ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးဟာ ရတနာပုံနေပြည်တော် ကြီးကို ထီးသစ်၊ နန်းသစ်တည် ဆောက်လေသတဲ့။ ဒီလိုတည် ဆောက်ရာမှာ လူထုအားနဲ့ တည် ဆောက်တာဆိုတော့ လူတိုင်းပင် ပန်းဆင်းရဲကြတာပေါ့။ လူတိုင်း မအားကြဘူးတဲ့။ တစ်နေ့မှာတော့ ဘုရင်ကြီးရဲ့ ညီတော်အိမ်ရှေ့ မင်းသားက ပြည်သူ့ဆန္ဒကိုသိဖို့ အတွက်သာမန်ခရီးသွားပုံစံဝတ် စားပြီး တိုင်းပြည်အနှံ့ စနည်းနာ ဖို့ထွက်ခဲ့သတဲ့။
တစ်နေရာ အရောက်မှာ တော့ မင်းသားလေးက လှည်း သမားကို လမ်းကြုံလိုက်ပါရစေ ဆိုပြီး ခွင့်တောင်းတယ်။ လှည်း သမားကလည်း သာမန်ခရီးသွား ထင်ပြီး လှည်းပေါ်လိုက်ဖို့ခွင့်ပြု လိုက်တာပေါ့။ မင်းသားလေးက အကြံနဲ့ဆိုတော့ လှည်းသမားကို စကားစလိုက်တယ်။ ‘ဘယ်လိုလဲ လှည်းဆရာကြီးရဲ့၊ ရပ်ရွာအေး ချမ်းလို့ရောင်းပန်းဝယ်ပန်းသာ ပါစ’လို့ မေးတော့၊ ‘မမေးစမ်းပါ နဲ့ဗျာ၊ ခုအချိန်မှာ ကျုပ်တို့စီးပွားဖြစ် ဖို့မလွယ်ပါဘူး’လို့ ပြန်ဖြေသတဲ့။ မင်းသားလေးက ‘ဘာဖြစ်လို့လဲ’ လို့ဆိုတော့ လှည်းသမားက ‘ဘာ ဖြစ်ရမလဲ၊ ထီးနန်းအသစ်တည် တော့ ကုန်ကျစရိတ်ကများ၊ လူ ထုကမျှခံဆိုသလိုပဲ။ ကျုံးဆောက်၊ တူးမြောင်းဖောက်ရနဲ့ အလုပ်ရှုပ် ကြရပြီး အခွန်အတုတ်တွေလည်း များပါဘိ၊ လူထုအားလုံးဆင်းရဲ တွင်းနက်နေကြပြီဗျ’တဲ့။ဒီတော့ မင်းသားလေးက ‘ဒီ လိုဆိုလည်း ဘုရင်ကြီးကိုသတ်ပြီး သူ့ညီမင်းသားလေးကို ဘုရင်ပြု ခိုင်းရင်ကော’လို့ဆိုတော့၊ ‘ဘာ ထူးမှာလဲ၊ မင်းဆိုးမင်းညစ်တစ် မျိုးတည်းဖြစ်မှာပေါ့ဗျ။ မင်းဆို သမျှကွင်းရှောင် ထမင်းတောင် မစားချင်ဘူးဆိုသလိုဖြစ်နေပြီ ရောင်းရင်းရဲ့’လို့ပြောလိုက်သတဲ့။
မင်းသားလေးလည်း လှည်း သမားကို မိတ်ဆွေဖွဲ့၊ အမည်နေ ရပ်မေးပြီး လမ်းခုလတ်မှာပဲ ဆင်း သွားတော့တယ်။ လှည်းသမား လည်း ကိုယ့်ရပ်၊ ကိုယ့်ရွာကို ခရီး ဆက်ခဲ့တာပေါ့လေ။ ရွာရောက် ပြီး မကြာမီမှာပဲ လှည်းသမား လေးကို နေပြည်တော်က စာချွန် နဲ့တကွ ရှေ့တော်မှောက်ရောက် စေလို့ အခေါ်လွှတ်လိုက်သတဲ့။ လှည်းသမားလေးလည်း ငါတော့ မင်းဒဏ်သင့်ပြီထင်တယ်လို့တွေး မိပြီး သူ့မိန်းမကို ‘ရှင်မရေ၊ ငါ့ကို နန်းတော်က အခေါ်လွှတ်လို့ လိုက်သွားရမယ်။ ငါတိုင်းပြည်ထိ ပါးအောင် ငါဘာမှမလုပ်ခဲ့ဘူး။ ဒါပေမဲ့ ငါတို့ဒုက္ခရောက်နေတာ ကိုပဲ ပြောခဲ့တာပါ။ ငါပြန်မလာ လည်း လုပ်ငန်းတွေဦးစီးလုပ်ပေါ့ ကွာ’လို့ မှာကြားခဲ့ရှာတယ်။
