23 May 2014

MH370 လေယာဉ်ကို ဧရိယာပိုမိုဖြန့်ကျက်ပြီး ရှာဖွေနေ


မလေးရှား လေကြောင်းလိုင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာ ရေနက်ပိုင်း၌ ဩစတြေးလျ နိုင်ငံက ဦးဆောင်ပြီး ရှာဖွေမှုများ ပြုလုပ်နေ


ပျောက်ဆုံးနေသည့် MH370 လေယာဉ်ကို နယ်နိမိတ် သတ်မှတ်ချက် ပိုမိုကျယ်ဝန်းစွာ ဖြန့်ကျက်ရှာဖွေမှုများ စတင်နေပြီဟု သိရှိရသည်။ မလေးရှား လေကြောင်းလိုင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယ သမုဒ္ဒရာ ရေနက်ပိုင်း၌ ဩစတြေးလျ နိုင်ငံက ဦးဆောင်ပြီး ရှာဖွေမှုများ ပြုလုပ်နေခဲ့သည်။ သို့သော်လည်း လာမည့်သီတင်းပတ်များတွင်မူ ပုဂ္ဂလိက ကန်ထရိုက်တာများလက်သို့ လွှဲအပ်ကာ ရှာဖွေမှု လုပ်ငန်းများကို ရှေ့ဆက်စေမည် ဖြစ်သည်။ ရာသီဥတု အခြေအနေအရ ရှာဖွေမှု လုပ်ငန်းစဉ်များကို ရက်ပိုင်းမျှ ဆိုင်းငံ့ထားသော်လည်း ယခုအခါ တရုတ်သင်္ဘော နှစ်စင်းသည် ဩစတြေးလျ အနောက်ပိုင်း ဆိပ်ကမ်းမှ ထွက်ခွာသွားပြီး ဩစတြေးလျ သင်္ဘောများနှင့် ပူးပေါင်းမည် ဖြစ်သည်။

မတ်လ (၈)ရက်နေ့ကတည်းက လူပေါင်း(၂၃၉)ဦးနှင့်အတူ ပျောက်ချင်းမလှ ပျောက်ကွယ်နေသော လေယာဉ်၏ သေတ္တာနက်မှ ထုတ်လွှင့်သည်ဟု ယူဆရသော အချက်ပြလှိုင်းများကို ဧပြီလတွင် ဖမ်းယူရရှိခဲ့သော်လည်း မည်သည့် အထောက်အထားကိုမျှ တိတိကျကျ ဖမ်းဆုပ်နိုင်ခြင်း မရှိသေးချေ။ ဩစတြေးလျ ကာကွယ်ရေး အကြီးအကဲဟောင်း အန်ဂက်စ်ဟူစတန်သည် ၎င်းတာဝန်ယူနေသည့် ရှာဖွေရေး ကဏ္ဍနှင့် ပတ်သက်ပြီး “အဲဒီတုန်းက ဖမ်းယူရရှိခဲ့တဲ့ အချက်ပြမှုတွေအတွက် ပြန်ပြီး စိစစ်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဘာကိုမှ အာမခံချက် မပေးနိုင်သေးဘူး။ အခြေအနေတိုင်းကို ထည့်သွင်းတွက်ချက်ဖို့တော့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက “အချိန်(၂)လခွဲလောက် ကြာလာတဲ့နောက် သက်ဆိုင်ရာ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေလည်း အရမ်းကို ထိခိုက် ခံစားထားရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ကလည်း အစွမ်းကုန် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဝန်ခံရရင်တော့ တိုးတက်မှုနှုန်းက နုနယ်လွန်းနေပါသေးတယ်”ဟုလည်း ဝန်ခံသွားခဲ့သည်။

From: Planet Myanmar Network


အွန်လိုင်းဟာ အချိန်ပိုကုန်စေဖို့လား အချိန်ကုန် သက်သာစေဖို့လား


အင်တာနက် ဆိုတာ ပေါ်ပေါက်လာတဲ့ အကြောင်းအရင်းက စာတိုက်ပုံး အသုံးပြုရာ ကနေ ပိုမို မြန်ဆန်တဲ့ အီလက်ထရောနစ် အီးမေးလ်များ အသုံးပြုစေဖို့ ကနေ စပါတယ်။ အီးမေးလ် ပို့တာ ကနေ ဆင့်ပွားပြီးတော့ ထပ်တိုး ဖြစ်လာတဲ့ ပြောင်းလဲမှုများကို အကြမ်းဖျဉ်း ခြုံငုံ သုံးသပ် ရမယ် ဆိုရင်..


လုပ်ငန်း၊ အဖွဲ့အစည်း သတင်းအချက်အလက်များ ကြည့်ရှုရန်

အီးမေးလ်ပို့နိုင်တဲ့ အဆင့်ကနေ နောက်ထပ် တစ်ဆင့် ကတော့ သတင်း အချက် အလက်များ ဖတ်ရှုခြင်း ဖြစ်ပါတယ်။ ကမ္ဘာမှာ ပထမဆုံး အင်တာနက်ကို စတင် ဖန်တီးသူက အင်ဂျင်နီယာ အချင်းချင်း ဆက်သွယ်လို့ ရမယ့် အင်တာနက် ကွန်ရက်လေးကို စခဲ့ ပါတယ်။ ပြီးတော့ အမေရိကန် တွင်းက တက္ကသိုလ်ကြီး သုံးလေးခုက သတင်းအချက်အလက် များကို အွန်လိုင်းပေါ်မှာ အလွယ်တကူ သိမြင် နိုင်အောင် ဝဘ်ဆိုဒ်တွေ ပြုလုပ်လာကြ ပါတယ်။

ယနေ့အချိန်မှာတော့ ဖတ်စရာ သတင်းဆိုဒ်တွေ အများကြီး ပါပဲ။ ပြည်တွင်းမှာပဲတင်ကို - www.news-eleven.com, www.mmtimes.com, www.irrawaddy.org တို့လို ဝဘ်ဆိုဒ် မျိုးတွေ ရှိနေပါတယ်။

သတင်း အချက်အလက်များ အခြေခံလို့ စီးပွားရေး လုပ်ရန်

အွန်လိုင်းပေါ်ကနေ စတော့ ဈေးကွက်ကို စောင့်ကြည့်ခြင်းမျိုး ဖြစ်ပါတယ်။ သာမန် သတင်း မျိုးတွေ မဟုတ်တော့ပဲ ဈေးကွက်ရဲ့ အင်မတန် အရေးကြီးတဲ့ သတင်းများကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်အောင် စတော့တို့လိုမျိုး အွန်လိုင်းဈေးကွက် ဖြစ်လာ ပါတယ်။ ဒီတော့ www.motors.com.mm တို့လို အွန်လိုင်း အခြေခံ ကား သတင်းအချက်အလက် ဝဘ်ဆိုဒ်များ ပေါ်ပေါက်ပြီး ရရှိတဲ့ အချက်အလက်ကို အခြေခံလို့ အပြင်မှာ စီးပွားရေး ပြုလုပ်ခြင်း ဖြစ်ပါတယ်။

စီးပွား ကူးသန်း ဆက်သွယ်ရန်

စီးပွား ကူးသန်း ဆက်သွယ်တာ ကတော့ E-Commerce လို့ ခေါ်တဲ့ အွန်လိုင်း ဈေးကွက်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အင်တာနက် ပေါ်ကနေ အရောင်းအဝယ် လုပ်ဖို့ အတွက် ငွေလွဲ စနစ်၊ ပေးချေ စနစ် လမ်းကြောင်းများကို ဖန်တီးလို့ ဝဘ်ဆိုဒ်များနဲ့ တွဲသုံး လာပါတယ်။

အွန်လိုင်း မိတ်ဆွေ ကွန်ရက် ဖြစ်ပေါ်ရန်

အွန်လိုင်းမှာ မိတ်ဆွေဖွဲ့ဖို့ အတွက် ဖိုရန် ငယ်လေးတွေ ပေါ်ရာ ကနေ ဖေ့စ်ဘွတ် တို့လိုမျိုး ဆိုရှယ်မီဒီယာ ဝဘ်ဆိုဒ်ကြီးများ ပေါ်ပေါက် လာပါတယ်။ မြန်မာပြည်တွင်း မှာလည်း ဖိုရမ် နဲ့ ဆိုရှယ်မီဒီယာ များစွာ ပေါ်ပေါက် လာနေ ပါပြီ။

ဒီတော့ အင်တာနက် ပေါ်လာတယ် ဆိုတာ အချိန်ကုန် သက်သာဖို့ တစ်ဦးနဲ့ တစ်ဦး မြန်ဆန်စွာ တွေ့ဆုံ ပြောဆို ဆက်ဆံဖို့ ဖြစ်ပါတယ်။ သိုပပေမယ့် အင်တာနက်ကို အခြေခံပြီး အချိန်ကို ကောင်းကောင်း မကုန်စေပဲ အလဟသ ကုန်နေရင် ကိုယ့်အတွက်က ကျောင်းကျိုး မရှိပါဘူး။ အင်တာနက် ကို အသုံးပြုလို့ အချိန်ကုန် သက်သာဖို့သာ အသုံးချဖို့သာ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုအပေါ် အမှန်တကယ် ပြင်ဆင်နိုင်ပါ့မလားဟု တစ်နေ့တခြား သံသယပိုလာကြောင်းဆို


