14 Jan 2015

မလေးရှားမှာ မြန်မာတွေ အသတ်ခံရမှု သံသယရှိသူ ကိုးဦးကို တရားစွဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသားလို့ဆိုသူ ကိုးဦးကို လူသတ်မှုနဲ့ ဇန်နဝါရီလ ၁၄ရက်နေ့တွင် တရားစွဲဆိုလိုက်တယ်လို့ မလေးရှား သတင်းဌာနတစ်ခုဖြစ်တဲ့ The Star Online သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ 

ဘီလေ မိုဟာမက် ဂူလမ်၊ မိုဟာမက် ရာဖေး၊ ဟဘီဘူလရ်၊ မိုဟာမက် ရဖိ ရှဖိုင်း၊ ယဆင့်၊ ဟူဆင့် ဆယလေး၊ စိုးမောင်မောင်၊ အလီနှင့် ဟဖိုက် အမတ်ဆိုသူတို့ကို မျိုးအောင်ဆိုသူနဲ့ အခြား မြန်မာနိုင်ငံတစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က အသတ်ခံမှုနဲ့ တရားစွဲဆိုခံရတယ်လို့ မလေးရှားသတင်းမှာ ဖော်ပြပါတယ်။

မိုဟာမက် ရာဖေး၊ ဘီလေ မိုဟာမက် ဂူလမ်နဲ့ ဟဖိုက် အမတ် ဆိုသူတွေကို မြန်မာနိုင်ငံသား သုံးကို သတ်ခဲ့တယ်ဆိုပြီး နောက်ထပ် လူသတ်မှုနှစ်ခုနဲ့ ထပ်မံ တရားစွဲဆိုခဲ့တယ်လို့ The Star Online သတင်းမှာ ဖော်ပြပါတယ်။ 

အဲဒီ လူသတ်မှုနှစ်ခုအနက် တစ်ခုမှာ ထူးအောင်ဆိုသူကို Taman Impian Ria, Machang Bubok ရှေ့မှာ အောက်တိုဘာလ ၁၅ရက်နေ့က သတ်ခဲ့တာဖြစ်ပြီး ဒုတိယ တစ်ခုမှာ ကျော်တင်လှနဲ့ ထွန်းရင်မောင် တို့ကို Machang Bubok မှာရှိတဲ့ Kampung Manggis ဆီအုန်းခြံမှာ စက်တင်ဘာလ ၁၄ ရက်နေ့က သတ်ဖြတ်ခဲ့တာလို့ မလေးရှား သတင်းတွေမှာ ဖော်ပြပါတယ်။ 

သူတို့ကို ပုဒ်မ ၁၄၉နှင့် ပုဒ်မ ၃၀၂တို့အရ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီပုဒ်မှုအရ ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရမယ်လို့ The Star Online သတင်းမှာဖော်ပြပါတယ်။ 
သူတို့ကို ဇန်နဝါရီလ ၃၀ရက်နေ့ကို တရားရုံးချိန်း ချိန်းဆိုလိုက်ပြီး တရားစွဲဆိုခံရသူတွေ ဘက်က တစ်စုံတစ်ရာ ခုခံချေပမှု မရှိဘူးလို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။ 

ပီနန်းပြည်နယ်မှာ ၂၀၁၄ခုနှစ်အတွင်း လူသတ်မှု ၅၂မှု ဖြစ်ပွားခဲ့ပြီး မလေးရှားနိုင်ငံသား ၁၈ဦး၊ မြန်မာ ၁၈ဦး၊ အခြား အမည်မသိသူ ၁၁ဦး ရှိခဲ့တယ်လို့ The Star Online သတင်းမှာဖော်ပြပါတယ်။

(Photo - The Star Online)

by the voice weekly

0 comments:

Post a Comment