14 May 2014

မျိုးစောင့်ဥပဒေကိစ္စ ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့နှင့် ဆွေးနွေးရန် အရပ်ဖက်အဖွဲ့အစည်း တစ်ရာကျော်က စာပို့လိုက်


မင်းမင်း

ရန်ကုန်၊ မဇ္ဈိမ။ ။ အစိုးရ၏ မျိုးစောင့်ဥပဒေများပြဌာန်းရေး ကြိုးပမ်းမှုကို
အပြင်းအထန်ကန့်ကွက်ထားသည့် အရပ်ဘက်အဖွဲ့အစည်းပေါင်း တစ်ရာကျော်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ နိုင်ငံတော် သံဃာ့မဟာနာယက(မဟန)၊ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်တို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးလိုသည်ဟု မေ ၁၄ရက်တွင် လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည်။

"ဒီနေ့ ပို့ပါပြီ။ အကြောင်းပြန်၊ မပြန်ကိုတော့ စောင့်ကြည့်ရမှာပေါ့။ တစ်ပြိုင်နက်တည်းပို့မှာပါ။ ထုတ်ထားတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ လူချင်းတွေ့ဆုံဆွေးနွေးခွင့်ရချင်ပါတယ်ပေါ့။ လူချင်းတွေ့ဆုံခွင့် ပြုပါလို့ တောင်းထားတာပါ" ဟု တွေ့ခွင့်တောင်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကျားမရေးရာ တန်းတူညီမျှရေး ကွန်ယက်မှ အကြီးတန်းညှိနှိုင်းရေးမှူး ဒေါ်မေစပယ်ဖြူက မဇ္ဈိမကို ပြောသည်။

အရပ်ဘက်အဖွဲ့အစည်းများမှ တွေ့ဆုံရန် တောင်းဆိုထားသည့်
တာဝန်ရှိသူများစာရင်းတွင် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ပြည်ထောင်စုရှေ့နေချုပ်တို့ ပါဝင်သည်။ ထို့ပြင် မျိုးစောင့် ဥပဒေများဖြစ်သည့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ
ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တို့ကို ရေး ဆွဲရန် သမ္မတ တာဝန်ပေးထားသည့် ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်လည်း ပါဝင်သည်။

အရပ်ဖက် အဖွဲ့ အစည်းတို့က လူမှုရေး၊ ဘာသာရေးနှင့်
လူဦးရေတိုးပွားနှုန်းဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲ ခြင်းကို
ကန့်ကွက်ထားပြီးလည်းဖြစ်သည်။ အဆိုပါဥပဒေများသည် ဘာသာရေးကို အခြေခံသော အစွန်းရောက် အမျိုးသားရေးဝါဒသာဖြစ်သည်ဟု ၎င်းတို့က ဝေဖန်ထားသည်။ ထို့ပြင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်ရေးကို အဟန့်အတားဖြစ်စေသကဲ့သို့ အချင်းချင်းအကြားယုံကြည်မှု ပျက်ပြားစေနိုင်သည်ဟု
ဆိုသည်။

ယင်းဥပဒေများသည် အမျိုးသမီးများ၏ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင်နှင့်
မိမိခန္ဓာ မိမိ ထိန်းချုပ်နိုင်ခွင့်တို့ကို ကန့်သတ်ချုပ်ချယ်ပိတ်ပင်ခြင်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ကြေညာထားသည်။ ထိုဥပဒေကြမ်းများရေးဆွဲရန် သံဃာတော်များဦးဆောင်သည့် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)က
သမ္မတထံ တိုက်တွန်းထားခြင်းဖြစ်သည်။

(မဘသ)က ၂၀၁၃ခုနှစ်၊ ဇွန် ၁၂ရက်တွင် ဖြန့်ဝေခဲ့သည့် ဥပဒေမူကြမ်းအရမူ
မြန်မာဗုဒဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည်
တရားဝင်ဗုဒဘာသာဖြစ်ရမည်ဖြစ်သည်။ ဘာသာခြားဖြစ်သူက လက်ထပ်လိုလျှင်မူ ဗုဒဘာသာသို့ဝင်ရောက်ရမည်ဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်ရရှိရန်လိုအပ်သည်။
ယင်းကို မလိုက်နာပါက ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်ဆယ်နှစ် ကျခံရမည်ဟု
ပါဝင်သည်။

ထို့နောက် ၂၀၁၃ခုနှစ်၊ သြဂုတ်လတွင် မဘသ က အဆိုပါ ဥပဒေများပြဋ္ဌာန်းရေး ဆောင်ရွက်ပေးပါရန် မေတ္တာ ရပ်ခံခြင်းဖြစ်သည်။ သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ယင်းအရေး
လွှဲအပ်ခဲ့သော်လည်း လွှတ်တော်က သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများကသာ ရေးဆွဲသင့်သည်ဟု
ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ဥပဒေကြမ်းများ ရေးဆွဲရန် သမ္မတက ကော်မရှင်တစ်ရပ်ဖွဲ့စည်းလိုက်ပြီး
ဇွန်လကုန် အပြီးရေးဆွဲရန် ညွှန်ကြားထားသည်။

Mizzima Burmese


ဘုရားရင်ပြင်ပေါ် မန်းတိုင်းဝန်ကြီးချုပ် ဖိနပ်စီးပြီး တက်ရောက်ခဲ့ခြင်း မရှိဟုဆို ဖွင့်ပွဲအခမ်းအနားမှာ ဘုရားအပြင်တွင် ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြား

 မေလ( ၁၄ ) ရက် ၂၀၁၄ ။ မန္တလေးမြိ့။

ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာ ပေါ်တွင် မန္တလေးတိုင်း ၀န်ကြီးချုပ်မှ ကုသိုလ်ဘုရား ရင်ပြင်တော်ပေါ် ဖိနပ်စီး သည်ဟု အငြင်းပွား ဖွယ်ဓာတ်ပုံများ ပျံ့နှံ့လာခြင်း ကိစ္စနှင့် ပက်သက်ကာ ရင်ပြင်ပေါ်သို့ တက် ရောက် ခဲ့ခြင်းမရှိကြောင်း ၀န်ကြီးချုပ်ကိုယ်ရေး အရာရှိမှ တဆင့် မေ ၁၄ရက်နေ့က ပြောသည်။

‘ ဘုရားပုရိဝုဏ်အပြင်ဘက်မှာ ဖွင့်ပွဲလုပ်တာ၊ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့ သူတို့က ဖိနပ်မ ပါဘူး၊ ရင်ပြင်ပေါ်ကို ဖိနပ်နဲ့တက်တာ မဟုတ်ဘူး၊ မယုံလို့၊ မရောက်ဘူးလို့ သွားကြည့်ခြင်တယ်ဆိုရင် ၀န်ကြီးချုပ်ဦးရဲမြင့်က စရိတ် ထုတ်ပေးမယ်လို့ ပြောပါတယ်၊ ကတ္တရာ လမ်းပေါ်မှာကောဇော ခင်းထားတာဖြစ်ပါတယ်၊ ပုရ၀ုဒ်အတွင်းမှာ လုံးဝမဟုတ်ပါဘူး ’ ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ဖြေရှင်းချက်များအပြင် အဆိုပါပွဲသို့တက်ရောက်ခဲ့သော မန္တလေးအခြေစိုက်သတင်းသမားတစ်ဦးက ဘုရားပုရိဝုဏ်အပြင်ဘက် မုခ်ဦးအရှေ့တွင် ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားဝင်းအတွင်းမဟုတ်ကြောင်း အတည်ပြု ပြောကြားသည်။

အဆိုပါနေ့က ဆိုရှယ်မီဒီယာပေါ် ၀န်ကြီးချုပ်ဦးရဲမြင့် ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည်ဟူသော ဓာတ်ပုံနှင့် အတူ ပဲခူးရွှေမောဓောဘုရားရင်ပြင်တော်ပေါ်သို့ အစိုးရကားများ တက်ရောက်လာသည့် ဓာတ်ပုံများထွက် ပေါ်လာခဲ့ပြီးနောက် အငြင်းပွားစရာများဖြစ်ပေါ်ခဲ့ရာ Facebook သုံးစွဲသူအချို့က နိုင်ငံရေးထိုးနက်ချက်တစ် ခုဖြစ်နိုင်ကြောင်းဓာတ်ပုံများအောက်များတွင် ၀င်ေ၇ာက်မှတ်ချက်ပေးခဲ့သည်။

ဝန်ကြီးချုပ်ရဲမြင့်၏ ဓာတ်ပုံသည် မေ၈ရက်နေ့က မန္တလေးမြို့မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားအ ပြင်ဘက်တွင် စိုက်ထူသည့် ယူနက်စကိုကမ္ဘာ့မှတ်တမ်းအမွေအနှစ် ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာ စိုက် ထူခြင်းအခမ်းအနားပုံဖြစ်ပြီး ပဲခူးမြို့ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်သို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုး ရအဖွဲ့ ယာဉ်တန်းများ တက်ရောက်ခဲ့သည့် ဓာတ်ပုံများလည်း ထွက်ပေါ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်၊ ပြည်ထောင်စုယဉ်ကျေးမှု ဒုဝန်ကြီး ဒေါ်စန္ဒာခင်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးများတက်ရောက်ခဲ့သည်။

မင်းမင်းလတ် , အောင်သန့်ခိုင်
Mandalay News Agency

အမြန်လမ်းပေါ်မှ အကျွတ်အလွတ်ပွဲ

Photo

 ဥက္ကာကိုကို
အတွဲ (၁၃)၊ အမှတ်(၁၀)

‘‘ကျွန်တော် ကျွန်မတို့ ကျွေးမွေးတဲ့အစားအစာများကိုလည်း သိသိသာသာ အားရပါးရ လာရောက်ယူငင်စားသုံးကြပါရန် ရိုသေလေးမြတ်စွာဖြင့် ပန်ကြားအပ်ပါတယ်ခင်ဗျာ’’

မေလ ၁၀ ရက် ည ၁၀ နာရီကျော်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၆ မိုင် လမ်းဘေး၌ ယာယီတည်ဆောက်ထားသည့် မဏ္ဍပ်အတွင်းမှ ထွက်ပေါ်လာသော ဖိတ်ကြားသံ။ ထပ်တလဲလဲခေါ်ယူနေသည့် ထိုအသံက မလှမ်းမကမ်းရှိ ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအတွင်း ညစာစားသောက်နေကြသော ခရီးသွားပြည်သူများနားသို့ပင် ကျယ်လောင်စွာ ပျံ့နှံ့ရိုက်ခတ်လျက်။

အစားအသောက်များ ကျွေးမွေးမည်ဖြစ်သည့်အတွက် လာရောက်စားသုံးကြပါရန် ဖိတ်ကြားနေခြင်းဖြစ်သော်လည်း သက်ရှိထင်ရှား လူပုဂ္ဂိုလ်များကို ဖိတ်ခေါ်နေခြင်းတော့မဟုတ်။ သေဆုံးသွားပြီး မကျွတ်မလွတ်ဖြစ်နေကြသည့် မြန်မာပြည်တစ်နံတစ်လျားရှိ သရဲ၊ တစ္ဆေ၊ ပြိတ္တာအပေါင်းတို့ကို ဖိတ်ခေါ်နေခြင်းသာဖြစ်သည်။