ဖွဲ့စည်းပုံအခြေခံဥပဒေ အမှန်တကယ် ပြင်ဆင်နိုင်ပါ့မလားဆိုသည့်သံသယ တစ်နေ့တခြား ပိုရှိလာကြောင်း လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အဖွဲ့ဝင် ဒေါက် တာ အေးမောင် က မေ ၂၂ ရက်တွင် ပြောကြားသည်။ “ဒီနေ့ (မေ ၂၂ ရက်) လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော် မတီရဲ့ အစည်းအဝေးမှာ အခန်း(၂)ကို စပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့တွေ တခြား သူတွေ ဆွေးနွေးကြသလိုပေါ့ဗျာ။ တကယ်တမ်း အကောင်းဘက်ကအမြင်နဲ့ ဆွေးနွေးကြတာကို။ အကောင်း ဘက်ကအမြင်နဲ့ ကျွန်တော်တို့က ဆွေးနွေးတယ်။ ဒါပေမဲ့ အကောင်းဘက်က အမြင်ကလည်း တကယ့် တကယ် လက်တွေ့မှာ အဆိုးဘက်ကို ရောက်ရင် ရောက်သွားနိုင်တာပေါ့။ အဲဒါလေးတွေ လည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်ဖို့က အားလုံးမှာ တာဝန်ရှိတယ်။ ကျွန်တော် တို့ကလည်း ကျွန်တော် တို့ရဲ့ကဏ္ဍအလျောက်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ကြည့်တာပေါ့ဗျာ။လက်တွေ့မှာ တကယ်တမ်းဖြစ် ချင်မှ ဖြစ်လာမယ်။အဲဒီတော့ မဖြစ်တော့ဘူးလို့ ကျွန်တော်တို့ဘက်က ယူဆတဲ့တစ်နေ့မှာတော့ဖြင့် ကျွန်တော် တို့ကလည်း နိုင်တဲ့ဝန်လောက်ပဲ ထမ်းနိုင်မယ်ဆိုတာကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ လည်း နိုင်တဲ့ဝန်တော့ အတတ်နိုင်ဆုံး ထမ်းပါမယ်။ ကျွန်တော်တို့က အင်မတန် အင်အားနည်းပါတယ်။

သမိုင်းဆိုတာတော့ ကျန်ခဲ့မှာပေါ့ဗျာ။ ပြင်ဖို့ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင် မှ ပြင်နိုင်ပါ့မလားဆိုတဲ့ သံသယလေးကတော့ ကျွန်တော်တို့မှာ တစ်နေ့ထက်တစ်နေ့ ပို ရှိရှိလာတယ်”ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော် မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစည်းအဝေးများ တွင် အဖွဲ့ဝင် များ အနေဖြင့် ပြည်သူအများ ပြင်ဆင်ရန် စိတ်ဝင်စားနေသည့်ပုဒ်မ ၄၃၆ ကို ဦးစွာဆွေးနွေး ခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နှင့် အခန်း(၂)တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မေ ၂၂ ရက်တွင် ပြောကြားသည်။

ယခုကဲ့သို့ လွှတ်တော်ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ဆွေးနွေးလျက် ရှိသော် လည်း ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် မဲခွဲဆုံးဖြတ်သည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီချက် ရရှိပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူရမည်ဖြစ် သဖြင့် အမှန်တကယ်ပြင်ဆင်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြ သည်။

Eleven Media Group


တော်တော်လည်တဲ့ လူကြီး


ရွာသူကြီးရဲ့ အိမ်ဘေးကို လူသစ်တစ်ယောက်ပြောင်းလာပါတယ်။
လူသစ်နဲ့သူကြီးနဲ့ ပြဿနာက နောက်တစ်ရက်မှာ စတွေ့ပါတယ်။ သူကြီးက
ကြက်ကြိုက်တတ်သူဖြစ်တာကြောင့် ကြက်တွေမွေးထားပါတယ်။ မနက်ခင်းကျတော့
လူသစ်က သူ့ခြံထဲရောက်နေတဲ့ကြက်ဥကို သူ့ကြက်ဥလို့ ဖင်ပိတ်ငြင်းတော့တာပဲ။

သူကြီးကလည်း မင်းမှာ ကြက်တစ်ကောင်မှမရှိဘဲ ဘယ်လိုလုပ်ပြီး
ဥတာတုန်းလို့မေးတာပေါ့။ ဒီကောင်ကလည်း ခပ်ကြောင်ကြောင်ဆိုတော့ ငါ့ခြံထဲမှာ
အုတဲ့ဥ၊ ငါ့ကြက်မရဲ့ဥဆိုပြီး အဆိုတော်အရိုးရဲ့သီချင်းလေးတောင်
ပြန်ဆိုပြလိုက်သေးတယ်။ ရူးသလိုပေါသလိုလုပ်ပြတာလေ။ ဒါနဲ့ သူကြီးက
ပြောလိုက်ပါတယ်။

”ကဲကဲ၊ ဒါဆို ငါတို့ ရွာမှာ အငြင်းပွားတိုင်း ဖြေရှင်းတဲ့နည်းရှိတယ်။
အဲ့ဒါကတော့ တစ်ယောက်ပေါင်ကြားကို တစ်ယောက်က ကန်မယ်။
အမြန်ပြန်ထနိုင်တဲ့သူက ကြက်ဥကိုပိုင်မယ်လေ။ ကဲ ဘယ်လိုလဲ..သဘောတူလား”
လူသစ်က သဘောတူလိုက်တယ်။ ဒါနဲ့ သူကြီးက အရင်ကန်ဖို့ ပြင်လိုက်တယ်။
အလေးဆုံးနဲ့ အမာဆုံး ခုံဖိနပ်ကိုစီးပြီး နောက်ကို ခြေ (၅)
လှမ်းလောက်ဆုတ်လို့ အရှိန်နဲ့ တအားပြေးကန်လိုက်တယ်။ လူသစ်လည်း
နာလွန်းလို့ ပေါင်ကြားကို လက်နဲ့အုပ်ပြီး အော်တော့တာပေါ့ ။

နာရီဝက်လောက်မှာ ပြန်ထလာပြီး သူကြီးကိုပြောလိုက်ပါတယ်။
”ကဲ .. ဒီတစ်ခါ သူကြီး အကန်ခံရမယ့်အလှည့်။ ကျွန်တော်ကန်မယ်”
သူကြီးက လေသံအေးအေးနဲ့ ပြန်ပြောလိုက်ပါတယ်။
”ကြက်ဥကို မင်းပဲ ယူလိုက်ပါတော့ကွာ”

ရဲစတိုင်း
The Myanma Age

၁ ပတ်အတွင်း B ပိုး လုံးဝပျောက်စေမယ့် နည်းလမ်းကောင်း


တကယ်ကောင်းမွန်ပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်လို့ ပြန်လည်မျှဝေ
ပေးလိုက် ရပါတယ်။ ငွေကြေးအမြောင်အများ မကုန်သည့်အတွက် အဆင်ပြေ
စေမှာ ဖြစ်ပါတယ်။

ရောဂါကုထုံး

(၁) စပါးလင် လိုအပ်ပါတယ်။

(၂) ၎င်းကိုရေစင်အောင် ဆေးကြောပါ။

(၃) ပြုတ်လိုက်ပါ။

(၄) ၎င်းပြုတ်ရည်ကို တစ်နေ့ကို သုံးကြိမ်သောက်ပေးပါ။

(၅) သောက်ရမည့် ခွက်ကတော့ လက်ဖက်ရည် သောက်ခွက် ဖြစ်ပါတယ်။

တစ်ပတ်ကြာသည့် အခါတွင် B ပိုးပျောက်ကင်း သွားမည် ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်

Myawady News


မျက်မှန် မတပ်ရအောင် ဆောင်ရန် /ရှောင်ရန်များ


ယနေ့ တိုးတက်လာတဲ့ ခေတ်စနစ်နှင့် နည်းပညာများ နောက်ကိုအမီလိုက်ရင်း ကျွန်မတို့ရဲ့ ကလေးတွေ၊ လူငယ် မျိုးဆက်သစ်လေးတွေ ဟာ မျက်မှန်လေးတွေ ကိုယ်စီ နဲ့ ဖြစ်လာကြပါတယ်။ အဲဒီတော့ မိဘတွေ အနေနဲ့ရော မျက်မှန် တပ်ဆင် နေရသူများရော၊ မျက်မှန် မတပ်ရသေး သူများရော သိထားသင့်တဲ့ မျက်မှန် တပ်ရ ခြင်းနှင့် သိမှတ် ဖွယ်ရာများကို မျက်စိ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်နီလာ သိန်းနှင့် ဒီတစ်ပတ် မှာ တွေ့ဆုံမေးမြန်းပြီး ဖော်ပြပေးလိုက်ပါတယ်။

မေး။ ။ အခုနောက်ပိုင်း လူငယ်တွေ၊ ကလေးတွေမှာ မျက်မှန် တပ်ရတာ များလာတာကို တွေ့ရပါတယ်။ အဲဒါ ဘယ်လို အကြောင်းရင်းတွေကြောင့် ပါလဲရှင့်။

