မြန်မာနေရှင်နယ်လိဂ် သက်တမ်းခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲဝင် ကစားသမားများ၏ အသက်မှန်ကန်မှုအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တင်းကျပ်စွာ စတင်စစ်ဆေးခဲ့သည်။
အဖွဲ့ချုပ်သည် မြန်မာလိဂ်- ၁ လူငယ်ပြိုင်ပွဲအတွက် အသက်(၂၀)နှစ်အောက်နှင့် မြန်မာလိဂ်- ၂ လူငယ်ပြိုင်ပွဲအတွက် အသက်(၁၈)နှစ်အောက် သတ်မှတ်ကာ ပြိုင်ပွဲဝင်အသင်း ကစားသမားများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကစားသမားများ၏ အသက်မှန်ကန်မှုအတွက် စစ်ဆေးခြင်းအား အဆင့်လေးဆင့် သတ်မှတ်ထားသည်။ ပထမအဆင့်မှာပင် အသက်လိမ်ညာထားသည့် ကစားသမားအရေအတွက်သည် ကစားသမားစုစုပေါင်း ခြောက်ရာဝန်းကျင်ကို စစ်ဆေးရာ ၆၅ ရာခိုင်နှုန်းခန့်အထိရှိကြောင်း ပြည်တွင်းလူငယ်ကစားသမားများ အသက်စစ်ဆေးစိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘ပထမအဆင့်မှာ လာမယ့်လူငယ်ပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့အသက်ထက်ကျော်နေတဲ့ ကစားသမားအရေအတွက်က စစ်ဆေးတဲ့ ကစားသမားအရေအတွက် ခြောက်ရာဝန်းကျင်ရဲ့ ၃၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ပြိုင်ပွဲဝင်သတ်မှတ်ထားတဲ့ အသက်တော့မီသေးတယ်။ ဒါပေမဲ့ အသက်အမှန်အတိုင်းမဟုတ်ဘဲ လိမ်ညာထားတဲ့ ကစားသမားအရေအတွက်က ၃၀ ရာခိုင်နှုန်းကျော်လောက် တွေ့ရပါတယ်။ လိုအပ်တဲ့အထောက်အထားတွေကို ထပ်မံတောင်းခံပြီး ပထမအဆင့်ရဲ့ နောက်ဆုံးအဆင့်မှာ ထပ်မံစစ်ဆေးသွားမှာပါ’’ ဟု အဆိုပါကော်မတီအဖွဲ့ခေါင်းဆောင် ဦးရဲမျိုးဟိန်းကပြောသည်။
နောက်ဆုံးတွင် ပြိုင်ပွဲဝင်ကစားသမားများ၏ အသက်လိမ်လည်မှုများနှင့် သံသယရှိသူများက ထင်မှတ်ထားသည်ထက် များပြားသည့်အတွက် ပြိုင်ပွဲကျင်းပမည့်ရက်ကိုပင် နောက်ဆုတ်ခဲ့သည်။ ပြိုင်ပွဲဝင်အသင်းများမှာ အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း အသက်မှန်ကန်မှု စစ်ဆေးသည့်ကိစ္စကိုမူ မြန်မာ့ဘောလုံးအသိုင်းအ၀ိုင်းက ကြိုဆိုခဲ့ကြသည်။
ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့်လည်း အသက်လိမ်ညာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘောလုံးကစားချင်၍ဖြစ်ပြီး အသက်လိမ်ညာမှုပြုလုပ်ထားသည့် (အမည်မဖော်လိုသည့်) ကစားသမားတစ်ဦးက ၎င်းတွင် မှတ်ပုံတင်သုံးခုရှိကြောင်း ပြောသည်။
‘‘ကျွန်တော့်မှာ မှတ်ပုံတင်သုံးခုရှိပါတယ်။ မှတ်ပုံတင်အတုကို အပြင်မှာ လုပ်ပေးတဲ့သူတွေ ရှိပါတယ်။ အဲဒီမှာ လုပ်ခဲ့တာပါ။ ခုလောလောဆယ်တော့ စိတ်ဓာတ်ကျနေပါတယ်။ ဒါပေမဲ့ အခွင့်အရေးရှိတဲ့ ကစားလို့ရတဲ့ ပြိုင်ပွဲတွေမှာ ၀င်ကစားခွင့်ရအောင် ကြိုးစားသွားမှာပါ’’ ဟု အဆိုပါကစားသမားက ဆိုသည်။
