23 May 2014

အမေရိကန် ဒေါ်လာ၁ဒသမ ၆၇သန်း ကုန်ကျမည့် သားသတ်ရုံ မြို့ကြီးသုံးမြို့တွင် တည်ဆောက်မည်





ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ညွှန်ကြားချက်အရ အစားအစာလုံခြုံစိတ်ချမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျစေရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ သန်း ကုန်ကျမည့် ခေတ်မီ သားသတ်ရုံများကို မြန်မာနိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။

“စည်ပင်အနေနဲ့ ကိုယ့်ဘတ်ဂျက်နဲ့ ကိုယ်ဆောက်ရမှာဖြစ်ပါတယ်။ အဓိကတော့ ဈေးနှင့်သားသတ်ဌာနက ဆောင်ရွက်သွားမှာပါ။ အဆောက်အအုံအတွက် နေရာလျာထားပြီးပြီဆိုတော့ နေရာသေချာပြီဆိုတာနဲ့ တင်ဒါခေါ်မယ်။ ပြီးရင် စက်ပစ္စည်း၊ ရေပေးရေးစနစ်တို့၊ ၀န်ထမ်းအိမ်ရာတို့ ထားရှိမှာဖြစ်ပါတယ်။ ၂၀၁၆ မှာ အပြီးတည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ယင်းသားသတ်ရုံတည်ဆောက်ပြီးစီးပါက နေ့စဉ် ကျွဲ၊ နွားအကောင်ရေ ၂၀၀ ခန့်သတ်နိုင်မည်ဖြစ်ပြီး အသားကိုလည်း အအေးခန်းဖြင့်ထားကာ စက်ဖြင့် အရေခွံခွာ၊ အသားထုတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ခေတ်မီသားသတ်စက်ရုံကို တောင်အင်းမြောက်အင်းတွင် တည်ဆောက်ပြီးပါက မန္တလေးမြို့ စိန်ပန်းရပ်ကွက်ရှိ သားသတ်ရုံကို မြို့နှင့်နီးသဖြင့် ထိုနေရာသို့ ရွှေ့ပြောင်းစေမည်ဖြစ်သည်။

မန္တလေးမြို့အပါအ၀င် ရန်ကုန်နှင့် နေပြည်တော်မြို့များ၌ ခေတ်မီသားသတ်ရုံတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်စီစဉ်ခဲ့ပြီး ယခုနှစ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကာ စီမံကိန်းကာလကို သုံးနှစ်သတ်မှတ်ထားသည်။ မန္တလေးမြို့တွင် တည်ဆောက်မည့် ခေတ်မီ သားသတ်ရုံကို တောင်အင်း မြောက်အင်းတွင် လျာထားပြီး စည်ပင်မှ အကုန်ကျခံတည်ဆောက်မည်ဖြစ်ကာ ခန့်မှန်းကုန်ကျစရိတ် သိန်း ၅၀၀ ခန့်လျာထားသည်။

Mizzima Burmese





ဝင်ငွေ ၂၀၀၀ ကျပ် ဒုသမ္မတ ပြောဆိုချက် တလွဲအဓိပ္ပာယ်ကောက်ဟုဆို


ဦးရဲထွဋ်

တရက်ကို ၀င်ငွေ ကျပ် ၂၀၀၀ ရှိရင် လုံလောက်ဟု မြန်မာ့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြောဆိုချက်ဟာ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူတာဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရက ပြောပါတယ်။

မေ ၁၉ ရက် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွား ဘ၀မြင့်တင်ရေး အခမ်းအနား အပြီး အရစ်ကျ အနှေးယာဉ် ၀ယ်ယူသူများနဲ့ တွေ့ဆုံရာမှာ “တရက်ကို ၂ ထောင်ကျော်ဆိုရင် ရပ်တည်ဖို့ လောက်ပြီပေါ့ ဒီထက်နည်းနည်း ပိုရရင် အဆင်ပြေပြီ” လို့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြောကြားခဲ့တာကို ကိုးကားပြီး ရန်ကုန် အခြေစိုက် လူထုပုံရိပ် ဂျာနယ်မှာ ရေးသားထားပါတယ်။

ဒီရေးသားချက်ဟာ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံနေပြီး ဝေဖန်မှုတွေ အမြောက်အမြား ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
အနိမ့်ဆုံး အခြေခံ စားသောက် သွားလာ နေထိုင်စရိတ် အနည်းဆုံး ကျပ် ၃၇၀၀ နဲ့ တွက်ပြထားတဲ့ ပိုစ်တွေနဲ့ ဒီပြောဆိုချက်ကို သရော်တဲ့ ကာတွန်းတွေလည်း မြန်မာ လူမှုရေးကွန်ရက်အသုံးပြုသူတွေ အကြား ပျံနှံနေ ပါတယ်။

ဒုတိယသမ္မတတဦးရဲ့ ဒီလို ပြောဆိုချက်တွေအပေါ် ဝေဖန်ချက်တွေ ကျယ်လောင်တာနဲ့ပတ်သက်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကို မေးမြန်းရာမှာ ဒီပြောဆိုချက်ဟာ ဆိုလိုချက်ကို အဓိပ္ပာယ်ကောက်ယူမှုလွဲပြီး ပြောဆိုတာ ဖြစ်တယ်လို့ ဖြေဆိုပါတယ်။