ဖြေ ။ ။မျက်မှန်ပါဝါနဲ့ ပတ်သက်လို့ ပြောရရင် နံပါတ်တစ်က မျိုးရိုး ဗီဇ ခေါ် တာပေါ့။ မိဘက အပေါင်းအနုတ် ပါဝါတွေ တပ်ရရင် မွေးလာတဲ့သား သမီးတွေ ကလည်း အနုတ် ပါဝါတွေ တပ်ရတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် အနေ အထားအရတော့ ကလေးတွေက လမ်း မှာ အဝေးကို ကြည့်ရတဲ့ အလေ့အထ တအား နည်းသွားတယ်။ သူတို့က ဘာတွေကြည့်လဲ ဆိုတော့ ကွန်ပျူတာ ကြည့်တယ်။ လက်(ပ်)တော့ ကြည့်တယ်။ ဂိမ်းတွေ ဆော့တယ်။ သူတို့ရဲ့ ဖုန်းသေးသေးလေးတွေ ထဲကနေ အင်တာ နက်တွေ ကြည့်တယ်။ ဂိမ်းတွေဆော့ တယ်။ အဲဒီတော့ သူတို့က အနီးကိုပဲ အရမ်း ကြည့်နေတဲ့ အခါကျတော့ တဖြည်း ဖြည်း နဲ့အဝေးကို မှုန်လာကြတယ်။
ဂျပန်တို့ စင်ကာပူ တို့မှာဆိုရင် သူတို့နိုင်ငံမှာရှိတဲ့ လူငယ် အားလုံးရဲ့ ၇ဝ ရာခိုင်နှုန်းက မျက်မှန် တပ်ထားကြ တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ က တိုက်နံရံ အတွင်း မှာပဲ အမြင်အာရုံ က ရှိကြတယ်။ အဝေးကို ကြည့်တာ အားနည်းတယ်။ သူတို့သည် ဘာလုပ် နေကြလဲဆိုတော့ တစ်နေ့လုံး ကွန်ပျူ တာရှေ့များ မှာပဲ နေကြ တယ်။၂၄ နာရီ အင်တာနက် ကြည့်နေတယ်။ ဂိမ်း ဆော့တယ်။ ကွန်ပျူတာ ကြည့်တယ်။ ဒီတီဗီလို ဖန်သားပြင်ကိုပဲ ကြည့်နေတဲ့ အခါကျတော့ တဖြည်းဖြည်း နဲ့ အဝေး မှုန်သွားကြ တယ်။
နောက်တစ်ခုက မျက်မှန်တပ် သင့်ရဲ့သားနဲ့ ကလေးကိုတော့ မျက်မှန် မတပ်ချင်ဘူး။ မတပ်ပါရစေနဲ့ ဆရာမ ရယ် ဆိုပြီးတော့ ငြင်းဆိုပြီးတော့ မတပ်ဘဲ ထားတဲ့ အခါမှာ ကြာလာ တော့ အဲဒီကလေးက ပါဝါတွေ ထပ် တက်လာပြီးတော့ အဲဒီ ကလေးတွေက မျက်မှန်လေးတွေ နဲ့ဖြစ်သွားတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ခေတ်စနစ်တွေ တိုးတက်လာတာ နဲ့အမျှ မျက်မှန်တပ် ရတဲ့ ကလေးတွေက များလာမှာပဲ။ အစ်မတို့ ကလေးတွေကို ဂိမ်းမဆော့ ပါနဲ့လို့ တားလို့ မရဘူး။ ဒါ မိဘတိုင်း ရင်ဆိုင်ရတဲ့ ပြဿနာပဲ။ ခေတ်စနစ် ရဲ့အသီးအပွင့် တွေဖြစ်တဲ့အတွက် တား လို့လည်း မရဘူး။ တားရင်လည်း သူတို့က တခြား ကလေးတွေ နဲ့ ယှဉ်ရင် ကျန်ခဲ့မှာလေ။ အဲဒါတွေအတွက်က တော့ အစ်မတို့ ပညာပေးရမှာပေါ့။

မေး။ ။ မျက်မှန်ကတပ်ပြီးရင် အချိန် တစ်ခုကြာသွားရင် ချွတ်လို့ရပါသ လား။ ဒါမှမဟုတ် တစ်သက်လုံး တပ် သွားရမှာပဲလား။

ဖြေ ။ ။ မျက်မှန်ရဲ့ သဘော သဘာဝအရ တော့ အနုတ် ပါဝါတပ်ထားတဲ့ အဝေး မှုန်မျက်စိ ဆိုရင်တော့ တပ်ထားပြီးရင် ပါဝါက တိုးဖို့ပဲ ရှိတယ်။ ကလေးတွေ ရဲ့ အသက် ၁၈ နှစ် ၂ဝ နှစ် ယောက်ျား လေး၊ မိန်းကလေး စတာတွေပေါ်မူ တည်ပြီးတော့ အသက် ၁၈ နှစ်၊ ၂ဝ ထိအောင် ပါဝါက တက်လာမှာဖြစ်တဲ့ အတွက်ကြောင့် ပါဝါကို လျှော့ချလို့ မရ ဘူး။ ဒါကြောင့် အစ်မတို့က သူတို့ ရဲ့ နေထိုင် စားသောက်မှုပုံစံမှာက ငယ်ငယ်တည်း က အသီးအနှံ များများ စားရမယ်။ အစာအုပ်စု သုံးခုမှာပါတဲ့ အစာတွေကို စား ရမယ်။ သတ္တုဓာတ် များများ ပါတဲ့ အစားအစာတွေကို စားမယ် ဆိုရင်တော့ ပါဝါကို ရှေ့ဆက် မတိုးလာအောင် ထိန်းနိုင်တာပဲ ရှိတယ်။

မေး။ ။ တချို့ မျက်မှန်တပ်ပြီးတော့ ဆေးသောက်ပြီး မျက်မှန်ကျွတ်သွား ကြတယ်ပြောတယ်။ အဲလိုမျိုး ဆေး စားပြီးတော့ရော မျက်မှန်ချွတ်နိုင်ပါ သလား။

ဖြေ ။ ။ ဆေးစားပြီးတော့ မျက်မှန် ကျွတ်တယ်လို့ မရှိနိုင်ပါဘူး။

မေး။ ။ မိဘတွေ အနေနဲ့ရော ကိုယ့်သား သမီးတွေ မျက်မှန် မတပ်ရအောင် ထိန်း ကွပ်ပေးလို့ ရတဲ့ဆောင်ရန်၊ ရှောင်ရန် တွေလည်း ပြောပြပေးပါဦးရှင့်။

ဖြေ ။ ။သူတို့ တစ်နေ့တာ လှုပ်ရှားနေ တဲ့ ဆောင်ရန် ရှောင်ရန်ပေါ့။ အဲဒါက စာဖတ်တဲ့ အခါမှာ အိပ်မဖတ်ရဘူး။ အမှောင်ထဲမှာ မဖတ်ရဘူး။ ခြင်ထောင် ထဲမှာ မှောက် မဖတ်ရဘူး။ ကားစီးရင်း၊ ရထားစီးရင်း မဖတ်ရဘူး။ တီဗီကြည့် ရင် မျက်စိ နဲ့ တစ်တန်းတည်း ထား ကြည့်ရမယ်။ တီဗီကို အမှောင် ထဲမှာ ထားမကြည့်ရဘူး။ အလင်းနောက် ခံ ထားကြည့်ရမယ် ဆိုတာလေး နဲ့ သူတို့ ရဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ ကို မိဘတွေက အနီးကပ် ပြုပြင် ပေးနိုင် မယ်ဆိုရင်တော့ ကောင်းသွားမှာပါ။

မြတ်စုငြိမ်း
Popular Myanmar News Journal


အောင်မြင်တဲ့သူနဲ့ကျရှုံးတဲ့သူရဲ့ ကွာခြားချက်


         
 
"ကျွန်တော်ချမ်းသာလာမယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော်ချမ်းသာလာမယ်ဆိုတာကို တစ်မိနစ်တောင်သံသယ မရှိခဲ့ဘူးလို့ ကျွန်တော်ထင်တယ်ဗျ" Warren Buffet

အထက်ပါစကားကတော့ Bill gateကိုယ်တိုင်ယံကြည်ကိုးစားတဲ့ Warren Buffetဆိုတဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ကြီး
ပြောခဲ့တဲ့စကားပါ။ သူဘာလို့ချမ်းသာအောင်မြင်နေလဲဆိုတာ သူပြောခဲ့တဲ့ စကားကိုကြည့်ရုံနဲ့သိနိုင်ပါတယ်။ အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူမှာ ကွာခြားတာတစ်ခုပဲရှိပါတယ်။

အဲဒါကတော့ အောင်မြင်တဲ့သူက သူဘာပဲလုပ်လုပ်အောင်မြင်မယ်ဆိုတာကို အသည်းထဲကစွဲစွဲမြဲမြဲယုံကြည်နေပါတယ်။ သူ့ယုံကြည်ချက်အတွက် သူတာဝန်ယူရဲပါတယ်။ေ၀၀ါးမှုမရှိဘူး။ ယုံကြည်မှုကပြတ်သားလွန်းတယ်။ သူ့မှာ သူ့ယုံကြည်ချက်အတွက် ချမှတ်ထားတဲ့ အစီအစဉ်တွေလည်းရှိတယ်။ အဲဒါတွေကိုလည်း မတွန့်မဆုတ် ဇွဲလုံ့လနဲ့အချိန်တိုင်းလုပ်ဆောင်နေတယ်။

