော့စ်၏ အကူအညီဖြင့် အမျိုးသမီးများအတွက် လိုက်ဖက်တင့်တယ်ဆုံးရနံ့ကို ကိုယ်စားပြုသည့် Chanel 5 ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
၁၀၀ မီလီလီတာ ဝင်ဆံ့သည့် ပုလင်းလေးတစ်လုံး၏ တန်ဖိုးမှာ ၂၃၄ ဒေါ်လာဖြစ်သည်။
၉။ Shalini Perfume
ပန်းရနံ့များဖြင့် ဖန်တီးထားသည့် အကောင်းဆုံး အမျိုးသမီးသုံး ရေမွှေးအဖြစ် ထင်ရှားသည်။ မောရစ်ရူဆဲလ်က အဆိုပါရေမွှေးကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
Shalini ၏ ရေမွှေးသည် ရှားပါးပြီး ရှင်းသန့်သည့် ရနံ့မျိုးဖြင့် ဖန်တီးထားသည်။ ကနေဒါစကားပန်း၊ နှင်းပန်း၊ ဆီးထရက်စ်ရှောက်ပန်းတို့ကို နံနံစေ့၊ ကတိုးစေ့၊ စန္ဒကူးနှစ်၊ ဗနီလာတို့နှင့် အချိုးကိုက် ရောစပ် ဖန်တီးထားသည့် အဆိုပါရေမွှေး၏ ဈေးနှုန်းမှာ ၂ ဒသမ ၂ အောင်စ ဝင်ဆံ့သည့် ပုလင်းငယ်တစ်လုံး အတွက် ဒေါ်လာ ၉၀၀ ကျသင့်သည်။
၈။ Ralph Lauren Notorious
Ralph Lauren က Notorious ကို အမျိုးသမီးများအတွက် အဓိက ရည်ရွယ်ဖန်တီးခဲ့သည်။ အဆိုပါ အမည်ကို ဒါရိုက်တာ အဲလ်ဖရက်ဒ်ဟစ်ခ်ျကော့ ရိုက်ကူးသည့် ဂန္ထဝင်ဇာတ်ကားကို အစွဲပြုမှည့်ခေါ် ထားခြင်း ဖြစ်သည်။
အဆိုပါ ရေမွှေးကို Givaudanမှ အိုလီဗီရာ ဂီလော့တင်က ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ဘလက်ကားရန့်သီး၊ ပင့်ခ်ပက်ပါသီး၊ အီတလီ ဘာဂါမော့ ရှောက်သီးတို့ကို ကြွယ်ကြွယ်ဝဝ အသုံးပြု ထည့်သွင်းထားသည့် ရေမွှေးသည် တစ်ပုလင်းလျှင် ဒေါ်လာ ၃,၅၄၀ ထိ တန်ဖိုးသတ်မှတ်ထားသည်။
၇။ Hermes 24 Faubourg
ရမ္မက်အာရုံကို နှိုးဆွသော၊ ချစ်ခြင်းမေတ္တာ၏ ပြယုဂ်သဖွယ်ဖြစ်သော ဂုဏ်ပုဒ်များဖြင့် 24 Faubourg ကို Hermes က မိတ်ဆက်ခဲ့သည်။
ဂန္တဝင်မြောက်သော၊ ထူးခြားသော၊ ကျက်သရေရှိသော ရနံ့မျိုးကို ထုတ်လွှတ်ပေးနေသည့် ရေမွှေးသည် ကမ္ဘာပေါ်တွင် ရေမွှေးဝါသနာအိုးများ အမက်မောဆုံး အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်သည်။
အမျိုးသမီးများအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ရေမွှေးသည် တစ်ကြိမ်ဆွတ်ဖျန်းထားပြီးလျှင် ၂၄ နာရီထိ ရနံ့မပြယ်သည့်အတွက်လည်း လူအများက နှစ်သက်ကြသည်။ အထူးသဖြင့် Valentine’s Day ကဲ့သို့ အမှတ်တရနေ့များတွင် ခင်ပွန်းသည်များက ဇနီးအတွက် လက်ဆောင်အဖြစ် ရွေးချယ်တတ်သော ရေမွှေးဖြစ်သည်။
စံပယ်၊ ကနေဒါစကားပန်းတို့ အပါအဝင် အနံ့ပြေပြစ် သင်းပျံ့သော ပန်းများကို အခြေခံထုတ်လုပ်ထား သော ရေမွှေးသည် တစ်ပုလင်းငယ်လေး တစ်လုံးအတွက် ဒေါ်လာ ၁,၅၀၀ ကျော်မျှ တန်ဖိုးကျသင့်သည်။
၆။ Eau D’hadrien by Annick Goutal
ကြည်မြနေသော လေးထောင့်ပုံ ဖန်သားပုလင်းလေးထဲတွင် ထည့်သွင်းထားသည့် ရေမွှေး၏အမည်ကို စီးကရက်အမှတ်တံဆိပ်တစ်ခုအား အစွဲပြု မှည့်ခေါ်ပေးထားခြင်း ဖြစ်သည်။
ဈေးကွက်ထဲရှိ ရေမွှေးအများစုနှင့် ကွဲပြားသောအချက်မှာ ဆီးထရက်စ်ရှောက်သီးများ၊ သံပရာသီးနှင့် စပျစ်သီးများကို အဓိက အခြေခံ ဖန်တီးထားခြင်းဖြစ်ပြီး ပန်းရနံ့များကို အားကိုးအားထား ပြုထားခြင်း မရှိချေ။
ရေမွှေး၏ရနံ့မှာ ကျားမ မရွေး သုံးစွဲရန် သင့်လျော်ပြီး လန်းဆန်းမှုနှင့် မြူးကြွမှုတို့ကို ခံစားရရှိအောင် ကူညီပေးနိုင်မည်ဟု ညွှန်းဆိုထားသည်။ တစ်ခုတည်းသော ပြဿနာမှာ ရနံ့ကောင်းသော်လည်း ရနံ့စွဲမြဲမှု ကြာရှည်မခံခြင်း ဖြစ်သည်။ ဈေးနှုန်းမှာ ပုလင်းငယ်လေးတစ်လုံးအတွက် ဒေါ်လာ ၁,၅၀၀ ကျော်မျှ ဖြစ်သည်။
၅။ Caron’s Poivre
အဖိုးတန် အသုံးအဆောင်တစ်ခုအဖြစ် သတ်မှတ်နိုင်သည့် ရေမွှေးသည် နှစ်အောင်စ ပုလင်းလေးတစ် လုံးအတွက် ဒေါ်လာ ၂,၀၀၀ မျှ တန်ဖိုးကျသင့်သည်။
၁၉၅၄ ခုနှစ်က မိုက်ကယ်မော်ဆက်တီနှင့် ဖီလစ်စီဝန်ပူအီလီတို့က ပထမဆုံးအကြိမ် စတင်မိတ်ဆက် ကတည်းက ရနံ့ပြင်းပြင်းနှင့် ဆွဲဆောင်အား ပြင်းပြသည့် ရေမွှေးကို လူအများ နှစ်သက်လက်ခံခဲ့ကြ သည်။
အမျိုးသားများရော၊ အမျိုးသမီးများပါ အဆင်ပြေပြေ သုံးစွဲနိုင်သည့် ရေမွှေးသည် ဖြူလွသော ပန်းတစ်မျိုးနှင့် ရနံ့ပြင်းသည့် သစ်စေ့များကို အခြေခံကာ ဖန်တီးထားခြင်း ဖြစ်သည်။