“လူတွေက ထုံးစံအတိုင်းပဲ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူပြီးတော့ ပြောတာပါ။ တကယ်တော့ ဒုတိယ သမ္မတ ပြောတာက ကျနော်တို့ အားလုံးသိတဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းပေါ့နော်၊ ဆင်းရဲနွမ်းပါးမှုမျဉ်းက အရင်တုန်းက ၁ ဒေါ်လာ သတ်မှတ်တယ်။ နောက် ၂၀၀၈ ခုနှစ်မှာ ၁ ဒဿ မ ၂၅ ဒေါ်လာ အောက် ၀င်ငွေရှိတဲ့သူတွေကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်တယ်လို့ ပြောတယ်။ ဒုတိယ သမ္မတကြီးပြောတဲ့ ဆိုလိုတဲ့ သဘောကတော့ အဲဒီ ၂၀၀၀ အောက် အပေါ်ရောက်လို့ရှိရင် ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ကို ရောက်ပြီပေါ့။ ဒါကို သူက ဆိုလိုတာပါ။ နိုင်ငံတကာသတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းပေါ့။ နောက်တခုက ကျနော်တို့လုပ်နေတဲ့ ဆင်းရဲနွမ်းပါးလျော့ချရေးဆိုတော အဲဒီစံနဲ့ လိုက်လုပ်နေရတာကိုး။”

အရင်ကလည်း သမ္မတ အကြံပေး ဦးကိုကိုလှိုင်၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဌာန ၀န်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာန၀န်ကြီး ဦးအုန်းမြင့် စတဲ့ အစိုးရအဖွဲ့တွင်းက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကိုလည်း လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေမှာ ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။

DVB Burmese


Journey to the west နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံမှာ ရိုက်ကူးလိုပါတယ်ဟု ပြောခဲ့တဲ့ စွန်းဝူခုန်း



ကမ္ဘာကျော် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲဖြစ်တဲ့ Journey to the west ရဲ့နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့အတူ  မြန်မာနိုင်ငံမှာ ရိုက်ကူးလိုကြောင်းကို မျောက်မင်း စွန်းဝူခုန်း Liu Xiao Ling Tong က တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်မှာ မေလ၂၂ရက်နေ့၊ ၉နာရီက ပြုလုပ်ခဲ့တဲ့ ပရိသတ်တွ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
 
 ဒီအခမ်းအနားမှာပဲ Liu Xiao Ling Tong ကသန်လျင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့် တိုင်းရင်းသား လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာကို ငွေကျပ်ဆယ်သိန်းလှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံက မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းကနေပြီး Lin Xiao Ling Tong ကိုဂုဏ်ပြုမှတ်တမ်းလွှာ နဲ့ အမှတ်တရပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Liu Xiao Ling Tongဟာ ပရိသတ်တွေနဲ့တွဲပြီး ဓာတ်ပုံအရိုက်ခံခြင်း၊ Journey to the west ဇာတ်လမ်းတွဲမှာ သူကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ အမူအရာတစ်ချို့ကိုပြန်လည် သရုပ်ဆောင်ပြသခြင်း၊ ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးသီချင်းများကို ပရိသတ်တချို့နဲ့အတူ စင်ပေါ်မှာ တွဲဖက်သီဆိုခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

Liu Xiao Ling Tong ဟာ မြန်မာနိုင်ငံကို ရောက်ရှိခိုက် ရန်ကုန်မြို့က ယဉ်ကျေးမှု တက္ကသိုလ်နဲ့ သန်လျင်မြို့နယ်ရှိ တိုင်းရင်းသားလူငယ် ဖွံဖြိုးရေးပရဟိတဂေဟာကို သွားရောက် လေ့လာမှာဖြစ်သလို၊ ရွှေတိဂုံဘုရားကိုလည်း သွားရောက်ဖူးမြော်မှာဖြစ်ပြီးတော့ နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာလည်း ရန်ကုန်မှာကဲ့သို့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတစ်ပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

မျောက်မင်းစွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong ကို ၁၉၅၉ခုနှစ် ဧပြီ ၁၂ရက်နေ့တွင် ရှန်ဟိုင်းမြို့မှာမွေးဖွားခဲ့ပြီး သူဟာ ဟန်လူမျိုးတစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ကိုယ်တိုင်က မျောက်မင်းစွန်းဝူခုန်း နေရာမှာ သရုပ်ဆောင်ခဲ့ဖူးပြီး သူ့အသက်၆နှစ်အရွယ်ကတည်းက သရုပ်ဆောင်ပညာကို ဖခင်ဖြစ်သူထံမှ သင်ယူလေ့လာခွင့် ရရှိခဲ့သူဖြစ်တယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေအနက် ၁၉၈၆ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အများအပြားမှာလည်း ပြသခဲ့ပြီးဖြစ်တဲ့ Journey to the west ဇာတ်လမ်းတွဲဟာ အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းတွေမှာ သူ့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှု တွေကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကနေLiu Xiao Ling Tong ကို ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခံရ  တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။


ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေအတွက် သမ္မတအပါအ၀င် ၀န်ကြီး၊ ဒုဝန်ကြီးများ လစာ၏ ၂၅ ရာခိုင်နှုန်း လစဉ်လှူမည်

 
ကျေးလက်နေ ပြည်သူလူထု ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ရန်ပုံငွေထူထောင်ရေး ပြည်ထောင်စု အဆင့် ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို လစဉ်အလှူ ငွေထည့်ဝင်ကြရန် နိုင်ငံတော် သမ္မတရုံးမှ အကြောင်းကြားစာ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

ယင်းအကြောင်းကြားစာကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် လက်မှတ်ဖြင့် ပြည်ထောင်စု အဆင့်ဝန်ကြီး၊ ဒုတိယ၀ န်ကြီးများသို့ မေလ ၁၉ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး အလှူငွေများကို သတ်မှတ်ထားသည့် ငွေစာရင်းသို့ ပေးပို့ထည့်သွင်းရမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ ရန်ပုံငွေအတွက် ဘဏ်စာရင်းတစ်ခုကို ဧပြီလ ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ပုံငွေထည့်ဝင်လိုသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယင်းဘဏ်စာရင်းထဲသို့ ထည့်သွင်းရမည်ဖြစ်သည်။ ‘‘သမ္မတကြီးက သူဒီလိုလုပ်မယ်ဆိုတာ အစိုးရအဖွဲ့ကို အသိပေးတာ။ ၀န်ကြီးတွေကပါ လိုက်ပြီး ထည့်ရမယ်လို့ အကြောင်းကြားတာမဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ့်သဘောနဲ့ ကိုယ် ၂၅ ရာခိုင်နှုန်းထည့်ဖို့ ဆန္ဒပြုတာဖြစ်တယ်။ အခုရန်ပုံငွေဘဏ်စာရင်း နဲ့ အကြောင်းကြားစာတော့ ထွက်လာပါပြီ’’ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