ကျရှုံးတဲ့သူကတော့ ဘာလုပ်လုပ် အောင်မြင်မှမဟုတ်ပါဘူးလို့ စိတ်ထဲမှာ တိတ်တိတ်လေးယုံကြည်နေတယ်။ အဲဒိယုံကြည်ချက်လေးကြီးမားလာအောင်
လည်း အမျိုးမျိုးဆင်ခြေတွေပေးနေတယ်။ သူများစီးတဲ့ကားစီးချင်တာပဲသိတယ်။ အဲဒိကားစီးနေတဲ့သူ အဲဒိကားကိုဘယ်လိုရအောင်လုပ်ခဲ့လဲမသိချင်ဘူး။ အဲ့လူကြိုးစားခဲ့သလောက် မကြိုးစားချင်ဘူး။ ဘယ်ဟာလုပ်လုပ်အမြဲတမ်း ပြီးဆုံးအောင်မလုပ်ဘူး။ အမြဲအရှုံးပေးတတ်တယ်။ကံတရားကိုကိုးကွယ် လွန်းတယ်။ဆိုးရိုးတစ်ခုရှိတယ်။" အောင်မြင်ဖို့အတွက် ကံတရားလိုတယ်ဆိုတာကို ကျရှုံးတဲ့သူတိုင်းကိုမေးကြည့်ပါ။ သူတို့ထောက်ခံလိမ့်မယ်တဲ့"

အဲဒိတော့သင်ရောဘယ်လိုအမျိုးအစားထဲမှာပါ ပါသလဲ? အကယ်၍အောင်မြင်ချင်တယ်ဆိုရင်တော့ ပြုပြင်သင့်တဲ့အရာအချို့ကို စပြီးပြုပြင်ပါတော့။ အခုအောင်မြင်နေတဲ့သူတွေအားလုံးလည်း ကျရှုံးဖူးကြပါတယ်။ဒါပေမဲ့သူတို့က အဲဒါကိုကျရှုံးတယ်လို့မခေါ်ကြဘူး။ မအောင်မြင်သေးဖူးလို့ပဲသုံးပါတယ်။ ဘာလို့လဲဆိုတော့သူတို့ရင်ထဲအသဲထဲမှာ အောင်မြင်ရမယ်ဆိုတာကိုယုံကြည် ပြီးသားပါ။ "ကြီးမားသောအခက်အခဲများနှင့်ရင်ဆိုင်ဖူးသူသာ ကြီးမားသောအောင်မြင်မှုကိုရနိုင်သည်" ဆိုတဲ့စကားပုံလေးလည်းရှိပါတယ်။

ကဲယုံကြည်ချက်ပြင်းပြင်းထန်ထန်နဲ့စကြိုးစားကြစို့နော်။
ကျွန်တော်တို့ website www.work.com.mmကိုလည်း လာလည်ဖို့ဖိတ်ခေါ်ပါရစေ။ ကျွန်တော်တို့ ၀က်ဘ်ဆိုဒ်ပေါ်မှာ အလုပ်အကိုင်ကောင်းတွေရှာဖွေပြီး ဘ၀မှာအောင်မြင်တဲ့သူတွေဖြစ်ကြပါစေ။

မိုးရှင်း( www.work.com.mm)


အလှအပရေးရာ ခွဲစိတ်ပြုပြင်မှုအတွက် ရေပန်းအစားဆုံးနေရာများ




၁။ သွားတု - ထိုင်းနိုင်ငံ

၂။ နှာခေါင်း - ချက်သမ္မတနိုင်ငံ

၃။ ဖန်ပြွန်သန္ဓေသား - ချက်သမ္မတနိုင်ငံ

၎။ သွားအပေါ်ယံကြွေလွှာကပ် - ထိုင်းနိုင်ငံ

၅။ သွားအစားထိုး - ဟန်ဂေရီနိုင်ငံ

၆။ တင်ပါးပင့်တင် - တူရကီနိုင်ငံ

၇။ ၀မ်းပျင်းသား ခွဲစိတ်ဖြတ်တောက် - ဘယ်လ်ဂျီယံနိုင်ငံ

၈။ ဆံပင်အစားထိုး - တူရကီနိုင်ငံ

၉။ ရင်သားအစားထိုး - ပိုလန်နိုင်ငံ

၁၀။ သားဥလှူ (လိင်ဆက်ဆံမှုမဲ့ သန္ဓေဆောင်) - ဂရိနိုင်ငံ

၁၁။ ကျန်းမာရေးချို့ယွင်းမှုမရှိ သားလောင်းကိုရွေးချယ် ကြိုတင်ရွေးချယ်စိစစ်ထုတ်ခြင်း - ဂရိနိုင်ငံ

၁၂။ အ၀လွန်ခွဲစိတ်ကုထုံး - အိုက်ယာလန်နိုင်ငံ

၁၃။ သွားအခေါင်းပေါက်ဖာ - ဘယ်လ်ဂျီယံနိုင်ငံ

၁၄။ သွားထိန်းကြိုးတပ် - ဟန်ဂေရီနိုင်ငံ

၁၅။ အစာအိမ်တွင်းဘောလုံးထည့်ပြီး အစာအိမ်ချုံ့ - ဘယ်လ်ဂျီယံနိုင်ငံ

Ref:dailymail.co.uk
Trend Myanmar


ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံး



ဆံပင်ကျွတ်ခြင်း၊ ဦးရေပြား ယားယံခြင်း၊ ဗောက်နှင့် ဒက်တို့ကို သဘာဝနည်းဖြင့် ကုသပေးနိုင်ပါတယ်။

ကုသနည်း

သံပရာရည်တစ်ဇွန်းခန့်ကို အုန်ရည် လေးဇွန်းခန့်ဖြင့် ရောစပ်ပြီး တစ်ပတ်ကို တစ်ကြိမ် လိမ်းပေးလျှင် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းစေပါသည်။

ဦးရေပြား ယားယံခြင်းအတွက် သံပရာသီးတစ်လုံးကို အရည်ညစ်လိုက်ပါ။ ကြက်ဥတစ်လုံးကို ခွဲလိုက်ပြီး အကာ၏ အရည်နှင့် သံပရာရည်ကို ရောစပ်ပြီး မွှေလိုက်ပါ။ ၄င်းရည်ဖြင့် ဆံနွယ်များ၏ အမြစ်မှ လိမ်းပေးပါ။

တစ်နာရီခန့်ကြာပြီးလျှင် ခေါင်းလျှော်ပစ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့်နဲ့ တစ်လခန့် လျှော်ပေးလျှင် ဦးရေပြား သန့်ရှင်းသွားပြီး ဗောက်၊ ဒက်တို့ ပျောက်ကင်းသွားပြီး ဦးရေပြားယားယံခြင်းတို့ ကင်းဝေးသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Health Update Journal

ကျန်းမာရေးသတင်းများ


သဘာဝဆေးနည်းဖြင့် ၀အောင်လုပ်နည်း



သဘာဝဆေးနည်းဖြင့် အဆီချနည်း၊ ၀မ်းဗိုက်အဆီကျနည်းနှင့် ပိန်စေမည့်ဆေးနည်းများကို အရင်ကလည်း တင်ပြပေးခဲ့ဖူးပါပြီ။ ဆေးနှင့်ဆိုင်သော အခြားစာမျက်နှာများပေါ်မှာလည်း ပိန်ဆေးအကြောင်းများကို မကြာခဏ ဖတ်ရပါတယ်။

အဲဒီလို ပိန်စေမည့် သဘာဝဆေးနည်းပို့စ်များရဲ့ အောက်မှာ လူအများမေးလာကြတဲ့ မေးခွန်းကတော့ ၀ဆေးအကြောင်းဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ၀နေတဲ့သူများက ပိန်ချင်နေသလို ပိန်နေသူများကလည်း ၀ချင်ကြပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါတော့ ပိန်နည်းရော ၀နည်းပါ တစ်ခါတည်း ပြောပြလိုက်ပါမယ်။

သံပရာသီးဟာ ပိန်ဆေးလို့ သာမန်အားဖြင့် သိထားကြပါတယ်။ သို့သော် သံပရာသီးဟာ ပိန်ဆေးအတွက်ရော ၀ဆေးအတွက်ပါ အသုံးပြုနိုင်ပါတယ်။ သုံးပုံသုံးနည်းလေးသာ ကွာခြားသွားပါတယ်။ ဆေးကျမ်းများမှာတော့ သံပရာသီးကို ပိန်ဆေးနှင့် ၀ဆေးအဖြစ် နှစ်မျိုးလုံး သုံးနိုင်တယ်လို့ ဆိုထားပါတယ်။

သုံးစွဲပုံ-

၁။ သံပရာသီးတစ်လုံးကို ရေနွေးခွက်ထဲကို အရည်ညစ်လိုက်ပါ။
၂။ ပျားရည် ၃ ဇွန်းခန့်(ထမင်းစားဇွန်း) ထည့်လိုက်ပါ။
၃။ ရေနွေးထည့်လိုက်ပြီး သမအောင်မွှေလိုက်ပါ။
၎။ အဖုံးအုပ်ပြီး နှပ်ထားပါ။ (ပျားရည်ပါသည့်အတွက် ပုရွတ်ဆိတ်၊ ယင်ကောင်တို့ မနားစေရန် အဖုံးအုပ်ထားရမည်)
၅။ နာရီဝက်ခန့်ကြာလျှင် ၄င်း သံပရာပျားရည် ရေနွေးချမ်းကို သောက်ပါ။

သံပရာရည်က လေကိုလည်း နိုင်သလို အစာကိုလည်း ကြေစေပါတယ်။ ပျားရည်က ၀မ်းတွင်းမှာ ကလီစာများကို ဆေးအဖြစ် ကုသပေးနိုင်ပြီး ဆီးနှင့်ဝမ်းကို မှန်စေပါတယ်။

အစာလည်းကြေ၊ လေလည်းနိုင်၊ ဆီးမှန်ဝမ်းမှန်နေပြီဆိုလျှင် စားကောင်းအိပ်ပျော်ပြီး ကျန်းမာဝဖြိုးလာစေပါမည်။ တစ်နေ့တစ်ခွက် အစာစားပြီးချိန်တွင် သောက်ပေးနိုင်ပါသည်။ သဘာဝဆေးနည်းဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးလည်း မရှိပါ။