ရေမွှေးအမျိုးမျိုး အနက်တွင်မှ ရှားပါးပြီး အဆင့်မြင့် တန်ဖိုးကြီးစာရင်းဝင် အမျိုးအစားတစ်ခုအဖြစ် သတ် မှတ်ခံရသည့် Poivre သည် အသုံးပြုသူ၏ အဆင့်အတန်းနှင့် လူနေမှုဘဝကိုလည်း ထင်ဟပ်စေသည့် အသုံးအဆောင်တစ်ခု ဖြစ်သည်။
၎။ Clive Christian No. 1
နှစ်အောင်စ ပုလင်းလေးတစ်လုံးအတွက် ဒေါ်လာ ၂,၃၅၀ ပေးချေရမည် ဖြစ်သော်လည်း ပုလင်း၏ လှပ ကျက်သရေရှိသော ဒီဇိုင်းနှင့် ရေမွှေး၏ ရနံ့တို့ကြောင့် ပေးရသမျှ တစ်ပြားမကျန် ထိုက်တန်သည်ဟု ဆိုရမည့် ရေမွှေးဖြစ်သည်။
သံပရာအနွယ်ဝင် အသီးအချို့နှင့် အရှေ့တိုင်းမှ ဇာတိပ္ဖိုလ်သီးတို့ကို ကနေဒါစကားပန်း၊ စံပယ်ပန်း၊ နှင်းဆီပန်း၊ စမုန်ဖြူ အစရှိသည့် ပါဝင်ပစ္စည်း အမြောက်အမြားနှင့် ပေါင်းစပ်ပြီး Clive Christian No.1 ကို ဖန်တီးထားခြင်း ဖြစ်သည်။ ပေါင်းစပ်ပစ္စည်းများတွင် စန္ဒကူး၊ သစ်မွှေး၊ ပယင်းသစ် အစရှိသည်တို့ လည်း ပါဝင်သည်။
ပုလင်းတစ်လုံးချင်းမှာ လက်ဖြင့်ဖန်တီးထားသည့် Hand-Made သီးသန့်များ ဖြစ်ကြသည်။ ပုလင်း လည်ပင်းမှာ ၂၄ ကရက် ရွှေသားကို စတာလင်ငွေသားဖြင့် ကွပ်ပြီး အလှဆင်ထားသည်။
Clive Christian No.1 သည် အမျိုးသားသုံး ရေမွှေးဖြစ်ပြီး အမျိုးသားများအတွက် သီးခြားထုတ်လုပ်သည့် ရေမွှေးအားလုံးတွင် ကမ္ဘာပေါ်၌ တန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်နေသည်။
၃။ Baccarat “Les Larmes Sacres de Thebes”
တစ်ပုလင်းလျှင် ဒေါ်လာ ၆,၈၀၀ မျှ တန်ဖိုးရှိသည့် ရေမွှေးသည် စံပယ်၊ စကားပွင့်၊ ကြွေပန်း၊ စန္ဒကူး၊ ကတိုး၊ ငရုတ်ကောင်း အစရှိသည့် ပါဝင်ပစ္စည်းများဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
ချိုမြစွဲဖက်ဖွယ် ရနံ့မျိုးရှိသော ရေမွှေးသည် ကမ္ဘာပေါ်တွင် အဆင့်အမြင့်ဆုံး တန်ဖိုးကြီး ရေမွှေးတစ်ခု အဖြစ်လည်း မှတ်ယူနိုင်ပြီး Limited Edition အဖြစ် အရေအတွက် ကန့်သတ်ထုတ်လုပ်ထားသည်။
ထို့ကြောင့်လည်း ဒေါ်လာ ၆,၈၀၀ မျှ ရှိနေ၍ ယင်းရေမွှေးကို ဝယ်ယူလိုသည့်တိုင် ဈေးကွက်ထဲတွင် အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ချေ။
၂။ Clive Christian Imperial Majesty
တစ်ပုလင်းလျှင် ဒေါ်လာ ၂၁၅,၀၀၀ ထိ တန်ဖိုးရှိခြင်းကြောင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ရေမွှေးများတွင် Clive Christian Imperial Majesty က ဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့သည်။
အမျိုးသားရော၊ အမျိုးသမီးပါ အသုံးပြုနိုင်သည့် သင်းပျံ့သော ရနံ့မျိုးရှိပြီး ရနံ့စွဲမြဲမှုမှာလည်း တာရှည်စွဲ မြဲစေသည်။ စံပယ်၊ ဖာလာစေ့၊ ဇော်မွှားပန်း၊ ရှောက်ပန်း အစရှိသည်တို့ကို အသုံးပြုထားပြီး ပုလင်းပေါ် တွင် ဈေးနှုန်းကိုပါ တစ်ပါတည်း ရိုက်နှိပ်ထားသည်။
စေ့စေ့ပေါက်ပေါက် ပြစ်ချက်ရှာပါက ရေမွှေးနှင့် ပတ်သက်ပြီး ပြောစရာရှိသော တစ်ချက်မှာ ပမာဏ နည်းလွန်းခြင်း ဖြစ်သည်။ ဈေးနှုန်းများလွန်းသော်လည်း ရေမွှေး၏ တန်ဖိုးကို ထိန်းသိမ်းသည့်အနေဖြင့် ပမာဏအနည်းငယ်မျှကိုသာ ထည့်သွင်းပေးထားသည်။
၁။ DKNY Golden Delicious Million Dollar Perfume
ရေမွှေးကြောင့်ရော၊ ထည့်သွင်းထားသည့် ပုလင်းကြောင့်ပါ အလွန်တန်ဖိုးကြီးသည့် အသုံးအဆောင် တစ်ခု ဖြစ်လာသည့် ရေမွှေးဖြစ်သည်။ DKNY က အမည်နှင့် လိုက်ဖက်အောင် တစ်ပုလင်းလျှင် ဒေါ်လာ တစ်သန်း တန်ဖိုးရှိသော ရေမွှေးကို ရွှေသားနှင့် ရွှေဖြူသား ရောစပ်ပြီး လှပစွာထုဆစ်ထားသည့် ပုလင်း ထဲ ထည့်သွင်းထားသည်။
ပုလင်းပေါ်တွင် စိန်ပွင့်၊ နီလာ၊ ပန်းရောင်ပတ္တမြား၊ ကနေရီစိန်ဝါတို့ အပါအဝင် ကျောက်မျက်အမျိုးမျိုး ၂,၉၀၉ ပွင့်ထိ ထည့်သွင်းစီခြယ် အလှဆင်ထားသည်။
အဆိုပါရေမွှေးကို ပန်းသီး၊ စန္ဒကူးနှစ်နှင့် ရှားပါးလှသည့် ကတိုးဖြူတို့ကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်သည်။ 
_mixtopten
7Day News Journal
1 Jul 2014
ဂျိမ်းစ်ဘွန်း အရှုံးပေးရသည့် တရုတ်ကျောင်းသားများ၏ စာခိုးချ ကိရိယာများ
Image and video hosting by TinyPic
