14 Jan 2015

Facebook က မဖွယ်မရာ ရုပ်သံဖိုင် နှင့် ဓာတ်ပုံများကို ကန့်သတ်တားမြစ်မည်

အကြမ်းဖက် သမားများက ရဲအရာရှိ Ahmed Merabet ကို ပစ်သတ်နေပုံ ရုပ်သံဖိုင်ကို ဆက်လက် တင်မရ၊ ပြမရ၊ ကြည့်မရအောင် လုပ်ဆောင်ထားမည်



ဝါရှင်တန် ၊ ၁၅-၁-၂၀၁၅
 

ကမ္ဘာပေါ်တွင် လူသုံး အများဆုံး လူမှုကွန်ရက် အင်တာနက် စာမျက်နှာအဖြစ် ရပ်တည်နေဆဲ ဖြစ်သည့် Facebook က User များအနေဖြင့် ရုန့်ရင်း ကြမ်းတမ်းပြီး မဖွယ်မရာ ပြကွင်းပြကွက် နှင့် ပုံရိပ်များ ပါဝင်သော ရုပ်သံနှင့် ဓာတ်ပုံများ ကို တင်ထားခွင့် မပြုတော့ဘဲ ကန့်သတ်တားမြစ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 

Facebook ၏ တားမြစ် ကန့်သတ်ချက် နှင့် ငြိစွန်းသည့် ရုပ်သံ၊ ရုပ်ပုံတက်လာလျှင် အထိတ်တလန့် ဖြစ်စေနိုင်သော ဟု အဓိပ္ပာယ် ရသည့် Shock ကို လည်းကောင်း၊ အရှက်ရ စေသောဟု အဓိပ္ပာယ် ရသည့် Offend ကို လည်းကောင်း၊ စိတ် အနှောင့်အယှက် ဖြစ်စေသောဟု အဓိပ္ပာယ် ရသည့် Upset ကို လည်းကောင်း ကွန်ပျူတာနှင့် ဖုန်းစကရင် များတွင် စာတန်းပြေး လေးဖြင့် တောက်လျှောက် ထိုးပြ သတိပေး နေမည်ဖြစ်ပြီး အဆိုပါ ရုပ်သံနှင့် ရုပ်ပုံများ ကိုလည်း အလိုအလျောက် ပွင့်လာစေမည် မဟုတ်တော့ဘဲ ကြည့်ရှု လိုသူက ကလစ်ခေါက် မှသာ ပွင့်လာ တော့မည်ဖြစ်သည်။

ထို့ပြင် Facebook သည် အသက် ၁၈ နှစ်အောက် User များထံ၌ အဆိုပါ မဖွယ်မရာ ရုပ်သံ၊ ရုပ်ပုံနှင့် အခြား ဂရပ်ဖစ်ပုံရိပ်များ မပွင့်အောင် ပိတ်ပင် ထားမည် ဖြစ်သည်။

 

'' Facebook ကို အသုံးပြုလို့ အန္တရာယ်နဲ့ ကြုံတွေ့ရတယ် ဆိုတာမျိုး မဖြစ်စေချင်လို့ အခုလို စတင် ကန့်သတ်ရတာ ဖြစ်ပါတယ်။ ငယ်ရွယ်နုနယ် အသိမကြွယ် သေးတဲ့ ကလေးငယ် တွေဟာ Facebook ကို အသုံးပြုပြီး အမဲလိုက် နေတဲ့ မနုဿမုဆိုး တွေရဲ့သားကောင် အချိန်မရွေး ဖြစ်သွား နိုင်ပါတယ်။ ဒါကို ထိရောက်စွာ ဟန့်တားချင်လို့ အခုလို ကန့်သတ် ပိတ်ပင် တားမြစ်ချက် တွေကို အကောင် အထည်ဖော် ဆောင်ရွက် ရတာ ဖြစ်ပါတယ် '' ဟု Facebook မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

 

Facebook သည် ရုန့်ရင်း ကြမ်းတမ်းသော လူသတ်၊ မုဒိမ်းကျင့်၊ လိင်စိတ်နှိုးဆွ ပေးသော ရုပ်သံဖိုင် နှင့် ရုပ်ပုံဖိုင်များကို ထိန်းချုပ်ရာတွင် အားနည်းသည် ဟု နိုင်ငံတကာ၏ ဝေဖန်ပြစ်တင် မှုကို လွန်ခဲ့သော နှစ်ပိုင်းကပင် စတင်ခံစား ခဲ့ရသည့် အတွက် ယခုဖော်ပြပါ အတိုင်း စတင် အရေးယူ ဆောင်ရွက်ခြင်း လည်း ဖြစ်နိုင်ကြောင်း လေ့လာ စောင့်ကြည့်သူ များက သုံးသပ် ထားသည်။

 

ပထမဆုံး အနေဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့ ချာလီဟက်ဗဒို ဂျာနယ်တိုက် အရေးတွင် အကြမ်းဖက် သမားများက ရဲအရာရှိ Ahmed Merabet ကို ပစ်သတ်နေပုံ ရုပ်သံဖိုင်ကို ဆက်လက် တင်မရ၊ ပြမရ၊ ကြည့်မရအောင် ပိတ်ချ ထားတော့မည် ဖြစ်ကြောင်း သိရသည်။

 

#PyiChitThar 



0 comments:

Post a Comment