ပိန်ချင်သူများအတွက်ကတော့ ပျားရည်မထည့်ပဲ သံပရာရည်သက်သက်ကိုသာ သကြားအနည်းငယ်ထည့်၍ သောက်ပါ။

နောက်တစ်နည်းကတော့

သံပရာသီးကို ရေစင်အောင်ဆေးပါ။ အခွံမခွါပဲ အကွင်းလိုက်ပါးပါးလှီးပြီး ရေနွေးခွက်ထဲထည့်ပါ။ အဲဒီခွက်ထဲကို ရေနွေးထည့်ပြီး အုပ်ထားပါ။ အနည်းငယ်ကြာပြီး အေးသွားသည့်အခါ ၄င်းရေနွေးချမ်းကို သောက်ပါ။ အခွံပါနေသည့်အတွက် ခါးနေမည်၊ ချဉ်နေမည်။ မသောက်နိုင်လျှင် သကြားအနည်းငယ် ထည့်သောက်ပါ။ ၄င်းအခါးဓါတ်နှင့် အချဉ်ဓါတ်ဖြင့် အဆီများကို လျှော့ချပေးပြီး ပိန်စေပါမည်။

သတိပြုရန်။ ။ တစ်နေ့ကို သံပရာသီး ၃ လုံးထက် ပို၍ မစားရပါ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ အလှအပနှင့် ကျန်းမာရေး

ကျန်းမာရေးသတင်းများ


အပါယ်ငရဲသို့ ကျရောက်စေကြောင်းတရားဆိုးများ



လူသားတို့အား ဆင်းရဲဒုက္ခကြီးစွာခံစားရာ အပါယ်ငရဲသို့ကျရာက်စေကြောင်း မကောင်းမှုကံတို့ကို ကျူးလွန်ပြုလုပ်အောင် အတွင်းမှနေ၍ လှုံ့ဆော်-တိုက်တွန်း-တွန်းအားပေးကြသည့် အခြေခံ အတွင်းဓာတ်ခံ တရားဆိုးများအကြောင်းကိုရှင်းလင်းပြဆိုပါမည်။

(၁) မောဟ = အ၀ိဇ္ဇာဟူသောတရားဆိုးသည် အမှားနှင့်အမှန်၊ အကောင်းနှင့်
အဆိုး၊ အကြောင်းနှင့်အကျိုး ကံနှင့်ကံ၏ံအကျိုးကို ခွဲခြား၍သိနိုင်သော၊ အမှန်ကိုအမှားဟု၎င်း ၊ အမှားကိုအမှန်ဟု၎င်း၊ တလွဲသိမြင်သော ကံနှင့်ကံ၏အကျိုးကို၎င်း (အကြောင်းကံကြောင့် အကျိုးတရားဖြစ်လာရသည်ကို၎င်း) မသိမြင်နိုင်
သောတရားမျိုးဖြစ်၏။ ယင်း အမှန်ကိုမသိမှု တရားဆိုးများကြောင့် (ပညာမျက်စိကန်းနေမှုကြောင့်) လူမိုက်တို့သည် မပြုသင့်သည့်မကောင်းမှုကံတွေကို ပြုမိ
၍၊ ပြုသင့်သည့် ကောင်းမှုကံတို့ကိုမူကား မပြုကြသဖြင့်၊ အပါယ်ငရဲသို့သာ ကျရောက်၍ နတ်ပြည်သို့ မရောက်နိုင်ကြကုန်။

(၂) အဟိရိကဟူသောတရားဆိုးသည် မပြုသင့်သည့်မကောင်းမှုတွေကို (ယင်းတို့၏ဆိုးကျိုးများကို မသိမှုကြောင့်) ကျူးလွန်ပြုလုပ်ရမှာ လုံးဝမရှက်စေတတ်-အရှက်မရှိစေတတ်သည့် တရားမျိုး ဖြစ၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့သည် မကောင်းမှုကံတွေကို ပြုလုပ်ရမှာ အနည်းငယ်မျှ မရှက်ကြသဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။

(၃) အနောတ္တပ္ပဟူသောတရားဆိုးသည် မပြုသင့်သည့် မကောင်းမှုကံတွေကို
(ယင်းတို့၏ ဆိုးကျိုးများကို မသိမှုကြောင့်) ကျူးလွန်ပြုလုပ်ရမှာ လုံးဝမ
ကြောက်စေတတ်သည့် တရားမျိုးဖြစ်၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့
သည် (မီးရောင်ကို ရွှေထင်ပြီး မီးကိုတိုးဝှေ့၍ တကောင်ပြီးတကောင် သေသွားကြသည့်ပိုးဖလံများကဲ့သို့ လူသတ်ခြင်း၊ နွားသတ်ခြင်း စသည့် မကောင်းမှုများကိုပင် မကြောက်မရွံ့ရဲရဲကြီးပြုလုပ်သဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။

(၄) လောဘ=တဏှာဟူသောတရားဆိုးသည် မိမိကိုယ်ကို၎င်း၊ မိမိ၏သားမ
ယား ပစ္စည်းဥစ္စာ ရာထူးဌာနန္တရ၊ ဂုဏ်သိရ်တို့ကို၎င်း လွန်စွာမက်မော-တပ်မက်စွဲလမ်းစေတတ်သည့်၊ သူတပါးကို စည်းစိမ်ဥစ္စာကို ရယူချင်သည့်တရားမျိုးဖြစ်၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့သည် သူတပါး၏မယား၊ သမီးများကို အတင်းအဓမ္မပြုကျင့်သိမ်းယူခြင်း စသည့် မကောင်းမှုကြီးတွေကိုပင် ကျူးလွန်ကြသဖြင့် အပါယ်ငရဲသို့ ကျရောက်ကြရကုန်၏။

(၅) မိစ္ဆာဒိဋ္ဌိ=အယူမှားခြင်းဟူသော တရားဆိုးသည်ကား ဆိုးကျိုးများစွာကို ဖြစ်စေသည့်မကောင်းမှုဟှုသမျှကိုကျူးလွန်ဘို့ရန် ၀နိမလေးအောင် တိုက်တွန်းလှုံ့ဆော်ပေးသဖြင့် တရားအားလုံးတို့တွင် ကြောက်မက်ဖွယ် အကောင်းဆုံးတရားဆိုး ဖြစ်၏။ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးရှိရာတွင် အချုပ်အားဖြင့်-

၁-ပေးကမ်းလှူဒါန်းခြင်း၊ အကျင့်သီလစောင့်ထိန်းခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာအားထုတ်ခြင်း စသည့် ကောင်းမှုကံတွေကို မည်သည့်ကောင်းကျိုးကိုမှမပေးဟု မှားယွင်းစွာယုံကြည်ြခင်း ၊
 

၂-လူကျွဲနွားတိရစ္ဆာန်သတ္တဝါကို သတ်ဖြတ်ခြင်းစသည့် မကောင်းမှုတွေသည်
မည်သည့်အကျိုးကိုမှမပေးဟု မှားယွင်းစွာယူခြင်း ၊
 

၃-ဤမျက်မှောက်ဘ၀၌ တြွေ့ကုခံစားရသည့် ချမ်းသာသုခ ၊ ဆင်းရဲဒုက္ခဟူသမျှသည်(ပစ္စုပ္ပန်ဘ၀)အတိတ်ဘ၀များက ပြုခဲ့သည့် ကောင်းမှုကံ၊ မကောင်းမှုကံ
တွေကြောင့် ဖြစ်ရသည်မဟုတ်၊ အကြောင်းတိုက်ဆိုင်မှုကြောင့်(၀ါ)အကြောင်း
မြဲ့ဖစ်လာရသည်ဟု မှားယွင်းစွာယူခြင်း၊
 

၎-ဤဘ၀မှ သေသွားပြီးနောက် နောင်ဘဝတွေဆက်မဖြစ်တော့ဟု (နောင်ဘ၀ကို ပစ်ပယ်၍) မှားယွင်းစွာယူခြင်း၊
 

၅-လူတို့၏ပကတိမျက်စိဖြင့် မမြင်ရသည့်ငရဲ၊ ပြိတ္တာ၊ နတ်၊ ဗြဟ္မာကဲ့သို့သော
သတ္တ၀ါမျိုးတို့သည်၎င်း၊ ထိုသတ္တ၀ါ ဖြစ်ရာနေထိုင်ရာ ငရဲပြည်၊ ပြိတ္တာဘုံ၊ နတ်
ပြည၊် ဗြဟ္မာပြညကဲ့သို့သော ဘုံဌာနများသည၎င်း လုံးဝမရှိဟု မှားယွင်းစွာယူခြင်း ၊၆-ကမ္မဋ္ဌာန်းဘာဝနာအကျင့်မြတ်ကို ကျင့်ကြံအားထုတ်၍ ၊ အဘိညာဉ်တန်ခိုး ၊ သစ္စာဉာဏ၊် ဗောဓိဉာဏ်များကို ရရှိကြသည့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အရိယာသူတော်စင်ပုဂ္ဂိုလ်မြတ်တို့ဟူသည် လောက၌လုံးဝမရှိဟု မှားယွင်းစွာယူခြင်း
တို့ဖြစ်သည်။ [ယင်းအယူမှား=မိစ္ဆာဒိဋ္ဌိအားလုံးသည် ကံနှင့်ကံ၏အကျိုး(၀ါ)အ
ကြောင်းနှင့်အကျိုးကို ပစ်ပယ်သည့် အဆိုးဆုံးတရားမျိုးချည်းဖြစ်သည်။]

