
Android ဖုန်းများ၏ ဘုရင်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး ကမ္ဘာတစ်ဝန်း၌ မျှော်လင့်ခြင်းကြီးစွာ စောင့်ဆိုင်းနေခဲ့ရသည် Samsung Galaxy Nexus ဟာ ယနေ့မှာတော့ ဈေးကွက်တွင်း တရားဝင်ရောက်ရှိလာခဲ့ပါပြီ။
အဖြူရောင်ဘူးခွံအား ဖွင့်လိုက်မယ်ဆိုရင် လှပသေသပ်ပြီး အရွယ်အစားကြီးမားသည့် Galaxy Nexus ကို ရှာဖွေတွေ့ရှိမည်ဖြစ် ပါသည်။ မျက်နှာပြင် အရွယ်အားဖြင့် ကြီးမားသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းအောင် သေးသွယ်ပေါ့ပါးလှသည်ကိုလည်း သတိထားမိမည် ဖြစ်ပါသည်။ ဖုန်းကိုယ်ထည်၏ ပုံစံဒီဇိုင်းမှာတော့ Samsung ၏ မူပိုင်အတိုင်း ခိုင်ခံသော်လည်း ပလတ်စတစ် သားဖြင့် ပြုလုပ်ထားသည့် ကိုယ်ထည်ပင် ဖြစ်ပါသည်။ ဒီဇိုင်းပုံစံမှာ အမှတ်မထင်ကြည့်လျှင် Galaxy ညီအစ်ကိုများဖြစ်သည့် Galaxy S II ဖုန်းများနှင့် ထင်မှတ်မှားလောက်ပါသည်။

နည်းပညာပိုင်းတွင်လည်း Galaxy Nexus သည် ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းဖုန်းတစ်လုံးဟု ကောက်ချက်ချနိုင်မည်ဖြစ်သည်။ ထိုနည်းတူ CDMA နှင့် HSPA+ (4G) ရေဒီယိုအင်တာနာ ၂ မျိုးစလုံး ပါရှိသည့် ပထမဦးဆုံးသော ဖုန်းလည်းဖြစ်ပါသည်။ ထို့အတွက်ကြောင့် ကမ္ဘာတစ်ဝန်း မည့်သည့်နိုင်ငံတွင်မဆို ကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်မည့် unlocked ဖုန်းအစစ်ပင်ဖြစ်ပါသည်။
အသစ်စက်စက် Galaxy Nexus အား setup ပြုလုပ်ရသည်မှာ ရိုးရှင်းလွယ်ကူပြီး Google account ရှိရုံဖြင့် ဖုန်းတစ်ခုလုံးအား ထိန်းချုပ်နိုင်မည်ဖြစ်သည်။ Login လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် လိုအပ်သည့် App များကို စတင် download လုပ်ကာ ထည့် သွင်းပေးသလို Google + အား အသုံးပြုလိုခြင်း ရှိမရှိကိုလည်း မေးမြန်းခဲ့သည်။ ၄.၆၅ လက်မရှိ ကြီးမားလှသည့် မျက်နှာပြင်သည် ၁၂၈၀ x ၇၂၀ pixel ရှိပြီး ထည်ဝါခန့်ညားလှပေသည်။

OS အသစ်ဖြစ်သော Android 4.0 Ice-cream sandwich သည်လည်း feature အသစ်ပေါင်းများစွာ ပါဝင်လာကြောင်း တွေ့ရှိရ မည်ဖြစ်သည်။ User interface ဒီဇိုင်းမှာ ယခင် Android ဗားရှင်းများ မည်သို့မျှယှဉ်၍မရနိုင်အောင် သာလွန်ကောင်မွန်ပြီး အသုံးပြု ရလွယ်ကူပါသည်။ Android 3.0 Honeycomb ၏ အဓိက feature တစ်ခုဖြစ်သည့် နောက်ဆုံးအသုံးပြုခဲ့သော app list အား ယခုအခါတွင် မူရင်းရှိပြီးသား task manager နှင့် ပေါင်းစည်းလိုက်သည်။ ဖုန်းအား lock လုပ်ထားစဉ် ကင်မရာအား အသုံးပြု၍ ရခြင်းမှာလည်း ထူးခြားမှုတစ်ခုပင် ဖြစ်သည်။
Passcode ထည့်စရာမလိုဘဲ မျက်နှာအမှတ်အသားဖြင့် (Face unlock) ဖုန်းအား unlock ပြုလုပ်နိုင်မည်ဖြစ်သလို အခြားနည်း ပညာသစ် တစ်ခုဖြစ်သည့် နီးကပ်ဖလှယ်နည်းပညာ (Near Field Communication - NFC) လည်း ပါရှိသည်။

Galaxy Nexus ၏ တစ်ခုတည်းသော လိုအပ်ချက်မှာ ကင်မရာပင်ဖြစ်သည်။ လက်တလောကာလထုတ် အဆင့်မြင့်ဖုန်းများ အားလုံးတွင် 8MP ကင်မရာတပ်ဆင်သည်မှာ standard တစ်ခုပင်ဖြစ်နေသည့် အချိန်တွင် မည်သည့်အတွက်ကြောင့် Samsung အနေဖြင့် ယင်းတို့၏ အဓိကဖုန်းအား 5MP သာရှိသည့် ကင်မရာတပ်ဆင်ပေးခဲ့သည်မှာ စဉ်းစားစရာပင်ဖြစ်သည်။ ပဏာမ စမ်းသပ် ချက်များအရ Google Nexus ၏ ကင်မရာသည် အလင်းရောင်မကောင်းသော နေရာများတွင် ဓာတ်ပုံရိုက်ပါက ပုံထွက် မကောင်းကြောင်း တွေ့ရှိရသည်။



---
Photo Credit: Engaget. All Rights Reserved.
ref:SHWELONE
0 comments:
Post a Comment