28 Oct 2011

မိန်းမသားတို့ အားကိုးစေရာ


ခြင်္သေ့ တို့သည် တောတောင်တွင် ခွန်အား ဗလရှိသည့် သတ္တဝါ ဖြစ်သည်။ ထိုကြောင့် ခြင်္သေ့ တို့သည် လမ်းလျှောက်သည့် အခါ မားမား စွန့်စွန့် နှင့် ခန့်ခန့်ငြားငြား ဟန်ရှိ သကဲ့သို့၊ သူတို့ဟိန်းဟောက် လျှင်လည်း ရဲရင့် ပြတ်သားသည့် အသံ ထွက်သည်။ အလားတူ လူတို့တွင် ယောက်င်္ကျား တို့မှာ မိန်းမ များထက် ခွန်အား ဗလ ပိုရှိကြသည်။ သို့ဖြစ်၍ ယောက်င်္ကျား များသည် လမ်းလျှောက်သည့် အခါ ရင်ကို မတ်၍ ခန့်ငြား ထည်ဝါစွာ လမ်းလျှောက်ခြင်း နှင့် တိကျ ပြတ်သားသည့် စကား ကို ခိုင်ခိုင်မာမာ လေးလေးနက်နက် ပြောဆိုခြင်း ပြုကြရမည်။ သို့မှသာ ယောက်င်္ကျား ပီသမည် ဖြစ်သည်။
မြွေသတ္တဝါသည် သူ့ထံတွင် ခွန်အားဗလ မရှိ။ သူသည် ညို့ယူပြီး အဆိပ်ဖြင့်သာ ရန်သူကို တိုက်ခိုက်နိုင်သည်။ မြွေတို့သည် လမ်းသွားလျှင် နွဲ့နှောင်းပြီး ကောက်ကွေ့သွားသလို သူတို့ တွန်လျှင်လည်း ငြင်သာစွာ ပျော့ပြောင်း ဆွဲယူသည့် အသံထွက်သည်။ အလားတူ လူတို့တွင် မိန်းမတို့မှာ ခွန်အားဗလ မပြည့်စုံကြ။ သို့ဖြစ်၍ သူတို့ လမ်းလျှောက်သည့်အခါ နွဲ့လျသည့် အမူအယာရှိပြီး၊ စကားပြောသည့် အခါ ညင်ညင်သာသာ ပျော့ပျော့ပြောင်းပြောင်း ပြောကြမှသာ မိန်းမပီသမည် ဖြစ်သည်။
ခြင်္သေ့သည် မြွေလို ကိုယ်ခန္ဓာကို တွန့်လိမ်ပြီး လမ်းသွားပါမူ ရီစရာ ဖြစ်သလို၊ မြွေသည်လည်း ခြင်္သေ့လို ငေါက်ဆတ်ဆတ်ဖြင့် ခြေလှမ်းသွားပါက ရီစရာ ပင် ဖြစ်တော့မည်။ ခြင်္သေ့မှာ မြွေသံလို တွန်လျှင်လည်း နားထောင်မကောင်းသလို မြွေက ခြင်္သေ့လို ဟိန်းဟောက်လျှင်လည်း ကောင်းမည် မဟုတ်ပါ။ သူ့သဘာဝ နှင့်သူ ပီပြင်အောင် ပြုမူနေထိုင်မှသာ ကြည့်ကောင်း၊ ကြားကောင်းမည် ဖြစ်သည်။
ယောက်င်္ကျား တစ်ယောက်သည် မိန်းမစိတ်ပေါက် သဖြင့် မိန်းမတို့ ပြုပြင် ချယ်သ သလို အပီအပြင် ချယ်သပြီး၊ အသံအနေ အထားကစ မိန်းမတို့၏ အသံနေ အသံထား အတိုင်းပြုပြင် ပြောဆိုခြင်းက တစ်မျိုး ဖြစ်သည်။ ယောက်င်္ကျား တန်မဲ့၊ မိမိကိုယ်တိုင် ယောက်င်္ကျားဘသား ဟု ခံယူပြီးမှ မိန်းမ အမူအယာ၊ ဟန်ပန်၊ ပုံစံ တစ်ခုခု ရှိသည့်အခါမျိုးတွင် ထိုယောက်င်္ကျားမှာ ကြည့်ရ အတော် ဆိုးလှသည်။