 

(၆) မာန=မာန်ထောင်လွှားခြင်းဟူသော တရားဆိုးသည် မိမိ၏ဥစ္စာစည်းစိမ်၊ ရာထူး၊ အာဏာ၊ ဂုဏ်သိရ်စသည်တို့ကြောင့်၊ မိမိကိုယ်ကို အထင်ကြီး၍ သူတပါးတို့ကို အထင်သေးစေတတ်သည့် တရားမျိုးဖြစ်၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့သည် ရိုသေလေးစားအပ်သော ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား၊ လူကြီးသူမ၊ ကျေးဇူးရှင်၊ သူတော်စင်များကိုပင်၊ မရိုမသေမလေးမစား-စော်ကားပြေ
ဆိုမှုပြုကြ၍၎င်း၊ မိစ္ဆာဒိဋ္ဌိအယူမှားတို့သည် ငါဘုရားမှတပါး မည်သူ့ကိုမှ အရိုအသေမပြုရဟူသော ထိုအတ္တစိတ်ကြီးမားဘုရားဆိုသူက ပြောသည့်အတိုင်း မှတ်ယူကျင့်ကြံ ပြုမူကြ၍၎င်း၊ အပါယ်ငရဲသို့ ရောက်ကြရသဖြင့် ထိုမိစ္ဆာဒိဋ္ဌိနှင့်ဘုရား
ဆိုးကြီးတို့ကြောင့် ဆိုးကျိုးကြီးကို ခံရကြသည်မှာ အလွန်ပင်သနားဖွယ်ကောင်း
လှ၏။ထို့ပြင် ဘုရားဆိုးကြီးက တခြားဘာသာတွေကို သတ်ဖြတ်လေလေ ငါဘုရားကကောင်းချီးပြုလေလေဟူ၍(နဂိုကသူတော်ကောင်းစိတ်ရှိသူတို့ကိုပင်)
မိုက်ဇာတ်သွင်းပြီး၊ ငရဲသို့ပို့ပေးပြန်သဖြင့် အလွန်ကြောက်ဖွယ်ကောင်းလှ၏။

(၇) ဒေါသ=အမျက်ဒေါသဟူသော တရားဆိုးသည်ခက်ထန်- ကြမ်းတမ်းသည့်စိတ်မျိုး၊ ကိုယ်ချင်းစာစိတ်ကင်းမဲ့သောစိတ်မျိုး၊ သူတပါးတို့အား သေစေလိုပျက်
စီးစေလိုသည့် စိတ်ယုတ်မာမျိုးဖြစ်သည်။ ယင်း တရားဆိုးကြောင့် လူတို့သည်
လူ-ကျွဲနွားတိရစ္ဆာန်သတ္တဝါတွေကို ရက်စက်စွာ သတ်ဖြတ်-ညှဉ်းပန်းနှိပ်စက်-နိုင်ထက်ကလူပြုမူကြသည်မက မိမိတို့မုန်းသူတို့၏ ပစ္စည်းဥစ္စာများကို မီးရှို့ဖျက်ဆီးကြသဖြင့် အပါယ်ငရဲသို့ မနှေးအမြန် ကျရောက်ရကုန်၏။

(၈) ဣဿာ=မနာလိုခြင်းဟူသော တရားဆိုးသည် မိမိထက်သာလွန်သည့် သူတပါးတို့၏ ကြီးပွားချမ်းသာ-ရာထူးဂုဏ်သိရ်ကျော်စောမှုစသည်တို့နှင့် ပြည့်စုံခြင်းကို မနာလို-ငြူစူသောအောက်တန်းကျ-စိတ်ယုတ်မာမျိုး ဖြစ၏။ ယင်းတရားဆိုးကြောင့် လူမိုက်တို့သည် ထိုသို့ မိမိထက်သာလွန်နေသော ပုဂ္ဂိုလ်တွေအား ပျက်စီးရာပျက်စီးကြောင်းကို နည်းမျိုးစုံသုံး၍ အကောက်ဉာဏ်နှင့်လုပ်ဆောင်ကြ
ဖြင့် အပါယ်ငရဲသို့ ကျရောက်ရကုန်၏။

(၉) မစ္ဆရိယ=နှမြောတွန့်တိုမှုဟူသော တရားဆိုးသည် မိမိ၏စည်းစိမ်-ဥစ္စာ
ကို လွန်စွာတပ်မက်၍ တရားဓမ္မကို လေ့လာအားထုတ်နေကြသည့် ရဟန်းသံ
ဃာတော်များနှင့်မရှိဆင်းရဲသားတို့အား မိမိ၏စည်းစိမ်ဥစ္စာ အနည်းငယ်ကိုပင်
မျှဝေ-ပေးကမ်း-လှူဒါန်းလိုစိတ်မရှိသည့် တရားမျိုး ဖြစ်၏။ ထိုတရားဆိုးကြောင့် လူချမ်းသာမိုက်တို့သည် သေသည့်အခါ မိမိတို့၏ စည်းစိမ်ဥစ္စာတို့ကို ထားရစ်ခဲ့
ရပြီး ဒါနဟူသော ဘ၀ခရီးရိက္ခာမပါရှိသဖြင့် အပါယ်ငရဲသို့သာကျရောက်ရကုန်၏


(၁၀) ၀စိကိစ္ဆာ=တရားမှန်ကို ဝေခွဲမသိ- ယုံမှားမှုဟူသောတရားဆိုးသည် ဘုရားစစ် ဘုရားမှန်၊ တရားစစ် တရားမှန်၊ သံဃာစစ် သံဃာမှန် (ရတနာအစစ်) ၃-ပါး
တို့၏ တန်ဘိုးမှန်ကို ဧကန်မသိ- ဒွိဟဖြစ်စေသော လူမိုက်တို့သည် ယင်းတို့ကိုမကိုးကွယ်မိပဲ သူတပါးတို့က ဆရာမှားတို့က ပြောသမျှကို အကန်းယုံမိ၍ မကောင်းမှုကံတွေကို ပြုမြိကသဖြင့် သေသည့်အခါ အပါယ်ငရဲသို့ ကျရောက်ရကုန်၏။ဦးမြင့်ဆွေ

(ကျောင်းအုပ်၊ ဗုဒ္ဓတက္ကသိုလ်-မန္တလေး)
Buddhavasa Tiloka


https://www.facebook.com/myanmaronlinemedianews/photos/a.572785052762137.1073


အသက် ၂ လတည်းနဲ့ စကားပြောနိုင်တဲ့ ထူးဆန်းအံ့ဖွယ် ကလေးလေး ဗီဒီယို You tube မှာ ပေါ်ပြူလာဖြစ်နေ (ရုပ်သံ)

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/you-tube.html

  အေသင်အောင်
  နှစ်လသားအရွယ် ကလေးအများစုဟာ ချစ်စရာကောင်းတဲ့ အပြုအမူတွေ ပြုလုပ်နိုင်ပေမယ့် စကားပြောဆိုဖို့ ဆိုတာ ဖြစ်နိုင်ချေ နည်းပါး လွန်းပါတယ်။ ဒါပေမဲ့ နှစ်လသား အရွယ် သမီးငယ်လေးဟာ စကားတစ်ခွန်းကို ပီပီသသနဲ့ အံ့အားသင့်စွာ ပြောဆိုနိုင်ခဲ့ပါ တယ်။ You Tube ၀က်ဘက် ဆိုက်မှာ နှစ်လ အရွယ် သမီးငယ်လေးဟာ ဖခင်ဖြစ်သူကို ပြုံးပျော်တဲ့ မျက်နှာ အနေအထားနဲ့ I Love You ဆိုတဲ့ စကားသုံးလုံးကို ပီပီသသပြောဆို ခဲ့ခြင်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဟာ သမီးငယ်ရဲ့ စကားပီသစွာ ပြောဆိုနေပုံကို မိခင်ဖြစ်သူ အား ပြသနေခြင်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို You Tube မှာ လွှင့်တင်ခဲ့ရာမှာ ကြည့်ရှုသူအများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ နှစ်လအရွယ် သမီးငယ်လေး ဟာ အရွယ် နဲ့မလိုက်အောင် သင်လွယ်တတ်လွယ်ပြီး မိဘနှစ်ပါးပြောသမျှ စကားတွေကို နောက်ကနေ လိုက်ပြီး ပြောဆိုတတ် တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သမီးငယ်လေးရဲ့ I Love You ဆိုတဲ့ ပြောစကားဟာ မိဘနှစ်ပါး အတွက် ကျေနပ်စရာဖြစ်ခဲ့ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ စကားပြောဆို တတ်ခြင်းကိုလည်း ဂုဏ်ယူနေကြတယ်လို့ သိရပါတယ်။ 

The Messenger

မျိုးစောင့်ဥပဒေ မလိုအပ်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုဌေးကြွယ် ဆို


ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် မျိုးစောင့်ဥပဒေ မလိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ကိုဌေးကြွယ်က The Messenger သတင်းစာသို့ ပြောကြားသည်။ ကျွန်တော်က ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ် အောင်အောင်မြင်မြင် ဖြစ်ဖို့ သွားနေကြ တာလေ။ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံမှာ မတူညီ တာတွေကို သည်းခံနိုင်တဲ့၊ မတူညီတာတွေနဲ့ ပေါင်းစပ်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်အောင် တည်ဆောက်နေတဲ့ အခြေအနေပေါ့။ ဒီလိုမျိုး မျိုးစောင့် ဥပဒေ ဆိုပြီးတော့ လူမျိုး အပေါ်အခြေခံပြီး၊ ဘာသာအပေါ် အခြေခံပြီး ပြဋ္ဌာန်းတာမျိုးတွေဟာ တကယ်တမ်း ဒီမိုကရေစီ နိုင်ငံ တစ်ခုမှာ မလိုအပ်ပါဘူး ဟု ကိုဌေးကြွယ် က ပြောသည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) မှ လုပ်ဆောင်နေသော အမျိုးစောင့် ဥပဒေအား ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ကန့်ကွက်ခဲ့ခြင်းကြောင့် မတ်လ (၁၆) ရက်နေ့တွင် ၎င်း အဖွဲ့အား နိုင်ငံရေး စားဖားအဖွဲ့အဖြစ် (မ.ဘ.သ) စစ်ကိုင်းတိုင်းမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မကြာသေးမီ ကလည်း မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦး နှင့် လူမှုအဖွဲ့ အစည်းတစ်ခုမှ ခေါင်းဆောင် အမျိုးသမီးတစ်ဦးအား အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မ.ဘ.သ (စစ်ကိုင်း) က လည်း ပြည်တွင်း သတင်းဂျာနယ် နှစ်စောင်အား အမျိုးသား သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်းကြေညာခဲ့သည်။

ဒီမျိုးစောင့်ဥပဒေကို အင်အားကြီးစွာ နဲ့ ကန့်ကွက်လာရင်၊ အင်အားကြီးစွာနဲ့ ဆက်လက် တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ ပြည်သူ ပိုပြီး လိုက်ပါနိုင်အောင် အဲဒါတွေ ဆောင်ရွက်နေတာရှိပါတယ်ဟု မ.ဘ.သ (ဗဟို) မှ အလုပ် အမှုဆောင်၊ သုတေသနနှင့် မှတ်တမ်း ဌာနမှ ဦးအောင်မြိုင်က The Messenger သတင်းစာသို့ပြောသည်။ အဆိုပါမျိုးစောင့် ဥပဒေအား အမျိုးသမီး အဖွဲ့များ အပါအ၀င် လူမှု အဖွဲ့အစည်း (၉၀) ကျော်က ကန့်ကွက် ထားသည်။ မျိုးစောင့်ဥပဒေ ရေးဆွဲရန်အတွက် အ မျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့မှ သမ္မတထံတင်ပြခဲ့ပြီး၊ သမ္မတက ယင်းဥပဒေ ရေးဆွဲနိုင်ရန် လွှတ်တော်သို့ပြန်လည် တင်ပြခဲ့သည်။ လွှတ်တော်မှ တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ ပြန်လည် ပေးပို့ထားသည်။

  မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ ၎င်းဥပဒေအား မပြဋ္ဌာန်းနိုင်မီ ကန့်ကွက်မှုများ၊ ထောက်ခံမှုများ ပြုလုပ်ခြင်းသည် အကျိုးမရှိနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးရဲထွဋ်က ပြောကြားထားသည်။ အဆိုပါ မျိုးစောင့်ဥပဒေသည် နိုင်ငံရေး အမြတ် ထုတ်နိုင်ရန်လုပ်နေခြင်း ဖြစ်ကြောင်း ရွှေည၀ါ ဆရာတော်က The Messenger သတင်းစာသို့ မိန့်ကြားထားသည်။

The Messenger


အမေရိကန် ဒေါ်လာ၁ဒသမ ၆၇သန်း ကုန်ကျမည့် သားသတ်ရုံ မြို့ကြီးသုံးမြို့တွင် တည်ဆောက်မည်





ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ညွှန်ကြားချက်အရ အစားအစာလုံခြုံစိတ်ချမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျစေရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၇ သန်း ကုန်ကျမည့် ခေတ်မီ သားသတ်ရုံများကို မြန်မာနိုင်ငံရှိ မြို့ကြီးသုံးမြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကြီးအကဲတစ်ဦးက မဇ္ဈိမကို ပြောသည်။

“စည်ပင်အနေနဲ့ ကိုယ့်ဘတ်ဂျက်နဲ့ ကိုယ်ဆောက်ရမှာဖြစ်ပါတယ်။ အဓိကတော့ ဈေးနှင့်သားသတ်ဌာနက ဆောင်ရွက်သွားမှာပါ။ အဆောက်အအုံအတွက် နေရာလျာထားပြီးပြီဆိုတော့ နေရာသေချာပြီဆိုတာနဲ့ တင်ဒါခေါ်မယ်။ ပြီးရင် စက်ပစ္စည်း၊ ရေပေးရေးစနစ်တို့၊ ၀န်ထမ်းအိမ်ရာတို့ ထားရှိမှာဖြစ်ပါတယ်။ ၂၀၁၆ မှာ အပြီးတည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ယင်းသားသတ်ရုံတည်ဆောက်ပြီးစီးပါက နေ့စဉ် ကျွဲ၊ နွားအကောင်ရေ ၂၀၀ ခန့်သတ်နိုင်မည်ဖြစ်ပြီး အသားကိုလည်း အအေးခန်းဖြင့်ထားကာ စက်ဖြင့် အရေခွံခွာ၊ အသားထုတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ခေတ်မီသားသတ်စက်ရုံကို တောင်အင်းမြောက်အင်းတွင် တည်ဆောက်ပြီးပါက မန္တလေးမြို့ စိန်ပန်းရပ်ကွက်ရှိ သားသတ်ရုံကို မြို့နှင့်နီးသဖြင့် ထိုနေရာသို့ ရွှေ့ပြောင်းစေမည်ဖြစ်သည်။

မန္တလေးမြို့အပါအ၀င် ရန်ကုန်နှင့် နေပြည်တော်မြို့များ၌ ခေတ်မီသားသတ်ရုံတည်ဆောက်ရေး စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်စီစဉ်ခဲ့ပြီး ယခုနှစ်တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကာ စီမံကိန်းကာလကို သုံးနှစ်သတ်မှတ်ထားသည်။ မန္တလေးမြို့တွင် တည်ဆောက်မည့် ခေတ်မီ သားသတ်ရုံကို တောင်အင်း မြောက်အင်းတွင် လျာထားပြီး စည်ပင်မှ အကုန်ကျခံတည်ဆောက်မည်ဖြစ်ကာ ခန့်မှန်းကုန်ကျစရိတ် သိန်း ၅၀၀ ခန့်လျာထားသည်။

Mizzima Burmese





ဝင်ငွေ ၂၀၀၀ ကျပ် ဒုသမ္မတ ပြောဆိုချက် တလွဲအဓိပ္ပာယ်ကောက်ဟုဆို


ဦးရဲထွဋ်

တရက်ကို ၀င်ငွေ ကျပ် ၂၀၀၀ ရှိရင် လုံလောက်ဟု မြန်မာ့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြောဆိုချက်ဟာ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူတာဖြစ်တယ်လို့ သမ္မတ ပြောခွင့်ရက ပြောပါတယ်။

မေ ၁၉ ရက် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှု စီးပွား ဘ၀မြင့်တင်ရေး အခမ်းအနား အပြီး အရစ်ကျ အနှေးယာဉ် ၀ယ်ယူသူများနဲ့ တွေ့ဆုံရာမှာ “တရက်ကို ၂ ထောင်ကျော်ဆိုရင် ရပ်တည်ဖို့ လောက်ပြီပေါ့ ဒီထက်နည်းနည်း ပိုရရင် အဆင်ပြေပြီ” လို့ ဒုသမ္မတ ဦးဥာဏ်ထွန်း ပြောကြားခဲ့တာကို ကိုးကားပြီး ရန်ကုန် အခြေစိုက် လူထုပုံရိပ် ဂျာနယ်မှာ ရေးသားထားပါတယ်။

ဒီရေးသားချက်ဟာ လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံနေပြီး ဝေဖန်မှုတွေ အမြောက်အမြား ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
အနိမ့်ဆုံး အခြေခံ စားသောက် သွားလာ နေထိုင်စရိတ် အနည်းဆုံး ကျပ် ၃၇၀၀ နဲ့ တွက်ပြထားတဲ့ ပိုစ်တွေနဲ့ ဒီပြောဆိုချက်ကို သရော်တဲ့ ကာတွန်းတွေလည်း မြန်မာ လူမှုရေးကွန်ရက်အသုံးပြုသူတွေ အကြား ပျံနှံနေ ပါတယ်။

ဒုတိယသမ္မတတဦးရဲ့ ဒီလို ပြောဆိုချက်တွေအပေါ် ဝေဖန်ချက်တွေ ကျယ်လောင်တာနဲ့ပတ်သက်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကို မေးမြန်းရာမှာ ဒီပြောဆိုချက်ဟာ ဆိုလိုချက်ကို အဓိပ္ပာယ်ကောက်ယူမှုလွဲပြီး ပြောဆိုတာ ဖြစ်တယ်လို့ ဖြေဆိုပါတယ်။

