28 Oct 2011

မြန်မာပြည် ငရဲကို ပို့ပေးပါ

တစ်နေ့မှာ အမေရိကန် လူမျိုးတစ်ယောက်ဟာ သေဆုံးပြီး ငရဲပြည်ရောက်သွားပါသတဲ့။ ငရဲပြည်ရောက် တဲ့ အခါမှာ ငရဲပြည် ဂိတ်ဝက ငရဲမင်းကြီးက အမေရိကန် လူမျိုးကို “မင်းဟာ အမေရိကန် လူမျိုးဖြစ်တဲ့ အတွက် ကြိုက်တဲ့ ငရဲပြည်မှာ နေခွင့် ရှိတယ်၊ ဘယ်ငရဲ ပြည်မှာ နေမလဲ” လို့ မေးတယ်။ အမေရိကန် က ဘယ်လိုငရဲပြည် အမျိုးမျိုးရှိလို့ ဘယ်ငရဲပြည်မှာ နေဖို့ရွေးရမှာလဲ ဆိုတာ မရှင်းလို့ ငရဲမင်းကြီးကို ပြန်မေးတဲ့ အခါ ငရဲမင်းကြီးက “ငရဲပြည်မှာ လဲ လူ့ပြည်မှာ လိုဘဲ၊ အမေရိကန် ငရဲ၊ ဂျာမဏီ ငရဲ၊ ပြင်သစ် ငရဲ စသည်ဖြင့် ငရဲပြည် အမျိုးမျိုးရှိတယ်၊ မင်းဘယ်ငရဲပြည်မှာ နေမလဲ လို့” ရှင်းပြပြီး ဖြေခိုင်းတယ်။ ဒါနဲ့ အမေရိကန်က “ဟာ ငရဲမင်းကြီး ဒါဆိုရင် ဘယ်ငရဲပြည်မှာ နေမလဲ မရွေးချယ်ခင် ကျနော် နဲနဲ အဲဒီငရဲပြည်တွေကို သွားပြီး လေ့လာချင်တယ် ခွင့်ပြုပါ” လို့ ခွင့်တောင်းတယ်။ “ဒါနဲ့ ငရဲမင်းကြီးက ကောင်းပြီ ငါမင်းကို ငရဲပြည် သုံးလေးခုလောက် သွားပြီး လေ့လာခွင့် ပေးမယ် ပြီးရင် တစ်နေရာ ရွေးရမယ်” ဆိုပြီး ခွင့်ပေးလိုက်တယ်။
ဒါနဲ့ အမေရိကန်လည်း ငရဲပြည်အမျိုးမျိုး လေ့လာဖို့ စတင်ခရီးထွက် ခဲ့ပါတော့တယ်။ သူပထမဦးဆုံး အမေရိကန် ငရဲပြည်ရောက်ပြီး အဲဒီက သူ့အရင်ရောက်နှင့် နေတဲ့ လူတွေကို အမေရိကန် ငရဲက ဘယ်လိုနေသလဲလို့ မေးကြည့်ပါတယ်။ အဲဒီက လူတွေက သူ့ကို ဒီလိုပြန်ဖြေတယ်။ “အမေရိကန် ငရဲကဗျာ၊ တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ဓါတ်လိုက်ခံရတယ်၊ နေ့လည်ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ် အိပ်ရပြန်တယ်၊ ညနေကျတော့ ငရဲဝန်ထမ်း တစ်ဦးက လာပြီး ရိုက်တာခံရတယ်ဗျ” လို့ပြောတော့ အမေရိကန်လည်း အတော် တုန်လှုပ်ကြောက်လန့် သွားပြီး “မဖြစ်ချေဖူး အခြား ငရဲပြည် သွားကြည့်ဦးမှ” ဆိုပြီး နောက်ငရဲပြည် တစ်ခုကို ထွက်လာခဲ့ပြန်တယ်။
သူဒုတိယရောက်လာတဲ့ ငရဲပြည်ကတော့ ပြင်သစ် ငရဲပြည် ဖြစ်လို့ ဒီမှာတော့ နဲနဲ သက်သာမှာဘဲ ဆိုပြီး အဲဒီမှာ ရှိနေတဲ့ သူတွေကို ပြင်သစ် ငရဲအကြောင်း မေးကြည့်ပါတယ်။ ပြင်သစ်ငရဲပြည်က လူတွေကလည်း သူ့ကို “ကျနော်တို့ဆီက ပြင်သစ်ငရဲက ဗျာ၊ တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ဓါတ်လိုက်ခံရတယ်၊ နေ့လည်ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ် အိပ်ရပြန်တယ်၊ ညနေကျတော့ ငရဲဝန်ထမ်း တစ်ဦးက လာပြီး ရိုက်တာခံရတယ်ဗျ” လို့ပြောပြတော့ အမေရိကန်က “ဟ သူတို့လည်း အမေရိကန် ငရဲနဲ့ အတူတူပါဘဲ လား၊ ဒါဆိုရင်တော့ မချောင်ဖူး၊ အာရှတိုက်ဖက်က ငရဲပြည်တွေကို သွားလေ့လာကြည့်ဦးမှ” ဆိုပြီး အာရှတိုက်ငရဲပြည်ဖက် ထွက်လာခဲ့တော့တယ်။