ယင်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတို့ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။

လက်ရှိတွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးဦးရေ ၉၀ ကျော် ရှိပြီး ၀န်ကြီးဌာနတစ်ခုတွင် များသောအားဖြင့် ဒုတိယ၀န်ကြီးနှစ်ဦးကို ခန့်အပ်ထားလျက်ရှိသည်။ ‘‘သမ္မတရုံးက စာရောက်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီနေ့ (မေလ ၂၀ ရက်) ရောက်တယ်လို့တော့ ပြောပါတယ်။ ကျွန်တော်လည်း အခုမှ ခရီးက ပြန်ရောက်တော့ သေချာမဖတ်ရသေးပါဘူး’’ ဟု ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောသည်။

အဆိုပါကိစ္စအား မည်သို့မည်ပုံဆောင်ရွက်မည်ဆိုသည် နှင့် ပတ်သက်၍လည်း ပေးပို့လာသည့်စာ ကို သေချာစွာဖတ်ရှုပြီးမှသာလျှင် ပြောဆိုနိုင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးက ဆိုသည်။ ‘‘ဒါက သမ္မတအနေနဲ့ နိုင်ငံအပေါ်မှာ စေတနာထားတယ်ဆိုတာ ပြချင်လို့ လုပ်တာလို့ မြင်တယ်ဗျ။ ဒါနဲ့ ပတ်သက်လို့လည်း အစိုးရအဖွဲ့က ၀န်ကြီးတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်။ အမှန်တော့ တကယ်တမ်းက ထိုက်သင့်တဲ့လစာ ပေးထားပြီးရင် ၀န်ကြီးအဖွဲ့အတွင်းမှာ လာဘ်ပေးလာဘ်ယူ လုံးဝမရှိအောင် လုပ်ရမှာ အဓိကအချက်လို့ မြင်တယ်ဗျ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

ပြည်ထောင်စု ၀န်ကြီးတစ်ဦး၏ လစာငွေမှာ တစ်လလျှင် သိန်း ၃၀၊ ဒုတိယ၀န်ကြီးတစ်ဦး၏ လစာငွေမှာ တစ်လလျှင် သိန်း နှစ်ဆယ်ဖြစ်ပြီး အဆိုပါခံစားခွင့်များအား ယခုနှစ် ဧပြီလမှသာ စတင်ခံစားခဲ့ခြင်း ဖြစ်သည်။

7day


22 May 2014

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး


ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။
လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို
ပြုလုပ်ပေးနိုင်ကြပါတယ်။


၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။
၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။
၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ။
၎။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ။
၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။

ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက်လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံ
မက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။
စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။

Ref: Sore Throat: Medline Plus
ကျန်းမာရေးသတင်းများ


လူတစ်ယောက်၏ တန်ဖိုး

 
(အလွန်းကောင်းတဲ့ အသိပညာပေး ပို့စ်ကောင်းတစ်ခုမို့ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်)
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......

" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး""ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
" ဒါဆိုရင် ခင်ဗျား ကွန်ပျူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး... ဒါလဲ ကျွန်တော်မတတ်ပါဘူး" ဆရာမှာ ခေါင်းခါပြီး
"သချာင်္မတတ်ရင် လူ့ဘ၀ရဲ့၆ပုံ၂ပုံကိုခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပျူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"..
"ခင်ဗျားရဲ့ ဘ၀၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ...."
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။

ထိုအခါ လှေသမားက ဆရာအား
" ခင်ဗျားရေကူးတတ်သလား"ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး
"ကျွန်တော်မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး"ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..
" ဒါဆိုရင် ခင်ဗျားရဲ့ဘ၀၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်"ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပျူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။

ဒါဟာ ပညာရှင်တွေရဲ့အယူအဆပါ။လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာကသူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။

ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။

ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး... ဒါပေမဲ့ သူဟာ ရိုးသားတယ်... မကောင်းတာကို မကြံစည် တတ်ဘူး။
ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့.....

အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မစဉ်းစားပါနဲ့တဲ့......
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
တကယ်တမ်းတော့ တော်တော်မလွယ်လှပါဘူး။

(သီတဂူဆရာတော်ကြီး၏ တရားတော်မှ)
Page ၀န်ဆောင်မှုပေးခြင်းမှ ပြန်လည်မျှဝေပါသည်။

Photo credit: Cute myanmar girls
Credit to ဘ၀စာမျက်နှာ

မလေးနိုက်ကလပ်၌ ဖမ်းဆီးခံရသူ ၁၇ ဦးတွင် မြန်မာမိန်းကလေး နှစ်ဦးပါဝင်


ရန်ကုန်- မလေးရှားနိုင်ငံ ကပုန်း မြို့ရှိ နိုက်ကလပ်တစ်ခုကို နယ် မြေခံအထူးရဲတပ်ဖွဲ့မှ ၀င်ရောက် ဖမ်းဆီးရာ အကဖြင့် ဖျော်ဖြေတင်ဆက်နေသော မြန်မာအမျိုးသမီးနှစ်ဦးအပါအ၀င် ၁၇ ဦးဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။