“လူတွေက ထုံးစံအတိုင်းပဲ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူပြီးတော့ ပြောတာပါ။ တကယ်တော့ ဒုတိယ သမ္မတ ပြောတာက ကျနော်တို့ အားလုံးသိတဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းပေါ့နော်၊ ဆင်းရဲနွမ်းပါးမှုမျဉ်းက အရင်တုန်းက ၁ ဒေါ်လာ သတ်မှတ်တယ်။ နောက် ၂၀၀၈ ခုနှစ်မှာ ၁ ဒဿ မ ၂၅ ဒေါ်လာ အောက် ၀င်ငွေရှိတဲ့သူတွေကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်တယ်လို့ ပြောတယ်။ ဒုတိယ သမ္မတကြီးပြောတဲ့ ဆိုလိုတဲ့ သဘောကတော့ အဲဒီ ၂၀၀၀ အောက် အပေါ်ရောက်လို့ရှိရင် ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ကို ရောက်ပြီပေါ့။ ဒါကို သူက ဆိုလိုတာပါ။ နိုင်ငံတကာသတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းပေါ့။ နောက်တခုက ကျနော်တို့လုပ်နေတဲ့ ဆင်းရဲနွမ်းပါးလျော့ချရေးဆိုတော အဲဒီစံနဲ့ လိုက်လုပ်နေရတာကိုး။”

အရင်ကလည်း သမ္မတ အကြံပေး ဦးကိုကိုလှိုင်၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဌာန ၀န်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာန၀န်ကြီး ဦးအုန်းမြင့် စတဲ့ အစိုးရအဖွဲ့တွင်းက တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေကိုလည်း လူမှုရေးကွန်ရက် ဖေ့ဘွတ်စာမျက်နှာတွေမှာ ဝေဖန်စရာတွေ ဖြစ်ခဲ့ပါတယ်။

DVB Burmese


Journey to the west နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံမှာ ရိုက်ကူးလိုပါတယ်ဟု ပြောခဲ့တဲ့ စွန်းဝူခုန်း



ကမ္ဘာကျော် တရုတ်ရုပ်မြင်သံကြား ဇာတ်လမ်းတွဲဖြစ်တဲ့ Journey to the west ရဲ့နောက်ဆက်တွဲ ဇာတ်လမ်းကို မြန်မာနိုင်ငံက အနုပညာရှင်တွေနဲ့အတူ  မြန်မာနိုင်ငံမှာ ရိုက်ကူးလိုကြောင်းကို မျောက်မင်း စွန်းဝူခုန်း Liu Xiao Ling Tong က တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်မှာ မေလ၂၂ရက်နေ့၊ ၉နာရီက ပြုလုပ်ခဲ့တဲ့ ပရိသတ်တွ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။
 
 ဒီအခမ်းအနားမှာပဲ Liu Xiao Ling Tong ကသန်လျင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့် တိုင်းရင်းသား လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာကို ငွေကျပ်ဆယ်သိန်းလှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံက မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းကနေပြီး Lin Xiao Ling Tong ကိုဂုဏ်ပြုမှတ်တမ်းလွှာ နဲ့ အမှတ်တရပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Liu Xiao Ling Tongဟာ ပရိသတ်တွေနဲ့တွဲပြီး ဓာတ်ပုံအရိုက်ခံခြင်း၊ Journey to the west ဇာတ်လမ်းတွဲမှာ သူကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ အမူအရာတစ်ချို့ကိုပြန်လည် သရုပ်ဆောင်ပြသခြင်း၊ ဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်တေးသီချင်းများကို ပရိသတ်တချို့နဲ့အတူ စင်ပေါ်မှာ တွဲဖက်သီဆိုခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

Liu Xiao Ling Tong ဟာ မြန်မာနိုင်ငံကို ရောက်ရှိခိုက် ရန်ကုန်မြို့က ယဉ်ကျေးမှု တက္ကသိုလ်နဲ့ သန်လျင်မြို့နယ်ရှိ တိုင်းရင်းသားလူငယ် ဖွံဖြိုးရေးပရဟိတဂေဟာကို သွားရောက် လေ့လာမှာဖြစ်သလို၊ ရွှေတိဂုံဘုရားကိုလည်း သွားရောက်ဖူးမြော်မှာဖြစ်ပြီးတော့ နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့နှင့် တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာလည်း ရန်ကုန်မှာကဲ့သို့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတစ်ပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

မျောက်မင်းစွန်းဝူခုန်း သရုပ်ဆောင် Liu Xiao Ling Tong ကို ၁၉၅၉ခုနှစ် ဧပြီ ၁၂ရက်နေ့တွင် ရှန်ဟိုင်းမြို့မှာမွေးဖွားခဲ့ပြီး သူဟာ ဟန်လူမျိုးတစ်ဦးဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ကိုယ်တိုင်က မျောက်မင်းစွန်းဝူခုန်း နေရာမှာ သရုပ်ဆောင်ခဲ့ဖူးပြီး သူ့အသက်၆နှစ်အရွယ်ကတည်းက သရုပ်ဆောင်ပညာကို ဖခင်ဖြစ်သူထံမှ သင်ယူလေ့လာခွင့် ရရှိခဲ့သူဖြစ်တယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေအနက် ၁၉၈၆ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာ့နိုင်ငံ အများအပြားမှာလည်း ပြသခဲ့ပြီးဖြစ်တဲ့ Journey to the west ဇာတ်လမ်းတွဲဟာ အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းတွေမှာ သူ့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှု တွေကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကနေLiu Xiao Ling Tong ကို ကမ္ဘာ့ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခံရ  တဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။


ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေအတွက် သမ္မတအပါအ၀င် ၀န်ကြီး၊ ဒုဝန်ကြီးများ လစာ၏ ၂၅ ရာခိုင်နှုန်း လစဉ်လှူမည်

 
ကျေးလက်နေ ပြည်သူလူထု ဆင်းရဲနွမ်းပါးမှု လျှော့ချရေး နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ရန်ပုံငွေထူထောင်ရေး ပြည်ထောင်စု အဆင့် ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ လစာငွေ၏ ၂၅ ရာခိုင်နှုန်းကို လစဉ်အလှူ ငွေထည့်ဝင်ကြရန် နိုင်ငံတော် သမ္မတရုံးမှ အကြောင်းကြားစာ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။

ယင်းအကြောင်းကြားစာကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် လက်မှတ်ဖြင့် ပြည်ထောင်စု အဆင့်ဝန်ကြီး၊ ဒုတိယ၀ န်ကြီးများသို့ မေလ ၁၉ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး အလှူငွေများကို သတ်မှတ်ထားသည့် ငွေစာရင်းသို့ ပေးပို့ထည့်သွင်းရမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ ရန်ပုံငွေအတွက် ဘဏ်စာရင်းတစ်ခုကို ဧပြီလ ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ပုံငွေထည့်ဝင်လိုသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယင်းဘဏ်စာရင်းထဲသို့ ထည့်သွင်းရမည်ဖြစ်သည်။ ‘‘သမ္မတကြီးက သူဒီလိုလုပ်မယ်ဆိုတာ အစိုးရအဖွဲ့ကို အသိပေးတာ။ ၀န်ကြီးတွေကပါ လိုက်ပြီး ထည့်ရမယ်လို့ အကြောင်းကြားတာမဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ့်သဘောနဲ့ ကိုယ် ၂၅ ရာခိုင်နှုန်းထည့်ဖို့ ဆန္ဒပြုတာဖြစ်တယ်။ အခုရန်ပုံငွေဘဏ်စာရင်း နဲ့ အကြောင်းကြားစာတော့ ထွက်လာပါပြီ’’ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

ယင်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတို့ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။

လက်ရှိတွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးဦးရေ ၉၀ ကျော် ရှိပြီး ၀န်ကြီးဌာနတစ်ခုတွင် များသောအားဖြင့် ဒုတိယ၀န်ကြီးနှစ်ဦးကို ခန့်အပ်ထားလျက်ရှိသည်။ ‘‘သမ္မတရုံးက စာရောက်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီနေ့ (မေလ ၂၀ ရက်) ရောက်တယ်လို့တော့ ပြောပါတယ်။ ကျွန်တော်လည်း အခုမှ ခရီးက ပြန်ရောက်တော့ သေချာမဖတ်ရသေးပါဘူး’’ ဟု ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောသည်။

အဆိုပါကိစ္စအား မည်သို့မည်ပုံဆောင်ရွက်မည်ဆိုသည် နှင့် ပတ်သက်၍လည်း ပေးပို့လာသည့်စာ ကို သေချာစွာဖတ်ရှုပြီးမှသာလျှင် ပြောဆိုနိုင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးက ဆိုသည်။ ‘‘ဒါက သမ္မတအနေနဲ့ နိုင်ငံအပေါ်မှာ စေတနာထားတယ်ဆိုတာ ပြချင်လို့ လုပ်တာလို့ မြင်တယ်ဗျ။ ဒါနဲ့ ပတ်သက်လို့လည်း အစိုးရအဖွဲ့က ၀န်ကြီးတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တယ်။ အမှန်တော့ တကယ်တမ်းက ထိုက်သင့်တဲ့လစာ ပေးထားပြီးရင် ၀န်ကြီးအဖွဲ့အတွင်းမှာ လာဘ်ပေးလာဘ်ယူ လုံးဝမရှိအောင် လုပ်ရမှာ အဓိကအချက်လို့ မြင်တယ်ဗျ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

ပြည်ထောင်စု ၀န်ကြီးတစ်ဦး၏ လစာငွေမှာ တစ်လလျှင် သိန်း ၃၀၊ ဒုတိယ၀န်ကြီးတစ်ဦး၏ လစာငွေမှာ တစ်လလျှင် သိန်း နှစ်ဆယ်ဖြစ်ပြီး အဆိုပါခံစားခွင့်များအား ယခုနှစ် ဧပြီလမှသာ စတင်ခံစားခဲ့ခြင်း ဖြစ်သည်။

7day