 တရုတ်ကျောင်းသားတွေရဲ့ ဘဝမှာတော့ စိတ်ပင်ပန်းဆုံးနဲ့ စိတ်ဖိစီးမှုအများဆုံးအချိန်ဟာ အမျိုးသားကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေတဲ့အချိန်ပါ။
လူသန်းပေါင်းများစွာဟာ ဒီစာမေးပွဲအတွက် အချိန်ယူပြင် ဆင်ကာ ဖြေဆိုကြပါတယ်။
အချို့ကလည်း ဒီစာမေးပွဲမှာ အကြံဖန်လုပ်ဖို့ အဆင့်မြင့် ကိရိယာပေါင်းများစွာကို တီထွင်ကြပါတယ်။
ဒီလိုကိရိယာတွေထဲက တစ်ခုကတော့ ကင်မရာပါတဲ့ မျက်မှန်တစ်လက်ဖြစ်ပြီး Liaoning ပြည်နယ် Shenyang မြို့က စာမေးပွဲခန်းတစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Image and video hosting by TinyPic
စာမေးပွဲခိုးချသူဟာ ကြွေစေ့ပြားသေးသေးလေးတစ်ခုကို အသုံးချပြီး ဒီကိရိယာကို ထိန်းချုပ်မှာဖြစ်ပါတယ်။
စာမေးပွဲမေးခွန်းကို ဖြူမည်းဓာတ်ပုံရိုက်ပြီး အပြင်ဘက်ကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်ဘက်က လက်ခံသူဟာ အဖြေတွေကို ပြန်ပို့ပေးရမှာဖြစ်ပေမဲ့ အဖြေတွေပြန်ပို့နည်းကိုတော့ သတင်းက မဖော်ပြခဲ့ပါဘူး။
Image and video hosting by TinyPic
တရုတ်အာဏာပိုင်တွေဟာ ဒီနှစ်မှာ စာမေးပွဲခိုးချသူ အရေအတွက်ကို မထုတ်ပြန်ခဲ့ပေမဲ့  China News နဲ့ China Radio International တို့ကတော့ ကျောင်းသားတွေသုံးခဲ့တဲ့ ကိရိယာတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။
Sichuan ပြည်နယ်မှာတော့ ကျောင်းသား အယောက် ၄၀ ဟာ အဆင့်မြင့်ဘောပင်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဘောပင်ဟာ မေးခွန်းကို ပို့ပေးသွားမှာဖြစ်ပြီး အလွန်သေးငယ်တဲ့ နားကြပ်ဖူးလေးနဲ့ အဖြေကို ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။
အခြားပြည်နယ်တစ်ခုမှာ ဖမ်းမိခဲ့တဲ့ပစ္စည်းကတော့ အင်္ကျီတစ်ထည်ဖြစ်ပါတယ်။
ဝါယာကြိုးများ၊ ပလပ်များ၊ နိုကီယာ ဖုန်းအဟောင်းများနဲ့ ပေါင်းစပ်တီထွင်ထားတာ ဖြစ်ပါတယ်။ Guangzhou ပြည်နယ် Fuzhou မြို့မှာတော့ ပိုက်ဆံအိတ်နဲ့ပြုလုပ်ထားတဲ့ ကိရိယာကို စာမေးပွဲဖြေသူ ယောကျာ်းလေးတစ်ဦးဆီကနေ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Image and video hosting by TinyPic
Image and video hosting by TinyPic
ဒီကိရိယာ က ကင်မရာအသေးလေးတစ်လုံးနဲ့ ပူးတွဲအလုပ်လုပ်မှာပါ။ ကင်မရာကိုတော့ ရေသန့်ဘူးထဲမှာ ထည့်ထားပါတယ်။ အဖြေပြန်လည်လက်ခံမယ့် ပစ္စည်းကိုတော့ ချိုင်းခြားမှာ ထားထားတယ် လို့ဆိုပါတယ်။
အမျိုးသား ကောလိပ်ဝင်ခွင့် စာမေးပွဲတွေဟာ တရုတ်ကျောင်းသားတွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ တက်ရမဲ့တက္ကသိုလ်တွေကို ဒီစာမေးပွဲတွေက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
Image and video hosting by TinyPic
စာမေးပွဲကျင်းပရာ နေရာတွေမှာ ရဲတွေကိုအစောင့်ချထားပြီး အနီးအနားမှာ ဆူဆူညံ့ညံ့အသံထွက်ပါက ထွက်တဲ့လူကို ဒဏ်တပ်သွားမှာ ဖြစ်ပါတယ်။
photo>> kotaku.com
Phothutaw
ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်
ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်
****************************************************************
သတင်း
မလေးရှား (28.6.2014)
နိုင်ငံခြားသားများကြောင့် မှုခင်းဖြစ်ပွားသော ပီနန်းရှိ ဒေသအချို့ကို မနေ့ကစတင်ပြီး အော်ပရာစီ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မလေးရှားသတင်းဌာနအချို့တွင် ယနေ့ ကြော်ငြာသွားခဲ့သည် ။
ပီနန်း ၊ ဘက်တာဝေါ့ (BM) နေရာ အချို့ကို အော်ပရာစီဖမ်းစီးမှုများပြုလုပ်သွားခဲ့ပြီး တစ်ရက်တည်း မြန်မာနိုင်ငံသား တရားမဝင်နေထိုင်သူ 22 ဦး နှင့် ရက်သားကလေးအပါအဝင် အင်ဒိုနီးရှားနိုင်ငံသား 5 ဦး စုစုပေါင်း 27 ဦး ကိုဖမ်းဆီးပြီးဖြစ်ကြောင်းသိရသည် ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင် ပီနန်းတွင် မြန်မာနိုင်ငံသား 2 ဦး သတ်ခံခဲ့ရပြီး တစ်ဦး အရေးပေါ်ကုသနေရကြောင်းသိရသည်
မြန်မာနိုင်ငံမှ တာဝန်ရှိသူများ သွားရောက်စုံစမ်းသောအခါ အသတ်ခံရသူ 2 ဦးလုံး တရားမဝင်နေထိုင်သူများဖြစ်ကြောင်းသိရသည် ။ ထို လူသတ်မှုများကြောင့်ဖမ်းဆီးခံရနေရသူများတွင် ပတ်ဝန်ကျင်မှ မြန်မာတရားမဝင်အလုပ်သမား နှင့် တရားမဝင်အလုပ်သမားများကိုခန့်အပ်သော အလုပ်ရှင် ၊ မန်နေဂျာများကိုပါ ဖမ်းဆီးထားကြောင်းကိုလည်းသွားရောက်ခဲ့ သူများထံမှ သိရသည်။