မေလ ၁၇ ရက်ညက ကွာလာလမ်ပူမြို့နယ် ကပုန်းမြို့ရှိ နိုက်ကလပ်တစ်ခုအား နယ်မြေခံအထူးရဲတပ်ဖွဲ့နှင့် မှုခင်းအရာရှိ ၂၃ ဦးတို့ဝင်ရောက်ဖမ်းဆီးရာ အခြားနိုင်ငံသား ၁၇ ဦးနှင့် နိုက်ကလပ်တွင် ကပြဖျော်ဖြေနေသော မြန်မာအမျိုးသမီးနှစ်ဦး ဖမ်းဆီးမိကြောင်း မလေးရှားနိုင်ငံ TV7 သတင်းဌာန၌ ဖော်ပြထားကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသမီးနှစ်ဦး အပါအ၀င် ဖမ်းဆီးရမိသောသူများသည် မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သူ များ ဖြစ်ကြောင်း ထိုသတင်းဌာနက ဖော်ပြထားသည်။

‘‘ကပုန်းက နိုက်ကလပ်ကို ဖမ်းဆီးတဲ့အကြောင်းကို TV7 က နေ ထုတ်လွှင့်ပြသသွားပါတယ်။ အဲဒီကလပ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးခံရတဲ့အကြောင်း ပြောပြ သွားပါတယ်။ ကွာလာလမ်ပူအ နီး ကပုန်းမှာ မြန်မာမိန်းကလေး အတော်များများ နိုက်ကလပ်တွေ မှာ အလုပ်လုပ်ကြပါတယ်’’ဟု မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အရေးဆောင်ရွက်ပေးနေသာ ကိုသုတစံက ပြောသည်။

Author: ငြိမ်းချမ်း

7DAY DAILY


မြွေအဆိပ် ဖြေဆေးအပင်


အောက်ပါပုံထဲမှ အပင်ကို ဆေးကျမ်းအလိုအားဖြင့် ဒန္တသုခပင် (တောဓားပြဆေးပင်) ဟု ခေါ်ပါသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ရောက်လေရာရာအရပ်တိုင်းတွင် တွေ့မြင်ရသောအပင်ဖြစ်သည်။ ထိုအပင်၏အရွက်မှာ ဆေးခါးရွက်နှင့်တူပြီး အပွင့်မှာ ခရမ်းရောင်ပန်းလေးများဖြစ်သည်။

အပင်၏အရွယ်အစားမှာ မတူညီပဲ တစ်ထွာမှ သုံးလေးပေထိ မြင့်သည်။
ထိုအပင်ကို ရခိုင်မှဆေးပညာလေ့လာလိုက်စားသောဆရာတော်မှ လွန်ခဲ့သော(၁၀)နှစ်လောက်ကပင် ပြောပြခဲ့သဖြင့် စမ်းသပ်အသုံးပြုခဲ့ရာ ရာနှုန်းပြည့်အောင်မြင်ခဲ့သည်။

သုံးစွဲပုံနှင့် ကုသပုံအညွန်း

၎င်းဆေးပင်ကို ခူးယူလိုက်ပါ။ ရေစင်နေအောင် ဆေးလိုက်ပါ။ ပြီးလျှင် ပါးစပ်ထဲထည့်၍ ၀ါးလိုက်ပါ။ ထွက်လာသော အရည်ကို အနာ၏ အ၀ပေါ်ကို သုတ်လိမ်းပေးပါ။ အဖတ်ကို မြိုချလိုက်ပါ။

ဆေးအစွမ်း

မြွေပွေး၊ မွေဟောက် စသောအဆိပ်ရှိမြွေများနှင့် ကင်းကိုက်ခဲခြင်း၊ ငါးစူး၊ လိပ်ကျောက်စူးခြင်း၊ အညော်ဝင်၍ ရောင်ရမ်းကိုက်ခဲခြင်းတို့ကို အလျင်အမြန် ပျောက်ကင်းစေပါသည်။

အထူးသဖြင့် ပြင်းထန်သောမြွေပွေးမြွေဟောက်အဆိပ်များကို (၅)မိနစ်ခန့်တွင် လုံးဝပျောက်ကင်းစေပါသည်။

ရုတ်တရက် အရေးကြုံလာလျှင် မြန်မာ့ရိုးရာဆေးမြီးတိုနည်းဖြင့် လူ့အသက်ကို ကယ်တင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို) ပြန်လည်မျှဝေပါသည်။
ကိုးကား။ ။ ဦးပညာဇောတ၏ ဖေ့စ်ဘုတ်မှ

(မည်သူမဆို ဇီဝိတဒါနအနေဖြင့် ပြန်လည်မျှဝေနိုင်ကြပါသည်)

ကျန်းမာရေးသတင်းများ


မိန်းမတို့ မှဲ့ အဟော


(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။
သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။
အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

(၁၀) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ်တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သတည်း။

2014 အထူးဟောကိန်း ဗေဒင်


ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ဂိတ်များ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရ


ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် ထိုင်းတပ်မတော်သည် မေ ၂၀ ရက် နံနက် ၃း၀၀ နာရီက မာရှယ်လောထုတ်ကာ နိုင်ငံတည်ငြိမ်အောင် ထိန်းခဲ့ပြီးနောက် မေ ၂၂ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် မေ ၂၃ ရက် နံနက် ၆ နာရီမှ စတင်ပြီး နေ့စဉ်ဖွင့်လှစ်ခဲ့သော ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် မြ၀တီမြို့နှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ရှိ နိုင်ငံဖြတ်ကျော်ဂိတ်များကိုလည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအရ ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ နယ်စပ်ဖြတ်ကျော်ဂိတ်များအား ထိုင်းဘက်မှ ပိတ်လိုက်ပြီးဖြစ်သည့်အတွက် မေ ၂၃ ရက်မှ စတင်၍ ထိုင်း- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်တော့မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနယ်စပ်ရှိ လုံခြုံရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရ နယ်စပ်ဂိတ်ကို ရက်ပိုင်းအတွင်းသာ ပိတ်ထားဖွယ် ရှိသည်ဟု သိရသည်။