ပြီးခဲ့သည့် အာရှ ယူ-၂၂ ပြိုင်ပွဲ ခြေစစ်ပွဲအောင် အသင်းများအနက် အာဆီယံဒေသတွင်းမှ မြန်မာတစ်သင်းတည်းသာ ပါဝင်ခဲ့သည်။ အဆိုပါ မြန်မာအသင်းအား အသက်မှန်ကန်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ မလေးရှားနည်းပြက စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင်မူ ခိုင်လုံသည့် သက်သေများမရှိဟုဆိုကာ မလေးရှားဘောလုံးအဖွဲ့ချုပ်ကလည်း ကန့်ကွက်မှုရုပ်သိမ်းသွားခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်တွင်း၌လည်း ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီး ‘‘နောက်ပွဲတွေကျရင် အာဆီယံမှာ မြန်မာနိုင်ငံအနေနဲ့ အသက်အမှန်ကန်ဆုံးဖြစ်အောင် ဥက္ကဋ္ဌတာဝန်ယူတယ်’’ဟု ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်း ဂုဏ်ပြုအခမ်းအနား၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မီဒီယာများအား ပြောကြားခဲ့သည်။
အဖွဲ့ချုပ်ဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားပြီး ၂ နှစ်နီးပါးအကြာတွင် ဘောလုံးသမားများကို အသက်မှန်ကန်မှု စစ်ဆေးစိစစ်ရေးကော်မတီ ပေါ်ပေါက်လာခဲ့သည်။
‘‘အသက်မှန်မှန်ကန်ကန်လုပ်ခြင်းအားဖြင့် ရေရှည်အတွက် ကောင်းတာပေါ့။ ဒါက အခြားနိုင်ငံတွေလည်း လုပ်နေတာကြာပြီလေ။ ချက်ချင်းလုပ်တဲ့အတွက် လတ်တလောမှာ အခက်အခဲတော့ရှိမယ်။ ဘာလို့လဲဆိုတော့ သက်တမ်းအလိုက် လုပ်တာတွေက ပြောရမယ်ဆိုရင်တော့ သိပ်မမှန်တာများတယ်ဆိုတော့၊ ခုအစစ်အမှန်လုပ်လိုက်တာ၊ အခုတောင်မှ တချို့အသင်းတွေဆိုရင် ပွဲကစားလို့မရအောင် ဖြစ်သွားတာရှိတယ်လို့ ကြားရတယ်။ ချက်ချင်းကြီးလုပ်လိုက်တဲ့ အကျိုးကတော့ အဲဒါတော့ရှိတာပေါ့။ ပြိုင်ပွဲကိုတောင် နောက်နည်းနည်းဆုတ်ထားရတဲ့ အနေအထားရှိတယ်လေ။ ဒါက ဒီတစ်နှစ်တော့ အခက်အခဲဖြစ်မှာပေါ့။ နောက်ဆို ဒီလိုမျိုးလုပ်လာနိုင်ရင်တော့ နိုင်ငံအတွက် တအားကောင်းမှာပါ’’ ဟု ရွှေခေတ်မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးအေးမောင်ကြီးကပြောသည်။
ဒေသတွင်း သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများတွင် မြန်မာဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုအချို့ ရရှိနေဆဲဖြစ်သော်လည်း အာဆီယံဒေသတွင်း လက်ရွေးစင်အသင်းများ၏ အဆင့်မြင့်ဆုံးပြိုင်ပွဲများတွင် အောင်မြင်မှု မည်မည်ရရမရှိပါ။ အာဆီယံချန်ပီယံရှစ် (ဆူဇူကီးဖလား) ပြိုင်ပွဲတွင် ၂၀၀၄ ခုနှစ်က အကြိုဗိုလ်လုပွဲအဆင့် ရောက်ရှိခြင်းက ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုတစ်ခုသာ ဖြစ်သည်။
သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင် ခြေစွမ်းပြခဲ့သည့် မြန်မာကစားသမားများအနေဖြင့် လက်ရွေးစင်အသင်းအရောက်တွင်မူ ခြေစွမ်းများပျောက်ဆုံးကုန်ပြီး ဒေသတွင်းပြိုင်ဘက်အသင်းများကို မယှဉ်နိုင်တော့ပေ။ ထို့အပြင် အသက်လိမ်သော အသင်းအများစုမှာ သက်တမ်းအလိုက် ပြိုင်ပွဲများတွင် အောင်မြင်မှုရလေ့ရှိပြီး အသက်ကန့်သတ်ချက်မရှိသော လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်သည့်ပွဲများတွင် အောင်မြင်မှုရလေ့မရှိပေ။ အာဆီယံတွင် မြန်မာနှင့် လာအိုအသင်းတို့မှာလည်း သက်တမ်းအလိုက် ပြိုင်ပွဲများတွင် စွာလေ့ရှိကြသည်။
အမြင်သာဆုံး ဥပမာမှာ ၂၀၀၃ ယူ-၁၈ အာဆီယံပြိုင်ပွဲတွင် ခြေစွမ်းပြဗိုလ်စွဲခဲ့သော မြန်မာအသင်းကို အားပေးရင်း ထိုကစားသမားများ ဆယ်နှစ်ကျော်အားကိုးရမည်ဟု ထင်ခဲ့သော်လည်း အများစုမှာ အကောင်းဆုံး အသက်အရွယ်ရောက်ရှိချိန် မတိုင်ခင်ပင် ခြေစွမ်းကျဆင်းကာ အနားယူကုန်သည်။ ဘာမှားယွင်းသလဲဆိုသည်ကို ဘောလုံးဝါသနာရှင်တိုင်း သိသည်။
‘‘လက်ရှိ အခြေအနေမှာ လက်ရွေးစင်အဆင့်မှာ မြန်မာအသင်းအနေနဲ့ အာဆီယံအသင်းတွေကို မနည်းလိုက်ပြီး ကစားနေရတာ တွေ့ရမှာပါ။ လက်ရွေးစင်အသင်းမှာဆိုရင် ကိုယ်တို့ဆီက ကစားသမားတွေက တော်တော်အသက်ကြီးနေပြီ။ သူတို့လက်ရွေးစင်ကစားသမားတွေက ငယ်ကြတယ်။ ရေရှည်အလုပ်မှာတော့ စကားပြောတာပေါ့’’ဟု ဦးအေးမောင်ကြီးက ပြောသည်။
ပြည်တွင်းတွင် ငယ်ရွယ်သည့် လူငယ်များအနေဖြင့် ဘောလုံးကစားနိုင်ခြင်းမရှိသည့် အခြေအနေနှင့် အခွင့်အလမ်းများ နည်းပါးနေခြင်းကြောင့်လည်း မျိုးဆက်သစ်ကစားသမားများ ရှားပါးနေပြီး အသက်ကြီးသည့် ကစားသမားများအနေဖြင့် မိမိအသက်မှန်ကို လိမ်ညာကာ သက်တမ်းအလိုက်ပြိုင်ပွဲများကို ၀င်ရောက်ကစားခွင့်ရရှိရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ့အားကစားလေ့လာသူများက ဆိုသည်။
‘‘ပြောရမယ်ဆိုရင်တော့ ခု ကျောင်းတွေမှာလည်း ကစားတာပျောက်ကုန်ပြီ။ ပြည်နယ်၊ တိုင်းတွေမှာလည်း ပျောက်ကုန်ပြီ။ ဘယ်လိုလုပ်ကြမလဲ။ ကစားသမားတစ်ဦးအနေနဲ့ အသက်(၁၆)နှစ်လောက်မှ ဘောလုံးစကစားရင် အဆင်မပြေနိုင်ဘူး။ ဘောလုံးအဖွဲ့ချုပ်ကတော့ အကယ်ဒမီသက်တမ်းအလိုက် ပြိုင်ပွဲတွေ လုပ်ပေးနေတာ တွေ့ရတယ်။ များလာရင်တော့ ကောင်းလာမယ်။ အားကစားတိုးတက်ချင်ရင် နိုင်ငံတော်ကအစ အားလုံးဝိုင်းလုပ်မှရမယ်’’ဟု မြန်မာ့အားကစားလေ့လာသူတစ်ဦးက သုံးသပ်သည်။
