20 Dec 2014

မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေ ၃ သန်းရှိလာ


ကမ္ဘာ့လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ကို မြန်မာနိုင်ငံမှ အသုံးပြုသူဦးရေသည် ၃ သန်း ပြည့်ခဲ့ကြောင်း ပြည်တွင်းအခြေစိုက် အိုင်စီတီ ကုမ္ပဏီတစ်ခုဖြစ်သည့် Amara Digital Marketing Agency မှ သိရသည်။


မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူဦးရေသည် ၂၀၁၃ ခုနှစ် သြဂုတ်လက တစ်သန်းသာ ရှိခဲ့ရာမှ တစ်နှစ်အတွင်း သုံးဆ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းရှိ Facebook သုံးစွဲသူ ၃ သန်းအနက် ၂.၈ သန်းသည် မိုဘိုင်းထုတ်ကုန်များပေါ်မှတစ်ဆင့် အသုံးပြုကြခြင်းဖြစ်ပြီး ကျန်အရေအတွက်မှာ ကွန်ပျူတာဖြင့် အသုံးပြုကြသူများ ဖြစ်သည်။ မိုဘိုင်းထုတ်ကုန် ၂.၈ သန်းအနက် Android ဖုန်းများမှတစ်ဆင့် အသုံးပြုသူ ဦးရေမှာ ၂.၆ သန်းရှိသည်။


Facebook သုံးစွဲသူ ၃ သန်းအနက် ၁.၈၆ သန်း (၆၂ ရာခိုင်နှုန်း) မှာ အမျိုးသားများဖြစ်ပြီး ၁.၀၈ သန်း (၃၆ ရာခိုင်နှုန်း) မှာ အမျိုးသမီးများဖြစ်သည်။ ကျန် ၂ ရာခိုင်နှုန်းမှာ နှစ်သက်ရာ လိင်အမျိုးအစားကို ရွေးချယ်ပြီး အသုံးပြုကြသူများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ Facebook သုံးစွဲသူ ပမာဏသည် မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်တက်လာပြီးနောက် တိုးတက်လာခဲ့ခြင်းဖြစ်သည်။


ပြည်တွင်းမှ Facebook သုံးစွဲသူများအနက် အသက် ၂၀ မှ ၃၀ နှစ်ကြား သုံးစွဲသူဦးရေမှာ အများဆုံးဖြစ်ပြီး စုစုပေါင်း သုံးစွဲသူ အရေအတွက်၏ ၅၇ ရာခိုင်နှုန်းရှိသည်။ အသက် ၁၈ နှစ်အောက် အသုံးပြုသူဦးရေမှာ ၃၈၀,၀၀၀ ရှိသော်လည်း အသက် ၅၀ မှ ၆၅ နှစ်ကြား သုံးစွဲသူဦးရေမှာ အနည်းဆုံးဖြစ်ပြီး အသုံးပြုသူ ၈၈,၀၀၀ သာ ရှိသည်ဟု အထက်ပါ အေဂျင်စီမှ သိရသည်။


ယခုကဲ့သို့ မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူအရေအတွက် တစ်နှစ်ကျော်အတွင်း သုံးဆ မြင့်တက်လာခြင်း နှင့် ပတ်သက်၍ Amara Digital Marketing Agency မှ အမှုဆောင်အရာရှိချုပ် ဒေါ်ချမ်းမြေ့ခိုင်က
“စီးပွားရေးလုပ်ငန်းတွေ အတွက်တော့ Facebook မှာ သုံးစွဲမှုများလာတာဟာ အရောင်းမြှင့်တင်ရေး နယ်ပယ်တစ်ခု တိုးလာတာပါပဲ။ ပြည်တွင်းက လူတွေရဲ့ အကြိုက်ကို နားလည်ပြီး Social Media ကို ထိထိရောက်ရောက် သုံးနိုင်တဲ့ စီးပွားရေးလုပ်ငန်းက ပြိုင်ဘက်တွေထက် တစ်ပန်းသာပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။

အင်တာနက်ဂျာနယ်

0 comments:

Post a Comment