အဓိကအားဖြင့် ယောက်င်္ကျားတို့သည် စကားပြောသည့် အခါတွင် ကြည်လင် ပြတ်သားခြင်း၊ တိကျ ရေရာခြင်း၊ သြဇာရှိခြင်း စသည့် အရည်အချင်းတို့ ရှိသင့်သည်။ ဥပမာ အကြောင်း ကိစ္စ တစ်ခုကို ပြောလျှင် အပိုအလို မရှိ၊ အဓိပ္ပါယ်ရှိရှိ၊ အကျိုးဖြစ် စေရာကို ပြောဆိုသင့်သည်။ အပိုစကားများ ပြောသည့် ယောက်င်္ကျား၊ သူများ အတင်းအဖျင်း ပြောတတ်သည့် ယောက်င်္ကျားများမှာ အမြင်အတော် ဆိုးလှသည်။ ထို့ထက်ဆိုးသည်မှာ မိန်းမများကဲ့သို့ စကားနာထိုးခြင်း၊ ရိသဲ့သဲ့ ဆိုခြင်း၊ အရွဲ့တိုက်ခြင်း၊ နှင့် ဆောင့်ခြင်း အောင့်ခြင်းတို့ ပြုတတ်သည့် ယောက်င်္ကျားများမူကား တောထဲက ခြင်္သေ့ကြီးမှာ မြွေလို ခါးလိမ် လျှောက်နေသည်ကို ကြည့်ရသကဲ့သို့ ရီစရာ ကောင်းလှ ပေတော့မည်။
မိန်းမက ရုပ်ရှင် လိုက်ပြခိုင်း၍ မပြနိုင်သေးဟု ဆိုသဖြင့် သူက “သူကျတော့ ဘာလုပ်တယ်၊ ညာလုပ်တယ်၊ သူများ ကျတော့ ဒါလေးကို မလုပ်ပေးနိုင်ဖူး၊ ကြည့်ပါလား… ဘာညာ…” ဟု ပြန်ပြောလျှင် မိန်းမဖြစ်သဖြင့် နားထောင် ကောင်းသေးသည်။ ယောက်င်္ကျားက ဤသို့ဆိုလျှင်မူ အတော်ပင် နားထောင်ရ အတော် ဆိုးလှပေမည်။ ယောက်င်္ကျား တစ်ယောက်အနေဖြင့် ဆိုသင့်သည်မှာ ဥပမာ မိန်းမအား ထမင်းဆာ၍ ခူးခိုင်းသည့်အခါ၊ မိန်းမက အခြား အလုပ်များ နေသဖြင့် မခူးနိုင်ပါဟု ဆိုလျှင် အခြားအလုပ်ကို အပြီးသတ် လုပ်ခိုင်းရန် တိုက်တွန်းလျှင် တိုက်တွန်းမည်၊ မိမိကိုယ်တိုင် ခူးခတ်စားလျှင် စားမည်၊ မည်သို့ ဖြစ်စေကာမူ မိန်းမတို့ ပုံစံလို “သူ့ကျတော့ ဟိုဟာလုပ်၊ ဒီဟာလုပ်၊ ယောက်င်္ကျား ကိုတော့ ဂရုမစိုက်ဖူး၊ ဘာ ညာ…” စသည်ဖြင့် ပြောလျှင် သူများကြားပါက ရီစရာ ဖြစ်ပေမည်။