၁၁၆ မိုင် သုညဖာလုံ ဘေးတည့်တည့်တွင် သဲပုံစေတီတစ်ဆူ တည်ထားသည်။ အဆိုပါ သဲပုံစေတီကို ရာဇမတ်ကာထားပြီး အတွင်းသို့ မည်သူမှမ၀င်ရဘဲ ဘုရားဖူးလာရောက်သည့် ပြိတ္တာများ နားနေရန်အတွက်ဟု သတ်မှတ်ထားသည်။ အနီးရှိ မဏ္ဍပ်အတွင်းမှာတော့ သံဃာတော်သုံးပါးနှင့် အကျွတ်အလွတ်ပွဲသို့ လာရောက်ကြသူများ အလုပ်ရှုပ်နေကြသည်။

ပြိတ္တာများကို အစာကျွေးမွေးမည့် အကျွတ်အလွတ်ပွဲ ကျင်းပသည့်နေရာမှာ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက် သန်းခေါင်ကျော် နံနက် ၂ နာရီကျော်က ခရီးသည်တင်ယာဉ်ကြီးနှင့် အိမ်စီးကားတစ်စီးတို့တိုက်မိ၍ မီးလောင်ရာမှ လူ ၁၂ ဦး သေဆုံးခဲ့ရသည့်နေရာနှင့် နှစ်ဖာလုံခန့်သာ ကွာဝေးသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရသည်။ လမ်းပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ၊ ယာဉ်မောင်းအိပ်ငိုက်၍ဖြစ်စေ၊ ယာဉ်ချို့ယွင်းမှုကြောင့်ဖြစ်စေ မတော်တဆဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့ရသည်။ ရိုးရာယုံကြည်သူများကတော့ မကျွတ်လွတ်သေးသည့် ၀ိညာဉ်များကြောင့်ဟုလည်း မှတ်ယူမှုများရှိသည်။

အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသူများသည် မကျွတ်မလွတ်ကြဘဲ အဆိုပါလမ်းပိုင်းနေရာများတွင်သာ တ၀ဲဝဲလည်လည်ဖြစ်နေကြရသည်ဟု မှတ်ယူသူများလည်းရှိသည်။ ယခုတော့ မကျွတ်မလွတ်သေးဟု ယူဆထားကြသူများက ၀ိညာဉ်များအတွက် အကျွတ်အလွတ်ပွဲကြီးကို အမြန်လမ်းပေါ်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

‘‘ဉာတိပေတ ဥဒ္ဒိဿဒါန အကျွတ်အလွတ်ပွဲ’’ဟု ဗီနိုင်းကပ်ထားသည့် မဏ္ဍပ်ကြီးအတွင်း သင်္ကန်းပရိက္ခရာအစုံများ စီတန်းထားသည်။ မဏ္ဍပ်၏ သုံးပုံတစ်ပုံနေရာလေးကို ရာဇမတ်ကာရံထားပြီး အထဲတွင် ပိုက်ဖျာများ ခင်းကျင်းထားသည်။ ဖျာပေါ်တွင် ရေစက်ချရန် ရေစက်ခွက် ၁၂ ခွက်ကို စီရီထားသည်။ ထိုအတွင်းသို့ လူအများဝင်ရောက်ခြင်းမပြုရဘဲ ဆွေမျိုးပြိတ္တာများ ရေစက်ချရန်နေရာဟု ရေးသားထားသည်။

သဲပုံစေတီကို ကာရံထားသည့် ရာဇမတ်ဝင်းခြံတွင်တော့ ပရလောကမှလာကြသည့် ဧည့်ပရိသတ်များ တည်းခိုရန်နေရာဟု စာကပ်ထားသည်။ ရာဇမတ်အတွင်းမြေနေရာကို သဲဖြင့်ခင်းကျင်းထားပြီး ညီညာအောင် ပြုလုပ်ထားသည်။ ရာဇမတ်အပြင်ဘက်တွင် လူပရိသတ်များက အတွင်းသို့ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ ဓာတ်မီးဖြင့် သဲမြေနေရာကို ခဏခဏထိုးကြည့်နေသူများက သဲပေါ်တွင် ပြိတ္တာတို့၏ ခြေရာတစ်စုံတစ်ရာများ ပေါ်လာလေမလားဟု ဇွဲကောင်းစွာ ကြည့်ရှုနေကြခြင်းပင်။

‘‘သူတို့လာပြီဆိုရင် ခြေရာပေါ်လာတတ်တယ်။ အဲဒါကြောင့် သဲခင်းပေးထားတာ’’ဟု ဖြူးမြို့နယ်မှ ပွဲကျင်းပရေး အဖွဲ့ဝင်တစ်ဦးကဆိုသည်။ ခြေရာပေါ်၊ မပေါ် ဓာတ်ပုံရိုက်သူများ၊ ဓာတ်မီးဖြင့် ထိုးကြည့်နေသူများက သဲပုံစေတီ ခြံဝင်းနံဘေး ရစ်သီရစ်သီ။ ဒေသခံများလိုပင် ပွဲသို့ရောက်ရှိလာသည့် ရန်ကုန်နှင့် မန္တလေးမှ သတင်းမီဒီယာသမားများကလည်း ခြေရာပေါ်လိုပေါ်ငြား ဓာတ်ပုံတဖျတ်ဖျတ်ရိုက်လျက်။

ဤအကျွတ်အလွတ်ပွဲကို မေလ ၁၀ ရက် ညနေက စတင်ခဲ့သည်။ ဘုန်းတော်ကြီးများထံမှ တရားနာယူခြင်းကို စတင်ပြုလုပ်ကြပြီး ည ၁၀ နာရီတွင် ပထမအကြိမ် အစာကျွေးခြင်းကို ဆောင်ရွက်ကြသည်။ မြေစောင့်နတ်၊ မြေဖုတ်ဘီလူး၊ သုသာန်စောင့်နတ်များကို အသားဟင်းနှင့် ထမင်း၊ သက်သတ်လွတ်ထမင်း၊ ရေသန့် စသည်တို့ဖြင့် အစာကျွေးကြသည်။ အပင်ငယ်တစ်ပင်အောက်တွင် ကျွေးမွေးခြင်းဖြစ်ပြီး ခင်းကျင်းထားသည့် အစာထုပ်တစ်ဝိုက်တွင် ဖယောင်းတိုင်ငါးတိုင်နှင့် အမွှေးတိုင်များ ပတ်လည်ထွန်းညှိထားသည်။

ထို့နောက် ဘုန်းတော်ကြီးများက ပြိတ္တာတို့ လာရောက်စားသုံးကြရန် ဖိတ်ခေါ်ကြသည်။ ထိုသို့ နေရာများစွာကို လိုက်လံကျွေးမွေးပြီးသော်လည်း ကျွေးမွေးထားသည့်နေရာတွင် အစာထုပ်ကို ဓာတ်ပုံရိုက်သူများမစဲပေ။ ဓာတ်ပုံထဲတွင် ပြိတ္တာအရိပ်အယောင် တစ်စုံတစ်ရာပေါ်လိုပေါ်ငြား မျှော်လင့်ချက်ဖြင့် ရိုက်ကူးနေကြခြင်းဖြစ်သည်။ သို့တည်းမဟုတ် အစာထုပ်ရှိ ထမင်းပေါ်တွင် လက်ချောင်းရာပေါ်လာမည်လား၊ ရေသန့်ဘူးတစ်ဝက်လျော့သွားမည်လားဟု မျှော်လင့်သူများကလည်း စောင့်ကြည့်လျက်ရှိသည်။

ပွဲစီစဉ်သည့် အဖွဲ့ဝင်များနှင့် အနီးအနားမှ ဒေသခံများက ၁၁၆ မိုင် လမ်းဘေးဝဲယာတစ်ဝိုက်တွင် ဆီမီးတိုင်နှင့် အမွှေးတိုင်များကို လိုက်လံထွန်းညှိကြသည်။ လမ်းဘေးဝဲယာရှိ ချုံများ၊ တောများအတွင်းလည်း ဆီမီးထွန်းညှိကြသည်။ ထို့နောက် မန္တလေးဗြဟ္မစိုရ်ဆရာတော်ကြီးက အကျွတ်အလွတ်ပွဲသို့ လာရောက်သည့် ပြိတ္တာများကို အမျှဝေခြင်း ပြုလုပ်သည်။ ‘‘ဟိုနောက်က ပြိတ္တာတွေ စကားမများကြနဲ့’’ဟု ဆရာတော်ကလှမ်းမိန့်သည်။

ခေါ်ယူရာတွင် အကြောင်းကြောင်းကြောင့် သေဆုံးသွားခဲ့ရသူများ၊ ကြွရောက်လာသူတို့၏ ကွယ်လွန်သွားသော မိဘဆွေမျိုး၊ ဇနီး၊ လင်သားများ၊ အမြန်လမ်းတွင် သေဆုံးသွားသူများ၊ တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားရသည့် စစ်သည်များ၊ မြန်မာပြည်တစ်ဝန်းရှိ မကျွတ်လွတ်သေးသူများအား ထည့်သွင်းဖိတ်ကြားခြင်း ဖြစ်သည်။

‘‘ထပ်တလဲလဲ ဖိတ်ကြားရတယ်။ ခရီးလွန်တာတွေရှိတယ်။ သာသနာစောင့်နတ်မင်းကြီးလေးပါးနဲ့ နတ်ကောင်းနတ်မြတ်တွေက ပြိတ္တာတွေ သာဓုခေါ်နိုင်အောင် ကူညီစောင့်ရှောက်ပေးပါလို့ မေတ္တာရပ်ခံရတယ်’’ဟု အကျွတ်အလွတ်ပွဲ ဦးဆောင်ကျင်းပသူ နတ်ရေကန်ဆရာတော် ဦးသောဘဏက မိန့်ကြားသည်။

ဖိတ်ကြားရာတွင်လည်း ပြိတ္တာ၊ တစ္ဆေသရဲများအနေဖြင့် ကြောက်လန့်ဖွယ်ရာရုပ်အဆင်းကို မပြကြရန်၊ ဆိုးရွားသည့် အနံ့အသက်များမပေးကြရန်၊ ထိတ်လန့်စရာများ မပြုလုပ်ကြရန်နှင့် အကျွတ်အလွတ်ပွဲကို လှူဒါန်းကြသည့် စေတနာရှင်များကို မနှောင့်ယှက်ကြရန် ကြိုတင်မေတ္တာရပ်ခံခြင်းကို အကြိမ်ကြိမ်ပြုလုပ်ကြသည်။