မြန်မာ-ထိုင်းနယ်စပ်ဂိတ်ဖြစ်သော မြ၀တီ-မဲဆောက် လမ်းကြောင်းမှ ခရီးသွားလာရောက်မှု နေ့စဉ်ထောင်နှင့်ချီ၍ သွားလာနေကြသလို ကုန်သွယ်မှုအနေနှင့်လည်း ယာဉ်တန်းအဆင်း နေ့တိုင်း ဒေါ်လာ တစ်သန်းကျော်ဖိုးခန့် ကုန်သွယ်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်များအား ယာယီပိတ်လိုက်ခြင်းကြောင်း ကုန်သွယ်မှု ဈေးကွက်၊ ငွေကြေးဈေးကွက် လှုပ်ခတ်သွားနိုင်ပြီး သွားလာလုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ အခက်ကြုံနိုင်ကြောင်း မြ၀တီ မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

ယခင်က နယ်ခြားသောင်ရင်း မြစ်ကမ်းထိန်းနံရံ တည်ဆောက်မှုကို အကြောင်းပြုပြီး ချစ်ကြည်ရေးတံတားအား ၁၇ လကြာ ယာယီပိတ်ထားခဲ့စဉ်က သောင်ရင်းဖြတ်ကျော် လှေဂိတ်များမှ သွားလာခွင့် ရှိခဲ့သော်လည်း ယခုအခါ နိုင်ငံလုံခြုံရေးအရ နယ်စပ်ဂိတ်များအားလုံး ပိတ်ထားမည်ဟု သိရသည်။

Eleven Media


အေးနေဖို့ လျှပ်စစ်မီးမလိုတဲ့ ရေခဲသေတ္တာ

 
 
ရခဲရေကန်တွေကို လေ့လာပြီး ထုတ်လုပ်လိုက်တဲ့ ရေခဲသေတ္တာသစ် ‘Sure Chill’ ဟာ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသက ကလေးတွေ အသက်ရှင်ဖို့ လိုအပ်တဲ့  ကာကွယ်ဆေးတွေကို ၃၅ရက်တာအေးထားနိုင်ပါတယ်။
 
ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေကို ကလေးတွေအတွက် Unicef ကနေ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့တဲ့အတွက် ၂၀၁၁ခုနှဏ်မှာ ကလေး ၂ ကနေ ၃ သန်းအရေအတွက်ဟာ အသက်ဆက်ရှင်နိုင်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ကာကွယ်ဆေး မရလို့ သေဆုံးသွားခဲ့တဲ့ ကလေးအရေအတွက် ၁ ဒဿမ ၅ သန်း ရှိခဲ့ပါတယ်။
ကမ္ဘာအနှံ့က ကလေးအရေအတွက် ခန့်မှန်းခြေ ၂၀ရာခိုင်နှုန်းဟာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြပါဘူး။ ထောက်ပံ့ကူညီရေးအေဂျင်စီတွေအတွက် အကြီးမားဆုံးပြဿနာကတော့ ကာကွယ်ဆေးတွေကို အရောက်မပို့နိုင်ကြတာပါ။ အာဖရိကနဲ့ အရှေ့တောင်အာရှက ဆင်းရဲသားမိသားစု အများစုဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပါတယ်။ ရှိရင်းစွဲထက် အသက်တွေပိုကယ်ဆယ်နိုင်ဖို့ဆိုရင် ဆေးတွေကို ပို့ပေးတဲ့နေရာမှာ အဆင့်ပိုမြင့်တဲ့ ရွှေ့ပြောင်းမှုစနစ်၊ သိုလှောင်မှုစနစ်တွေ လိုပါတယ်။ အဓိကပြဿနာကတော့ အဲ့ဒီ့ဒေသတွေဆီကို ပို့တဲ့အခါ ကာကွယ်ဆေးတွေကို လျှပ်စစ်မီးမရှိဘဲ အေးနေအောင် မထိန်းသိမ်းထားနိုင်တာပါပဲ။
ဗြိတိန်၊ ဝေလက ကုမ္ပဏီအသေးလေးတစ်ခုကလာတဲ့ နည်းပညာဟာ ရူပဗေဒ အခြေခံနိယာမတွေကို အခြေခံထားတာပါ။ အဲ့ဒီ့နည်းပညာကို အသုံးချပြီး လျှပ်စစ်မီးမရှိဘဲ ၃၅ရက်တာ အေးထားနိုင်မယ့် ရေခဲသေတ္တာကို တီထွင်နိုင်ခဲ့ပါတယ်။ အဲ့ဒီ့အကျိုးရလဒ်အနေနဲ့ ကမ္ဘာအနှံ့က ကာကွယ်ဆေးလိုအပ်နေတဲ့ ကလေးငယ်တွေရဲ့ အသက်တွေကို ကယ်ဆယ်နိုင်တော့မှာဖြစ်ပါတယ်။
 
Ref:fastcoexist.com
သီဟနိုင် (Trend Myanmar)

မုန်တိုင်းသတိပေးချက်


၂၀၁၄ခုနှစ်၊ မေလ(၂၃)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်

ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည်သိသိသာသာရွေ့လျားခြင်းမရှိဘဲမြန်မာနိုင်ငံ၊ဂွမြို့၏အနောက်ဘက်မိုင်(၁၅၀)ခန့်၊

စစ်တွေမြို့၏အနောက်တောင်ဘက်(၁၆၅)မိုင်ခန့်နှင့်ဘင်္ဂလားဒေရှ့်နိုင်ငံ၊
စစ်တကောင်းမြို့၏တောင်ဘက်မိုင်(၂၉၀)
ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။အဆိုပါမုန်တိုင်းငယ်သည်မြောက်-အနောက်မြောက်ဘက်သို့ဆက်လက်
ရွေ့လျားနိုင်သည်ဟုခန့်မှန်းရပါသည်။

မုန်တိုင်းငယ်သည်မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရသော်လည်းရခိုင်
ကမ်းရိုးတန်းနှင့်အလွန်နီးကပ်နေပါသဖြင့် လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့်ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊
ဒေသအလိုက်မိုးကြီးနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိ
တိုက်ခတ်နိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊
သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ်ကိုကြိုတင်သတိပြုရန်အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