မိမိမှာ ငယ်စဉ်က သူငယ်ချင်းများနှင့် ငြင်းခုံ စကားပြောကြသည့် အခါမျိုးများတွင် တိတိပပနှင့် ချက်ကျကျ ပြောတတ် ဆိုတတ် ငြင်းခုံတတ်သည့် သူငယ်ချင်းများဆိုလျှင် မိမိ အမြင် အယူအဆနှင့် သူ့အမြင် အယူအဆ ကွဲလွဲသည့်တိုင် ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံဖြစ်သည်။ မိန်းမလို မိန်းမရ စကားနာထိုး ရွဲ့စောင်း ပြောတတ်သူများ ကိုမူ ဝေးဝေးကပင် ရှောင်နေသည်။ မိမိမှားလျှင် မှားသည်ကို တိတိကျကျ ထောက်ပြ တတ်သူကို မိမိက လေးစား ချစ်ခင်သည်။ မိမိမှားလျှင် မှားနေကြောင်း နင့် လက်ခံစရာ မရှိသည်ကို ထိထိမိမိ တိတိကျကျ မထောက်ပြဘဲ၊ “ဟုတ်ပါတယ် ခင်ဗျားမှန်ပါတယ်၊ ခင်ဗျားက ပညာ ပိုတတ်တာကိုး၊ ခင်ဗျားက အတွေ့အကြုံ ပိုရှိတာကိုး၊” စသည်ဖြင့် ရိသဲ့သဲ့ ပြောတတ်သူမျိုးများ ဆိုလျှင် မိမိ အလွန်ရွံမုန်းသည်။
မိမိ ရွံမုန်းသည်၊ မိမိ ချစ်ခင်သည်က အရေးမကြီးပါ။ အရေးကြီး သည်မှာ ကိုယ့်၏ ချစ်သူဖြစ်စေ၊ ဇနီးမယား ဖြစ်စေ မိန်းမဖြစ်သူက ကိုယ့်အား သူတို့၏ မသိစိတ်တွင် အထင်သေးခြင်း ဖြစ်စေတတ်သည်။ ယောက်င်္ကျားနှင့် မိန်းမ သဘာဝ မတူသည့် အလျှောက် ယောက်င်္ကျား တို့သည် နွဲ့လျ ပျော့ပြောင်းသည့် မိန်းကလေး များကို တွေ့မြင်သော် နှစ်သက် လိုချင် တတ်သကဲ့သို့၊ မိန်းမတို့သည်လည်း ခန့်ငြား ရဲရင့်သည့် ယောက်င်္ကျားများကို မြင်တွေ့သော် နှစ်သက် အားကိုးချင် တတ်ကြပေမည်။ ယောက်င်္ကျားသည် သူတို့နှင့် ပုံစံမတူသည့် ကွဲလွဲသော သဘာဝရှိသည့် မိန်းမများနှင့် ပေါင်းသင်းနေထိုင် ချင်သလို၊ မိန်းမသည်လည်း သူတို့ နှင့် ပုံစံမတူသည့် ကွဲလွဲသော သဘာဝရှိသည့် ယောက်င်္ကျားများကို အားကိုးပြီး ပေါင်းသင်း နေထိုင်ချင်ကြသည်။ ယောက်င်္ကျားတန်မဲ့ မိန်းမလို မိန်းမရ ပြောတတ်သည့် ယောက်င်္ကျားများ အား သူတို့၏ အမျိုးသမီးများမှ အားကိုးစိတ်၊ ယုံကြည်စိတ် အပြည့်အဝ ရရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မိမိတို့ ယောက်င်္ကျားများ အနေဖြင့် မိန်းမတို့၏ ပုံစံ သော်လည်းကောင်း၊ အမူအကျင့် သော်လည်းကောင်း၊ အမူအယာ သော်လည်းကောင်း၊ မဖြစ်စေသည့် တည်ကြည် ခန့်ငြားစွာ ဂရုပြု ပြောဆို ပြုမူနေထိုင်ခြင်းဖြင့် မိန်းမတို့၏ ယုံကြည် အားကိုးရာ ဖြစ်စေပါလိမ့်မည်။