‘‘ကြွရောက်တော်မူကြပါ။ ကြွရောက်တော်မူကြပါ။ ကြွရောက်တော်မူကြပါ’’ဟု ဆွေမျိုးပြိတ္တာများ လာရောက်သုံးဆောင်ကြရန် ဖိတ်ခေါ်ပြီး အစာကျွေးပွဲကို စတင်လိုက်သည်။

ကျွေးမွေးမည့် အစားအစာများကို လူငယ်များက ပြင်ဆင်ကြသည်။ ၀ါးဖြင့်ယက်လုပ်ထားသည့် ခြင်းပေါ်တွင် ငှက်ပျောဖက်အုပ်ပြီး ထမင်းဖြူများကို ထည့်ကြသည်။ ချက်ပြုတ်ထားသည့် ဆိတ်သားဟင်းကို ခပ်ထည့်သည်။ အခွံနွှာပြီးသား ငှက်ပျောသီး၊ ပေါင်မုန့်ချပ်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ကွမ်းယာ၊ ဆေးပေါ့လိပ် စသည်တို့ကို ခြင်းထဲသို့ ထည့်သည်။ ထိုသို့ ပြင်ဆင်ပြီးသည့် ခြင်းများကို ကားပေါ်တင်ဆောင်လျက် ၁၁၆ မိုင်မှစ၍ အမြန်လမ်းတစ်လျှောက် နီးစပ်ရာမိုင်တိုင်များသို့ သယ်ဆောင်ကာ လမ်းဘေးတွင်ချ၍ ကျွေးမွေးခြင်း ပြုလုပ်ကြသည်။

အနီးအနားကျေးရွာများမှ ဒေသခံများလည်း အသီးသီးရောက်ရှိလာပြီး ကျွေးမွေးထားသည့် ထမင်းထုပ်များအနီး ရစ်သီရစ်သီလုပ်ကာ ဓာတ်ပုံရိုက်ကြပြန်သည်။ ရာဇမတ်အနီးကပ်၍ ခြေရာပေါ်လိုပေါ်ငြား ရှာဖွေကြပြန်သည်။

အမြန်လမ်းပေါ်တွင် ပထမဆုံးပြုလုပ်သည့် အကျွတ်အလွတ်ပွဲကို မန္တလေးဗြဟ္မစိုရ်ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော်ကြီး မန္တလေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကထိကဆရာတော် အဂ္ဂမဟာဂန္ဓ၀ါစကပဏ္ဍိတ ဘဒ္ဒန္တနေမိန္ဒနှင့် ဖြူးမြို့မှ နတ်ရေကန်ကျောင်းတိုက် ဆရာတော်ဦးသောဘဏတို့က ဦးဆောင်၍ ဖြူးမြို့အခမဲ့နာရေးကူညီမှုအသင်း၊ ၀ါဆိုဦးလူမှုရေးအသင်း၊ ဖိုးလမင်းလူမှုကူညီရေးအသင်း၊ စေတနာရှင်မေတ္တာရှင်အဖွဲ့၊ ပဲနွယ်ကုန်းကျေးရွာ၊ တောကျွဲအင်းကျေးရွာတို့မှ ရွာသူ၊ ရွာသားများက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အကျွတ်အလွတ်ပွဲတစ်ခု ပြုလုပ်မည်ဆိုပါက ခုနစ်ရက်၊ ငါးရက်၊ သုံးရက် စသည်ဖြင့် ကြိုတင်၍ ပြုလုပ်မည့်နေရာ၊ အချိန်၊ နေ့ရက်တို့ကို တိတိကျကျ လိုက်လံဖိတ်ကြားရသည်။ ပြုလုပ်မည့်နေရာတွင် သဲပုံစေတီတစ်ဆူကို တည်ထားပေးရသည်။ သို့မဟုတ် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ထားရှိပေးရသည်။ ပရလောကမှ ဧည့်သည်များ လာရောက်နားနေနိုင်ရန် နေရာတစ်ခု သတ်မှတ်ပေးထားရသည်။ အဆိုပါနေရာကို ရာဇမတ်ကာရံ၊ သဲခင်းလျက်၊ သောက်ရေအိုးကို အဖုံးဖွင့်လျက် သောက်သုံးနိုင်ရန် ထားရှိပေးရသည်။ ပရိက္ခရာရှစ်ပါးနှင့် လှူဖွယ်ပစ္စည်းများ၊ အစားအသောက်များကို ပြင်ဆင်ထားပေးရသည်။ ဆီမီးနှင့် အမွှေးတိုင်များကို နေရာအနှံ့ ထွန်းညှိပေးထားရသည်။ ခရီးလွန်နေသူများရှိသည်အတွက် ထပ်တလဲလဲ ဖိတ်ကြားခြင်းကို ပြုလုပ်ရသည်။

ညဥ့်သန်းခေါင်ယံအချိန်တွင် အစာကျွေးမွေးခြင်းကိစ္စများကို ဆောင်ရွက်ကြပြီး အစာကျွေးမွေးနေချိန်အတွင်း မီးများအားလုံးကို ပိတ်ပေးထားရသည်။ ထို့နောက် နောက်တစ်နေ့နံနက် ၈ နာရီတွင် အမျှအတန်းပေးဝေ၍ သာဓုခေါ်နိုင်ရန် တရားပွဲပြုလုပ်ပေးရသည်။ ဒါက အကျွတ်အလွတ်ပွဲများ၏ အစီအစဉ်ဖြစ်သည်။ အကျွတ်အလွတ်ပွဲများကို အထူးသဖြင့် မန္တလေးရှိသုသာန်များ၊ ပြင်ဦးလွင်သုသာန်၊ ဖြူးမြို့ရှိသုသာန်များတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသည်။

‘‘အကျွတ်အလွတ်ပွဲ လုပ်တယ်ဆိုတာ အမှောင်ထဲမှာ တိုင်ထောင်ပြီး ခဲနဲ့ပစ်ရသလိုပါပဲ။ မှန်ချင်လည်း မှန်မယ်။ မမှန်ချင်လည်း မမှန်ဘူး။ ဘုန်းကြီးအနေနဲ့ကတော့ ဒီအမြန်လမ်းမကြီးက သတ္တ၀ါတွေ ကျွတ်ချိန်တန်လို့ လာလုပ်ပေးရတယ်လို့ပဲ ယုံကြည်ထားတယ်။ ပုဂ္ဂိုလ်စွဲမပါဘူး။ လူမျိုးဘာသာမရွေးဘူး။ တစ်ဦးတစ်ယောက်တော့ ကျွတ်တမ်းဝင်သွားကြမှာပေါ့’’ ဟု နတ်ရေကန်ဆရာတော်ဦးသောဘဏက မိန့်ကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် မိုင်တိုင် ၄၅၊ ၉၀ မှစတင်ကာ မိုင်တိုင် ၁၀၀ မှ မိုင်တိုင် ၁၇၀ အကြားတွင် ယာဉ်တိမ်းမှောက်မှုများ အမြဲဖြစ်ပွားလေ့ရှိသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း အန္တရာယ်ဖြစ်စေနိုင်သည့် အမြန်လမ်းနေရာများကို စာရင်းထုတ်ပြန်ခဲ့ရာ မိုင်တိုင်အမှတ် ၇၅ (၅ ဖာလုံ ၆ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၉၀ (၆ ဖာလုံနှင့် ၇ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၀၃ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၅၀ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၂၅ (၃ ဖာလုံနှင့် ၄ ဖာလုံကြား)၊ မိုင်တိုင်အမှတ် ၁၆၈၊ မိုင်တိုင်အမှတ် ၁၇၀ (၁ ဖာလုံနှင့် ၂ ဖာလုံကြား) နေရာများကို အထူးသတိပြုကြရန်ဖြစ်သည်။

ယာဉ်တိမ်းမှောက်ခြင်း၊ တံတားကိုဝင်တိုက်ကာ ချောင်းအတွင်းထိုးကျခြင်း၊ အမြန်လမ်းပေါ်တွင် လူသေအလောင်းတွေ့ခြင်း၊ ယာဉ်နှင့်ဆိုင်ကယ်တိုက်မိခြင်း စသည့်ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ပြီး သေဆုံးဦးရေမှာလည်း မြင့်မားနေသည်။

အမြန်လမ်းကို ၂၀၀၉ ခုနှစ်မှ စတင်အသုံးပြုခဲ့ရာ ၂၀၁၃ ခုနှစ်အထိ ယာဉ်မတော်တဆမှုပေါင်း ၅၉၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၂၉၀ ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၁၀၀ ဦးအထိ ရှိခဲ့သည်။ စာရင်းများကို ပြန်ကြည့်ပါက ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုများလာခဲ့သည်။

၂၀၀၉ ခုနှစ်တွင် သေဆုံးသူ ၄၇ ဦး၊ ၂၀၁၀ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦး၊ ၂၀၁၁ ခုနှစ်တွင် သေဆုံးသူ ၄၇ ဦး၊ ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ ၅၄ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် သေဆုံးသူ ၁၀၉ ဦးအထိ ရှိလာသည်။ ၂၀၁၄ ဇန်န၀ါရီလမှ ဧပြီလကုန်အထိ လေးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၆၈ ဦးရှိသည်။

ယခုနှစ် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်က ၁၁၆ မိုင်တွင် ယာဉ်မတော်တဆမှုကြောင့် ယာဉ်မီးလောင်ကျွမ်းကာ ပွဲချင်းပြီးသေဆုံးသူ ၁၂ ဦးရှိခဲ့သည့်အတွက် အမြန်လမ်းတွင် အများဆုံးသော လူသေမှုဖြစ်ခဲ့သည်။ တစ်ဦးကတော့ ဆေးရုံသို့ရောက်ပြီးမှ ကွယ်လွန်ခဲ့သည့်အတွက် ၁၃ ဦး ဆုံးရှုံးခဲ့ရမှုဖြစ်သည်။

‘‘သတိနဲ့အသိလိုတာပေါ့။ ဘာသာရေးကလည်း လိုပါတယ်။ ၂၀၀၉ ခုနှစ် မတ်လစဖွင့်ကတည်းက အခုထိဆိုရင် ဒါက အဆိုးရွားဆုံးယာဉ်တိမ်းမှောက်မှုနဲ့ မီးလောင်မှုပေါ့။ အခုအကျွတ်အလွတ်ပွဲကတော့ ကောင်းတဲ့ဟာကို ဘာသာရေးအရ လုပ်တာပါပဲ။ ဒီလိုလုပ်နေသလို ဒီလမ်းမှာသွားတဲ့လူတွေကလည်း အသိနဲ့သတိထားမယ်ဆိုရင် အန္တရာယ်ကင်းကြမှာပါ’’ဟု အကျွတ်အလွတ်ပွဲသို့ တက်ရောက်လာသည့် ဒေသခံတစ်ဦးကပြောသည်။

