အူရီးဒူးကြော်ငြာဘုတ်ရှေ့တွင် ဖုန်းပြောနေသူတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ) နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ
မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းက နည်းပညာအသစ်များကို
သယ်ဆောင်လာရုံသာမကဘဲ လုပ်ငန်းကျွမ်းကျင်မှုများ၊
အလုပ်အကိုင်အခွင့်အလမ်းသစ်နှင့် တိုင်းပြည်စီးပွားရေးကို
အသွင်ပြောင်းလဲလာအောင် ကူညီပေး နိုင်သည့် အလားအလာများကိုပါ သယ်ဆောင်လာသည်။
ဆယ်စုနှစ်များစွာ
မလှုပ်မရှားနေခဲ့ပြီးနောက် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍ၏ တိုးတက်မှုများကို
မြန်မာနိုင်ငံ၌ စတင်တွေ့မြင်လာရပါပြီ။
နိုင်ငံတကာစီးပွားရေးလုပ်ငန်းကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများက
ကျွမ်းကျင်မှုရှိသည့် မြန်မာအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးနေသည်။ အထူးသဖြင့် ပြည်ပတွင်
အလုပ်အကိုင်အတွေ့အကြုံရှိထားသူများအတွက်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီးနောက်
လုပ်ငန်းလိုင်စင်ရရှိသော နော်ဝေးမှ တယ်လီနောကုမ္ပဏီ နှင့် ကာတာနိုင်ငံမှ
အူရီးဒူး ကုမ္ပဏီတို့က အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖြည့်ဆည်းပေးမည်ဟု
ကတိပေးခဲ့သည်။ ထိုကုမ္ပဏီများရောက်ရှိလာမှုက လူအများကို
စိတ်ဓာတ်တက်ကြွလာစေသည်။
ကုမ္ပဏီနှစ်ခုလုံးက လတ်တလောတွင်
ပြည်တွင်းဝန်ထမ်းများစွာကို ငှားရမ်းနေသည်။ ဆက်သွယ်ရေးလုပ်ငန်း
အနာဂတ်တိုးတက်လာမှုကို ပံ့ပိုးသည့်အနေဖြင့် အခြားဆက်သွယ်ရေးလုပ်ငန်းခွဲများ
တည်ထောင်နေကြသည်။
ကမ္ဘာ့အကြီးအဆုံးဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု
ထောက်ပံ့ရေးလုပ်ငန်းတစ်ခုဖြစ်သည့် အဲရစ်ဆင် (Ericsson)၏ ခန့်မှန်းချက်အရ
မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းက မြန်မာ နိုင်ငံတွင် ဝန်ထမ်း ၆၆,၀၀၀ အား
အချိန်ပြည့်အလုပ်များပေးနိုင်လိမ့်မည်ဟုဆိုသည်။ နောက်ထပ်လည်း
ဆက်စပ်လုပ်ငန်းများချဲ့ ထွင်ရာမှ လူ၂၄,၀၀၀ အား အချိန်ပြည့်အလုပ်များ
ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။
ယခုကဲ့သို့
လုပ်ဆောင်မှုအသစ်များကြောင့် ဆက်သွယ်ရေးလုပ်ငန်းသည် တိုင်းပြည်၏
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် ထိပ်တန်းဖြစ်လာသည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ပြောကြားချက်အရ စုစုပေါင်း
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၂၀ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။
ကမ္ဘာကြီးသို့ မြန်မာက စီးပွားရေးတံခါးဖွင့်လှစ်ပြီး
လေးနှစ်အကြာတွင် တိုင်းပြည်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည်
လာမည့်နှစ်တွင် ကန်ဒေါ်လာ ၄ ဘီလီယံနီးပါးရှိလာမည်ဟု
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
(၁၅)နှစ်ကြာ
ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသည့် တယ်လီနောက လာမည့်
ငါးနှစ်အတွင်း တိုင်းပြည်လူဦးရေ ၉၀ ရာခိုင်နှုန်းအတွက်
မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက် လုပ်ဆောင်ပေးမည်ဟု ကြေညာထားသည်။