aung.info.com ဆိုက်ဒ်မှ ကူးယူဖေါ်ပြပါသည်။

ငါသေသော အခါ လက်ဗလာတည်း.....

ငါ မသေခင် လူရာဝင်ဖို့၊
နေ့စဉ် ငါ့မှာ ဥစ္စာ ရှာရ၊
ခန္ဓာမပျက် အသက်ဆက်ဖို့၊
နေ့ရက်များစွာ ဝမ်းစာရှာရ၊
ထပ်ခါမပြီး သားသမီး နှင့်
ဇနီးမယား ဝတ်ငါးပါး အတွက်၊
စီးပွားအသပြာ ငါ့မှာရှာရ......
သြော်..........ငါသေသောအခါ
လက်ဗလာနှင့် ဘာဆို ဘာမှ မပါနိုင်။


သတိ သံဝေဂ ရစရာ ကဗျာလေးပါ....
ရေးသူ အမည်တော့ မမှတ်မိတော့ပါဘူး...
သတိ သံဝေဂ ရနိုင်ကြပါစေ....

သံဝေဂ ၂


မအိုချင်သေး..ပျိုချင်သေးလည်း...
အိုဘေး ရောက်တော့....
ပျိုဆေးသောက်လည်းမရပြီ၊
မနာချင်သေး...သာချင်သေးလည်း...
နာဘေးရောက်တော့...
ဘာဆေးသောက်သောက် မရပြီ၊
မသေချင်သေး..နေချင်သေးလည်း...
သေဘေး ရောက်တော့...
ဖြေဆေးသောက်လည်းမရပြီ၊
သြော်......
အနိစ္စ ကို နိစ္စ ထင်
ဒုက္ခ ကို သုခ ထင်
အနတ္တ ကို အတ္တ ထင်
အကန်းမြင် ဒီဘဝ
မအားသေးပါ အရွယ်ဆ
တရားဆေးသာ မကယ်က
အမှားလေးရွာ အပါယ်ကျ။

အဖန်ငါးရာ ငါးကမ္ဘာ

ယနေ့ခေတ်မှာ လူအများစု အယူမှားနေတာလေး တစ်ခုကို ရေးသားဖော်ပြချင်ပါတယ်ခင်ဗျာ ။ အဲဒါကတော့ လူတွေအများစုက မိမိကိုယ်ကိုသက်သေရင် အဖန်ငါးရာ ၊ ငါးကမ္ဘာ ခံရတယ်ဆိုတဲ့ မှားနေတဲ့ အမြင်လေးတစ်ခုပါ ။ မိမိကိုယ်ကို သတ်သေခြင်းသည် ဘ၀ငါးရာ (အဖန်ငါးရာ) ငါးကမ္ဘာခံရသည်ဆိုသော စကားကို ကျမ်းဂန်တို့တွင် ဖော်ပြထားခြင်း မရှိပါ ။ အဖန်ငါးရာ ငါးကမ္ဘာ ဆိုသောစကားသည် ဧကကနိပါတ် ၊ မတက သတ္တဇာတ်မှလာသော စကားဖြစ်ပါတယ် ။ တစ်စုံတစ်ယောက်သည် ပါဏာတိပါတကံ လွန်ကျူးခဲ့လျှင် ထိုကံကြောင့် သေသည်၏ အခြားမဲ့၌ အပါယ်ငရဲတွင် ဆင်းရဲဒုက္ခ ခံစားရ၏ ။ ငရဲမှလွတ်လာလျှင်လည်း တူသော အကျိုးပေးသည့် အနေဖြင့် တစ်ပါးသူ၏ သတ်ခြင်းကို ဘ၀ပေါင်းငါးရာတိုင်တိုင်ခံရ၏ဟုဖော်ပြထားပါသည် ။ သူတစ်ပါးအသက်ကို သတ်လျှင် ဤကဲ့သို့ အပြစ်များခံရတတ်ကြောင်း ဖော်ပြထားပြီး မိမိကိုယ်ကို သတ်၍ အဖန်ငါးရာ ငါးကမ္ဘာ ခံရကြောင်းကို ဖော်ပြထားခြင်းမရှိပါ ။
မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်ဟု ကျမ်းဂန်တို့၌ဖော်ပြထားပါသည်။
အမှန်မှာ ပါဏာတိပါတကံ ဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်သောကံဖြစ်သည် ။ မိမိကိုယ်ကို သတ်သည့်ကံ မဟုတ်ပါ ။ သူတစ်ပါးအသက်သတ်ခြင်းသာ ပါဏာတိပါတကံ ထိုက်ပြီးမိမိကိုယ်ကို သတ်ခြင်းသည် ပါဏာတိပါတကံ မထိုက်ပါ ။ ပါဏာတိပါတကံသည် အင်္ဂါငါးပါး ပြည့်စုံမှသာ ကမ္မပထမြောက်ပြီး အပါယ်ကျစေနိုင်၏ ။ အင်္ဂါငါးပါး အနက် တစ်ပါးပါးချို့  ယွင်းခဲ့လျှင် ကမ္မပထမမြောက်၍ အပါယ်မကျစေနိုင်ပါ ။ မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မြောက်ကြောင်းအင်္ဂါငါးပါးအနက် ပါဏသည်တာ = သတ္တ၀ါဟု အမှတ်ရှိခြင်းဆိုသည့် အင်္ဂါနှင့် မပြည့်စုံသောကြောင့် ပါဏာတိပါတကံ မထိုက်ကြောင်း ၀ိမတိဝိနောဒနီ (ပ- ၂၂၈) ၌ အတိအလင်း ဖော်ပြထားပါသည် ။ ထိုကြောင့်မိမိကိုယ်ကို သတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်၍ အပါယ်လည်း မကျနိုင် ၊ အဖန်ငါးရာ ငါးကမ္ဘာခံရသည် ဆိုခြင်းသည်လည်း မဟုတ်ပါဘူးခင်ဗျား ။
ဒါပေမယ့် သတိထားရမှာက အဖန်ငါးရာငါးကမ္ဘာခံရသည် ဆိုတာမဟုတ်မှန်ပေမယ့် ဒိဌိနဲ့ တဏှာကတွန်းပို့ လို့မိမိကိုယ်မိမိသေကြောင်းကြံစည် မိရင်တော့ ဧကန်ကိုအပယ်ကျပါလိမ့်မယ်ဆိုတာလေးကိုပါ ဖြည့်စွက်ပြောပါရစေ ။ မဟုတ်ရင်ကိုယ့်ကိုယ်ကိုသတ်သေရင် အပါယ်မကျဘူးဆိုတဲ့ အယူမှားသွားမှာကို စိုးရိမ်လို့ဖြည့်စွက်ပြောကြားခြင်းပါခင်ဗျား ။