‘‘ဒီလမ်းကြီးကိုသွားမယ်ဆို ကီလိုမီတာတစ်ရာထက် ပိုမမောင်းရဘူးလို့ သတ်မှတ်ထားတာကို လိုက်နာမယ်ဆိုရင် အန္တရာယ်ကင်းမှာပါ။ လမ်းကို သွားနေကျမဟုတ်တဲ့လူတွေ။ ဘယ်နေရာမှာ အကွေ့ရှိတယ်ဆိုတာ မသိတဲ့သူတွေ။ အရှိန်က အရမ်းပြင်းတဲ့အချိန်မှာ ပါသွားတာပေါ့နော်။ အရှိန်မထိန်းနိုင်တော့ အရက်သေစာသောက်စားတယ်။ အိပ်ငိုက်တယ်။ စက္ကန့်ပိုင်းလေးငိုက်လိုက်တဲ့အငိုက်က လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးစေပါတယ်။ လမ်းကြောင့်က ရာခိုင်နှုန်းနည်းပါတယ်။ နောက်တစ်ခုက ယာဉ်တွေရဲ့ကြံ့ခိုင်မှု။ ကားအသစ်တွေ တာယာတွေကွဲတယ်။ ဒီမှာ ရာသီဥတုက ပူတယ်။ ကွန်ကရစ်ခင်းထားတယ်။ ကားတွေကပူရင် လေပေါင်ကတိုးလာမှာပဲ။ လူတွေက အသိနဲ့ထိန်းသိမ်းမယ်ဆိုရင် အန္တရာယ်ကို လျှော့ချနိုင်မှာပေါ့။ နောက်အရှိန်နှုန်းတိုင်းတဲ့ ကိရိယာရှိပါတယ်။ ကားမောင်းတဲ့ယာဉ်မောင်းတွေက အရှိန်နှုန်းတိုင်းတဲ့ ကိရိယာနားရောက်ရင် အရှိန်လျှော့ချလိုက်တယ်။ အဲဒါကိုကျော်ရင် ဆက်မောင်းတာပဲ။ ကျွန်မတို့အမြင်နဲ့ပြောရင် လမ်းကြောင့်ဆိုတာထက် လူတွေရဲ့အသိအမြင်နဲ့ စည်းကမ်းတွေ လိုက်နာဖို့လိုပါတယ်’’ဟု အမြန်လမ်း အရေးပေါ်ကြက်ခြေနီစခန်း တာဝန်ခံ ဒေါ်သန်းသန်းမြင့်က မှတ်ချက်ပေးသည်။

အမြန်လမ်းသည် အကွေ့အကောက်ပေါများ၍ ကွန်ကရစ်လမ်းပိုင်း လှိုင်းထခြင်းများ ဖြစ်ပေါ်သည့်အတွက် အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ တစ်နာရီလျှင် ကီလို ၁၀၀ နှုန်းဖြင့်သာ မောင်းနှင်ရန် သတ်မှတ်ညွှန်ကြားထားသော်လည်း ကီလို ၁၀၀ အထက် ပိုမိုမောင်းနှင်မှုများက အသက်အန္တရာယ်ဆုံးရှုံးရမှုတို့၏ အကြောင်းရင်းတစ်ရပ်လည်း ဖြစ်လာသည်။ ခါးပတ်ပတ်ကြရန် ညွှန်ကြားထားသော်လည်း အချို့ကလိုက်နာမှုမရှိပေ။

ယာဉ်တိမ်းမှောက်မှုများမှာ လမ်းပိုင်းဆိုင်ရာပြဿနာကြောင့်ဟု လက်ညှိုးထိုးခဲ့ကြသော်လည်း ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းများကြောင့် ဖြစ်ပွားသည့် မတော်တဆမှုများကတော့ ယာဉ်မောင်းတွင် တာဝန်ရှိပါသည်။

‘‘အရင်အစိုးရတုန်းက ရတဲ့ငွေနဲ့ လမ်းရှည်ရှည်ရဖို့ပဲ စိတ်ကူးခဲ့တယ်။ လမ်းလုံခြုံရေးအတွက် ဦးစားပေးလုပ်ခဲ့တာမရှိဘူး။ အခုတော့ လမ်းလုံခြုံရေးအတွက် အဓိကဦးစားပေးလုပ်သွားမယ်။ အရင်က ပိုက်ဆံရရင် လမ်းရှည်ရှည်ရဖို့ပဲ စိတ်ကူးတယ်။ သတ်မှတ်ချိန်အတွင်း အမြန်ပြီးအောင်လည်း လုပ်ရတယ်’’ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကြည်လင်းက ပြောသည်။

လက်ရှိ ရန်ကုန်-နေပြည်တော်လမ်းကို USAID အမေရိကန်အစိုးရ၏ အကူအညီပေးရေးအစီအစဉ်မှ နည်းပညာအကူအညီပေးနိုင်ရေးအတွက် သင်တန်းများ ပို့ချပေးလျက်ရှိသည်။

ယာဉ်မတော်တဆမှုဖြင့် လူသေဆုံးမှုများလာခြင်းအပြင် ညဘက်မောင်းနှင်သူအချို့၏ နာနာဘာဝပရလောက ဖြစ်ရပ်ကြုံတွေ့ရသည်ဟူသည့် ပါးစပ်စကားသတင်းများစွာလည်း ပေါ်ထွက်လာခဲ့သည်။ အမြန်လမ်းတွင် မကျွတ်မလွတ်သေးသည့်ပုဂ္ဂိုလ်များ ရှိနေသည်ဟု ယုံကြည်သူလည်း ပေါများလာခဲ့သည်။

ထို့အတွက် အမြန်လမ်းတစ်လျှောက်တွင် မော်တော်ယာဉ်များဖြင့် မောင်းနှင်လျက် ပရိတ်ရွတ်ဖတ်ခြင်းကို သံဃာတော်များက ပြုလုပ်ပေးခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လက တောင်ငူမြို့မှ သံဃာတော် ၁၈ ပါးက အန္တရာယ်ကင်းပရိတ်တရားတော်များကို ၁၄၆ မိုင်မှစ၍ မိုင်တိုင် ၈၄ အထိ ရွတ်ဖတ်ပေးခဲ့ကြသည်။ ယာဉ်မတော်တဆမှုကြောင့် လူ ၁၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည့် ၁၂၅ မိုင် ၄ ဖာလုံတွင် ရပ်နား၍ အမျှဝေခဲ့ကြသည်။

ယခု အကျွတ်အလွတ်ပွဲ မပြုလုပ်မီကလည်း သံဃာတော်များသည် အမြန်လမ်းတစ်လျှောက် ပရိတ်တရားတော်များကို တတိယအကြိမ်မြောက် လှည့်လည်ရွတ်ဖတ်ခဲ့ကြသေးသည်။

၁၁၆ မိုင် အကျွတ်အလွတ်ပွဲသို့ ည ၁၁ နာရီခန့်တွင် အနီးအနားမှ ဒေသခံများ တဖွဲဖွဲရောက်ရှိလာကြသည်။ လူပေါင်း ၃၀၀ ခန့် လာရောက်သည့် ပွဲတစ်ပွဲဖြစ်ခဲ့သည်။ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များကလည်း လာရောက်ကူညီပေးခဲ့ကြပြီး အနီးအနားရဲစခန်းတစ်ခုက ၎င်းတို့ စခန်းဝင်းအတွင်းမှ မကျွတ်မလွတ်သည့် ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားခေါ်ယူပေးရန် တောင်းဆိုမှုရှိခဲ့သည်။ လူမှုရေးသင်းအဖွဲ့များကလည်း ထမင်းထုပ်များကို တက်ကြွစွာထုပ်ပိုးလျက် ကားဖြင့် လမ်းတစ်လျှောက် ချထားပေးလျက်ရှိသည်။

ညနေပိုင်းက လူမ၀င်ရောက်ရဟု စာကပ်ထားသည့် သဲပုံစေတီရာဇမတ်ကာခြံဝင်းအတွင်းသို့ ဦးဆောင်သူအဖွဲ့ဝင်အချို့က ၀င်ရောက်ကာ ဆီမီးနှင့် ပန်း၊ ရေချမ်း၊ အမွှေးတိုင်များ ထွန်းညှိခဲ့ကြသည်။ ညပိုင်းတွင်မှ ရောက်ရှိလာကြသည့် လူပရိသတ်များကတော့ ညနေပိုင်းက ၀င်ထွက်ခဲ့ကြသည့် ခြေရာများကို လက်ညှိုးထိုးကာ နာနာဘာဝပြိတ္တာတို့ရောက်ရှိ၍ ဘုရားဖူးသွားကြသည့် ခြေရာများဟု ယုံကြည်မှတ်ယူကာ အထူးအဆန်း ဓာတ်ပုံရိုက်ကူးလျက်ရှိကြသည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ ယင်းကိစ္စကို ၀င်ရောက်ရှင်းလင်းခြင်းမရှိပါ။ ဖြူးမြို့မှ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကတော့ ‘‘အမှောင်ထဲကို ဓာတ်ပုံရိုက်ရင် အလုံးတွေ အစက်အပြောက်တွေ ပေါ်လာတယ်။ အဲဒါ ပြိတ္တာတွေ ရောက်နေပြီဆိုတာကိုပြတာ’’ ဟု ဆိုပါသည်။

ပွဲသို့ လာရောက်သတင်းယူသည့် ဓာတ်ပုံသတင်းထောက်တစ်ဦးကတော့ ‘‘ဒါက ကင်မရာလှည့်စားမှုကြောင့်ပါ။ ဘာမှမရှိတဲ့အမှောင်ထဲကိုရိုက်ရင် အဲဒီလိုဖြစ်တတ်တယ်’’ ဟု မှတ်ချက်ပေးသည်။

မေလ ၁၀ ရက် ည ၁၂ နာရီအချိန်ကို နီးကပ်လာပါပြီ။ အစာကျွေးမွေးခြင်းများလည်း ပြီးစီးသလောက် ဖြစ်နေသည်။ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် မေတ္တာရပ်ခံခဲ့သည့်အတိုင်း ထိတ်လန့် ဖွယ်ရာများလည်း မဖြစ်ခဲ့ပါ။ ဆိုးရွားသည့် အနံ့အသက်များလည်း မရခဲ့ပါ။ ကြောက်လန့်ဖွယ်ရာ ရုပ်ဆင်းသဏ္ဌာန်များလည်း မပြသခဲ့ကြပါ။ ထူးခြားမှုလည်း တစ်စုံတစ်ရာမတွေ့ခဲ့ရပါ။ ‘‘လူအရမ်းများတော့ ပြိတ္တာတွေက အနားမကပ်ရဲကြဘူး။ လူတွေရှင်းမှလာကြမှာ’’ဟု ဖြူးမြို့မှ ဒေသခံတစ်ဦးက သူ၏ယုံကြည်ချက်ကို ပြောပြသည်။