ထိုင်းအမျိုးသမီးအသင်း ၂၀၁၅ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲ ၀င်ခွင့်ရရှိ


ထိုင်း အမျိုးသမီးဘောလုံးအသင်းဟာ ဗီယက်နမ် အမျိုးသမီးဘောလုံး အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ဇွန် ၆ ရက်ကနေ ဇူလိုင် ၅ ရက် ကနေဒါမှာ ကျင်းပမယ့် ၂၀၁၅ အမျိုးသမီး ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကို ၀င်ရောက်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းဟာ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ တောင်ကိုးရီးယား အသင်းတွေနဲ့ အတူ ကမ္ဘာဖလားကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

ထိုင်းဘောလုံး အဖွဲ့ချုပ်က ခြေစစ်ပွဲအောင်ရင် ထိုင်းအသင်းကို ဘတ် ၁၀ သန်းချီးမြင့်မယ်လို့ ကတိပေးထားသလို ဘောလုံး မန်နေဂျာဆီကနေ ဘတ် ၅ သန်းလည်း ရရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာဖလား ၀င်ခွင့်ရရှိသွားတဲ့ ထိုင်းအသင်းကို မြန်မာ အသင်းက ၂-၀ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ၂၀၁၅ ကမ္ဘာဖလား ၀င်ခွင့် ရှုံးထွက်ပွဲစဉ်အဖြစ် တဖက် အုပ်စု တတိယ ဗီယက်နမ်အသင်းနဲ့ ကစားရမယ့် အခွင့်အရေးကိုလည်း လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ၂၀၁၄ အမျိုးသမီး အာရှဖလား ပြိုင်ပွဲတွင် တောင်ကိုရီးယားအသင်းကို ၁၂ ဂိုးဂိုးမရှိ၊ တရုတ်အသင်းကို ၃ ဂိုးဂိုးမရှိ၊ ထိုင်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။
 
DVB Burmese


ဘဝဆက်တိုင်း ချစ်သူတို့ လက်တွဲရမယ့် နည်းလမ်း


ဗုဒ္ဓဘာသာ ဘုရားဟော နည်းလမ်းအရ ချစ်သူတို့ ဘဝဆက်တိုင်း ပေါင်းဖက် ရမယ့် နည်းလမ်း ရှိပါတယ်။ သာမန် အကြမ်းအားဖြင့်က အချစ် ဆိုတာ တဏှာ လို့ သိထားပေမယ့် ယင်း တဏှာကိုပဲ အခြေခံလို့ နိဗ္ဗာန်ရောက် အောင်သွားတဲ့ လမ်းစဉ် ရှိပါတယ်။

ဘုရားရှင် လက်ထက်က နိဗ္ဗာန် ဝင်သွားတဲ့ ဇနီးမောင်နှံ နှစ်ဦး ဟာဆို ဘဝ ဆက်တိုင်း အတူ ပါရမီ ဖြည့်ကျက်ပြီး နောက်ဆုံးတော့ အတူ လောကီမှ လျွှါ်မြောက်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူတို့ ဘဝ ဆက်တိုင်း မကွဲချင်ရင် အောက်ပါ အချက်များ လုပ်ဆောင်ရန် လိုအပ်ပါတယ်။

၁။ ကုသိုလ် အတူ ပြုလုပ်ခြင်း
၂။ မတူ မပြုနိုင်တောင် တစ်ဦးက ကုသိုလ် ပြုလျှင် နောက်တစ်ဦးက အားပေး ကူညီ ထောက်ပံ့ပေးခြင်း
၃။ နှစ်ဦး စလုံးက ဝိပဿနာ တရား ကျင့်ကြံကြခြင်း

ယင်း အချက် သုံးချက်က ပြောရင်သာ လွယ်ပေမယ့် တကယ် လုပ်ဆောင်တဲ့ အခါကျ ခဲယင်းပါတယ်။ တစ်ဦးက ကောင်းမှု ပြုတဲ့အခါ တစ်ဦးက လှိုက်လှိုက်လှဲလှ ဖြစ် အာေးပး၊ ကူညီခြင်း ဖြစ်ဖို့က တစ်ခါတစ်လေကျ ခက်ခဲ တတ်ကြ ပါတယ်။ ယင်းခက်ခဲတာကို ကျော်လွန်ပြီး လက်တွဲတဲ့ ဘဝ တစ်ခုစာ အတွင်း တစ်ယောက်နဲ့ တစ်ယောက် မှားနေတာတွေ ထိန်းကျောင်း ပြင်ပေး သွားမယ်။ မှန်တဲ့ အလုပ်တွေကျ အတူတူ ထပ်ခါထပ်ခါ ပြုလုပ်ကြမယ် ဆိုရင် နောက်ဘဝတွေမှာ ပြန်တွေ့နိုင်ချေ ပိုများပြီး ပါရမီ ဖြည့်ဘက်တွေ ဖြစ်ကြ အုံးမှာ ဖြစ်ပါတယ်။ သောတပန် အတူဖြစ် ပြီးရင် နိဗ္ဗာန် ဝင်ခါနီး အချိန်အထိတောင် ပါရမီ ဖြည့်ဖို့ အခွင့် အရေး ရကြအုံးမှာ ဖြစ်ပါတယ်။

စကားချပ် အနေနဲ့ အကုသိုလ် ပြုတဲ့ သူများလည်း ဖြစ်လေရာ ဘုံဘဝမှာ အကုသိုလ် ပြုဖော် အဖြစ် ပြန်စုံ နိုင်ပါသေးတယ်။ ဒီတော့ ဘယ်လို ဘုံဘဝမှာ ပြန်စုံမယ်ဆိုတာ မိမိတို့ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
ကိုးကား - အဘိဓမ္မာကျမ်း