အူရီးဒူးကမူ 3G ကွန်ရက်ကို စတင် တည်ဆောက်နေပြီဖြစ်သည်။
နောက်ထပ်ကုမ္ပဏီများကလည်း
ဆက်သွယ်ရေးကုမ္ပဏီကြီးများကို အထောက်အကူပြုမည့် တာဝါဖိုင်ဘာဆက်ကြောင်းနှင့်
အခြားအခြေခံဖွံ့ဖြိုးမှုအဆောက်အအုံလိုအပ်ချက်များကို ပံ့ပိုးရန်
မြန်မာနိုင်ငံသို့ ဝင်ရောက်လာကြမည်ဟု မြန်မာ့ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်က မျှော်လင့်ထားသည်။
ပြီးခဲ့သည့်အပတ်က
ဆွီဒင်နိုင်ငံအခြေစိုက် Ericsson ကုမ္ပဏီက တယ်လီနောကုမ္ပဏီ၏
ဆက်သွယ်ရေးကွန်ရက်အတွက် 2G နှင့် 3G ဆက်သွယ်ရေးကိရိယာပစ္စည်းများ
ထောက်ပံ့ပေးသွားမည့် သဘောတူညီချက်ကို ကြေညာလိုက်သည်။
‘‘တယ်လီနောမြန်မာဆက်သွယ်ရေးကွန်ရက်ကို
တိုးတက်လာအောင် ပံ့ပိုးဖို့အတွက် Ericsson ကို ကျွန်တော်တို့နဲ့
လက်တွဲလုပ်ကိုင်သူအဖြစ် ထည့်သွင်းလိုက်ရတဲ့အတွက် ကျေနပ်ဂုဏ်ယူပါတယ်’’ဟု
တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ်ပီတာဖာဘက်က ပြောကြားသည်။
အဆိုပါကွန်ရက်ကိုပြင်ဆင်သည့်အနေဖြင့်
ပြည်တွင်းဝန်ထမ်း လုပ်သားငှားရမ်းခြင်းကို လာမည့် လအနည်းငယ်တွင်
ဆောင်ရွက်မည်ဖြစ်ပြီး ဝန်ထမ်းအချို့ကို နိုင်ငံခြားတွင်
ကြိုတင်သင်တန်းပေးနေပြီဟု အဲရစ်ဆင်က ပြောကြားသည်။
Ericsson
မြန်မာမှ မန်နေဂျာဂျန်ဝါဆင်နစ်က ‘‘တယ်လီနောကနေ မြန်မာနိုင်ငံသားတွေကို
အကောင်းဆုံးမိုဘိုင်းဖုန်းစနစ်ကိုပေးနိုင်အောင်လို့ ကျွန်တော်တို့က
အင်အားကောင်းတဲ့ အဓိကအခြေခံလိုအပ်တာတွေကို ဖန်တီးပံ့ပိုးပေးနိုင်ပါတယ်။
ဒါတွေကနေ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ နိုင်ငံသားတွေရဲ့ဘဝအတွက်
ကောင်းတဲ့အလားအလာတွေ အများအပြားရရှိလာမယ်လို့ မျှော်လင့်ပါတယ်’’ဟု ဆိုသည်။
၂၀၁၂
ခုနှစ်တွင် Ericsson မိုဘိုင်းဖုန်းဆက်သွယ်ရေးကဏ္ဍက မြန်မာနိုင်ငံ၏
စီးပွားရေးအပေါ် သက်ရောက်မှုရှိလာနိုင်မည့် အလားအလာနှင့်ပတ်သက်ပြီး
လေ့လာမှုတစ်ခုလုပ်ခဲ့သည်။ ထိုလေ့လာချက်အရ ဆက်သွယ်ရေးလိုင်စင်ခွင့်ပြုပြီး
ပထမသုံးနှစ်မှာ မိုဘိုင်းဖုန်းဆက်သွယ်ရေးကဏ္ဍက တိုင်းပြည်၏
ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဂျီဒီပီကို ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၉
ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိလာမည်ဟု ဆိုသည်။
ပြီးခဲ့သည့်
မတ်လတွင် Ericsson က နိုင်ငံတကာအတွေ့ အကြုံရှိသူများအပေါ် အလေး ထားပြီး
ပြည်တွင်းအလုပ်လျှောက် လွှာများခေါ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်လယ်မှစပြီး
စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံများတွင် အလုပ်လုပ်နေသည့်
မြန်မာနိုင်ငံသားများ မြန်မာပြည်သို့ ပြန်လာကြသည်။
နိုင်ငံခြားကုမ္ပဏီများထံမှ အလုပ် အကိုင်အခွင့်အရေးသစ်များကို
ရှာဖွေလာကြသည်။
ဩစတြေးလျနိုင်ငံတွင် လျှပ်စစ်အင်ဂျင်နီယာအဖြစ်
အလုပ်လုပ်နေသူကို အေးချမ်းမိုးက တယ်လီနော (သို့မဟုတ်) အူရီးဒူးတွင်
အလုပ်အကိုင်ရရန် မျှော်လင့်ချက်ဖြင့် ဧပြီလကုန်တွင်
မြန်မာနိုင်ငံသို့ပြန်ရန် ပြင်ဆင်နေသည်။
‘‘မြန်မာပြည်ကို
ပြန်ဖို့ပြင်ဆင်နေတော့ တယ်လီနောနဲ့ အူရီးဒူးနှစ်ခုစလုံးမှာ
