
ချန်ပီယံဘွဲ့ကို အောင်မြင်စွာ ထိန်းသိမ်းနိုင်သည့် နိုင်ပွဲအပြီးတွင် လက်ဝှေ့သမား တစ်ဦးက ၎င်း၏ ချစ်သူအား ကြိုးဝိုင်းထဲတွင်ပင် လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း သိရှိရသည်။ Cobraဟူသော အမည်ပြောင် ရရှိထားသည့် ဗြိတိသျှ လက်ဝှေ့သမား ကားလ်ဖရော့ခ်ျသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဝင်ဘယ်လ်ဒန်တွင် ဂျော့ဂ်ျဂရို့စ်ကို အနိုင်ရရှိအောင် ထိုးသတ်ယှဉ်ပြိုင်သွားခဲ့သည်။ အဆိုပါ နိုင်ပွဲကြောင့် ဖရော့ခ်ျ အနေဖြင့် IBFနှင့် WBA ချန်ပီယံဆုများကို အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့သည်။
၎င်းသည် ပွဲအပြီးတွင် လက်ဝှေ့ကြိုးဝိုင်းထဲသို့ ဝင်ရောက်ဂုဏ်ပြုသည့် ချစ်သူ ရေချယ်လ် ကော်ဒင်လီ၏ ရှေ့မှောက်၌ ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။ ယင်းအပြုအမူကို ပွဲကြည့်ပရိသတ် (၈၀၀၀၀)ခန့်က ဝမ်းသာအားရ အော်ဟစ် ကောင်းချီးပေးခဲ့ကြသည်။ (၈)ချီထိုးသတ်ပြီး အောင်ပွဲခံခဲ့သည့် ချစ်သူထံ လာရောက်ဂုဏ်ပြု နှုတ်ဆက်သော ကော်ဒင်လီသည် ဖရော့ခ်ျ၏ အပြုအမူကြောင့် အံ့ဩသွားခဲ့သည်။ အသက်(၃၆)နှစ်ရှိ ဖရော့ခ်ျကမူ ကြိုးဝိုင်းထဲတွင် မိမိ၏ ခွင့်ပန်မှုသည် တရားမဝင်ဟု ယူဆမိကြောင်း ဆိုသည်။
“ကျွန်တော်က သူ့ကို မေးခွန်းတစ်ခု မေးလိုက်တဲ့ သဘောပါ။ ဒါက တရားဝင် မဟုတ်သေးဘူးလေ။ ကျွန်တော်သူ့ကို ဘယ်လောက်ချစ်သလဲ ပြောပြတယ်။ ဒါကို တရားဝင် လက်ထပ်ခွင့် တောင်းတယ်လို့ ယူဆဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကြိုးဝိုင်းအပြင်ဘက်မှာ သေချာထပ်ပြီး ကျွန်တော် ခွင့်ပန်မှာပါ”ဟု ဖရော့ခ်ျက ပြောကြားသွားသည်။ အသက်(၂၇)နှစ်ရှိ ကော်ဒင်လီသည် ဖရော့ခ်ျနှင့် သားသမီး(၂)ဦးပင် ရရှိထားပြီ ဖြစ်သည်။ သတင်းထောက်များက ဖရော့ခ်ျအား ကြိုးဝိုင်းထဲတွင် လက်ထပ်ခွင့် တောင်းခံစဉ်က အမျိုးသမီး၏ ပြန်ကြားချက်ကို မေးမြန်းကြသည့်အခါ ဖရော့ခ်ျက “သူလက်ခံပါတယ်”ဟုလည်း ဖြေဆိုသွားသည်။
From: Planet Myanmar Network






http://mmforward.blogspot.com
0 comments:
Post a Comment