၄၈ အထူးယာဉ်လိုင်း အမျိုးသမီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲမည်

photo credit: ကုမုဒြာ
ရန်ကုန်၊ မေ ၂၁

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်းများအနက် လက်ရှိ ပြေးဆွဲလျက် ရှိသော ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-ဆူးလေ-ဗိုလ်တစ်ထောင် အထိ ပြေးဆွဲနေသည့် ၄၈ အထူးယာဉ်လိုင်းမှ ယာဉ်အချို့တွင် အမျိုးသမီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ အသုံးပြု ပြေးဆွဲခွင့်ကို ခွင့်ပြုပေးသွားရန် ရှိကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မ.ထ.သ- မြို့တွင်း) ဒုတိယဥက္ကဋ္ဌ ဦးမင်းဇော်က ပြောကြားသည်။

အမျိုးသမီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲခြင်းမှာ မ.ထ.သ ယာဉ်လိုင်းများမှ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ယာဉ်ပိုင်ရှင် ဦးသက်တင်ဝင်း၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပြေးဆွဲခွင့် တင်ထားကြောင်း ၎င်းက အတည်ပြု ပြောကြားပြီး မည်သည့် ယာဉ်လိုင်းမဆို ယင်းသို့ ခွင့်တောင်းပါက ခွင့်ပြုပေးမည် ဖြစ်ကြောင်း ပြောဆိုသည်။

အမျိုးသမီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲခြင်းဖြင့် မော်တော်ယာဉ် စက်ပျက်ခြင်း၊ ဘီးပေါက်ခြင်းတို့တွင် အခက်အခဲများ ကြုံတွေ့နိုင်သော်လည်း ခရီးသည်များကို ယဉ်ကျေးပျူဌာစွာ ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ပြီး လက်ရှိ စမ်းသပ် ပြေးဆွဲနေစဉ်တွင်လည်း အဆင်ပြေ အောင်မြင်သည်ဟု သိရှိရကြောင်း ၎င်းကဆိုသည်။

ဧပြီလ ၂၃ ရက်မှ စ၍ မ.ထ.သ ၄၈ အထူးယာဉ်လိုင်းအဖြစ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်-ဆူးလေ-ဗိုလ်တစ်ထောင်အထိ ခရီးစဉ်ကို ခရီးသည်တင်ယာဉ် ၁၃ စီးတွင် အမျိုးသမီး ယာဉ်နောက်လိုက်များဖြင့် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း အဆိုပါ ယာဉ်လိုင်းပိုင်ရှင် ဦးသက်ဝင်းက ဆိုသည်။

အမျိုးသမီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ ပြေးဆွဲသည့် ယာဉ်လိုင်း ရှိလာပါက အမျိုးသမီးများအတွက် ပို၍ လုံခြုံမှု ရှိမည်ဟု ယုံကြည်ကြောင်း အင်းစိန်-တာမွေ-ဆူးလေ-ဗိုလ်တစ်ထောင် ခရီးစဉ် စီးနင်းလေ့ ရှိသည့် အမျိုးသမီး ခရီးသည်တစ်ဦးက ပြောကြားသည်။

မ.ထ.သ ၄၈ ယာဉ်လိုင်းတွင် မောင်းနှင်ရန် တရားဝင် လိုင်စင်ရရှိပြီး အသက် ၂၀ မှ ၄၀ အတွင်းရှိ အမျိုးသမီးများ လာရောက် လျှောက်ထားနိုင်ကြောင်း၊ ပညာအရည်အချင်း ကန့်သတ်ထားခြင်း မရှိကြောင်းနှင့် အသက် ၃၀ ကျော် အမျိုးသမီးများအား ဦးစားပေးမည် ဖြစ်ကြောင်း လက်ရှိအချိန်တွင် အမျိုးသမီးယာဉ်မောင်း လျှောက်ထားသူများ မရရှိသေးကြောင်း ဦးသက်ဝင်းက ဆိုသည်။

အမျိုးသမီးယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များဖြင့် ပြေးဆွဲမည် ဖြစ်သော်လည်း ခရီးသည်များကိုမူ အမျိုးသမီး သီးသန့်အဖြစ် သတ်မှတ်မည် မဟုတ်ဘဲ ပို၍ ဝန်ဆောင်မှုကောင်း ပေးနိုင်မည့် ယာဉ်လိုင်း ဖြစ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ယခင်က အမျိုးသမီးခရီးသည် သီးသန့်စီးယာဉ်လိုင်း ပေါ်ပေါက်ခဲ့ဖူးပြီး အမျိုးသမီး ယာဉ်နောက်လိုက် အသုံးပြုမှု ရှိခဲ့ဖူးသည်။ သို့ရာတွင် အမျိုးသမီးယာဉ်မောင်းဖြင့် ပြေးဆွဲမှု မရှိသေးပေ။

(ယုယထွေး)
The Voice Weekly


အလေးချိန်ပေါင် ၂၇၀၀၀ သယ်ဆောင်နိုင်မည့်အမေရိကန်ရေတပ်၏ Heavy-Duty Helicopter


ယခုတစ်ပတ်အတွင်း ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူများအနေဖြင့် Stallion ဟုအမည်ပေးထားသော ကွဲပြားခြားနားသော ယာဉ်နှစ်မျိုးအား ထုတ်ဖော်ပြသခဲ့ပါသည်။ ပထမတစ်မျိုးမှာ King Stallion
ဟုအမည်ပေးထားသော ရဟတ်ယာဉ်အား လေယာဉ်ထုတ်လုပ်ရာ၌ နာမည်ကြီးသော Sikorsky မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၄င်းလေယာဉ်သည် အနာဂတ်တွင် အလေးချိန်အများအပြားကို သယ်ဆောင်နိုင် မည်ဖြစ်သလို တပ်ဖွဲ့များစွာ နှင့်ယာဉ်ပေါင်းများစွာကို စစ်ပွဲအတွင်းသို့ သယ်ယူပို့ဆောင်ပေးရန် စွမ်းဆောင် နိုင်မည်ဖြစ်ပေသည်။


