“ငါက သာမန်လူမဟုတ်ဘူး“
ဘ၀ခရီးသည် အပြေးပြိုင်ပွဲကြီးတစ်ခုနှင့်တူလေသည်။ ပွဲအစတွင်အားလုံးဝင် ပြေးကြသည်။ ခရီးတစ်ဝက် ခန့်တွင်မူ အချို့သည် ဘေးထွက်ထိုင်သွားကြသည်။ ထို့နောက် ပါဝင်သူ တစ်စတစ်စ လျှော့နည်းလာ သည်။ နောက်ဆုံးတွင် တစ်ချို့က ချန်ပီယံဖြစ်သည်။ တစ်ချို့က ဒုတိယ၊ တစ်ချို့က တတိယ တစ်ချို့က နှစ်သိမ့်ဆု တစ်ချို့က ဇွဲဆု စသည်ဖြင့်ရကြသည်။ အတော်များများသည်ကား “သူလည်းပဲ ၀င်ပြေးတာ ကိုး“ ဟူ၍သာ မှတ်ချက်ချခံရလေသည်။

….
စာရေးဆရာကြီးတစ်ဦး ဆိုထားခြင်းဖြစ်ပါသည်။ ထိုစာရေးဆရာကြီးဆိုခဲ့သလို ကျွန်တော်တို့အားလုံးသည် ဘ၀အရီးကို အတူတူ စခဲ့ကြခြင်းဟုဆိုနိုင်ပါသည်။ သို့သော်လူတစ်ဦးနှင့် တစ်ဦး ကံ၊ဥာဏ်၊၀ိရိယ တော့ မတူကြချေ။ အချို့က Nike အပြေးဖိနပ် အကောင်းစားနှင့် စပြေးနိုင်ခဲ့သလို အချို့က ရိုးရိုး ကင်းဘတ်ဖိနပ် သာစီးနိုင်လေသည်။ အချို့က မပြေးခင် အားဖြည့် အချိုရည်များ သောက်သုံးနိုင်လေသည်။ စသဖြင့်တော့ ကွဲပြားကြလေသည်။ ယျေဘူယျအားဖြင့်သော ထို အစဦးအခြေအနေသည် ပြိုင်ပွဲကို လုံးဝ အဆုံးအဖြတ် ပေးနိုင်ခြင်းမရှိပါ။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ချန်ပီယံဖြစ်ချင်ကြလေသည်။
သို့သော် အမှန်တကယ် ချန်ပီယံဖြစ်သူများသည် လူအုပ်ကြီးထဲတွင် လူနည်းစုသာ ဖြစ်လေသည်။
လူငယ်တော်တော်များများသည် မိမိကိုယ်မိမိ အထင်ကြီးတတ်ကြလေသည်။ “ငါက သာမန်လူမဟုတ်ဘူး“ ဟု သူများထက်သာသည့်သူ သူများထက်ကောင်းသည့်သူ ဟု ထင်တတ်ကြလေသည်။
သို့သော်လည်း တော်တော်များများသည် လူထဲက
လူတစ်ယောက်သာဖြစ်လေသည်။ နောက်ဆုံးတစ်ဖြည်းဖြည်းမှ မိမိလည်း
သာမာန်လူတစ်ယောက် ပါလားဟု သဘောပေါက် လာကြလေသည်။ “အော် သူလည်းပဲ
ဝင်ပြေးတာကိုး“ ဟုသော မှတ်ချက်ဖြင့်သာ ကျေနပ်ရ လေသည်။
ချန်ပီယံဖြစ်ချင်လျှင်မူ သာမာန်အားထုတ်မှု့မျိုးဖြင့်တော့ မရပါ။ ကံ၊ဥာဏ်၊၀ိရိယ သူများထက်သာရပါမည်။
မိုးတိမ်ညို
ဖေဖ၀ါရီ၊၂၀၀၉။
ဖေဖ၀ါရီ၊၂၀၀၉။
0 comments:
Post a Comment