ယခု Kampung Bagan Lebai Tahir ဖမ်းဆီးမှုတွင် ထိုအရပ်မှ နေထိုင်သူများ၏ တိုင်တန်းမှုများကြောင့် ဖမ်းဆီးရကြောင်း ၊ တိုင်တန်းသူများကိုလည်း ဖမ်းဆီးသူအရာရှိHasbullah က သတင်းဌာနများသို့ရှင်းပြသွားခဲ့သည် ။
အရာရှိက သံသယရှိသူ 111 ဦး ဖမ်းဆီးမိကြောင်း ၊ ထိုထဲမှ 27 ဦးသာ ဖမ်းဆီးထားကြောင်း ၊ ဖမ်းဆီးသူ အင်အား 149 ဦးဖြင့်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ နံနက် 2 နာရီတွင်စတင်ဖမ်းဆီးခြင်းဖြစ်ကြောင်းသိရသည် ။ ဖမ်းဆီးမှုတွင် အချို့မှာ ပုန်းအောင်းရန်ကြိုးစားကြောင်း နှင့် ခုတင်အောက်အထိရှာဖွေဖမ်းဆီးခဲရကြောင်းကိုလည်း ENFORCEMENT အရာရှိက သတင်းဌာနသို့ပြောကြားသွားခဲ့သည် ။
.
ပီနန်း - Butterworth တွင် လွန်ခဲ့သော အပတ်က မြန်မာ 2 ဦး အား အုပ်စုဖွဲ့ ရန်ရှာ မှု့ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန် ရရှိမှု နှင့် ပြီးခဲ့သည့် ရက်ပိုင်းက KEDAH တွင် ဆိုင်ကယ်စီးနင်းလာသော မြန်မာတစ်ဦးအား ရှေ့မှ ဓားဖြင့် ရန်ပြုမှုကြောင့် လည်ပင်းပြတ်ရှဒဏ်ရာရကာ နေရတွင်ပင်သေဆုံးကြောင်း မလေးနိုင်ငံထုတ် သတင်းများတွင် ဆက်တိုက်ဖော်ပြထားသည် ။ ထိုမှုခင်းများကြောင့်လည်း မြန်မာနိုင်ငံသားများစွာအဖမ်းခံထားရကြောင်း ကို ပီနန်းရှိ မြန်မာအရေးဆောင်ရွက်နေသူများထံမှ သတင်းရရှိသည် ။
ဆက်လက် ထူးခြားဖြစ်စဉ်များ နှင့် သိသင့်သည်များရှိပါက မလေးရှားရောက်မြန်မာများ facebook မှဆက်လက်တင်ဆက်ပေးပါမည် ။
Ref : The Star , New Straight Time ,
Photo Thestar သတင်းဌာန
ဘာသာပြန် : မလေးရှားရောက်မြန်မာများ facebook
မူရင်းသတင်း - www.facebook.com/mmrinmy
မြန်မာပြည်မှ နေရာတိုင်း ၊ မြို့တိုင်းကို 3D ရုပ်ကြွ ကောင်းကင်မြင်ကွင်းနဲ့ကြည့်ရှုလိုသူတွေအတွက်
 မြန်မာပြည်မှ နေရာတိုင်း ၊ မြို့တိုင်းကို 3D ရုပ်ကြွ ကောင်းကင်မြင်ကွင်းနဲ့ကြည့်ရှုလိုသူတွေအတွက် 3D map Myanmar [Burma] v1.0 for Android ကိုတင်ပေးလိုက်ပါတယ်။ အဆောက်အဦးတွေ ၊ မြေမျက်နှာသွင်ပြင်တွေကို 3D ရုပ်လုံးရုပ်ကြွတွေနဲ့ကြည့်ရှုနိုင်မှာဖြစ်သလို 2D ရုပ်ထွက်နဲ့လည်း ပြောင်းလဲရှာဖွေကြည့်ရှုနိုင်ပါတယ်။ ဒီ app လေးမှာပါဝင်တဲ့ feature တွေကတော့
- 3D and 2D map
- 3D and 2D compass
- Navigation
- Search Points of Interest
- My location
- Go to the position according to the coordinates
- Image Search
- Themes map
- Map layers (Natural Earth, Grid, MapQuest Aerial)
- Sharing
- Waypoints
3D map Myanmar [Burma] v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Credit : http://www.mm-mpxteam.net
29 Jun 2014
ကန်စွန်းရွက်ဖြင့် အသားအရေ လှပအောင် ထိန်းသိမ်းနည်း
ကန်စွန်းရွက် သည် ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေရုံ သာမက အသားအရေ ကို လှပ သန့်ရှင်း စေလိုသည့် ပျိုမေတို့ အတွက် အကောင်းဆုံး အဖော်မွန် ဖြစ်ပါသည်။
ဝက်ခြံ ၊ တင်းတိပ် ၊ အမည်းစက် များနှင့် မျက်နှာ အသားအရေ အရောင်မညီ ဖြစ်ခြင်းများ အတွက် စိတ်မပျက် ပါနှင့်။ ကန်စွန်းရွက်ကို ကြိတ်ပြီး ယင်း အရည် တစ်မျိုးတည်း လိမ်းပေးခြင်းဖြင့် သက်သာ လာစေနိုင်သည်။ ကန်စွန်းရွက် သတ္တုရည် စားပွဲတင်ဇွန်း ၄ ဇွန်းကို ပျားရည် တစ်ဇွန်းနှင့် သမအောင် မွှေကာ ခန္ဓာကိုယ်ကို နေ့ည ပုံမှန် လိမ်းပေးခြင်းဖြင့် လည်း အသားအရေ ကို ၀င်းလက် စိုပြေလာ စေနိုင်သည်။
ဆံပင် မသန်၍ စိတ်ညစ်နေ သူများ အတွက် ကန်စွန်းရွက် အရည်ကို ညှစ်ပြီး ဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ် ပေးခြင်းဖြင့် ဆံကေသာကို အရှည်မြန် စေမှာ ဖြစ်သည့်အပြင် ဗောက် များကိုလည်း ကင်းစင် စေပါသည်။ မီးဟပ်ခြင်း နှင့် မီးလောင် ဒဏ်ရာများ အတွက် ကန်စွန်းရွက် အရည်ကို သကြား နှင့် ရောစပ်ကာ လိမ်းပေးခြင်း ဖြင့် အပူလောင်ခြင်း ကို သက်သာစေကာ အမာရွတ် မကျန် ပျောက်ကင်း စေနိုင်သည်။