ယခုရဟတ်ယာဉ်သည် Stallion Copter အား တတိယမြောက်ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်ပြီး မူလအစက Sea Stallion ဟုခေါ်ကာ ဗီယက်နမ်တိုက်ပွဲတွင် တပ်ဖွဲ့များနှင့်ယာဉ်များကို သယ်ယူပို့ဆောင် ပေးခဲ့ပါသည်။ ထို့ကြောင့် အချိန်ကာလအားဖြင့် တွက်ကြည့်လျှင် Sea Stallion သည် သက်တမ်းကြာရှည်ခဲ့ သောကြောင့် ၂၀၁၂ ခုနှစ်တွင် အနားပေးခြင်းခံခဲ့ရပါသည်။ ထို့နောက် Super Stallion ဟုအမည်ပေးထား သော ရဟတ်ယာဉ်အားတီထွင်ထုတ်လုပ်ကာ ၁၉၈၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကြပြီး ၄င်းကို အီရတ်စစ်ပွဲတွင် အသုံးပြုခဲ့ကြသလို ယနေ့အချိန်အထိလည်း ဆက်လက်အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

ဒုတိယ Stallion မှ Stallion II ဖြစ်ပြီး Jordan`s King Abdullah Design & Development Bureau မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ သံချပ်ကာလူသယ်ယာဉ်အမျိုးအစား ဖြစ်ပါသည်။ ၄င်းယာဉ်သည် SUV နှင့် ဆင်တူသော်လည်း SUV ထက်၊ ကင်မရာပိုမိုပါဝင်ခြင်း၊ ပေါ့ပါးခြင်း၊ ကျည်ကာစနစ်ပိုမိုကောင်းမွန်ခြင်း အပြင် တပ်ဖွဲ့ဝင်များအတွက်လည်း နေရာလုံလောက်စွာ ပါရှိပါသည်။ ထို့အပြင် ၄င်းယာဉ်၏ အလေးချိန်သည် King Stallion သယ်ဆောင်ရန်အတွက် သင့်တော်သော အလေးချိန်ဖြစ်ပါသည်။

ပထမဦးဆုံး Stallion ယာဉ်အနေဖြင့် တပ်ဖွဲ့ဝင် သုံးဦးမှ ငါးဦးအထိသာ တင်ဆောင်နိုင်သော်လည်း ယခုယာဉ်သည် ရှစ်ဦးအထိ တင်ဆောင်နိုင်ပါသည်။ တပ်ဆင်ထားသော ကင်မရာစနစ်သည် သမားရိုးကျသာ မက အနီအောက်ရောင်ခြည်ဖြင့်ပါ ၃၆၀ ဒီဂရီကြည့်ရှုနိုင်ပါသည်။ ထိုကဲ့သို့ စနစ်များ ပေါင်းစပ်ပါဝင်ထားသော်လည်း Stallion II ၏ အလေးချိန်သည် မူလပထမ Stallion ကဲ့သို့ပင် ၁၆၅၀၀ ပေါင် အလေးချိန်သာရှိပါသည်။ ၄င်းအလေးချိန်သည် အီရတ်တွင် အမေရိကန်တပ်ဖွဲ့ဝင်များအသုံးပြုနေသည့် Humvees ထက်အလေးချိန်ပိုမိုသော်လည်း လက်ရှိအာဖဂန်တွင် ကင်းလှည့်ရာ၌ အသုံးပြုနေသည့် MRAPs ထက် ပိုမိုပေါ့ပါးပါကြောင်း သိရှိရပါသည်။

Ref:PC
WorldWide(BMSTU)
TechSpace Journal


အမြန်ဆုံး မော်တော်ဆိုင်ကယ် ထွက်ပေါ်လာ


Lightning motorbike (လျှပ်စီးဆိုင်ကယ်) လို့အမည်ရှိတဲ့ ဆိုင်ကယ်ဖြစ်ပါတယ်။ ၂၀၁၂ ကတည်းက အနာဂတ်ရှေပြေးပုံစံအဖြစ် ရည်ရွယ်ထားခဲ့ပေမဲ့ ယခုမှသာ နောက်ဆုံး ဖိုင်နယ်ဗားရှင်းကို ကတိအရ လုပ်နိင်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊

Quail မော်တော်ဆိုင်ကယ်မိတ်ဆက်ပွဲမှာ ထုတ်ဖော်နိင်ခဲ့ခြင်း
ရှိခဲ့တာ ဖြစ်ပါတယ်။ ဈေးကတော့ မသေးပါဘူး။ $ 38,000 ဖြစ်ပါတယ်. မြင်းကောင်ရေ 200 ရှိတဲ့ မော်တာအသုံးပြုပြီး ဘတ္တရီရဲ့ သင့်စိတ်ကြိုက်ရွှေးချယ်မူ အပေါ့်မှာ အမြင့်ဆုံ တစ်နာရီ မိုင် ၁၈၀ အထိကို မြင့်တင်နိင်ပြီး ဘတ္တရီရဲ့ အလေးချိန်ကတော့ မြန်နှုန်းမြင့် ဆိုင်ကယ်ဖြစ်တဲ့အတွက်ကြောင့် 225 ကီလိုလောက်တော့ ရှိပါမယ်။ သူရဲ့မြန်ဆန် ပေါ့ပါးရတဲ့ အကြောင်းကတော့ ဆိုင်ကယ်ဂီယာ မပါတဲ့အတွက် ဂီယာထိုးစရာမလိုဘဲ Torque (လိမ်အား ) လို့ခေါ်တဲ့
အင်ဂျင်ရဲ့ စွမ်းရည်က သိပ်ကိုကောင်းလွန်တဲ့အတွက် အခုလို့ မြန်ဆန် ပေါ့ပါးရတာဖြစ်ပါတယ်။

အရမ်းမိုက်ပါတယ်၊ ကြည့်ကြည့်လိုက်ပါဦး။


Aung Heine ...
Smart Pro Journal