14 Nov 2014

ဘ၀မှာ ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း (၁ဝ) ချက်



ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။


(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

နေ့စဉ် ရုံးအလုပ်၊ ဆိုင်အလုပ်တွေကြောင့် ပင်ပန်းငြီးငွေ့လို့ ရေချိုးတော့မယ် ဆိုရင် တစ်ခုတော့ သတိရလိုက်ပါ။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လေ့ကျင့်ခန်း နာရီဝက်လောက် တစ်ခုခု ကစားပေးပါ။ အဲဒီအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်။ အဆီပိုတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉-၂၄ ဒသမ ၉) ရှိနေဖို့ အားကစားကိုလုပ်သင့်ပါတယ်။


(၂) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး နုံးခွေစေပါတယ်။ တစ်နေ့ကို ဆေးလိပ်အလိပ် ၂ဝ နဲ့ အထက် သောက်တဲ့သူတွေဟာ သွေးကြောများ ရုတ်တရက် ပိတ်ဆို့ခြင်း၊ နှလုံးကို ရုတ်တရက် အတိုက်ခံရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင်တော့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါလိမ့်မယ်။


(၃) ကိုယ်အလေးချိန်လျှော့ပါ

ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် ပိုနေရင် အသည်းအဆီ ဖုံးရောဂါ၊ အဝလွန်ရောဂါ၊ သွေးထဲမှာ ကိုလက်စထရောမြင့်တဲ့ ရောဂါ၊ သွေးထဲမှာ အငန်ဓာတ် များခြင်း၊ သွေးတိုးနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းလက်ရှိ ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင်(၁၈ ဒသမ ၉- ၂၄ ဒသမ ၉) အတွင်း ရှိရပါမယ်။


(၄) အငန်ဓာတ်လျှော့စားပါ

ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်များရင် သွေးတိုးရောဂါ ခံစားရတတ်ပါတယ်။ ဖြစ်နိုင်ရင် သွေးပေါင်ကို နေ့စဉ်ချိန်ပါ၊ သွေးအတွင်းမှာ ဆားဓာတ် များစေတဲ့ အခြေအနေက ရှောင်ကြဉ်ပါ။ တတ်နိုင်ရင် ဆားအပိုစားခြင်းကို ရှောင်သင့်ပါတယ်။


(၅) နည်းစနစ်မှန်တဲ့ အားကစားလုပ်ပါ

နည်းစနစ်မှန်ဖို့ ဘော်လီဘော၊ ဘောလုံး၊ ရေကူး စတဲ့ နည်းစနစ် များနဲ့ သေသေချာချာ သင်ကြားစေချင်ပါတယ်။ နည်းစနစ် မှန်ခဲ့ရင် ဒီထက်မက စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း၊ မိမိရဲ့စံချိန်များ ရေးမှတ်ထားရင် အားကစားလည်း တိုးတက်ပြီး အားကစား တစ်ရပ်ရပ်မှာ ထူးချွန်ထက်မြက် လာနိုင်ပါတယ်။


(၆) အဆီလျှော့စားပါ

အဆီဆိုတဲ့နေရာမှာ တိရစ္ဆာန်အဆီ၊ ပြည့်ဝဆီ၊ နှစ်ခါပြန်ကြော် ဆီတွေကို မစားသင့်ပါဘူး။ မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီတွေ ကို အသုံးပြုနိုင်သလို ဆီပြန်ဟင်းဆိုရင် အဆီမပါစေဘဲ အသားခပ်ယူပြီး စားသုံးနိုင်ပါတယ်။


(၇) စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှု လျှော့ချပါဆိုရာမှာ တတ်နိုင်သလောက် စိတ်လှုပ်ရှားမှု၊ အိပ်မပျော်မှု၊ စိုးရိမ်ပူပန်မှုတွေ လျှော့ပစ်ဖို့လိုပါတယ်။ ဒီထက်ဆိုးလာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စိတ်ဖိစီးမှု လျော့စေတဲ့ ကုသနည်းကို သုံးပါ၊ ဒါမှမဟုတ် ဘာသာရေး လိုက်စားပြီး ကျင့်စဉ်တို့ သမာပတ်၊ ဝိပဿနာ တို့ကို ကျင့်ကြံ ဆောင်ရွက်နိုင်ပါတယ်။


(၈) ပြည့်ဝဆီရှောင်ပါ

ပြည့်ဝဆီတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ အဆီအဖြစ် ပြောင်းလဲပြီး ကိုလက်စထရော အနေနဲ့ စုဆောင်း နေမိတတ်ပါတယ်။ နှစ်ကြာလို့ အဆီပြင်အဖြစ် ပြောင်းလဲသွားရင် ဆေးနဲ့ပဲဖြစ်ဖြစ်၊ အားကစား လုပ်လို့ ပဲဖြစ်ဖြစ် အဆီ မကျတော့ပါဘူး။ ဒီအခါမှာ မလိုလားအပ်ဘဲ ခွဲစိတ်ဖယ်ရှားတာတွေ လုပ်ရတယ်။ ဒီအတွက် အဆီပြင် မဖြစ်ခင်ကတည်းက အဆီ (ပြည့်ဝဆီ)ကို ရှောင်သင့်ပါတယ်။


(၉) အရက်လျှော့ပါ

အရက်လျှော့ပါ ဆိုတာက လူတိုင်းအတွက် ပြောရရင် အရက်ဟာ ကိုလက်စထရောကို မြင့်စေပြီး သွေးထဲမှာ ကိုလက်စထရော များလာပြီးတော့ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း၊ ရုတ်တရက် ဦးနှောက်အတိုက် ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း ဖြစ်တတ်ရုံသာ မက နှလုံးသွေးတိုး ရောဂါ တို့ကို ဖြစ်စေပါတယ်။ အတိုင်းထက် အလွန် အရက်စွဲ ရောဂါဖြစ်လာတဲ့ အခါမှာ စိတ်မူမမှန်ခြင်း၊ ဦးနှောက်အာရုံကြော ရောဂါဖြစ်ခြင်း စတဲ့ဆိုးကျိုး တွေကို ခံစားရမှာ ဖြစ်တယ်။


(၁ဝ) သင့်တင့်စွာ စားပါ

လူတိုင်း မိမိခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉- ၂၄ ဒသမ ၉) ထက် မပိုသင့်ပါဘူး။ ချက်ပြုတ်စရာ မလိုဘဲ အသင့် အမြန်စားသုံးဖို့ ပြုလုပ်ထားတဲ့ အစာမှာ အချို၊ အငန်၊ အဆီကဲ့သို့ ခန္ဓာကိုယ်တွင်းကို ဆားဓာတ်၊ အဆီဓာတ် ရောက်တတ်တဲ့ ရယ်ဒီမိတ် အစားအစာကို စားမယ်ဆိုရင် အဝလွန်ခြင်း ဖြစ်စေတဲ့အပြင် ရောဂါများ ရစေပါတယ်။


အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အသက်ရှည်ပြီး အနာမဲ့စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ကိုးကား မြ၀တီ ကျန်းမာရေး

 

0 comments:

Post a Comment