ဗုဒ္ဓ အဆုံးအမ များမှ ကူးယူဖေါ်ပြပါသည်.

ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်ခြင်း



ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး ကျနော်ဆွေးနွေးတင်ပြချင်ပါတယ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးကြကုန်သော ဘုရားရှင်တို့၏ရုပ်ပွား ဆင်းတုတော်တို့ကို
သက်တော် ထင်ရှား ရှိသကဲ့သို့ ကိုးကွယ်ဆည်းကပ်ကြလျှင် သက်တော်ထင်ရှားရှိသော
ဘုရားရှင်တို့အား လှူဒါန်း ပူဇော်ဆည်းကပ်ရသည့် အကျိုးသည် တူညီကြောင်း
ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည် ။ ဘုရားဟော ဒေသနာတော်ကို
ထောက်ရှု့ခြင်းအားဖြင့် မည်သည့် ရုပ်ပွားတော်ကိုမှ ကိုးကွယ်ဆည်းကပ်ရမည် ၊
မည်သည့်ရုပ်ပွားတော်ကို မကိုးကွယ် မဆည်းကပ်ရ ဟူ၍ ခွဲခြား၍
ဟောကြားတော်မူခဲ့မှာ မဟုတ်ကြောင်း နားလည်သဘောပေါက်မှာပါ ။
ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် ပတ်သက်၍ သက်တော်ထင်ရှား ဘုရှားရှင်ကို ကိုးကွယ်ဆည်းကပ်ရသကဲ့သို့ တူညီသော အကျိုးကို ရရှိနိုင်ကြောင်း ခိုင်မာသော
အထောက်အထားရှိသော်လည်း ဗုဒ္ဓစကားတော်ကို သွေဖယ်ဝံ့ကြသော သူတို့သည်
ဗုဒ္ဓဘာသာဟု မဆိုနိုင်တော့ပါ ။ဗုဒ္ဓရုပ်ပွား ဆင်းတုတော်သည်
ကိုးကွယ်ဆည်းကပ်သူတို့အား မခိုက်ပါ (ဒုက္ခမဖြစ်စေပါ) ။
ဗုဒ္ဓရုပ်ပွားတော်များအား မရိုသေလျှင် (ရိုသေရာ မရောက်လျှင်) ထိုအကုသိုလ်ကပင် ဒုက္ခဖြစ်စေပါသည် ။ဇာတံ သရဏတော ဘယံ ကိုးကွယ်ရာမှာ ဘေးမဖြစ်ကြစေရန်သတိထားကြရမည် ဖြစ်သည်
။ယနေ့မျက်မှောက်ခေတ်ကာလ၌ ဘေးကိုကြောက်သောကြောင့်လည်းကောင်း ၊ လာဘ်လာဘ
ရစေခြင်းဌာ လည်းကောင်း ၊ အချို့ သူများလည်း ဘုရားခန်းကြီး ဟည်းနေပြီး
ရောက်လာကြသူများ အထင်ကြီးစေရန် မြန်မာတစ်ပြည်လုံးက ကျော်ကြားသမျှသော
ကိုးကွယ်ရာ အားလုံးတို့၏ ပုံမျိုးစုံတို့ကို အခမ်းအနား တစ်ခု
ပြင်ဆင်ထားသည့်နှယ် ကိုးကွယ် (ချိတ်ဆွဲ) ထားကြလေသည် ။
ဘိုးတော် ၀ိဇ္ဇာ ဇော်ဂျီ နှင့် နတ်ရုပ်တုတို့သည် ဘုရားရှင်နှင့် တစ်တန်းတည်း ထားပြီး မကိုးကွယ်သင့်ပါ ။ ကိုးကွယ်ဆည်းကပ်ပါက ဘုရားရှင်ကို အဂါရ၀ (မရိုသေ
မလေးစား) ခြင်း ဖြစ်စေပါတယ် ။ နောက်ထပ် ဆင်ခြင်ဖွယ်ရာ ကောင်းသော
ကိစ္စတစ်ခုရှိပါသေးသည် ။ ဘုရားရှင် ရုပ်ပွားတော်နဲ့ ပုံတော်တို့ကို
ပိုက်ဆံအိပ် ၊ အိတ်ကပ်ထဲသို့ ထည့်သွင်း၍ ဆောင်ထားကြခြင်းသည် အဂါရဝ
ဖြစ်စေပါတယ် မိမိသည် ဘယ်လိုနေရာတွေကို သွားတက် လာတက် ၀င်တက် ထွက်တက်သနည်းဟု
ပြန်လည်စဉ်းစားကြည့်လျှင် အမြဲဝင်ထွက်သွားလာနေသော နေရာသည် အိပ်ခန်းနှင့်
အိပ်သာပင် ဖြစ်သည် ။
အဲလိုနေရာမျိုးတွေမှာ ဘုရားရှင်၏ ရုပ်ပွားတော် ပုံတော် တို့နှင့် သင့်မသင့် မိမိဥာဏ်ဖြင့် ချင့်ကြည့်ဖို့ လိုအပ်လှပါတယ် ။ ကျနော်တို့ နိုင်ငံ၌ ဗုဒ္ဓဘာသာ