ကျွန်တော်အလုပ်လျှောက်နေတယ်။ ကျွန်တော်တို့လို
နိုင်ငံခြားအတွေ့အကြုံရှိတဲ့သူတွေအတွက် ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာမှာတော့
နိုင်ငံခြားသားနဲ့ ပြည်တွင်းအလုပ်သမားရဲ့ လစာနဲ့အခွင့်အရေးက အခုထိ
ခြားနားနေတုန်းပါပဲ။ နိုင်ငံခြား အလုပ်သမားကို ဒေါ်လာနှစ်ထောင်ပေးရင်
မြန်မာအလုပ်သမားကို အနည်းဆုံး ၁,၅၀၀ တော့ ပေးသင့်တာပေါ့။ ဒါပေမဲ့
ကျွန်တော်ကြားသလောက်တော့ အလုပ်လုပ်ရတာ အတူတူပေမယ့် နိုင်ငံခြားသားနဲ့
လစာအခွင့်အရေးက လုံးဝကွာခြားတယ်’’ဟု ၎င်းကဆိုသည်။
လစာငွေကွာခြားမှုအပြင် အလုပ်ရှင်များကလည်း ပြည်တွင်းအလုပ်သမားများ၏ စွမ်းဆောင်ရည်ကို ကြိုဆိုအားပေးဖို့လိုသည်ဟု ၎င်းက ပြောကြားသည်။
မခင်ရဲသီလာအေးက
စင်ကာပူနိုင်ငံတွင် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ရာမှာ မြန်မာပြည်တွင်
အူရီးဒူးကုမ္ပဏီ၌ အရောင်းမြှင့်တင်ရေးကျွမ်းကျင်သူအဖြစ်
ဝင်ရောက်လုပ်ကိုင်နေသည်မှာ တစ်လသာရှိပါသေးသည်။ ၎င်းက အူရီးဒူးကုမ္ပဏီတွင်
နိုင်ငံခြားအလုပ်သမားများနှင့် တစ်တန်းတည်းထား ဆက်ဆံခြင်းခံရသည်ဟု
ရှင်းပြသည်။
‘‘ကျွန်မ မြန်မာကိုပြန်လာခဲ့တယ်။ ဘာလို့လဲဆိုတော့
ဒီမှာ အလုပ်အကိုင်တွေအများကြီး ကျွန်မတို့ ကိုစောင့်နေတယ်။ စင်ကာပူလိုပဲ
ကျွန်မကို ကောင်းကောင်း ဒီမှာဆက်ဆံကြတယ်။ ကျွန်မတို့ နောက်
ဆုံးပေါ်နည်းပညာတွေ လေ့လာနိုင်သလို လုပ်ငန်းအတွေ့အကြုံကနေပြီး
ကျွန်မတို့စွမ်းဆောင်ရည် ကို မြှင့်တင်နိုင်တယ်။ အခု ဒီမှာ အလုပ်အကိုင်
အခွင့်အလမ်းတွေအများကြီးက မြန်မာဝန်ထမ်းတွေကို ဆွဲဆောင်နေကြတယ်။
တခြားနိုင်ငံမှာလုပ်ရတာထက် ကိုယ့်ပြည်မှာကိုယ် လုပ်ရတာပိုကောင်းပါတယ်။
ဒါကြောင့် နိုင်ငံခြားက မြန်မာဝန်ထမ်းတွေ အတော်များများပြန်လာဖို့
လုပ်နေကြတယ်’’ဟု ဆိုသည်။
သို့ရာတွင်
နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီများက လုပ် သက်အတွေ့အကြုံရှိပြည်တွင်း
လုပ်သားများအား လစာအဆများ ပိုပေးပြီး ငှားရမ်းကြသည့်အတွက် အစိုးရပိုင်
မြန်မာ့ဆက်သွယ်ရေးအပါအဝင် ပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီများမှာ ပြဿနာများ
ရင်ဆိုင်နေကြရသည်။
မြန်မာ့ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးက
ပြောကြားရာတွင် ၂၀၁၂ ခုနှစ်တွင် အစိုးရက နိုင်ငံခြားကုမ္ပဏီများ
လုပ်ငန်းလိုင်စင် လျှောက်ထားနိုင်သည်ဟု ကြေညာလိုက်သည့်အခါ
အချို့အစိုးရဝန်ထမ်းများက ဒီဂျစ်ဆယ်နှင့် ပြင်သစ်အခြေစိုက်အော်ရိန်ခ်ျ
ကုမ္ပဏီများသို့ အလုပ်ပြောင်းကြသည်။ ထိုကုမ္ပဏီများ
ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်မရခဲ့သောအခါ သူတို့က အူရီးဒူးနှင့်
တယ်လီနောသို့ ထပ်ပြောင်းကြပြန် သည်။
‘‘သူတို့က
ပြည်တွင်းကုမ္ပဏီတွေထက် လစာနှစ်ဆပေးတယ်။ အနည်းဆုံးတစ်လကို ငါးသိန်းကနေစတယ်။
ကျွန်တော်ကြားတာတွေ နိုင်ငံခြားမှာ လုပ်ငန်းအတွေ့ အကြုံရှိသူတွေဆိုရင်
တစ်လကို တစ်ထောင့် ငါးရာတောင်ရကြတယ်လို့ ဆိုတယ်’’ဟု ပြောသည်။
(ဘန်ကောက်ပို့စ်သတင်းစာပါ Myanmar's telecom dividend ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)
7Day Daily