30 May 2014

ကမ္ဘာ့ဘော့လုံးသမိုင်းနှင့် ကျင်းပရန် ရက်အနည်းငယ်သာ လိုတော့သည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ

B A Thang
ကမ္ဘာပေါ်တွင် ပထမဆုံး နိုင်ငံတကာဘောလုံးပွဲသည် စကော့တလန်နိုင်ငံ၊ ဂလပ်စကိုမြို့တွင် ၁၈၇၂ ၌ ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန်နှင့် စကော့တလန်တို့၏ ပွဲဖြစ်သည်။ ထိုပွဲတွင် မည်သူမျှဂိုးသွင်းယူနိုင်ခြင်း မရှိပဲ ၀-၀ ဖြင့် သရေကျခဲ့ကြသည်။

ထို့နောက် ၁၈၈၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ ကျင်းပခဲ့သော Birtish Home Championship ပြိုင်ပွဲသည် ပထမဆုံး နိုင်ငံတကာဘောလုံးပြိုင်ပွဲအဖြစ် မှတ်တမ်းတင်ထားကြသည်။ ယင်းဖလားအား ဗြိတိသျှနိုင်ငံများဖြစ်ကြသော အင်္ဂလန်၊ ဝေးလ်၊ စကော့တလန်နှင့် အိုင်ယာလန်တို့မှ ယှဉ်ပြိုင်ကစားခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ ကမ္ဘာပေါ်တွင် လူအများစိတ်ဝင်အစားဆုံး ဘောလုံးပြိုင်ပွဲဖြစ်သည့် ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား ဦးဆောင်ကျင်းပသည့် ဖီဖာအဖွဲ့ချုပ်ကို ၁၉၀၄ ခုနှစ် မေလ (၂၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
FIFA ၏ နာမည်အပြည့်အစုံမှာ Fédération Internationale de Football Association (FIFA) ဖြစ်ပြီး၊ ပြင်သစ်အမည်ဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သူများမှာ- ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်တို့ ဖြစ်ကြသည်။
လက်ရှိတွင် နိုင်ငံပေါင်း (၂၀၉) နိုင်ငံမှအဖွဲ့ဝင်အဖြစ် ပါရှိလျက်ရှိပြီး၊ ဖီဖာ၏ ကြွေးကြော်သံမှာ “For the Game. For the World” ဖြစ်သည်။ အစည်းအဝေးဘာသာစကားအဖြစ် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်နှင့် စပိန်ဘာသာစကားတို့ ဖြစ်ပြီး၊ ရုံးချုပ်မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့တွင် ရှိသည်။
ပထမဆုံးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား ၁၉၃၀ ခုနှစ်တွင် တောင်အမေရိကတိုက်ရှိ ဥရုဂွေးနိုင်ငံတွင် ကျင်းပခဲ့ရာ တောင်အမေရိကတိုက်မှ (၇) သင်း၊ ဥရောပမှ (၄) သင်းနှင့် မြောက်အမေရိကတိုက်မှ (၂) သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အိမ်ရှင်ဥရုဂွေးမှ အနိုင်ရဗိုလ်စွဲခဲ့သည်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသည် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ နှင့် ၁၉၄၆ ခုနှစ်များတွင်သာ စစ်ကြောင့် မကျင်းပနိုင်ခဲ့ပဲ ကျန်သည့် အချိန်များတွင် ပုံမှန်ကျင်းပနိုင်ခဲ့သည်။
(၁၉) ကြိမ်ကျင်းပပြီးဖြစ်သော ဤပြိုင်ပွဲတွင် နိုင်ငံ (၈) နိုင်ငံမှ ဗိုလ်စွဲခဲ့ကြသည်။ ယင်းတို့မှာ ဘရာဇီးလ်နိုင်ငံမှ (၅) ကြိမ်ဖြင့် အကြိမ်အများဆုံး ဖြစ်သည်။ ယင်းနောက်တွင် အီတလီမှ (၄) ကြိမ်၊ ဂျာမနီမှ (၃) ကြိမ်၊ အာဂျင်တီးနားနှင့် ဥရုဂွေးတို့မှ (၂) ကြိမ်စီ၊ အင်္ဂလန်၊ ပြင်သစ်နှင့် စပိန်တို့မှ (၁) ကြိမ်စီ ဆွတ်ခူးခဲ့ကြသည်။
လက်ရှိချန်ပီယံမှာ စပိန်အသင်းဖြစ်ပြီး၊ ၂၀၁၄ ကမ္ဘာ့ဖလား အိမ်ရှင်မှာ ဘရားဇီးလ်ဖြစ်သည်။ ၂၀၁၈ တွင် ရုရှားနှင့် ၂၀၂၂ တွင် ကာတာနိုင်ငံတို့၌ ကျင်းပမည် ဖြစ်သည်။
 
(၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုဇယား)
ဖွင့်ပွဲအား ဆော်ပေါ်လိုမြို့တွင် ဇွန်လ (၁၂) ရက်နေ့၌ ကျင်းပမည်ဖြစ်ပြီး၊ အိမ်ရှင် ဘရာဇီးလ်နှင့် ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲတွင် ဥရောပမှ (၁၃) သင်း၊ တောင်အမေရိကတိုက်မှ (၆) သင်း၊ အာဖရိကတိုက်မှ (၅) သင်း၊ အာရှတိုက်မှ (၄) သင်း နှင့် မြောက်အမေရိကတိုက်မှ (၄) သင်း စုစုပေါင်း (၃၂) သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆုကြေးငွေအဖြစ် ပြိုင်ပွဲဝင်သည့် အသင်းတိုင်းအား ပြင်ဆင်မှုအဖြစ် အမေရိကန်ဒေါ်လာ (၁.၅) သန်းစီ ပေးသွားမည်ဖြစ်သည်။ ထို့အပြင် အုပ်စုအဆင့်မှ ထွက်ရသည့် အသင်းတိုင်းသည် အမေရိကန်ဒေါ်လာ (၈) သန်းစီ ရရှိမည်ဖြစ်သည်။
ရှုံးထွက်အဆင့်သို့ ရောက်သည့် အသင်းတိုင်းမှာ အမေရိကန်ဒေါ်လာ (၉) သန်းစီ ရရှိမည်ဖြစ်ပြီး၊ ကွာတားဖိုင်နယ်သို့ ရောက်ရှိသည့် အသင်းများမှာ အမေရိကန်ဒေါ်လာ (၁၄) သန်းစီ ရရှိမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်ရောက် စတုတ္ထရသည့်အသင်းမှာ အမေရိကန်ဒေါ်လာသန်း (၂၀)၊ တတိယရသည့်အသင်းမှာ (၂၂) သန်း၊ ဒုတိယရသည့် အသင်းမှာ (၂၅) သန်းနှင့် ပထမရသည့် အသင်းမှာ (၃၅) သန်း ချီးမြှင့်ခြင်း ခံရမည်ဖြစ်သည်။


0 comments:

Post a Comment