ကစားသမားများ အသက်စိစစ်ရေးကော်မတီသည် ပထမအဆင့်တွင် စစ်ဆေးတွေ့ရှိမှုကြောင့် လူငယ်ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ကစားခွင့်မရတော့သည့် ကစားသမားများ နေရာတွင် အသက်မီသည့် ကစားသမားများကို ထပ်မံမှတ်ပုံတင်ခွင့်ပေးခဲ့သည်။ ပထမအဆင့်၏ နောက်ဆုံးအဆင့်တွင် ကလပ်အသင်းများ၏ ပြိုင်ပွဲဝင်ကစားသမားများကို မေလ ၁၂ ရက်မှစတင်ကာ ဆက်လက်စစ်ဆေးနေပြီဖြစ်သည်။
‘‘ပြိုင်ပွဲဝင်ကလပ်အသင်းတွေကိုလည်း တကယ်အသက်အမှန်နဲ့ ကစားသမားတွေကိုပဲ စာရင်းသွင်းဖို့ အကြောင်းကြားထားပါတယ်။ ပထမအဆင့်ရဲ့ နောက်ဆုံးအဆင့် စစ်ဆေးပြီးသွားရင်တော့ လက်ရှိအဆင့်အထိ အသက်လိမ်ညာမှု စစ်ဆေးတွေ့ရှိမှုမတွေ့ရတဲ့ ကစားသမားတွေကို ပြိုင်ပွဲမှာ ၀င်ရောက်ကစားခွင့်ပေးသွားမှာဖြစ်ပါတယ်’’ဟု ဦးရဲမျိုးဟိန်းကပြောသည်။
အဖွဲ့ချုပ်သည် ၂၀၁၄ ခုနှစ် မြန်မာလိဂ်-၁ လူငယ်ဘောလုံးပြိုင်ပွဲကို မေလ ၂၀ ရက်တွင်လည်းကောင်း၊ မြန်မာလိဂ်-၂ လူငယ် ဘောလုံးပြိုင်ပွဲကို မေလ ၂၃ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။ သို့သော် ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ပြိုင်ပွဲဝင်ကစားသမားများ၏ အသက်မှန်ကန်မှုအတွက် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးရဲမျိုးဟိန်းကဆိုသည်။
‘‘ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်မှာ ကစားသမားတွေကို ဒုတိယအဆင့်အနေနဲ့ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး ဒီအဆင့်မှာ အသက်လိမ်ညာထားတာ တွေ့ရရင်တော့ ၂ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်သွားမှာ ဖြစ်ပါတယ်။ တတိယအဆင့်အနေနဲ့က လ.၀.ကရုံးကိုပို့ပြီး ထပ်စစ်မှာပါ။ ဒီအဆင့်မှာ အသက်လိမ်ညာထားတာတွေ့ရင်လည်း ကစားသမားကို ၂ နှစ်ပွဲပယ်ပြစ်ဒဏ် ချသွားမှာပါ။ နောက်ဆုံးအဆင့်ကတော့ တစ်နိုင်ငံလုံးကို အသက်စစ်ဆေးပြီးတဲ့ ကစားသမားများကို ကြေညာသွားမှာဖြစ်ပြီး ကန့်ကွက်သူရှိလို့ အသက်လိမ်ညာထားတာတွေ့မယ်ဆိုရင်လည်း ၂ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်သွားမှာပါ’’ဟု အသက်စစ်ဆေးစိစစ်ရေးကော်မတီ၏ လုပ်ဆောင်မည့် အဆင့်ဆင့်ကို ဦးရဲမျိုးဟိန်းက ရှင်းပြသည်။
ကော်မတီအနေဖြင့် ပထမအဆင့်တွင် စစ်ဆေးတွေ့ရှိသည့် အသက်လိမ်ညာထားသော ကစားသမားများအား ပြစ်ဒဏ်ချမှတ်သွားမည် မဟုတ်သော်လည်း အနာဂတ် ၎င်းကစားသမား ၀င်ရောက်ယှဉ်ပြိုင်မည့် ဘောလုံးပြိုင်ပွဲများတွင် မူရင်းအသက်အမှန်နှင့် မှတ်ပုံတင်အစစ် အထောက်အထားပြမှသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးသွားမည်ဖြစ်သည်။
ကစားသမားများ၏ အသက်မှန်ကန်မှုစစ်ဆေးခြင်းကို တင်းကျပ်စွာပြုလုပ်ခြင်းမှာ နောက်ကျသည်ဟု ဝေဖန်မှုများရှိနေသော်လည်း အကောင်အထည်ဖော်ခြင်းအတွက် ကြိုဆိုရမည်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။
‘‘ဒီစီမံကိန်းကြီး အကောင်အထည်ဖော်တာကို နောက်ကျတယ်လို့တော့ မမြင်တော့ဘူး။ မလုပ်တာထက်စာရင်တော့ လုပ်တာကောင်းတာပေါ့။ ဒီလိုမှမလုပ်ရင် မြန်မာ့ဘောလုံးလောကကြီးက စမ်းတ၀ါးဝါးနဲ့ အရင်လိုလိမ်နေဦးမှာပဲ’’ဟု အားကစားကလောင်ရှင် အလင်းဖြူက ပြောသည်။
ကစားသမားများ အသက်မှန်ကန်စွာဖြင့် ၀င်ရောက်ယှဉ်ပြိုင်ပါက နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာဘောလုံးအသင်းများအနေဖြင့် လတ်တလော အောင်မြင်မှုမရနိုင်သော်လည်း စိတ်ရှည်စွာ ဆက်လက်ပြုစုပျိုးထောင် လေ့ကျင့်ပါက အနာဂတ်မြန်မာ့ဘောလုံးလောက တိုးတက်ရန်သာရှိကြောင်း ဧရာဝတီအသင်းနည်းပြချုပ် ဦးဆန်းဝင်းကပြောသည်။
အကြောင်းမှာ ကစားသမားများက အသက်လိမ်ထားသည့်အတွက် စာရွက်ပေါ်တွင်ငယ်နေပြီး အကောင်းဆုံးကစားနိုင်ရမည့်အချိန်တွင် အသက်အမှန်မှာ ကြီးရင့်နေကာ အရွယ်လွန်နေ၍ လက်ရွေးစင်အသင်းတွင် ဒုက္ခရောက်နေသော ကစားသမားများစွာ ရှိနေသည်။ ယခင်ကလည်း ထိုအတိုင်းပင်ဖြစ်သည်။
‘‘ရှုံးတဲ့ဒဏ်ကိုတော့ ခံနိုင်ရည်ရှိဖို့ လိုပါမယ်။ အရင်က လူငယ်အသင်းတွေက နိုင်ဖို့ပဲ အဓိကလုပ်ခဲ့ကြတော့ ခုတကယ် အသက်အမှန်နဲ့ ယှဉ်ပြိုင်ကြမယ်ဆိုရင် အောင်မြင်မှု ချက်ချင်းရချင်မှ ရမယ်လေ။ ဒါပေမဲ့ အရင်ကမှားခဲ့ကြလို့ အာဆီယံမှာ လက်ရှိမြန်မာ့လက်ရွေးစင်အသင်း ရုန်းကန်နေရတဲ့အခြေအနေ ဖြစ်နေတာပါ။ နောက်ဆယ်နှစ်လောက် ဒီအတိုင်းသွားရင် မြန်မာဘောလုံးလောကတောင် ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် အသက်မှန်ကန်ရေး စစ်ဆေးမှုဟာ ရေရှည်တိုးတက်ဖို့အတွက် ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်’’ဟု ဦးဆန်းဝင်းကဆိုသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အသက်(၁၆)နှစ်အောက် ခြင်္သေ့မြို့တော်ဖလား ဘောလုံးပြိုင်ပွဲ၌ မြန်မာလူငယ်အသင်း ချန်ပီယံဆုရရှိခဲ့သော်လည်း အရွယ်လွန်ကစားသမားများ ပါဝင်မှုကြောင့် ဆုဖလားပြန်အပ်ခဲ့ရမှု။ အာရှ ယူ-၂၂ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင် မြန်မာအသင်း၌ အသက်ကြီးကစားသမားများ ပါဝင်နေသည်ဟု မလေးရှားနည်းပြ၏ စွပ်စွဲမှုများက မြန်မာဘောလုံးလောကအတွက် မျက်နှာပျက်စရာများ ဖြစ်ခဲ့သော်လည်း အနာဂတ် မြန်မာ့ဘောလုံးကစားသမားများ၏ အသက်မှန်ကန်မှုအရေး အထောက်အပံ့များ ဖြစ်ခဲ့သည်ဆိုပါက ယင်းအဖြစ်အပျက်များအား မြန်မာဘောလုံးပရိသတ်များက ကျေးဇူးတင်နေဦးမည်သာဖြစ်သည်။
7day news journal
0 comments:
Post a Comment