အဲသည်လိုနဲ့ အာရှတိုက်က ဂျပန်ငရဲပြည်ကို ရောက်လာခဲ့ပြီး အဲဒီမှာ ရှိနေတဲ့ လူတွေကို အရင်အတိုင်း သူကမေးကြည့်တဲ့ အခါမှာ အဲဒီမှာ ရှိနေတဲ့ သူတွေကလည်း သူ့ကို အရင်အတိုင်းဘဲ “ကျနော်တို့ဆီက ငရဲက ဗျာ၊ တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ဓါတ်လိုက်ခံရတယ်၊ နေ့လည်ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ် အိပ်ရပြန်တယ်၊ ညနေကျတော့ ငရဲဝန်ထမ်း တစ်ဦးက လာပြီး ရိုက်တာခံရတယ်ဗျ” လို့ ပြန်ဖြေကြတယ်။
အမေရိကန်လည်း အတော်စိတ်ပျက်သွားတော့တယ်။ “ငရဲပြည်တွေကလည်း အကုန်အတူတူချဉ်းပါဘဲ၊ ဘာမှ မထူးပါဖူး၊ ငါ့ဖာသာ ငါ အမေရိကန် ငရဲမှာဘဲ သွားနေတာ ကောင်းတော့မှာပါဘဲ” ဆိုပြီး ငရဲမင်းကြီးဆီကို ပြန်ဖို့လုပ်တော့တယ်။ အဲဒီလို အပြန်လမ်းမှာ သူက တနေရာကနေ လူတွေ ကြိတ်ကြိတ်တိုးပြီး တန်းစီနေတဲ့ ငရဲပြည်တစ်ခုကို လှမ်းတွေ့လိုက်ရတယ်။ ဒါနဲ့ သူက သွားစပ်စုကြည့်ဦးမှ ဆိုပြီး တန်းစီနေတဲ့ လူတစ်ယောက်ကို သွားမေးတယ်။ “ဟေ့လူ ဒါဘာ ငရဲပြည်လဲဗျ” ဆိုတော့ ဟိုလူက “ဒါ မြန်မာပြည် ငရဲဗျ” လို့ ပြန်ဖြေတယ်။ ဒါနဲ့ အမေရိကန်က “ခင်ဗျား မြန်မာပြည် ငရဲက ဘယ်လိုလဲ ဆိုတာ သိလား၊ သိရင် ကျနော့်ကို ပြောပြပါလား” လို့ မေးကြည့်တယ်။ တန်းစီနေတဲ့ လူက “မြန်မာပြည် ငရဲမှာ၊ တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ဓါတ်လိုက်ခံရတယ်၊ နေ့လည်ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ် အိပ်ရတယ်၊ ညနေကျတော့ ငရဲဝန်ထမ်း တစ်ဦးက လာပြီး ရိုက်တာခံရတယ်ဗျ” လို့ပြန်ဖြေတယ်။ အဲဒီတော့ အမေရိကန်က “ဟင် မြန်မာပြည်ငရဲလဲ အခြားငရဲတွေနဲ့ အတူတူဘဲဟာ ဒါနဲ့များ ခင်ဗျားတို့က ဒီမှာ ဘာလို့ ကြိတ်ကြိတ်တိုး တန်းစီနေကြရတာတုန်း” လို့ မေးကြည့်လိုက်တယ်။
ဒါကို မြန်မာပြည်ငရဲမှာ တန်းစီနေတဲ့ လူက ဒီလိုပြန်ဖြေတယ်၊ “မြန်မာပြည်ငရဲမှာ မနက်ဖက် တမနက်လုံး လျှပ်စစ်ထိုင်ခုံပေါ်ထိုင်ပြီး ဓါတ်လိုက်ခံရတယ်လေဗျာ၊ သို့သော် မြန်မာပြည်မှာ မီးမှ မလာဘဲဗျ၊ အဲဒီတော့ ကျုပ်တို့ ဓါတ်မလိုက်ဖူးပေါ့၊ နေ့လည် ကျပြန်တော့ စတီးချောင်းတွေ တပ်ထားတဲ့ ဆူးမွေ့ယာပေါ်မှာ အိပ်ရတယ်သာပြောတာ ဒီမှာ ငရဲလုပ်သားတွေက စတီးချောင်းတွေ ခိုးရောင်းစားလို့ ကုန်နေပြီလေ၊ အဲဒီတော့ ကျုပ်တို့ ဆူး မဆူးဖူးပေါ့၊ ညနေကျတော့ ငရဲဝန်ထမ်းတစ်ဦးက လာပြီး ရိုက်တယ်ဆိုပေမဲ့ သူကလည်း ခွင့်အမြဲယူပြီး လာချင်မှလာတာ၊ လာလဲ ညှိလို့ရတယ်လေဗျာ၊ ဒါကြောင့်ကျုပ်တို့ ဒီမှာ တန်းစီနေတာပေါ့” လို့ ရှင်းပြလိုက်တော့တယ်။
အမေရိကန် လူမျိုးလည်း ချက်ခြင်းငရဲမင်းဆီကို အပြေးသွားပြီး မြန်မာပြည် ငရဲကို ပို့ပေးဖို့ မြန်မြန် အဖြေပေးလိုက်ပါတော့တယ်။

Aung.info မှကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment