မန္တလေးမြို့ ခြောက်မြို့နယ်အတွင်း ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်
ပုဒ်မ ၁၄၄ ကို သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးများမှ ထုတ်ပြန်
လိုက်ကြောင်း သတင်းရရှိသည်။
မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ဇူလိုင် ၃ ရက် ညနေပိုင်းက ယင်းအမိန့်ကို
ပုသိမ်ကြီးမြို့နယ်မှအပ ကျန်ခြောက်မြို့နယ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး
မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊
ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်၊ အမရပူရမြို့နယ်တို့တွင်
အကျုံးဝင်ကြောင်း သိရသည်။
လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များအရ ယခုကဲ့သို့ ညမထွက်ရအမိန့်
ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့မှ
ဒုတိယရဲမှူးကြီးဇော်မင်းဦးက “ပုသိမ်ကြီးမြို့နယ် မပါဝင်ပါဘူး။
ကျန်ခြောက်မြို့နယ်မှာ ၁၄၄ ထုတ်ပြန်လိုက်တာပါ။သက်ဆိုင်ရာ
အထွေထွေအုပ်ချုပ်ရေးရုံးတွေကနေ ထုတ်ပြန်လိုက်တာပါ”ဟု အတည်ပြု ပြောကြားသည်။
ဘာသာရေးအကြောင်းပြ ဆူပူလှုံ့ဆော်မှုနှင့် မတည်မငြိမ်ဖြစ်အောင်
လုပ်ဆောင်မှုများကြောင့် ပဋိပက္ခဖြစ်ပွားကာ လူနှစ်ဦးအသတ်ခံရပြီးနောက်
မန္တလေးလူထု စိုးရိမ်ထိတ်လန့်နေကြောင်း ဇူလိုင် ၃ ရက်တွင် စုံစမ်းသိရသည်။
မန္တလေးတွင် ဇူလိုင် ၁ ရက် ည ၈ နာရီခွဲမှ စတင်ဖြစ်ပွားခဲ့သည့်
လူစုလူဝေးနှင့် ဖျက်ဆီးရန်ပြုမှုများကြောင့် ဇူလိုင် ၃ ရက် နံနက်အထိ ၁၄ ဦး
ဒဏ်ရာရရှိကာ၊ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း
ခဲဖြင့်ပစ်ပေါက်ရမ်းကားသူ လေးဦးကို အရေးယူထားကြောင်း မန္တလေးတိုင်း
ရဲတပ်ဖွဲ့မှူးရုံးတွင် ဇူလိုင် ၃ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ
ထုတ်ပြန်ခဲ့သည်။
“ပထမရက်က လူစုစုဖြစ်တယ်။ အဲဒါကို သံဃာတော်အသိုင်းအ၀ိုင်းနဲ့
အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်းက လူကြီးတွေ ၀ိုင်းဝန်းပြီး ထိန်းလိုက်တော့
လူစုကွဲသွားတယ်။ နောက်တစ်ခါ နံနက်ပိုင်းကျတော့ အဲဒီလူစုက အနောက်ဘက်ကနေ
တက်လာပြီး ဆိုင်တွေကို ခဲနဲ့ထု၊ ကားတွေကို ဖျက်ဆီးသွားတယ်။ မနေ့ညကျတော့
၈၃-၃၄လမ်း ၀န်းကျင်နားက ဗလီကနေပြီး အော်ဟစ်တာမျိုးရှိလို့
အမှတ်(၈)ရဲစခန်းကို လှမ်းပြီး အကြောင်းကြားပေမယ့် နာရီဝက်လောက်ထိ
လာရောက်ထိန်းသိမ်းတာမျိုး မရှိဘူး။ နောက်တစ်ကြိမ် ပြန်ဆက်တော့ကျတော့
သူတို့လည်း လူအင်အားမရှိပါဘူး၊ ဒါကြောင့်လူစုပြီးတော့
လွှတ်လိုက်ပါ့မယ်ဆိုပြီး ထပ်ပြောတယ်။
ဒါပေမဲ့ နံနက် ၄ နာရီလောက်ကျတော့ မျိုးသိန်းအီလက်ထရွန်နစ်ဆိုင်ရှေ့ မှာ
ဦးစိုးသိန်းဆိုတဲ့ အစ္စလာမ်ဘာသာဝင် တစ်ယောက် ဓားနဲ့ခုတ်ပြီး အသတ်ခံခဲ့ရတယ်။
သူက စက်ဘီးအပိုပစ္စည်းရောင်းတဲ့ ကျွန်တော်တို့ မိတ်ဆွေပါ။
နောက်တစ်ခုကျတော့ ကိုရံတော်ဗလီဝင်းနားမှာ မြန်မာတစ်ယောက်
အသတ်ခံရတယ်ကြားတယ်။ ဆိုင်ကယ်တွေနဲ့ ဓားကိုင်ပြီး အော်ဟစ်
သွားလာနေတဲ့သူတွေကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိဘူး။
အဲလိုလူတွေဝန်းကျင်မှာ ရဲကားတွေရှိနေတာတော့ တွေ့တယ်။
ပြဿ နာတွေမဖြစ်အောင်တော့ ထိန်းသိမ်းနိုင်ခြင်းမရှိဘူး။ ခုအခြေအနေကို
စိုးရိမ်ထိတ်လန့်မှု ဖြစ်တာပေါ့။ ပြဿနာမဖြစ်ဖြစ်အောင် လုပ်ကြံသတင်းတွေ
လွှင့်တယ်။ ဒီလိုမဟုတ်တဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင်
မလုပ်ခဲ့တဲ့အတွက် မြို့ခံ၊ နယ်ခံမဟုတ်တဲ့ ဘယ်ကမှန်းမသိတဲ့ လူစုလူဝေးတွေ
ဖြစ်လာတယ်။ အဲလူတွေက မျက်မြင်တွေပြောစကားအရတော့ မူးယစ်ဆေးသုံးထားတာမျိုး
ရူးကြောင်ကြောင်တွေလို့ သိရတယ်။တကယ်တမ်း ဒါတွေကို စနစ်တကျ တားဆီးမယ်ဆိုရင်
တားဆီးနိုင်ပါတယ်။ ဘာကြောင့်များ ဒါတွေကို မထိန်းသိမ်းနိုင်တာလဲ။
အခုဖြစ်နေတဲ့အဖြစ်အပျက်တွေက အကွက်ကျကျ စီစဉ်ထားသလို ခံစားရတယ်။ ဒါတွေကို
တာဝန်ရှိတဲ့သူတွေအနေနဲ့ တိတိကျကျ ဖော်ထုတ်အရေးယူသင့်တယ်” ဟု ၈၃ လမ်း
အခင်းဖြစ်နေရာအနီး နေထိုင်သူ ဦးညီညီက ဆိုသည်။
ဇူလိုင် ၂ ရက်တွင် မြို့တွင်းလုံခြုံရေးချထားပြီး မွန်းလွဲ ၃
နာရီနောက်ပိုင်း ဗလီနှင့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့်နေရာ
အ၀င်အထွက်များတွင် လုံခြုံရေး ပိုမိုတင်းကျပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ည ၁၁ နာရီခန့်က ၃၅လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြားရှိ ကွမ်းယာဆိုင်တွင်
ကွမ်းယာဝယ်နေသူ ခုနစ်ဦးခန့်ကို အစ္စလာမ်ဘာသာဝင်အချို့မှ ညာသံပေးပြီး
ဝိုင်းဝန်းရိုက်နှက်သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဆက်လက်ပြီး ၂၆ လမ်း၊
၈၉x၉၀ လမ်းကြားရှိ အမှတ်(၆) ရဲစခန်းကိုလည်း လူ ၅၀ ခန့်မှ ခဲဖြင့်
ပစ်ပေါက်ခဲ့မှုဖြစ်ပွားခဲ့ပြီး ယင်းအတွက် လေးဦးကို
အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆက်လက်ပြီး ည ၁၁
နာရီနောက်ပိုင်းတွင်မှ လူစုလူဝေးများ စတင်ပေါ်ပေါက်လာပြီး ဗလီမီးချောင်းအား
လေသေနတ်ဖြင့် ပစ်ခတ်ခြင်း၊ လူစုလူဝေးဖြင့် ရမ်းကားခြင်းများ
jဖစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားနေသကဲ့သို့ မဟာအောင်မြေမြို့နယ်
၃၅လမ်းအတိုင်း ကိုထွန်းထွန်း (၃၀နှစ်ခန့်) နှင့် ကိုထွေး (၂၄ နှစ်) တို့
ဆိုင်ကယ်မောင်းနှင်လာရာ ၈၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ ကြားအရောက်တွင်
အစ္စလမ်ဘာသာဝင် အမျိုးသားအချို့မှ ဆိုင်ကယ်ကိုတားကာ ပါလာသည့်
ပစ္စည်းများထုတ်ပေးရန်ပြောသဖြင့် ထုတ်ပေးခဲ့ပြီး
ဆိုင်ကယ်မောင်းနှင်ရန်ပြုလုပ်စဉ် ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ထို့ကြောင့်
ဆိုင်ကယ်မောင်းလာသူ ကိုထွန်းထွန်းမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး
နောက်မှ ထိုင်လိုက်လာသူ ကိုထွေးမှာ ဒဏ်ရာများဖြင့်ရှိနေစဉ် ကားတစ်စီးမှ
အကူညီပေးကာ ဆေးရုံသို့ပို့ပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွက် (ပ)၅၁၂/၂၀၁၄
ပြစ်မှုပုဒ်မ ၃၉၂/၃၀၂/၁၁၄ဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းတွင်
အမှုဖွင့်ထားကြောင်း သိရသည်။
ဇူလိုင် ၂ ရက် ည ၁၀ နာရီကျော်က ၂၆ လမ်းနှင့် ၈၆ လမ်းထောင့်တွင်
ဆိုင်ကယ်ဖြင့် ရောက်ရှိလာသော လူတစ်စု နိုင်ငံတော်သီချင်းသီဆိုပြီးနောက်
ဆဲရေးတိုင်းထွာမှုများ ပြုလုပ်နေစဉ်
“ဒီလိုမျိုးကိစ္စတွေက မဖြစ်သင့်ဘူးပေါ့။ အခု မြို့လူထုအနေနဲ့
ကျီးလန့်စာစားဖြစ်နေတယ်။ သာမန်ဖြစ်စဉ်ထက် ဘာသာရေးတွေပါနေပြီး ဖြစ်စဉ်တွေက
နေ့ပိုင်းမှာအေးပြီး ညပိုင်းမှာချည်းဖြစ်နေတော့ မကောင်းဘူး။
ရိုးသားမှုမရှိဘဲ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပွားနေတယ်လို့
သံသယဖြစ်မိပါတယ်။ မြို့ခံလူထုအနေနဲ့ ဒီလောက်ထိ မရိုင်းပါဘူး။ အခုက
အသက်ဆုံးရှုံးမှုတွေပါ ဖြစ်ပွားနေပြီဖြစ်တာကြောင့် သက်ဆိုင်ရာအနေနဲ့ အချိန်မီ
တားဆီးပေးစေချင်ပါတယ်” ဟု ဦးလှအောင် ချမ်းမြသုခလူမှုကူညီရေးအသင်း
(အတွင်းရေးမှူး)က ဆိုသည်။
ထို့နောက် ဇူလိုင် ၃ ရက် နံနက် ၄ နာရီတွင် ၈၃x၃၁ လမ်းထောင့်နေ
ဦးစိုးမင်းထွေး (၄၈ နှစ်) အစ္စလာမ်၊ စက်ဘီးရောင်းချသူသည် ဗလီတက်ရန်
နေအိမ်မှ ထွက်ခွာလာရာ ၂၉x၈၃ လမ်းထောင့်အရောက် အမည်မသိ
ဗမာတစ်စုနှင့်တွေ့ဆုံပြီး ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရရာ အခင်းဖြစ်နေရာတွင်
သေဆုံးခဲ့ကြောင်း၊ ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၅၁၄/ ၂၀၁၄ ပြစ်မှုပုဒ်မ
၃၀၂/၁၁၄ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာမြို့နယ်မှူးများက
ရှင်းပြခဲ့သည်။ ဇွန် ၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ၉၃ လမ်း၊ ၃၄
နှင့် ၃၅ လမ်းကြားနေထိုင်သူ ဦးမြင့်လွင် (ခရစ်ယာန်ဘာသာဝင်)
အစ္စလာမ်ဘာသာဝင်ပုံပေါက်နေသူတစ်ဦးကိုလည်း မြန်မာလူငယ်သုံးဦးက
ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပြီး အရေးပေါ်ဌာနတွင် စိုးရိမ်ရပြီး ကုသနေကြောင်း
သိရသည်။
မန္တလေးမြို့လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေနေများကို
နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက “
အခုဖြစ်ပွားမှုတွေကို ကြည့်ရင် ည၁၁ နာရီနောက်ပိုင်းမှာပဲ ဖြစ်ပွားတာ
တွေ့ရပါတယ်။
အခု လူသတ်မှုဖြစ်သွားတဲ့ အနေထားဟာဆိုရင်လည်း
ရဲတပ်ဖွဲ့လုံခြုံရေးလှည့်လည်နေတဲ့ အချိန်ကျော်သွားတဲ့အချိန်အခါမျိုးနဲ့
လူစုလူဝေးအချင်းချင်း သတ်ဖြတ်တာမျိုးမဟုတ်ပါဘဲ တစ်ယောက် စ၊ နှစ်ယောက် စ
အုပ်စုနဲ့ထိပ်တိုက်တိုးမိလို့ ဖြစ်ခဲ့တာပါ။ တုတ်၊ကိုင်ရမ်းကား ခဲနဲ့
ပေါက်နေတာမျိုးတွေကိုတော့ မလိုလားအပ်တဲ့
ဆိုးရွားတဲ့ဖြစ်စဉ်ထိမရောက်အောင်တော့ စောင့်ကြည့်တာပါ။ အရေးမယူတာ
မဟုတ်ပါဘူး”ဟု ပြောကြားသည်။
ပြဿနာစတင်ဖြစ်ပွားရသည့် အကြောင်းရင်းဖြစ်သော လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှ
မုဒိမ်းကျင့်ခံရသည့် အလုပ်သမား မစိုးစိုး အမှုကိစ္စနှင့် ပတ်သက်၍လည်း လက်ရှိ
ပျဉ်းမနားရဲစခန်းတွင် မစိုးစိုးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊
တိုင်ကြားထားသည့်အမှု နှင့် ပတ်သက်၍လည်း စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း
မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင်က ဆိုသည်။
ယင်းကဲ့သို့ ဆူပူမှုများအတွင်း လူသတ်မှုနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများကို
ယခုအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ
စုံစမ်းစစ်ဆေးနေသည့်အဆင့်သာရှိနေကြောင်း နှင့် တည်ငြိမ်အေးချမ်းမှုကို
အနှောင့်အယှက်ပြုခဲ့သည့် အမျိုးသားလေးဦးကိုသာ ဖမ်းဆီးစစ်ဆေးနေကြောင်း
သိရသည်။
“အခု မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပွားနေသည့် အခြေအနေတွေကို
ထိန်းသိမ်းနိုင်ဖို့နဲ့ ကူးစက်မှုမရှိအောင် စီမံချက်တွေချ တ်ပြီး
ဆောင်ရွက်နေတယ်။ လုံခြုံရေးတွေကိုလည်း ထပ်မံတိုးမြှင့်ထားတယ်။
သေဆုံးခဲ့သူတွေကတော့ အစ္စလာမ်ဘာသာဝင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးတို့
ဖြစ်တယ်။
ဒီလူသတ်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျူးလွန်သွားတဲ့သူတွေကို
အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေတယ်။ အဆောက်အအုံတွေကို
ဖျက်ဆီးတဲ့သူတွေနဲ့၊ တားမြစ်တာကို လက်မခံတဲ့သူလေးဦးကို
ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ
တာဝန်ရှိသူဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။
ဆက်လက်၍ ၎င်းင်းက “ဒီဖြစ်စဉ်မှာ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တဲ့သူတွေ ရှိ
မရှိကိုလည်း စုံစမ်းစစ်ဆေးနေပါပြီ။ ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေကိုလည်း
စုံစမ်းနေပါတယ်” ဟု ပြောကြားသည်။
“မြို့ထဲက အစ္စလာမ္မစ်ဆိုင်တွေ ပိတ်ထားကြတယ်။ အလုပ်တွေလည်း စောစောပိတ်ပြီး
အလုပ်သမားတွေ ပြန်လွှတ်လိုက်တယ်။ မနေ့ညကလည်း နှစ်ယောက်အသတ်ခံရတော့။
လက်ရှိအချိန်မှာတော့ နှစ်ဖက်စလုံး သာမန် မီးလန့်တာလေးကအစ အထိတ်တလန့်
ဖြစ်နေကြရတယ်။ ကောလာဟလတွေလည်း အမျိုးမျိုးထွက်နေတယ်။ ရဲတပ်ဖွဲ့ဝင်တွေ
လုံခြုံရေးဆောင်ရွက်နေပေမယ့် လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နေ ကိုအောင်ဇင်က ပြောကြားသည်။
“ကျွန်တော်တို့ဘဏ်မှာတော့ အမျိုးသမီးတွေကို စောစောပြန်လွှတ်လိုက်ပြီး
ရှိတဲ့ယောက်ျားလေးတွေအကုန်လုံး Stand by နေနေရတယ်။ ငွေကြေးနဲ့
ဝန်ထမ်းလုံခြုံရေးအတွက် ညွှန်ကြားထားပါတယ်။ ညပိုင်းလုံခြုံရေးအတွက်တော့
ပုံမှန်ပဲထားရှိထားပြီး လိုအပ်ရင် အကုန်ဆင်းဖို့ မှာထားပါတယ်။
ဝန်ထမ်းတွေအနေနဲ့ကတော့ မီးသတ်ဆေးဘူးအပါအ၀င် လုံခြုံရေးကိရိယာတွေနဲ့
အဆင်သင့်ရှိနေပါတယ်။ ၈၂ လမ်း ၂၆ လမ်းထောင့် ကနေ ၈၂ လမ်း လမ်း ၃၀ ထောင့်ထိ
လုံခြုံရေးချထားတယ်။ ဘဏ်အနီးမှာ ဗလီတစ်ခုလည်းရှိတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း
ချထားတာတွေ့ရတယ်” အစိုးရဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။
“ဈေးမှ အရောင်းပါးပါတယ်ဆိုနေမှ ဟိုက ဆူဆူပူပူ၊ ဒီက ဆူဆူပူပူ ဖြစ်နေတော့
တခြားဆိုင်တွေကပိတ်တော့ ကိုယ်တွေကပါ လိုက်ပိတ်နေရတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ
ဘာပြဿနာမှမဖြစ်တာ အကောင်းဆုံးပါပဲ။ တစ်ခုခုဆိုရင် အားလုံးပဲ
နစ်နာရတာဆိုတော့ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ဈေးချိုတော်မှ
ကုန်မျိုးစုံပိုင်ရှင်တစ်ဦး ဆိုသည်။
“ကျွန်တော်တို့အနေနဲ့တော့ ဒီကိစ္စက နိုင်ငံရေးနဲ့ပတ်သက်နေမယ်လို့
ထင်မြင်မိတယ်။ ဥပမာ ရခိုင်မှာ စဖြစ်လာတယ်။ အဲဒီကနေ
လူမျိုးရေးပဋိပက္ခတွေကတစ်ဆင့် နိုင်ငံရေးကို သွားသက်ရောက်တာတွေ ရှိလာတယ်။
ဒီတစ်ခေါက်ကိစ္စက နိုင်ငံရေး အခင်းအကျင်းတွေဖြစ်လာခါနီးမှာ
ဖြစ်တတ်တဲ့အမျိုးသားရေး လှုံ့ဆော်မှုမျိုးလိုဖြစ်နေတယ်။
ဘာပဲပြောပြော ရှေ့ဥပမာတွေအရ ဒါကိုဆက်ပြီး မကြီးထွားအောင်တော့
ထိန်းသိမ်းသင့်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးကို
ဦးတည်တဲ့ကိစ္စကိုတော့ ပါဝင်ပြီးမှတ်ချက်ပေးသွားမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ အဖွဲ့အစည်းက ဘာသာပေါင်းစုံငြိမ်းချမ်းရေးကိုသာ ဦးတည်ပါတယ်။
ဘာသာတိုင်း ငြိမ်းချမ်းဖို့ ရည်ရွယ်ပါတယ်။ ငြိမ်းချမ်းစွာ
လုပ်ဆောင်တာတွေကို အားပေးပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်လည်း ရှေ့ဆက်ပြီး
ဘာသာတိုင်း ငြိမ်းချမ်းရေးကိုရှေးရှုပြီး လုပ်ဆောင်သွားမယ်။ ဒါ
ကျွန်တော်တို့အနေနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာပါတဲ့
ဘာသာပေါင်းစုံကိုယ်စားပြောတာပါ”ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌ
ဦးမြင့်ဆွေက ဆိုသည်။
ရဲတပ်ဖွဲ့အနေဖြင့် သတင်းဦးရရှိရေး၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက
အမြန်ဆုံးသွားရောက်ပြီး ဖြေရှင်းခြင်း၊ ဥပဒေအရ ဆောင်ရွက်ခြင်းနှင့်
ဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူတည်ပြီးတော့ အမြန်ဆုံးထိန်းသိမ်းနိုင်ရန်
လုံခြုံရေးရဲတပ်ဖွဲ့အင်အား ကိုလည်း တိုးမြှင့်ထားသည့်အပြင် အရန်အသင့်လည်း
အဆင်သင့်ထားရှိထားကြောင်း စုံစမ်းသိရသည်။
“နယ်မြေတွေအလိုက် လုံခြုံရေးဆောင်ရွက်ချက်တွေကို တိုးမြှင့်ထားတယ်။
ရဲတပ်ဖွဲ့အင်အားတွေကိုလည်း တိုးမြှင့်ထားပါတယ်။
ဝိုင်းဝန်းထိန်းသိမ်းဖို့ကိုလည်း အဆင့်ဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်”
ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး
ကိုကိုအောင်က ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲ
ကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီး သက်လွင်က “ကျွန်တော်တို
့ရဲတပ်ဖွဲ့အနေနဲ့တော့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်။ အရန်အသင့်
တပ်ဖွဲ့ဝင်တွေကိုလည်း အသင့်ဖြစ်အောင် ဆောင်ရွက်ထားတယ်။ ဒီကိစ္စတွေကိုတော့
တိုင်းရဲတပ်ဖွဲ့က အရင်ဆုံးကိုင်တွယ်ရမယ်။ ပြီးမှ ကျွန်တော်တို့က
ဆောင်ရွက်ပေးရမှာဖြစ်တယ်။ သစ်ထူးလွင် လူမှုကွန်ရက်စာမျက်နှာကသတင်းကို
တင်ပြီး ဖွလိုက်လို့ မန္တလေးမှာ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ ယူဆရတယ်။
အဓိကကတော့ ဒီသတင်းကို ဘယ်သူကပို့တာလဲဆိုတာ အရေးကြီးပါတယ်”ဟု ဇူလိုင် ၃ ရက်က
ပြောကြားသည်။
ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသည့် သံတွဲခရိုင်၌
လက်ရှိအခြေအနေမှာ အေးချမ်းလျက်ရှိနေပြီး ရှိနေသည့် ရဲတပ်ဖွဲ့အင်အားဖြင့်
လုံခြုံရေးကို တင်းကြပ်စွာဆောင်ရွက်နေကြောင်း သံတွဲခရိုင်ရဲ တပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီး ကံဝင်းက ဆိုသည်။
“ဒီနေ့ည ၁၁ နာရီကျော်အချိန် မန္တလေးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို
မသိကြဘဲ မြို့တွင်းကို ဝင်လာကြတဲ့ သမန်းကုန်းဘက်ကသူတွေကို စိစစ်ပြီး
ပြန်ခိုင်းလိုက်တယ်လို့ ကြားပါတယ်။ အခု အခြေအနေကတော့ ည ၁၂
နာရီကျော်နေပါပြီ။ ဘာမှ ထူးခြားဖြစ်ပျက်မှုမရှိဘူးလို့ သိထားပါတယ်”ဟု
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးများနှင့်
အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်း၌
မန္တလေးမြို့တွင် အင်တာနက်လိုင်းများ လုံးဝပျက်တောက်သွားခဲ့ကာ
လတ်တလောဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
ထုတ်ပြန်ထားသည့် ဆက်သွယ်ရမည့် ဖုန်နံပါတ်များအား
အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မအားသေးပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
ဇူလိုင် ၃ ရက်ည ၉ နာရီမှ စတင် အသက်ဝင်ခဲ့သော ပုဒ်မ ၁၄၄
ထုတ်ပြန်အပြီးနောက်တွင် မန္တလေးမြို့တွင် ခြောက်မြို့နယ်၌
ဆူပူအကြမ်းဖက်မှုနှင်ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာမျှ
ရရှိခဲ့ခြင်းမရှိသော်လည်း ည ၁ဝ နာရီနှင့် ၁၂ အကြားတွင် ပစ်ခတ်သံဟု
သံသယဖြစ်ဖွယ်ရှိသော ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း ကြားခဲ့ရကြောင်း
ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက The Daily Eleven သတင်းစာသို့
ဆက်သွယ်ပြောကြားခဲ့သည်။
Eleven Media Group