24 Apr 2014

Facebook ၏ အမြတ်အစွန်း (၃)ဆတိုးလာ



ကမ္ဘာတလွှားတွင် မိုဘိုင်းလ်ဖုန်းများ အသုံးတွင်ကျယ်လာခြင်းနှင့်အတူ Facebook ၏ အမြတ်အစွန်း ပမာဏပါ (၃)ဆ ခုန်တက်လာကြောင်း သိရှိရသည်။ (၂၀၁၄)ခုနှစ်၏ ပထမ(၃)လပတ်တွင် Facebook ၏ အမြတ်ပမာဏသည် ဒေါ်လာ (၆၄၂)သန်းထိ ရှိခဲ့သည်။ ဝင်ငွေစုစုပေါင်း ပမာဏသည် (၇၂)ရာခိုင်နှုန်း တိုးပွားလာပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမြတ်အစွန်းသက်သက် (၃)ဆဝန်းကျင်မျှ များပြားလာခြင်း ဖြစ်သည်။ အဓိကအားဖြင့် Mobile ဖုန်းဖြင့် Facebook သုံးစွဲမှု အလွန်များပြား လာခြင်းကြောင့် မိုဘိုင်းလ်ကြော်ငြာ ဝင်ငွေများ တိုးပွားလာ၍ ဖြစ်သည်။ ယင်းသည် အင်တာနက် အသုံးပြုရာ၌ PC ကွန်ပျူတာများအစား မိုဘိုင်းလ်ကိရိယာများကို အရှိန်အဟုန်မြင့်မြင့် အစားထိုးလာခြင်း၏ အကျိုးဆက် ရလဒ်ကောင်း တစ်ခုလည်း ဖြစ်လာသည်။



Facebookက ကြော်ငြာဝင်ငွေ ပမာဏသည် လွန်ခဲ့သည့် (၁)နှစ်ကထက် (၈၂)ရာခိုင်နှုန်း ထိုးတက်လာ ကာ ဒေါ်လာ (၂.၂၇)ဘီလျံဖိုး ရှိခဲ့ကြောင်း ကြေညာခဲ့သည်။ လွန်ခဲ့သည့် (၁)နှစ်ခန့်က မိုဘိုင်းလ် ကြော်ငြာ များ၏ အရေအတွက်သည်လည်း လက်ရှိထက် (၃)ချိုး(၁)ချိုးမျှ လျော့နည်းနေသေးသည်။ Facebook ၏ အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘာ့ဂ်က ကုမ္ပဏီအနေဖြင့် မိမိတို့၏ စီးပွားရေးနယ်ပယ် တိုးချဲ့မှု ခြေလှမ်းတိုင်း အတွက် သတိထား လုပ်ဆောင်နေကြောင်း ဆိုသည်။

“လောလောဆယ် အခြေအနေတွေအရ Facebookရဲ့ လုပ်ငန်းတွေက အားကောင်းပြီး အရှိန်ကောင်းနေ တုန်းဆိုတာ မြင်သာပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အခြေအနေတွေကို အရောက်လှမ်းဖို့ ကျွန်တော်တို့ရဲ့ လက်ရှိအနေအထားက ကောင်းမွန်နေတယ်လို့ ဆိုနိုင်ပါတယ်” ဟု ဇက်ကာဘာ့ဂ် က ပြောကြားခဲ့သည်။ Facebookသည် ယခုနှစ် ပထမ(၃)လအတွင်း အသားတင် အမြတ်ငွေ ပမာဏ ဒေါ်လာ (၆၄၂)သန်း ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ကမူ ဒေါ်လာ (၂၁၉)သန်းသာရှိကြောင်း သိရှိရသည်။

 
Planet Myanmar Network



0 comments:

Post a Comment