29 Jan 2015



MPT အမှတ်တံဆိပ် ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများ ဖြစ်ပေါ်လာပါက ဆင်းမ်ကတ် အသုံးပြုသူများ အနေဖြင့် ၎င်းတို့နှင့် နီးစပ်ရာ ဆက်သွယ်ရေး ရုံးများတွင် ပြန်လည် လျှောက် ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။


ထိုကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝယ်ယူထားသော ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် မည်သည့် နေရာဒေသတွင်မဆို ပြန်လည်လျှောက်ထားနိုင်သည် ဆိုရာတွင် ယခင်က တန်ဖိုးကြီး ဆင်းမ်ကတ်များပါ ပါဝင်ပြီး ပြန်လည် လျှောက်ထားခသည်လည်း ကျပ် ၁,၅၀၀ သာ ကျသင့်မည် ဖြစ်သည်။ သို့သော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ နည်းပညာ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများအတွက်မူ ပြန်လည်လျှောက်ထားခ ပေးချေရမည်မဟုတ်ကြောင်း သိရသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရောင်းချထားသော ဆင်းမ်ကတ် ပျောက်ဆုံး၊ ပျက်စီးမှုများအတွက် ယခင်က ရန်ကုန်တိုင်းဒေသကြီးရှိ အလုံမြို့နယ် ဆက်သွယ်ရေးရုံးနှင့် ရွှေဂုံတိုင် ဆက်သွယ်ရေးရုံးတို့တွင်သာ ပြန်လည်လျှောက်ထားခြင်းကိစ္စကို ဆောင်ရွက်ခဲ့ကြ ရကြောင်း သိရသည်။
“အခုဆိုရင် ကိုယ်ရောက်နေတဲ့ ဘယ်နေရာဒေသမှာဖြစ်ဖြစ် ဆင်းမ်ကတ်တွေ ပျောက်ဆုံး၊ ပျက်စီးမှုအတွက် အမြန်ဆုံး ပြန်လည်လျှောက်ထားလို့ ရပါပြီ။ ခရီးလွန်နေရင်းနဲ့ ဆင်းမ်ကတ်တွေ ပျောက်ဆုံးတာဖြစ်ဖြစ်၊ ပျက်စီးတာဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့ မြို့နယ်က အနီးစပ်ဆုံး ဆက်သွယ်ရေးရုံးမှာ လျှောက်နိုင်ပါပြီ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ထိုကဲ့သို့ ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းအတွက် နေရာဒေသမရွေး ပြန်လည်လျှောက်ထားနိုင်မည့်အပြင် အချိန်တိုအတွင်း အမြန်ဆုံး ပြန်လည် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။


ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားသည့်အခါ အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်ခန့် စောင့်ဆိုင်းရပြီး ကျပ် ၂ သောင်းမှ ကျပ် ၅ သောင်းခန့် ကုန်ကျခဲ့ရကြောင်း MPT ဆင်းမ်ကတ် အသုံးပြုသူအချို့ထံမှ သိရသည်။


 http://internetjournal.media/new/1357


0 comments:

Post a Comment