ယနေ့ ကမ္ဘာတွင် ကျန်းမာရေး အမြင်ရှိသူ တိုင်းသည် သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် များက ကျန်းမာရေး အထောက် အကူပြု အာဟာရ အစားအစာ များအဖြစ် အရေးပါပုံ ကို သိမြင် လက်ခံ လာကြပြီ ဖြစ်သည်။ ယင်းကြောင့် မိမိတို့ ပတ်ဝန်းကျင် တွင် ငွေကုန် သက်သာကာ အလွယ်တကူ ရရှိနိုင်ပြီး ကျန်းမာရေး ကို အထောက်အကူ ဖြစ်စေမည့် ကန်စွန်းရွက်ကို စားသုံး ပေးကြပါရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။
ဖိုးသန့်
PyiChitThar
ဆေးသိပ္ပံပညာမှတွေ့ရှိသော ဆင်တုံးမနွယ်
၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလတွေကစပြီး အနောက်တိုင်းဆေးပညာနယ်ပယ်မှာ စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ အသုံးများတွင်ကျယ်လာတာနဲ့ တစ်ပြိုင်နက်လူတွေရဲ့ အစာအိမ်ကိုပါ ဥပဒ်ပေးလာတယ်ဆိုတာကိုပါ ဆေးပညာရှင်တွေ သတိပြုလာမိခဲ့ကြတယ်။
တစ်ချိန်တည်းမှာပဲ ရိုးရာဆေးပညာမှာရှိတဲ့ အကိုက်အခဲနဲ့အရောင်ကျစေတဲ့ ဆေးပင်တွေကိုလည်း သိပ္ပံပညာရှင်တွေက စိတ်ဝင်စားလာခဲ့ကြတယ်၊ ဒီလိုနဲ့သူတို့ဟာ ဆေးဘက်ဝင်တဲ့အပင်တွေကို ရှာဖွေရင်းနဲ့ ဆင်တုံးမနွယ်အပင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ လက်တင်ဘာသာစကားအရ ဆင်တုံးမ နွယ်ကို tinospora cordifolia လို့ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ guduchi လို့ခေါ်ပြီး အင်္ဂလိပ်လို ကတော့ heartleaf moonseed လို့ခေါ်တယ်။
နိုင်ငံတကာမှ ဆေးသိပ္ပံပညာရှင်တွေဟာ ဆင်တုံးမနွယ်မှာပါဝင်တဲ့ syringing and cordial ဒြပ်ပေါင်း တွေက ရောင်ရမ်းတာကိုဖြစ်ပေါ်စေတဲ့ Enyzme တွေကိုဟန့်တားနိုင်စွမ်းရှိတာကို သိခဲ့ကြတယ်။ အဆစ်အမျက်ရောင် ရောဂါအမျိုးမျိုးကို သက်သာစေတယ်၊ အထူးသဖြင့် rheumatoid arthritis ရောဂါတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ morning stiffness ကိုလျော့ကျစေတယ်၊ ဒါတွင်မကပါဘူး။ အာသီး ရောင်တာ၊ အစာအိမ်ရောင်တာ၊ အသည်းရောင်တာ၊ ဆီးအိမ်ရောင်တာတို့ကို လျော့နည်းသက်သာစေ နိုင်တာကို လေ့လာမိခဲ့ကြတယ်။
ဆင်တုံးမနွယ်မှာပါဝင်တဲ့ antioxidant တွေက အခြားအရေးပါတဲ့ antioxidant နှစ်မျိုးဖြစ်တဲ့ glutathione နဲ့ vatimin-C တို့ကိုများပြားအောင် အကူအညီပေးတယ်၊ အသက်ကြီးတဲ့သူတွေ Antioxidant ကိုသုံးရင် အသက်ရှည်နုပျိုစေတယ်၊ ဒါကြောင့်လည်း အသက်ကြီးရင် ဆင်စီးပါလို့ မြန်မာတွေ ဆိုရိုးစကားရှိခဲ့တယ်၊ ဆင်စီးပါဆိုတာက အသက်ကြီးလာရင် ဆင်တုံးမနွယ်ကို မှီဝဲပါလို့ ဆိုလိုတာဖြစ်တယ်။
ဆေးပညာ လက်တွေ့နယ်ပယ်မှာတော့ ဆင်တုံးမနွယ်ရဲ့ ပင်စည်ဟာအသည်းရောင် အသားဝါရောဂါ အတွက်အလွန်အသုံးဝင်တာ တွေ့ရတယ်၊ အသည်းရောင်ခြင်းကို လျော့ကျစေသလို အသားဝါတာကို လည်းမြန်မြန်သက်သာစေတာတွေ့ရတယ်။ ဆင်တုံးမနွယ်ဟာ ခုခံအားစနစ်ရဲ့ အဓိကဖြစ်တဲ့ သွေးဖြူဥတွေပုံမှန် ထုတ်လုပ်ခြင်းကို အားပေးတာကို တွေ့ရတယ်။ ရိုးရာဆေးပညာရှင်တွေနဲ့ (Indian ayuedic medicine) ဆေးပညာရှင်တွေက ဆင်းတုံးမနွယ်ကို ဆီးချိုရောဂါမှာ ကျယ်ကျယ် ပြန့်ပြန့်သုံးတာ တွေ့ရတယ်။ ဆီးချိုရောဂါ သိပ်မရင့်သေးတဲ့သူတွေနဲ့ အစောပိုင်းကာလ ဆီးချိုဝေဒနာ ရှင်တွေအတွက် အသုံးပြုနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်တဲ့သတ္တိရှိလို့ ဆီးချိုဝေဒနာ ရှင်တွေအတွက် သတင်းကောင်းတစ်ခုပါ။
ဆင်တုံးမနွယ်ပင်စည် ၁ ဒသမ ၅ ဂရမ်ကို လူကြီးတစ်ယောက်အတွက် တစ်နေ့ကို သုံးကြိမ်ကနေ လေးကြိမ်အထိ သောက်နိုင်တယ်၊ ဒါပေမယ့်အရက်နဲ့တော့ တွဲမသောက်ရပါကြောင်း တင်ပြအပ်ပါ တယ်။
မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
အလင်းရောင်ကို အနည်းငယ် အာရုံခံနိုင်သေးသော မျက်မမြင်များ မျက်မြင်အလား သွားလာနိုင်မည့် မျက်မှန် မကြာခင်လာမည်
မြတ်ဆုကို
အမြင်အာရုံ လုံးဝ ကွယ်ပျောက်ခြင်း မဟုတ်သည့်တိုင် အလင်းရောင်ကို အနည်းငယ်ခန့်သာ အာရုံခံ နိုင်တော့သဖြင့် မျက်မမြင် အဖြစ်သတ်မှတ် ခံထားရသူများ မျက်မြင် တစ်ယောက် အလား သွားလာနိုင်အောင် ကူညီပေးမည့် မျက်မှန်မျိုး လာမည့် နှစ်လောက်တွင် ဈေးကွက်တင် ရောင်းချဖြစ်ဖွယ် ရှိကြောင်း သိရသည်။
မျက်မှန် ဈေးသည်လည်း စမတ်ဖုန်းတစ်လုံး စာလောက်သာ ရှိမည် ဖြစ်သည်။ ၀တ်ဆင်သူသည် မိမိရှေ့ လူလှုပ်ရှားမှုများ၊ မျက်နှာ အမူအရာများကို မြင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ အမြင်အာရုံ ဆိုးဝါးစွာ ချို့ယွင်းခြင်းကြောင့် အိမ်မှာသာ နေရသူများ လမ်းလျှောက်ထွက်နိုင်၊ ဈေးဝယ်ထွက်နိုင်၊ ကော်ဖီဆိုင်ထိုင်နိုင်အောင်ပါ ယခုမျက်မှန်က ကူညီနိုင်မည် ဖြစ်ကြောင်း သိရသည်။
မျက်မှန်တွင် ကင်မရာပါသည်။ ကင်မရာက ရိုက်ကူးပေးသည်ကို အဓိပ္ပာယ် ဖော်ပေးရန် ဆော့ဖ်ဝဲ နှင့် ပရိုဆက်ဆာ ကို အိတ်ကပ်ထဲ ထည့်ထား နိုင်လောက်မည့် ဖုန်းတစ်လုံးစာ အရွယ် ဘူးငယ်ဖြင့် ထည့်ထားမည် ဖြစ်သည်။ မျက်မှန် ဖန်သား နေရာတွင်ကား သမားရိုးကျ မျက်မှန် အသားမျိုး မဟုတ်ဘဲ အမြင်အာရုံ ချို့ယွင်းနေသူများ မြင်နိုင်စေမည့် အီလက်ထရောနစ် ရုပ်ထွက် ဖန်သားပြင် ထည့်သွင်း ထားသည်။
ကင်မရာက ရိုက်ကူးပေးပို့ သည်များထဲမှ အရေးအကြီးဆုံးဟု ဆော့ဖ်ဝဲက ဆုံးဖြတ်သည့် အရာများကို ပိုထင်ရှားစွာ မြင်ရအောင် ကွန်ပျူတာစနစ်က ဖန်တီးပေးပြီး မျက်မှန် ဖန်သားပြင်တွင် ပြသပေးမည် ဖြစ်သည်။ နီးသောအရာများ ကို ပိုအရောင် တောက်ပစွာ ပြသပေးမည် ဖြစ်ပြီး အမြင်အာရုံ ချို့ယွင်းသူ၏ အလင်းအာရုံ ခံနိုင်စွမ်းအလိုက် ချိန်ညှိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အမြင်အာရုံလုံးဝ ပျက်သုဉ်းပြီးမျက်စိက အလင်းကို အာရုံမခံနိုင်တော့ သူများအတွက် အသုံးပြုနိုင်မည် မဟုတ်သော်လည်း အလင်းရောင်ကို အနည်းငယ်လောက် အာရုံခံနိုင်သေးသော သူများ အတွက်ကား အဆင်ပြေစေမည် ဖြစ်သည်။
မျက်မှန်သည် နားကျပ်လည်း ပါဝင်ဦးမည် ဖြစ်သည်။ မျက်မှန်တွင်ပါသော ကင်မရာက ရိုက်ယူလိုက်သည့် ပုံများကို ကွန်ပျူတာ ဆော့ဖ်ဝဲက အဓိပ္ပာယ် ဖော်ကာ မည်သည့်အရာ ဖြစ်ကြောင်းကိုပါ အသံဖြင့် ပြောပြပေးဦးမည် ဖြစ်သည်။ ဥပမာ ကားဂိတ်တွင် ရပ်နေလျှင် လာနေသည့် ကားသည် မည်သည့် နံပါတ် ဖြစ်ကြောင်းကို ကင်မရာက ရိုက်ထားသောပုံကို ကွန်ပျူတာက ဘာသာ ပြန်ကာ အသံဖြင့် ပြောပြပေးမည် ဖြစ်သည်။ ဆိုင်တစ်ဆိုင်ရှေ့ ရောက်လျှင်လည်း ဆိုင်နာမည်ကို အသံထွက် ရွတ်ပြမည် ဖြစ်သည်။ အနားတွင် လူတစ်ယောက် လိုက်ပါလာသည့် အလား အကူအညီရအောင် မျက်မှန်ကို ဖန်တီးထားကြောင်း သိရသည်။
မျက်မှန်ကို အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန အဖွဲ့က တီထွင်ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံ ကျန်းမာရေး သုတေသနသိပ္ပံ (NIHR) က ရန်ပုံငွေ စိုက်ထုတ်ပေးထားပြီး ဗြိတိန်နိုင်ငံ မျက်မမြင်များအသင်း (RNIB) နှင့် ပူးပေါင်း စမ်းသပ်နေခြင်း ဖြစ်သည်။
Source: Daily Mail
The Messenger
တန့်ဆည်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ မှာ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဆန္ဒပြပွဲဦးဆောင်ခဲ့တဲ့ တန့်ဆည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်ထွန်းက ဆန္ဒပြရတဲ့ အကြောင်း RFA ကို အခုလို ပြောပါတယ်။
"၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပုဒ်မ ၄၃၆ မပြင်ရင် မရဘူးလို့ ကျနော်တို့ ခံယူထားပါတယ်၊ ပုဒ်မ ၄၃၆ ပြင်မှသာလျှင် တခြားဥပဒေပုဒ်မတွေကို ပြင်လို့ရမှာဖြစ်တဲ့အတွက် အဓိကသော့ချက်ဖြစ်တဲ့ ဒီ ၄၃၆ ကိုပြင်ဖို့ လုပ်ရခြင်းဖြစ်ပါတယ်၊ ၂ဝဝ၈ အခြေခံဥပဒေသည် ဒီမိုကရေစီနဲ့ မညီတဲ့အတွက် တန့်ဆည်မြို့နယ် လူထုကလည်း ပြင်ချင်ပါတယ်ဆိုတာကို သက်ဆိုင်ရာတွေသိစေချင်လို့ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ အာဏာပိုင် ကလည်း လူတွေရဲ့ဆန္ဒတွေကို လေးစားအသိအမှတ်ပြုလာရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုထုတ်ဖော်ခြင်းဖြစ် ပါတယ်"
ဆန္ဒပြပွဲကို တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တာဖြစ်ပြီး တန့်ဆည်မြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း ၃၀ ကျော်က ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