ဟုခံယူထားကြသော အချို့  အိမ်များမှာလည်း ဧည့်ခန်း၌ ဧည့်ခံဘုရား
လုပ်ထားကြသည်ကို တွေ့ဘူးကြမှာပါ ။ ဆွမ်းတော် ပန်းတော်မရှိ တစ်အိမ်လုံး
တွင်မီးခိုးများ တအူအူထနေသည့်အထဲ အမွှေးတိုင်ဟု ခေါ်နေကြသော မန်ကျည်းသား
အမှုန့်တို့ဖြင့် ရှို့မြိုက်ထားကြ၏ ။ ကြောင်တစ်ကောင် သောက်၍ မ၀လောက်သော
ရေတစ်ခွက်ဖြင့်လည်း တစ်နေကုန်မလဲပဲ ကပ်လှူထားကြပါတယ် ။ တစ်ခါတစ်ရံ
ဌက်ပျောသီး စသော သစ်သီးစိမ်းများ ကပ်လှူသူများလည်း ရှိပေသေးသည် ။
သေချာစဉ်းစားကြည့်ကြပါခင်ဗျာ မိမိတို့၏အထွက်အမြတ်ထားတဲ့ ဘုရားရှင်ကို
ဖြစ်သလိုမကပ်လှူသင့်ပါ သံဃာတော် တစ်ပါးကိုဆွမ်း ၊ ခဲဘွယ် ကပ်လှူသလို
ဘုရားရှင်သက်တော်ထင်ရှား ရှိသလို စိတ်မှာ ရည်မှတ်ပြီး ကပ်လှူသင့်ပါတယ် ။
အမရပူရမြို့  မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးသည် ကျောင်းတိုက်အတွင်းရှိ ကျောင်းများအပေါ်ဝယ် ဗုဒ္ဓဘုရားရှင် ရုပ်ပွားတော်မြတ်များကို ထားခွင့်မပြုပါ ။
ဂန္ဓာကုဋိ (ဘုရားတိုက်ကျောင်း) တစ်ကျောင်း၌သာ ကြည်ညိုဖွယ်ရာ ဖြစ်အောင်
ထားရှိစေတော်မူပါသည် ။ ဆရာတော်ရဲ့  ရည်ရွယ်ချက်ကတော့ ရဟန်းသာမဏေငယ်တို့သည်
ကိုယ်အမူအရာ နှုတ်အမူအရာများ မဆင်မခြင် ပြုလုပ်ပြောဆိုမိကြလျှင် ကုသိုလ်
တစ်ပဲ ငရဲ တစ်ပိဿာဆိုသကဲ့သို့ ကုသိုလ်ရဖို့ထက် အကုသိုလ်ဖြစ်ဖို့က
များဟန်ရှိသောကြောင့် ဤသို့တားမြစ်တော်မူခြင်းဖြစ်သည် ။
ဗုဒ္ဓဘုရားရှင်၏ ရုပ်ပွားတော်ကို မလျော်သော ကိုးကွယ်နည်းဖြင့် ပူဇော်ထားသူတို့၏ နေအိမ်ကိုကြည့်လျှင် ၄င်းအိမ်သည် ပြောင်မြောက်တိုးတက်မှု ရှိလိမ့်မည်
မဟုတ်ပါ ။ ထို့ကြောင့် ရုပ်ပွားတော်ကို မပူဇော်လျှင် (အိမ်မှာမထားရှိလျှင်)
ဘာမှမဖြစ်ပေမယ့် ထားလျှင် ထားသည့် အလျောက်ရိုသေစွာ ပူဇော်ရသော်
ကုသိုလ်များရကြမည် ဖြစ်သကဲ့သို့ မရိုသေလျှင် (အဂါရ၀ဖြစ်လျှင်)
အကုသိုလ်တွေဖြစ်နေမှာ အမှန်ပါ ။ကျနော်တို့လက်တွေ့မြင်တွေ့နေတာလေးတွေကတော့
ကတ္တရာလမ်းမပေါ်မှာ ဗုဒ္ဓဘုရားရှင်ပုံတော်များကို စုပုံရောင်းချနေသူများ ၊
ဗုဒ္ဓရုပ်ပွားတော်များကို ရှေးဟောင်းပစ္စည်း ဟုတ် မဟုတ် ပြဒါးစိမ်ကြည့်
ကြသူများ ၊ တံစဉ်းတိုက်ကြည့်ကြသူများ ၊ ငရဲမီး (ပန်းတိမ်သုံး) ဖြင့်
တို့ကြည့်ကြသူများကို ဗုဒ္ဓဘုရားရုပ်ပွားတော်က ဘာမှမလုပ်ပေမယ့်
မိမိတို့ပြုတဲ့ ကောင်းကျိုး ဆိုးကောင်း ကံတွေကို ခံစားရမှာ အမှန်ပါ
။ဖြစ်နိုင်ရင် မိမိတို့သေချာ ကိုးကွယ်ဆည်းကပ်ခြင်းမပြုနိုင်ရင်
ဘုရားပုံတော် ရုပ်ပွားတော် ကိုမိမိတို့နေတဲ့ အခန်းမှာ မထားတာအကောင်းဆုံးပါ
ကုသိုလ်ထက် အကုသိုလ်များနေမှာ စိုး၍ စေတနာနှင့် အကြံပြုခြင်းပါခင်ဗျား ။
ဗုဒ္ဓဘာသာ အရေး ဓမ္မဒဿန အတွေးအမြင်များ စာအုပ်မှ ကိုးကားပြီး ရေးသားပါသည် ။

ဗုဒ္ဓ အဆုံးအမ များမှ ကူးယူဖေါ်ပြပါသည်။