၁၂ နာရီခန့်တွင် ဒေသခံပရိသတ်များ၊ သတင်းမီဒီယာများနှင့် ပွဲစီစဉ်သူ အဖွဲ့ဝင်အချို့ ပြန်သွားကြပြီဖြစ်သည့်အတွက် အကျွတ်အလွတ်ပွဲကြီးကျင်းပနေသည့် မဏ္ဍပ်တွင် လူအတော်အတန် ရှင်းလင်းသွားသည်။ ညဥ့်သန်းခေါင်ကျော် ၁၂ နာရီခွဲခန့်တွင် လူရှင်းလင်းသွားသည့် မဏ္ဍပ်တစ်ခုလုံးကို မီးအမှောင်ချလိုက်သည်။ မဏ္ဍပ်အတွင်းနှင့် အပြင်ဘက်တွင် ကျန်ရှိနေသည့်လူများအားလုံး အသံတိတ်ဆိတ်သွားကြသည်။

ထို့နောက် မဏ္ဍပ်အတွင်းမှ ဆရာတော်များက နာနာဘာဝပြိတ္တာများကို တရားဟောသည့် အသံခပ်အုပ်အုပ် ညအမှောင်ထုထဲမှာ စတင်ထွက်ပေါ်လာပါတော့သည်။
 
7Day New

အမျိုးသားတွေလည်း အလှပြင်ကြပြီ



အလှတရားနဲ့ပတ်သက်လာရင် ယနေ့ခေတ် မှာ အမျိုးသားတွေလည်း မိမိကိုယ်ကိုယ် ခန့်ညားမှုရှိအောင်၊ လှပမှုရှိအောင် အလေးထား ဆောင်ရွက်လာကြပါတယ်။ အမျိုးသားတွေက သူတို့ အသက်အရွယ် အလိုက် အချို့တွေက ချစ်စရာ ဖန်စီပုံစံလေးတွေ၊ အချို့တွေကျတော့ စမတ်ကျကျ ပုံစံလေးတွေ၊ အချို့တွေ ကတော့ သပ်ရပ်ခန့်ညားပြီး ရင့်ကျက်တဲ့ပုံစံလေးတွေဖြစ်အောင် ဖန်တီးပြင်ဆင် ကြတာကို တွေ့မြင်ရ ပါတယ်။

အမျိုးသားတွေ ဘယ်ဆံပင်ပုံစံတွေကြိုက်လဲ

တစ်ချိန်တုန်းက သျှောင်ထုံးဖြင့်နေထိုင် ခဲ့ကြတဲ့ အမျိုးသားတွေဟာ ယနေ့ခေတ်မှာတော့ ပြည်တွင်းရှိ နာမည်ကျော်သရုပ်ဆောင်များ၏ဆံပင် ပုံစံများအပြင် နိုင်ငံတကာမှနာမည်ကျော်သရုပ် ဆောင်များ၊ ဘောလုံးသမားများ၏ဆံပင်ပုံစံများကို ဓာတ်ပုံများယူလာပြီး လာရောက်ညှပ်ခိုင်းကြတယ်လို့ သိရပါတယ်။

''ဒီဘက်ခေတ်မှာက သူတို့ကြိုက်တဲ့ဆံပင် ပုံစံတွေကို ယူလာပြပြီး ညှပ်ခိုင်းပါတယ်။ ပြည်တွင်း က သရုပ်ဆောင်တွေရဲ့ ဆံပင်ပုံစံကို လာညှပ်ခိုင်းတဲ့ သူတွေ တော်တော်များပါတယ်။ အခုခေတ်အစား ဆုံးက သရုပ်ဆောင်အောင်ရဲလင်းရဲ့ ဆံပင်ပုံစံ၊ ဆံ ပင်အရောင်အတိုင်း လိုက်လုပ်ကြပါတယ်။ သူထူးစံ ဆံပင်ပုံစံလဲ ညှပ်ကြတယ်။

အချို့က နိုင်ငံခြားက သရုပ်ဆောင်ဆံပင်ပုံစံတွေ၊ ဘောလုံးသမားဆံပင် ပုံစံတွေ လာညှပ်ကြတာမျိုးလဲ ရှိပါတယ်။ ဘယ်ဆံပင် ပုံစံမျိုး ပဲဖြစ်ဖြစ် ဈေးနှုန်းကတော့ အတူတူပါပဲ''ဟု ဆံကေသာ ပညာရှင် အောင်မျိုးမင်းက ပြောပြသည်။

ဆံကေသာပုံစံအမျိုး ၂ဝ ခန့်ရှိသော်လည်း အခုခေတ်စားနေသော ဆံပင်ပုံစံ များမှာ ဘေးသား ကို အပြောင်ရိပ်၍ ဆံပင်အလယ်ဆံသား ထောင် ထားသော OneWay ၊ Punk ၊ Emo၊ Emo Slight၊ Punk Slight ၊ အော်တာ၊ တစ်ခြမ်းစောင်းပုံစံများဖြစ်ပြီး ထိုင်းမင်းသား Pee Mark ဆံပင် ပုံစံများမှာ အထူးခေတ်စားနေတယ်လို့ ဆိုပါတယ်။

ဆံပင်အရောင်တွေဆိုရင် အရင်က အုန်း ခွံရောင်၊ အဝါဘက်သန်းတဲ့ အရောင်တွေကို ကြိုက် နှစ်သက် ခဲ့သော်လည်း အခုအခါ အနီဘက်သန်းတဲ့ အရောင်တွေကို ဆိုးလာကြတယ်လို့ သိရပါတယ်။

ခေါင်းလျှော်ရင်းအနှိပ်ခံကြတယ်

အချို့အမျိုးသားတွေကျတော့ လုပ်ငန်း ခွင်မှာ စိတ်ဖိစီးမှုတွေများလာပြီး ပင်ပန်းတာကိုလျှော့ ချနိုင်ဖို့ ခေါင်းလျှော်ပြီး အနှိပ်ခံလေ့ရှိပါတယ်။

''ခေါင်းလျှော်ရင်းနဲ့ ကုပ်ကြော(ဇက်ကြော) ဆွဲပေးပါတယ်။ ဦးခေါင်းကိုလဲ နှိပ်နယ်ပေးပါတယ်။ပခုံး အကြောနဲ့ ခါးရိုးတစ်လျှောက်ကို နှိပ်နယ်ပေးပါ တယ်။ ဘာအခက်အခဲတွေရှိလဲ ဆိုတော့ ယောက်ျား လေးတွေဆိုတော့ နှိပ်တာနဲ့ ယားလို့မခံနိုင်တာတွေ ရှိတယ်။ အချို့ခံနိုင်တဲ့သူတွေကျတော့ ပိုနှိပ်ပေးရ ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး''ဟု ဆံကေသာဆရာ မောင်ဝေဟင်ထွန်းကပြောသည်။

လူငယ်ဖန်တီးရှင်များကို ပိုကြိုက်လာ

အရင်ခေတ်က အမျိုးသားဆံပင်ညှပ်ဆိုင် တွေမှာ အသက်အရွယ်ကြီးတဲ့ လူကြီးတွေက ဆံပင် ညှပ်ခြင်း များပြုလုပ်ပေးလေ့ရှိပြီး ပြောင်းလဲလာသော ယနေ့ခေတ်မှာ အသက် ၂ဝကျော်အရွယ် လူငယ် အမျိုးသားများ ဖန်တီးပေးတဲ့ ဆံပင်ပုံစံတွေကို လူ ကြိုက်များလာပါတယ်။

''ကျွန်တော်တို့ကလဲ လူငယ်တွေဆိုတော့ ဘောလုံးပွဲတွေ၊ ရုပ်ရှင်တွေ ကြည့်ကြတော့ ခေတ်စားနေတဲ့ ဆံပင်ပုံစံတွေ အမြင်ရှိတယ်။ လူကြီးဆိုင် မှာ လူကြီးပုံတွေပဲညှပ်ပေးတာဆိုတော့ အသစ်အ ဆန်းဖော်နိုင်တဲ့ ဆိုင်တွေမှာ လာလုပ်ကြတာမျိုးတွေ ရှိလာတယ်။

အခုဆို ခေတ်ပြောင်းလာတော့ယောက်ျား လေးတွေလဲ အလှအပကြိုက် လာပြီ။ ယောက်ျားစစ် စစ်တွေကို င်တာကိုပဲ ကြိုက်တာမျိုးတွေလဲ ရှိလာပါ ပြီ''ဟု အမျိုးသားသီးသန့်ဆိုင်မှ ဆံကေသာဆရာ တစ်ဦးကပြော သည်။

မျက်နှာဆေးသူများလာတယ်

တစ်ချိန်က အမျိုးသားတွေက အလှအပ ရေးရာကို စိတ်ဝင်စားခြင်းမရှိပေမယ့် အခုချိန်မှာ တော့ အမျိုးသားတွေလည်း သန့်ရှင်းသပ်ရပ်စွာဖြင့် ဆွဲဆောင်မှုရှိတဲ့သူမျိုး ဖြစ်ချင်လာကြပါတယ်။

''အမျိုးသားတွေက ဆံပင်ညှပ်တာအများ ဆုံးလုပ်ကြတယ်။ သင်္ကြန်လိုကာလ မျိုးမှာ ဆေးဆိုး ကြတယ်။ အခု မျက်နှာဆေးတာ၊ ဂျီး(ချေး)ချွတ် တာမျိုးတွေကို လုပ်လာကြပါတယ်။ တစ်ပတ်တစ်ခါ ပေါင်းလာ တင်တာမျိုးနဲ့ မျက်နှာကို သန့်ရှင်းအောင် ထားတတ်လာပါတယ်''ဟုအမျိုးသားသီးသန့်အလှ ပြင်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒါကြောင့်မို့ အသက်အရွယ်အလိုက် အစ် ကိုတွေဆိုရင် ညစ်ထေးရှည်လျား တဲ့ ဆံပင်ပုံစံတွေ အစား သပ်ရပ်တိုကပ်တဲ့ဆံပင်ပုံစံလေးတွေနဲ့ ခန့် ညားနိုင်ပြီး ငယ်ရွယ်လှတဲ့မောင်လေးတွေကတော့ ပုံတုံးဆံပင် ပုံစံကြီးတွေအစား ဖန်စီဖြစ်မယ့်၊ ချစ်စရာ ကောင်းမယ့် ဆံပင်ပုံစံလေးတွေနဲ့ လှပခေတ်မီဖို့ လိုအပ်ပါ တယ်။

အဲဒီလို ကိုယ်နဲ့လိုက်ဖက်တဲ့ဆံပင်ပုံစံကို ရွေးချယ်နိုင်ဖို့ အမျိုးသားများသီးသန့် အလှပြုပြင် ပေးတဲ့ ရွှေမျက်ဝန်းအလှပြုပြင်ရေးဆိုင်(၃)၊ အမှတ် (၃၄) မြေညီထပ်၊ ဦးထွန်းလင်းခြံလမ်း၊ ကမာရွတ် မြို့နယ်မှာ ဆံပင်ညှပ် ကျပ် ၅ဝဝ၊ လျှော်နှိပ် ကျပ် ၅ဝဝ ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အမျိုးသားများအားလုံး မိမိတို့ကျောင်း မှာ၊ လုပ်ငန်းခွင်မှာ ခံ့ညားလှပတဲ့ ဆံကေသာများဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေရန်ရည်ရွယ်၍ ယခု တစ်ပတ် အလှအပလမ်းညွှန်ကဏ္ဍမှ ဖော်ပြပေး လိုက်ခြင်းပင် ဖြစ်ပါတယ်။

Flower News Journal 
၊ အတွဲ ၁၀ ၊ အမှတ် ၁၈

ကိုမျိုး (lwanmapyay.blogspot.com)

ပလေးဘွိုင်းမော်ဒယ်လ်ဘ၀ကနေ လမ်းဘေးတောင်းစားတဲ့ ဘ၀ကို ရောက်လာတဲ့ Krista McKenna



တချိန်တုန်းက ပလေးဘွိုင်းမော်ဒယ်လ် တဦးလည်းဖြစ်၊ TV Show တွေမှာလည်း မကြာခဏ ပါဝင်ခဲ့ ဖူးတဲ့ အသက် ၆၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Krista McKenna ဟာ အခုဆိုရင် လမ်းဘေးမှာ တောင်းရမ်း စားသောက်ပြီး ဘ၀ကို ရပ်တည်နေရတယ်လို့ ဆိုပါတယ်... သူမရဲ့ တချိန်တုန်းက ကျော်ကြားခဲ့တဲ့ ပျော့ပြောင်းတဲ့ ကိုယ်စွမ်းအလှနဲ့ ငယ်ရွယ် နုနယ်စဉ်က ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ပြပြီး အခုလို တောင်းရမ်း စားသောက်နေတာပါ... "Lady Spider" လို့ တင်စားပြီး ခေါ်ရလောက်အောင် သူမရဲ့ ခန္ဒာကိုယ်က အတော်လေး နူးညံ့ပျော့ပြောင်းပါတယ်...