တန့်ဆည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကနေ ရေဦး၊ ကလေးဝ လမ်းမတစ်လျှောက်ကနေ တန့်ဆည် မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ချီတက်ခဲ့ကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့မှာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ ရေဦး၊ ကန့်ဘလူ၊ ခင်ဦး၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေမှာလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
RFA Burmese
လူ့ကျင်ငယ်ရည်မှ တဆင့် လျှပ်စစ်ထုတ်ရန် ကြိုးပမ်းနေ
တစ်ကမ္ဘာလုံးကနေ တစ်နေ့ ကို ကျင်ငယ်ရေ လီတာပေါင်း ၁၀.၅ ဘီလီယံ ထွက်ရှိပါတယ်။ ဒီပမာဏဟာ အိုလံပစ်ရေကူးကန် ပေါင်း ၄၂၀၀ ကို ဖြည့်နိုင်တဲ့ ပမာဏပါ။ ကျွန်တော်တို့ အများစုဟာ ကျင်ငယ်ရေကို စွန့်  ပစ်ပစ္စည်းအနေနဲ့ သာ ခေါင်းစဉ်တပ်ကြမှာဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီကျင်ငယ်ရေတွေကနေ အိမ်တွေ၊ ကားတွေနဲ့ မြို့ တွေအထိပါ လျှပ်စစ်စွမ်းအင်ပေးနိုင်အောင်လို့ ကြံဖန်နေကြပါပြီ။
ကိုရီးယားတက္ကသိုလ်က သိပ္ပံပညာရှင်တစ်စုဟာ ကျင်ငယ်ရေတွေကနေ ပြန်လည်ထုတ်ယူနိုင်တဲ့ ကာဗွန်အက်တမ်တွေကို အသုံးပြုပြီး ဈေးသက်သာတဲ့ လျှပ်စစ်စွမ်းအင်ရရှိဖို့ အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။
အခုလက်ရှိ fuel cells တွေမှာအသုံးပြုထားတဲ့ ဈေးမြင့်မားတဲ့ ပလက်တီနမ်နေရာမှာ လူသားတို့ ရဲ့ ကျင်ငယ်ရေကနေ သဘာဝအလျောက်ပါဝင်တဲ့ ကာဗွန်ကိုအသုံးပြုဖို့ ရည်မှန်းထားတာပါ။ Fuel Cells တွေဆိုတာ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ကို ဓာတ်ပြုခြင်းဖြင့် ရရှိလာတဲ့ ဓာတုစွမ်းအင်ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်တဲ့ စက်၊နည်းပညာတစ်ခုဖြစ်ပါတယ်။
Fuel cell အတွင်းမှာအသုံးပြုတဲ့ ဓာတ်ကူပစ္စည်းဖြစ်တဲ့ ပလက်တီနမ်သတ္တုဟာ ဈေးနှုန်းကြီးမားပြီး ဒီနည်းပညာတိုးတက်မှုကို ဈေးကွက်အခြေအနေအရ နှောင့်နှေးစေနိုင်တာကြောင့် ကိုရီးယားသိပ္ပံပညာရှင်တွေဟာ ကျင်ငယ်ရေကနေ ရရှိနိုင်တဲ့ ကာဗွန်ကို အစားထိုးနိုင်ဖို့  မျှော်လင့်နေကြပါတယ်။ ကာဗွန်ဟာ ပလက်တီနမ်နဲ့ ဓာတ်သတ္တိတူညီမှုတွေရှိပြီး ဒီအတွက်ကြောင့် fuel cells တွေ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်ဖွယ်ရှိနေပါတယ်။
သိပ္ပံပညာရှင်တွေဟာ ကျင်ငယ်ရေကနေ ထုတ်ယူမယ့် လျှပ်စစ်စွမ်းအင်နဲ့ ကားတွေ၊အိမ်တွေအထိပါ လျှပ်စစ်စွမ်းအင် ကျယ်ပြန့် စွာပေးနိုင်လိမ့်မယ်လို့ ခန့် မှန်းထားကြပါတယ်။
Ref: Dailymail.co.uk
Trend Myanmar
ညှပ်ကြဦးမလား ကမ္ဘာ့ဖလား ဆံပင်ဒီဇိုင်းသစ်များ
ကျင်းပချိန် တစ်လအတွင်း တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပိုပြီးဆန်းသစ်အောင် လုပ်ပေးနိုင်တဲ့နေရာမှာ ဆံသဆရာ တစ်ယောက်ရဲ့ အခန်းကဏ္ဍ ပါဝင်တယ်ဆိုတာ
အမေရိကန် ဆံသဆရာ ရော့ဖာရယ်က သက်သေပြလိုက်ပါပြီ။ ရော့ဖာရယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သူ့ဆိုင်မှာ ဆံပင်လာညှပ်သူတွေကို
ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို၊ အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်နဲ့ မက္ကဆီကို ဂိုးသမား အိုချိုအာတို့ပုံတွေ ပုံဖော်ပေးခဲ့ပါတယ်။
Rob the original ဆံသဆိုင်ပိုင်ဆိုင် ရော့ဖာရယ်ဟာ ပြီးခဲ့တဲ့ (၈)နှစ်လောက်တုန်းက တက်စ်ဆက်က ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ ဒေသခံ လူငယ်တွေက ဆံပင်ဒီဇိုင်း ပုံဖော်ပေးဖို့ သူ့ကို ပြောလာကြရင်းနဲ့ အခုလို စလုပ်ဖြစ်သွားတာပါ။ ''အစတုန်းက ရိုးရိုးရှင်းရှင်း ဒီဇိုင်းတွေပဲ ပုံဖော်ပေးတာပါ။ နောက်တော့ သူတို့တွေက ကျွန်တော့်ဆီကို ဓာတ်ပုံတွေ ယူလာပြီး အဲဒီပုံထဲကအတိုင်း သူတို့ဆံပင်ကို ပုံဖော်ပေးဖို့ ပြောကြပါတယ်''လို့ ဖာရယ်က ဆိုပါတယ်။
Yoyarlay
28 Jun 2014
ဘရာဇီးနဲ့ ကိုလံဘီယာတို့ ကွာတားဖိုင်နယ်တက်