ဒီဘ၀ကို ဘယ်လိုဘယ်ပုံ ရောက်လာတယ်ဆိုတာ သူမကိုယ်တိုင်ကတောင် မသိဘူးလို့ ဆိုတဲ့ Krista McKenna ဟာ တရက်ကို ဒေါ်လာအနည်းငယ်သာ ရရှိပြီး.. အအောင်မြင်ဆုံး နေ့တွေမှာဆိုရင် ရရှိတဲ့ ငွေဟာ တရက်ကို $7 ဒေါ်လာသာ ဖြစ်တယ်လို့ ဆိုပါတယ်...

လမ်းသွား လမ်းလာတွေကတော့ သူမကို ပုံမှန်ဘ၀ကို ပြန်ရောက်ဖို့ ဆုတောင်းပေးနေကြပါတယ်....




















တချိန်တုန်းက ကျော်ကြားခဲ့တဲ့ ပလေးဘွိုင်းမော်ဒယ်လ် Krista McKenna
ref;oddstuffmagazine

By ကိုမျိုး (lwanmapyay.blogspot.com)


လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့


လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့

(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။

(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

(၅) လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။

(၆) လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။

(၇) လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

ပါဠိဖတ်နည်း အကျဉ်းချုပ်


ပါဠိဖတ်နည်း အကျဉ်းချုပ်-

၁။ နှစ်လုံးဆင့်တွင်၊ အထက်လျှင်၊ သတ်ပင် မြဲဧကန်။(ကတ္ထ=ကတ်ထ)

၂။ သဝေလည်းထိုး၊ တ-သတ်မျိုး၊ ဖတ်ရိုး စ-သတ်သံ။ (မေတ္တ= မစ်တ)

၃။ သဝေလည်းထိုး၊ န-သတ်မျိုး၊ ဖတ်ရိုး င-သတ်သံ။ (ပူရေန္တံ= ပူရင်တံ)

၎။ သဝေ ရေးချ၊ သတ်မြင်က၊ ဖတ်ကြ ၀ဆွဲသံ။ (ဟောန္တု= ဟွန်တု)

၅။ ဿ-ကိုမြင်လတ်၊ သ-နှစ်လုံးမှတ်၊ ဖတ်ကြ တ-သတ်သံ။

(တဿ= တတ်သ)

၆။ “ည-ကို မြင်လတ်၊ နှစ်လုံးမှတ်၊ ဖတ်ကြ င-သတ်သံ။“ (အရည = အရင်ည)



၁။ နှစ်လုံးဆင့်ခေါ်သော ပါဌ်ဆင့်စာလုံးတို့ကိုတွေ့လျှင်

အထက်ကစာလုံး၌ အသတ်ထည့်ဖတ်ပါ။

ဥပမာ။ ။ကတ္ထ-၌ တ၀မ်းပူကို အသတ်ထည့်၍ ကတ်ထ-ဟုဖတ်ပါ။

ကန္တ-၌ နငယ်ကို အသတ်ထည့်၍ ကန်တ-ဟုဖတ်ပါ။

ပါဌ်ဆင့်တိုင်း၌ အပေါ်စာလုံးကို အသတ်ထည့်၍ဖတ်ပါ။ - - -မူသေစည်းဖြစ်ပါသည်။

၂။ သဝေထိုးလည်းပါ တ-သတ်လည်းပါသော စာလုံးမျိုးတွင်

အသံထွက်သော အခါ စ-သတ်အသံဖြင့်ဖတ်ပါ။

ဥပမာ။ ။ခေတ္တ-၌ သဝေထိုးနှင့် တ-သတ်ပါနေသဖြင့် ခစ်တ-ဟု ဖတ်ပါ။

မေတ္တ-၌လည်း မစ်တ-ဟုဖတ်ပါ။

၃။ သဝေထိုးလည်းပါ န-သတ်လည်းပါလျှင် င-သတ်သံဖြင့် အသံထွက်ပါ။

ဥပမာ။ ။ပူရေန္တံ-၌ သဝေထိုးလည်းပါ န-သတ်လည်းပါသဖြင့်

ပူရင်တံ-ဟု င-သတ်သံ ဖြင့်ဖတ်ပါ။

၎။ သဝေထိုးလည်းပါ ရေးချလည်းပါ အသတ်တစ်ခုခုလည်းပါနေပါက

ဝဆွဲသံဖြင့်ဖတ်ပါ။

ဥပမာ။ ။သောတ္ထိ-၌ သဝေထိုး ရေးချ တ-သတ်ပါနေသဖြင့်

သွတ်ထိ-ဟု ၀ဆွဲသံဖြင့်ဖတ်ပါ။

ဟောန္တု-၌လည်း ဟွန်တု-ဟု ၀ဆွဲသံဖြင့်ဖတ်ပါ။

၅။ ဿ(သ-ကြီး) သည် သနှစ်လုံး တွဲထားခြင်းဖြစ်သည်။

တ-သတ်သံဖြင့် ဖတ်ရမည်။

ဥပမာ။ ။နမော တဿ-ကိုဖတ်လျှင် နမော တတ်သ-ဟု ဖတ်ရမည်။

၆။ “ည-ကို မြင်လတ်၊ နှစ်လုံးမှတ်၊ ဖတ်ကြ င-သတ်သံ။“ (အရည = အရင်ည) ဆိုတာလေးပါ ဖြည့်စွက်ပါသည်။

မှတ်ချက် ။     ။ ပါဠိ တွင် ၀စ္စပေါက် လုံးဝ မရှိပါ သဖြင့် ထည့်မဖတ်ဖြစ်အောင် ( ၀စ္စပေါက် အသံ  မထွက်မိအောင် ) သတိဖြင့် ရှောင်ပါ။



ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ



ကမ္ဘာ့ အစောဆုံး ဗုဒ္ဓ ဘုရားကျောင်း တူးဖေါ်တွေ့ရှိ

ကမ္ဘာပေါ်မှာ အစောဆုံးတည် ရှိခဲ့တဲ့ ဗုဒ္ဓ ဘုရားကျောင်း တခုကို ဘုရား ဖွားတော် မူ ခဲ့တဲ့ နေရာအောက်မှာ ရှေးဟောင်း သုတေသီတွေ ကနေ တူးဖေါ် တွေ့ ရှိခဲ့ပြီ ဖြစ်ပါတယ်။

နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်က မယ်တော် မာယာဒေဝီ ကျောင်းတော် အတွင်း လွန်ခဲ့တဲ့ ဘီစီ ၆ ရာစုက တည်ထား ကိုးကွယ်ခဲ့တဲ့ သစ်သားဘုရားကျောင်း ပုံစံကို တူးဖေါ် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဘုရားကျောင်းမှာ သစ်ပင် တပင် ရှိခဲ့တဲ့ပုံပေါ်ပြီး ဒါဟာ မယ်တော် မာယာဒေဝီ အင်ကြင်းကိုင်းကို ကိုင်ပြီး မွေးဖွားတော် မူတာ ကို ဖေါ်ပြပုံ ရတယ်လို့ ဆိုပါတယ်။
 
 BBC
 

iPhone တွင် email attachment ဖိုင်များကို ဟက်ကာများ ရယူနိုင်သည့် အားနည်းချက်ရှိ



iPhone ကို passcode ဖြင့် lock ပြုလုပ်ထားလျှင်ပင် email မှတစ်ဆင့် ပေးပို့ထားသည့် ဖိုင်များကို အသုံးပြုနိုင်သည့် အားနည်းချက်အား ဂျာမန်လုံခြုံရေးပညာရှင် Andreas Kurtz က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၂၀၁၀ ခုနှစ်တွင် iOS 4 Software ကို မိတ်ဆက်စဉ်က ဖိုင်များကို လုံခြုံမှုရှိသည့် အလွှာတစ်ခုဖြင့် ထပ်မံ ကာကွယ်ထားကြောင်း Apple က အခိုင်အမာဆိုခဲ့သည်။ အဆိုပါစနစ်သည် ဖုန်းအတွင်းရှိ email attachment များကို သီးခြား lock လုပ်ပေးထားခြင်း ဖြစ်သည်။ ၎င်းစနစ်သည် အကယ်၍ ဟက်ကာများက ဖုန်းကိုထိန်းချုပ်ပြီး ကွန်ပျူတာနှင့် ချိတ်ဆက်ကာ passcode ကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် email attachment များကို တွေ့မြင်နိုင်ခြင်းမရှိအောင် ပြုလုပ်ထားခြင်းဖြစ်သည်။

သို့သော်လည်း အမှန်တကယ်တွင် ဖိုင်များကို encrypt လုပ်ထားခြင်းမရှိဘဲ iPhone 4 ကို ကွန်ပျူတာတွင် တပ်ဆင်ပြီး passcode ကျော်ဖြတ်လိုက်သည်နှင့် email attachment များကို တွေ့မြင်နိုင်ကြောင်း Kurtz က ပြောကြားခဲ့သည်။

Passcode နှင့် Lock ပြုလုပ်ထားသည့် iPhone အတွင်းမှ ဖိုင်များကို ဟက်ကာများမှ ရယူနိုင်သည့် နည်းလမ်းအချို့ ရှိသော်လည်း သီအိုရီအရ ဖိုင်များကို encrypt လုပ်ထားသောကြောင့် ရှုပ်ထွေးသည့် နံပါတ်များနှင့် စာလုံးများကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း Kurtz ၏ တွေ့ရှိချက်တွင် email attachment များကို encrypt လုပ်ထားခြင်းမရှိကြောင်း သိရသည်။ အဆိုပါ နည်းလမ်းသည် ထုတ်ကုန် အသစ်များတွင် အလုပ်မလုပ်သော်လည်း အားနည်းချက်များမှာမူ ဆက်လက်ရှိနေသေးကြောင်း ၎င်းအားနည်းချက်ကို iPhone 4, iPhone 5S နှင့် iPad 2 တွင် စမ်းသပ်ခဲ့ပြီး Apple ထံသို့ အကြောင်းကြား ခဲ့သော်လည်း update အနေဖြင့် ဖြန့်ချိခဲ့သည့် iOS 7.1.1 တွင် အားနည်းချက်ကို ပြင်ဆင်ထားခြင်း မရှိကြောင်း NESO Security Labs ကို တွဲဖက်တည်ထောင်သူ Kurtz က ပြောကြားခဲ့သည်။

နောင်နောင်
Ref: CNN
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)


iOS ထုတ်ကုန်များ၏ ဝယ်လိုအား ၂၀၁၃ ပထမလေးလပတ်ထက် မြင့်တက်လာ



ပြည်တွင်း နည်းပညာထုတ်ကုန်ဈေးကွက်တွင် iOS ထုတ်ကုန်များ၏ ဝယ်လိုအားသည် ပြီးခဲ့သည့်နှစ် ပထမလေးလပတ်ထက် အနည်းငယ်မြင့်တက်လာကြောင်း ရန်ကုန်အခြေစိုက် နည်းပညာ ထုတ်ကုန်ဈေး ကွက်မှ စုံစမ်းသိရသည်။

ရန်ကုန် မိုဘိုင်းဖုန်းနှင့် ဆက်စပ်နည်းပညာဈေးကွက်တွင် ထုတ်ကုန်များဖြစ်သည့် မိုဘိုင်းဖုန်းနှင့် သင်ပုန်း ကွန်ပျူတာ (Tablet) များကို သုံးစွဲသူပိုမိုများပြားသော်လည်း ၂၀၁၃ မှစတင်ကာ ထုတ်ကုန်များကို သုံးစွဲမှု အနည်းငယ်မြင့်တက်လာခြင်းဖြစ်သည်ဟု အထက်ပါ ဈေးကွက်မှသတင်းရရှိသည်။

iOS ထုတ်ကုန်များသည် နည်းပညာထုတ်ကုန်များထက် ဈေးနှုန်းမြင့်မားသော်လည်း ကြာရှည်အသုံး ခံခြင်းနှင့် နည်းပညာစွမ်းဆောင်မှုမှာ ပိုမိုကောင်းမွန်ခြင်းစသည့် အချက်များကြောင့် သုံးစွဲသူ တိုးတက် လာခြင်းဖြစ်ကြောင်း သိရသည်။

Android OS ထုတ်ကုန်များထက် ဈေးနှုန်းမြင့်မားသည့် iOS နည်းပညာပစ္စည်းများသည် ယခင်က ငွေကြေး တတ်နိုင်သည့် လူတန်းစားတစ်ရပ်သာ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် နည်း ပညာနှင့် အလှမ်းမဝေးသည့် ကုမ္ပဏီဝန်ထမ်းလူငယ်များသည် ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်၍သော် လည်းကောင်း၊ အရစ်ကျရောင်းချပေးသည့် စနစ်များဖြင့်လည်းကောင်း ဝယ်ယူအသုံးပြုနိုင် ကြခြင်းဖြစ်သည် ဟု သိရသည်။

iOS နည်းပညာ ထုတ်ကုန်များဖြစ်သည့် Apple အမှတ်တံဆိပ်၏ iPhone, iPad, MacBook Air အစရှိ သည်တို့၏ ဝယ်လိုအားများသည် Android OS ဖြစ်သည့် Huawei, Samsung အမှတ်တံဆိပ်များ၏ ဈေး ကွက်နေရာကို အနည်းငယ်ပိုမို ရရှိလာခြင်းဖြစ်သည်။

“ Android OS ထုတ်ကုန်တွေက ကြာရှည်အသုံးမခံဘူး။ Huawei တံဆိပ်တွေဆိုရင် ခဏလေးသုံးရုံနဲ့ ပူလာတာမျိုးရှိတယ်။ iOS ကျတော့ အဲ့ဒီပြဿနာမရှိဘူး။ သုံးနေရင်းနဲ့ မျက်နှာပြင်တွေ ပွတ်လို့မရတာမျိုးလည်း မရှိဘူး” ဟု ထုတ်ကုန်များကို အသုံးပြုနေသူ ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့ကြောင့် ပြည်တွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းဈေးကွက်တွင် iOS ထုတ်ကုန်များကို ပုံမှန်ထက် ပိုမိုတင်သွင်းလာရကြောင်း သိရသည်။

“နည်းပညာတွေက အရင်တုန်းကဆို ဈေးနှုန်းကကြီးပေမယ့် အခုအချိန်မှာ လျော့ကျလာတာရှိပါ တယ်။ ဈေးတွေကျလာတော့ ဝယ်လိုအားက ပိုတက်လာတဲ့သဘောပါ။ iPhone 6 လာရင်လည်း သူ့ရဲ့ဝယ်လိုအားက အရင်ထုတ်ကုန်တွေထက် ပိုများလာနိုင်မယ်လို့ထင်တယ်” ဟု Apple အမှတ်တံဆိပ် ထုတ်ကုန်များကို ရောင်းချသည့် iNora ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်တွင်းမိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းဈေးကွက်တွင် iPhone ဝယ်ယူသူများပြားလာခဲ့ပြီး Apple ၏ နောက်ဆုံးထုတ်ကုန်ဖြစ်သော iPhone 5S ၏ ဝယ်လိုအားသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ Samsung နှင့် Huawei အမှတ်တံဆိပ်များ၏ နောက်ဆုံးထုတ်ကုန်များ၏ ဈေးကွက်နေရာကို အနည်းငယ်ရယူလာနိုင်ခဲ့သည်ဟု စုံစမ်းသိရသည်။

ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၈)


ဒုတိယကမ္ဘာစစ်အတွင်းက ရိုက်ကူးထားတဲ့ ဓါတ်ပုံပေါင်း ၁၅,၀၀၀ နဲ့ ဖန်တီးထားတဲ့ အနုပညာလက်ရာ





ref;oddstuffmagazine
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)


အကုန်အကျသက်သာပြီး ဆွဲဆောင်မှုရှိတဲ့ လက်စွပ်တကွင်း ပြုလုပ်နည်း

 
 
 အကုန်အကျသက်သာပြီး ဆွဲဆောင်မှုရှိတဲ့ လက်စွပ်တကွင်း ပြုလုပ်နည်း... 

 

























ref;oddstuffmagazine
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
 
 


ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် သံဃာ့အစည်းအဝေး ဆုံးဖြတ်



ရန်ကုန်၊ မေ ၁၃

ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ၊ စာစောင်များနှင့် အသံသွင်း တိပ်ခွေများတွင် အယူအဆ အလွဲများဖြင့် ရေးသား၊ ဟောပြောမှုများ ပါရှိနေ၍ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က စိစစ်ပြီးမှသာ ထုတ်ဝေခွင့်ပြုရန် ပဉ္စမအကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာတော်များထံမှ သိရသည်။

မေလ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင်ပြုလုပ်သော ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးတွင် အထက်ပါအတိုင်း ဆွေးနွေး ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က မိန့်ကြားသည်။

အဆိုပါ ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို အခြားလောကီဆိုင်ရာ စာပေများကဲ့သို့ ထုတ်ဝေပြီးမှ ပြန်လည် တင်ပြသည့် စနစ်ကျင့်သုံးပါက အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွားသွားပြီး သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မပါလာ ဘိဝံသက မိန့်ကြားသည်။
“အဓမ္မဝါဒ စာအုပ်တို့ အလွန်ပြန့်ပွား သွားပါက သန့်ရှင်းသော သာသနာတော်ကြီး ကွယ်ပျောက် သွားနိုင်ပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

အဆိုပါ အယူအဆလွဲများဖြင့် ရေးသားဟောပြော နေသောကြောင့် သာသနာတော် တည်တံရေးအတွက် နိုင်ငံတော် သံဃမဟာနာယကက စိစစ်ရန် တာဝန်ရှိကြောင်း မွန်ပြည်နယ် နိုင်ငံတော် သံဃာ့ဗဟိုဝန်ဆောင် ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက မိန့်ကြားသည်။

“မြတ်စွာဘုရားရှင်ရဲ့ဓမ္မဝိနယများကို မကျွမ်းကျင်ပဲ လူပြိန်းကြိုက် ကိုယ်လိုရာဆွဲပြီး ဟောပြော ရေးသားနေသောကြောင့် အဓမ္မဝါဒများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းကမိန့်ဆိုသည်။

အဆိုပါ အယူအဆ အလွဲများဖြင့် ရေးသား ဟောပြောမှုများကို စိစစ်ပြီးမှ ထုတ်ဝေရန် ဆုံးဖြတ်ချက်ကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး အပြီးတွင် နိုင်ငံတော် သံဃမဟာနာယက အစည်းအဝေး ဆုံးဖြတ်ချက်များမှ ညွှန်ကြားချက်များဖြင့် ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံတော် သံဃဗဟိုဝန်ဆောင် အဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းရှိပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် ၁၉၈၀ ခုနှစ်မှ ၁၉၉၅ ခုနှစ်ထိ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကို လေးကြိမ် ကျင်းပခဲ့သော်လည်း ယခုပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ၁၉ နှစ်အကြာမှ ပြန်လည် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ သံဃာတော် ကိုယ်စားလှယ်ပေါင်း ၂၅၅၈ ပါး တက်ရောက်ခဲ့ကြောင်း ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲ အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

The Voice Weekly


ကမ္ဘာ့ ဈေးအကြီးဆုံး လေယာဉ် လက်မှတ်


ကမ္ဘာ့ ဈေးအကြီးဆုံး လေယာဉ် လက်မှတ် တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂၁၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီအတွက် ရရှိတဲ့ အခွင့် အရေး ကလည်း မနည်း ပါဘူး။

၁၂၅ စတုရန်းပေ ကျယ်တဲ့ အခန်းထဲမှာ အိပ်ရာ၊ ၃၂ လက်မ တီဗီ၊ အိမ်သာ၊ ရေချိုးခန်း၊ ရေခဲသတ္တာ၊ ထမင်းစား ခန်း၊ ဧည့်ခန်းစားပွဲ အစရှိ သဖြင့်တို့ စုံစုံလင်လင် ပါရှိမှာ ဖြစ်ပါတယ်။ အဆင့်မြင့် ဟိုတယ် အခန်း တစ်ခန်း မှာ ပါရှိတဲ့ ဝန်ဆောင်မှုများ အတိုင်း ပါပဲ။ ယူအေအီး နိုင်ငံ အခြေ ဆိုက် Etihad လေကြောင်းလိုင်းမှ ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ အဘူဒါဘီ ကနေ လန်ဒန် ကို သွားတဲ့ ခရီးစဉ် အတွက် စတင်နေပြီ ဖြစ်ပြီး အခြားသော ခရီးစဉ် များ အတွက်ပါ ဝန်ဆေင်မှု ထပ်မံ တိုးချဲ့မှာ ဖြစ်ကြောင်း ဆိုပါတယ်။

၂ ယောက်အိပ်ခန်း၊ ၁ ယောက်အိပ်ခန်း အစရှိသဖြင့်တို့ ပါဝင်ပြီး ဈေးနှုန်းက ကန်ဒေါ်လာ ၂၁၀၀၀ (၂သောင်း၁ထောင်) ကနေ အစားစား များ သွားခြင်း ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း နှစ်ရာ ကျော် ပါပဲ။ ကား ကောင်း တစ်စီး ဝန်လို့ရတဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ ခရီးစဉ် ဖြစ်နေတော့ ကမ္ဘာ့ လူချမ်းသာ များအတွက်သာ ရည်ရွယ်ထားတဲ့ လေယာဉ် ခရီးသည် လက်မှတ် ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Eithad
အောင်ခမ်း (ရိုးရာလေး)



လမ်းဘေးမှာ အရှက်မရှိ စည်းကမ်းမဲ့ သေးပေါက်သူများကို မီးသတ်ပိုက်ဖြင့် လိုက်ထိုး၍ နှိမ်နင်း (ရုပ်/သံ)



အိန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့ ရဲ့ အစိုးရမဟုတ်တဲ့ ပြည်သူအဖွဲ့ က မိမိဘာသာ အာဏာအပ်နှင်းပြီး လမ်းတွေမှာ သေးပေါက်တဲ့ လူတွေကို ရေပိုက်နဲ့ လိုက်ထိုးနေပါပြီ။

ဒီအ၀ါရောင်ရေသယ်ကားတွေမှာ လူတစ်ဦးသေးပေါက်နေတဲ့ပုံကို အနီရောင်အမှတ်အသားခတ်ထားပြပြီး ‘မင်းတို့ ရပ်ရင် ငါတို့ ရပ်မယ်’ ဆိုတဲ့ စာသားကို ရေးထိုးထားပါတယ်။ အားပြင်းတဲ့ မီးသတ်ပိုက် အကြီးစားတစ်ခု ပါရှိပြီး လမ်းလေးသေးပေါက်တဲ့လူတွေကို မြို့  အနှံ့ လိုက်ရှာဖွေနေတယ်လို့  သိရပါတယ်။ ရေသယ်ကားတွေရဲ့ ခေါင်မိုးနေရာလွတ်ကနေ မျက်နှာဖုံးတပ်ထားတဲ့ ပြည်သူ့  ၀န်ထမ်းတွေက သေးပေါက်တဲ့လူတွေကို မီးသတ်ပိုက်နဲ့ လှမ်းထိုးတာပါ။

ဒီ အ၀ါတောက်တောက်ရေသယ်ကားတွေဟာ Clean Indian လို့ ခေါ်တဲ့ အမည်မသိအဖွဲ့ တစ်ခုက လုပ်ဆောင်နေတယ်လို့ ယူဆရပြီး လူမြင်ကွင်းသေးပေါက်ခြင်းကို ဆန့် ကျင်တဲ့လှုပ်ရှားမှုအဖွဲ့ အစည်း အဖြစ် လူသိများကြပါတယ်။

အိန္ဒိယရဲ့ လူဦးရေထူထပ်တဲ့မြို့ လမ်းပေါ်မှာ အရှက်မရှိ၊ အားနာမှုမရှိဘဲ သေးပေါက်တဲ့လူတွေကို အမြစ်ဖြတ်တိုက်ခိုက်ဖို့ ရည်ရွယ်ပြီး အုတ်နံရံနဲ့ လမ်းတွေကို သေးတွေစိုအောင် ပေါက်တဲ့လူတွေကို တုံ့ ပြန်တဲ့ အနေနဲ့ စိုရွှဲနစ်မွန်းသွားတဲ့ အထိ ရေပိုက်နဲ့ လိုက်ထိုးနေပါတယ်။

လူမြင်ကွင်းကျင်ငယ်စွန့် ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးတွေဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတစ်ခုဖြစ်ပြီး ဒါကို တွန်းလှန်သွားနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို ဝေဖန်သူတစ်ချို့ ကတော့ ပြည်နယ်ရဲ့ အများသုံးအိမ်သာမလုံလောက်မှုကို ပိုအပြစ် တင်သင့်ပြီး လမ်းလေးသေးပေါက်တာက အဓိကမဟုတ်ကြောင်း ပြောဆိုနေကြပါတယ်။
Trend Myanmar

၎င်း Video ကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်..






လေရှူ အထုတ်အသွင်း လုပ်ရုံဖြင့် ကင်ဆာရှိမရှိ သိနိုင်ပြီ



ကိုယ်တွင်းမှ လေရှူ အထုတ် အသွင်း ပြုလုပ်ရုံနဲ့ မိမိမှာ ကင်ဆာ ရှိမရှိ သိနိုင်ပြီ ဖြစ်ကြောင်း သိရ ပါတယ်။ ဒီအတွက် ထောက်ပံ့တဲ့ အိတ်ဆောင် စက်ငယ် လေးများကို ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ပုံမှာ ပြသထားတဲ့ စက်ကတော့ အယ်လ်ကိုဟော ဓာတ်ဘယ်လောက် ရှိ တယ် ဆိုတာကို စမ်းသပ်တဲ့ စက်ပါ။ ယခု လေကို စစ်ဆေးလို့ ကင်ဆာ ရောဂါ စစ်ဆေးမ့ယ် စက်ကလည်း ယင်းနဲ့ သိပ်မကွာတဲ့ ပုံစံ အတိုင်း ထုတ်လုပ် သွားမှာ ဖြစ်ပါတယ်။ အမေရိကန် Respiratory Institute မှ ဒေါက်တာ Raed Dweik ဦးဆောင်လို့ ဖန်တီး ရရှိ ခဲ့တဲ့ အောင်မြင်မှု တစ်ခု ဖြစ်ပါတယ်။ ကင်ဆာ ရောဂါတင် မကပဲ ဘယ်လို ရောဂါ မျိုးကို မဆို စစ်ဆေး တွေ့ရှိ နိုင်မှာ ဖြစ်ပါတယ်။

လေဟာ အဆုပ်ကနေ ထွက်လာတာ ဖြစ်ပေမယ့် ကိုယ်တွင်း နေရာ အနှံ့က အခြေအနေ အားလုံးကို ဖော်ပြ ပေးနိုင် ပါတယ်။ အားကစား သမား တစ်ယောက် အနေနဲ့ ခေါင်းမှာ ဒဏ်ရာ ရှိနေရင်တောင် သူ့ရဲ့ လေနဲ့ တင် သိရှိ နိုင် ပါတယ်။ ယင်း စက်က ကင်ဆာတင် မကပဲ အခြားသော ဘယ်လို ရောဂါ မျိုးများ ကိုမဆို စုံစမ်း သိရှိ ထောက်လှမ်း ပေးနိုင် မှာ ဖြစ်ပါ တယ်။ ဥပမာ နှလုံး နှင့် ဆက်စပ် ရောဂါ၊ အရိုးအကြော နဲ့ အူ လမ်း ကြောင်း ရောဂါ၊ သွေးကြော ရောဂါ အမျိုးမျိုး တို့ကို ထောက် လှမ်း ပေးနိုင်မှာ ဖြစ်ပါတယ်။

ဓာတ်မှန် ရိုက်ကူးခြင်းဟာ အသက်အန္တရာယ် ရှိတာကြောင့် အကန့် အသတ် ပြုလုပ်ရပေမယ့် Breathalyzer-style device ကတော့ သွားလေရာ ဆောင်ပြီး အချိန်မရွေး အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ ယင်း အတွက် ထုတ်လုပ် ဖန်တီးမှုကို စတင်နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး)


ရန်ကုန်မြို့၌ ဒိုင်နာယာဉ် ပြေးဆွဲမှုများကို ရပ်ဆိုင်း၍ ဘတ်စ်ကားများကို အစားထိုး ပြေးဆွဲမည်


 ရန်ကုန် ၊ ၁၄-၅-၂၀၁၄

 ရန်ကုန်မြို့တွင် ဒိုင်နာယာဉ် ပြေးဆွဲမှု များကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောကြားကြောင်း သိရသည်။

တစ်နှစ်လျှင် ဒိုင်နာယာဉ် အစီး ၅၀ ၀န်းကျင် တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးမှု နှင့် ဒဏ်ရာ ရရှိမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွား နေသည့်အတွက် ပြေးဆွဲမှုကို မကြာမီ ဖျက်သိမ်း သွားမည် ဖြစ်ကြောင်း ၊ ဒိုင်နာယာဉ် များသည် ထရပ်ကား အမျိုးအစား ဖြစ်သောကြောင့် ကုန်တင်ရာ၌ သင့်လျှော် သော်လည်း လူစီးရာတွင် ဟိုင်းလတ်ယာဉ် များထက် ပိုမို အန္တရာယ် ရှိသည့်အတွက် ဖျက်သိမ်းမှု အစီအစဉ် တွင် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ သုံးစွဲမှုစရိတ် စစ်တမ်း ကောက်ယူရာ၌ ၃ ရာခိုင်နှုန်းသည် ယာဉ်ကြောင့် ဖြစ်သည့် သေဆုံးမှု စရိတ်များ ဖြစ်နေပြီး တစ်နှစ်လျှင် ငွေကျပ် သန်း ၃၀၀ ခန့်ရှိကြောင်း ၊ အဝေးပြေး ခရီးသည်များ အတွက် မြန်မာ့ အာမခံ လုပ်ငန်းက ခရီးသွား အာမခံ ထားရှိ ပေးသော်လည်း မြို့တွင်း သယ်ယူ ပို့ဆောင်ရေး ခရီးစဉ်အတွက် အာမခံ ဖွင့်လှစ် ထားခြင်း မရှိကြောင်း ၊ ဟိုင်းလတ်ယာဉ် များကို ရန်ကုန်မြို့တွင်း ၀င်ရောက် ပြေးဆွဲခြင်း မရှိစေရန် ညွှန်ကြား ထားပြီး ဖြစ်ပြီး ယခုအခါ ဒိုင်နာယာဉ် ပြေးဆွဲမှု များကိုပါ ရပ်ဆိုင်း၍ လူစီး ဘတ်စ်ကားများ ကိုသာ အစားထိုး ပြေးဆွဲမည် ဖြစ်ကြောင်း ဦးလှသောင်းမြင့် က ဆက်လက် ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိသော ဒိုင်နာယာဉ် အစီးရေမှာ ၁၈၆၈ စီးခန့် ရှိကြောင်း မထသ (ဗဟို) ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

(၄၀၁)

Themyawadydaily