၂၀၁၄ ကမ္ဘာ့ဖလား ဒုတိယအဆင့် ရှုံးထွက်ပွဲတွေမှာ အိမ်ရှင်ဘရာဇီးက ချီလီကို ပယ်နယ်တီနဲ့ နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။ စနေနေ့က Belo Horizonte မှာ ကစားခဲ့ကြတာမှာ အချိန်ပိုပြီးတဲ့အထိ ၁ ဂိုးစီ သရေဖြစ်နေတာကြောင့် ပယ်နယ်တီကန်တာမှာ ဘရာဇီးက ၃ ဂိုး ၂ ဂိုး နဲ့ အနိုင်ရသွားတာပါ။
(ACT – NAT SOUND) ဘရာဇီးအတွက် ပထမဂိုးကို ၁၈ မိနစ်မှာ David Luiz အနီးကပ်ပိတ်သွင်းပြီး ဘရာဇီးဦးဆောင်ခဲ့ပေမယ့် ၃၂ မိနစ်မှာ ဘရာဇီးနောက်တန်း အမှားကနေတဆင့် Alexis Sanchez က ချေပဂိုးသွင်းသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘရာဇီးရှေ့တန်းလူ Hulk တဂိုးသွင်းခဲ့ပေမယ့် လက်ထိတယ်ဆိုပြီး ဂိုးမပေးတဲ့အတွက် အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီး မိနစ် ၁၂၀ မှာ ချီလီဘက်က ကန်သွင်းတာ ဘားတိုင်ထိသွားလို့ ဘရာဇီးကံကောင်းသွားခဲ့ပါတယ်။
ပယ်နယ်တီမှာတော့ ၄ လုံးစီပြီးတဲ့အထိ  တဘက် ၂ ဂိုးစီသရေဖြစ်နေခဲ့ပြီး ၅လုံးမြောက်မှာတော့ ဘရာဇီးက ဂိုးဝင်ပြီး  ချီလီက တိုင်ထိထွက်သွားတဲ့အတွက် နောက်ဆုံးမှာ အိမ်ရှင်ဘရာဇီးက ၃ ဂိုး ၂ ဂိုး နဲ့ ကွာတားဖိုင်နယ်ကို တက်သွားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးနည်းပြ စကိုလာရီကတော့ ပြိုင်ဘက်တွေကို သူတို့ဘက်က အကောင်းဆုံးတုံ့ပြန်ဆက်ဆံပေမယ့် ဒီပွဲမှာ ချီလီဘက်က ရန်စတာတွေ ရှိတာကြောင့် နောက်ပိုင်းပွဲတွေမှာ သည်းခံမှာမဟုတ်တော့ကြောင်း ဒါ့အပြင် သူတို့ ချန်ပီယံဖြစ်ဖို့ဆိုရင် ဒီထက်ပိုကောင်းဖို့လိုပြီး ကမ္ဘာ့ဖလားရရမယ်လို့ ကတိပေးတဲ့အတွက် ချန်ပီယံခြေစွမ်းပြဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။ ချီလီနည်းပြကတော့ အိမ်ရှင်ဘရာဇီးကို မိနစ် ၁၂၀ လုံးလုံးယှဉ်ကစားပြီး  ပယ်နယ်တီကျမှရှုံးတာဖြစ်တဲ့အတွက် သူ့ကစားသမားတွေအတွက် ဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။
ရီယိုမြို့က မာရာကနာကွင်းမှာကစားတဲ့ ကိုလံဘီယာ နဲ့ ဥရုဂွေးပွဲမှာ ကိုလံဘီယာက ၂ ဂို ၊ ဂိုးမရှိ နဲ့ အနိုင်ရပြီးတော့ ကွာတားဖိုင်နယ်ကို တက်သွားပါတယ်။
ကိုလံဘီယာအတွက် အနိုင်ဂိုးတွေကိုတော့ နံပါတ် ၁၀ ဟာမက်စ် ရိုဒရီဂတ်စ် (James Rodriguez) က ၂၈ မိနစ် နဲ့ မိနစ် ၅၀ တွေမှာ သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမဂိုးဟာ ဒီကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးဂိုးတွေထဲက တဂိုးဖြစ်ပါတယ်။ ဒီပွဲမှာ ၂ ဂိုးသွင်းတာကြောင့် ၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားတာပါ။ ကိုလံဘီယာအတွက်တော့ ဒါဟာ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်ကို တက်တာဖြစ်ပါတယ်။  ဒါကြောင့် လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာတော့ အိမ်ရှင် ဘရာဇီး နဲ့ ကိုလံဘီယာတို့ ကွာတားဖိုင်နယ်မှာ တွေ့ကြမှာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်-ဘယ်လ်ဂျီယံပွဲ ဘီယာကြေးလောင်းရန် ဘယ်လ်ဂျီယံဝန်ကြီးချုပ် အိုဘားမားကိုစိန်ခေါ်
 ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်တွင် အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့ ကစားရမည်ဖြစ် ရာ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အီလီယိုဒီရူပိုက အမေရိကန်သမ္မတ အို ဘားမားအား ဘီယာကြေး အ လောင်းအစားလုပ်ရန် စိန်ခေါ် လိုက်သည်။
အမေရိကန်အနိုင်ရရှိသွား ပါက ဘယ်လ်ဂျီယံ၏ အကောင်း စား ဘီယာများ တိုက်မည်ဟု ဒီရူ ပိုက အိုဘားမားအား ကမ်းလှမ်း ထားသည်။
အုပ်စု(H)တွင် ဘယ်လ်ဂျီယံ က တောင်ကိုရီးယားကို ၁-၀ ဂိုး ဖြင့် အနိုင်ရပြီး အုပ်စု(G)တွင် အ မေရိကန်က ပေါ်တူဂီကိုကျော်၍ အုပ်စုဒုတိယရရှိခဲ့၍ နောက်တစ် ဆင့် တက်လာခဲ့သည်။
‘‘ဘားရက်အိုဘားမား ကျွန် တော်တို့ရဲ့ ဘယ်လ်ဂျီယံသရဲနီ တွေ ကွာတားဖိုင်နယ် တက်သွား မယ်ဆိုတာ အကောင်းစား ဘယ်လ်ဂျီယံဘီယာတွေနဲ့ လောင်း ကြေးထပ်ပါတယ်’’ဟု ဒီရူပိုက လူမှုဝက်ဘ်ဆိုက် တွစ်တာမှတစ် ဆင့် စိန်ခေါ်ခဲ့သည်။
အမေရိကန်သမ္မတကမူ စိန် ခေါ်မှုကို မတုံ့ပြန်ရသေးပေ။
—Ref: Reuters
7day daily