လှည်းသမားလေးလည်း အိမ်ရှေ့မင်းသားလေးရှေ့မှောက် ရောက်တော့ မင်းညီမင်းသား အဝတ်အစားတွေနဲ့ ခမ်းနားနေတဲ့ မင်းသားလေးကို မမှတ်မိဘူးပေါ့။ ‘ငါ့ကိုမမှတ်မိဘူးလား၊ မင်းလှည်း ပေါ်မှာ မင်းပြောသမျှ ငါနား ထောင်ခဲ့ရတာလေ။ ဘာတဲ့၊ မင်း ဆိုရင် ထမင်းတောင်မစားချင်ဘူး တဲ့လား’ဆိုတော့မှ လှည်းသမား လည်း ကြောက်ရွံ့တုန်လှုပ်သွား ပြီး ‘ကျွန်တော်မျိုးမှားပါတယ်။ ကျွန်တော်မျိုးမလိမ္မာမို့ ခွင့်လွှတ် ပါ’လို့ ပျာပျာသလဲနဲ့ တောင်းပန် ရှာတာပေါ့။
လှည်းသမားရဲ့ အမူအရာ ကို သဘောကျသွားတဲ့ မင်းသား လေးက တဟားဟားနဲ့ အော်ရယ် ပြီး စကားဆိုသတဲ့။ ‘မောင်မင်း မမှားပါဘူး၊ မောင်မင်းရဲ့စကား အတိုင်း တိုင်းပြည်မှာ လူထုတွေ ခံစားနေကြရတာ ငါကိုယ်တော် စုံစမ်းလို့ သိတော်မူတယ်။ ဒီ အတွက် နောင်တော်ဘုရင်ကြီး လည်း သူ့တပည့်တွေလုပ်ရပ် ကြောင့် စိတ်မကောင်းဖြစ်တော် မူတယ်။ မောင်မင်းကိုခေါ်တာ အပြစ်ပေးဖို့ခေါ်တာမဟုတ်ပါ ဘူး။ နေပြည်တော်က တို့တစ်တွေ ကို အမှန်သိအောင်၊ ရင်ထဲက ဆန္ဒအတိုင်း မှန်ရာကိုလျှောက် တင်ခဲ့တဲ့ မောင်မင်းကိုချီးမြှင့်မလို့ ပါ’လို့ဆိုပြီး အသပြာတစ်ထောင် ချီးမြှင့်လိုက်တယ်။ လှည်းသမား လေးလည်း ဟုတ်တိုင်းမှန်ရာရင် ဖွင့်ခဲ့မိတာကြောင့် အသပြာတစ် ထောင်ရရှိလိုက်ပြီး နေရပ်ဆီကို ပျော်ရွှင်စွာနဲ့ ပြန်လာခဲ့တာပေါ့။
ပုံပြင်လေးကတော့ ဒါပါပဲ။ ဒီပုံပြင်လေးကိုဖတ်အပြီးမှာတော့ ကျွန်မရဲ့အတွေးမှာမြင်းလှည်း ကလေးက ရပ်မနေဘဲ ဆက် လက်ပြီး ခရီးထွက်ခွာမောင်းနှင် နေပါတော့တယ်။ သြော်.. ပုံပြင် ထဲက မင်းသားလေးနဲ့ ဘုရင်ကြီး တို့ရဲ့ စိတ်ထားလေးတွေက ဖြူ စင်လိုက်တာ၊ မင်္ဂလာရှိလိုက် တာ။ ရှင်ဘုရင်ကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပြစ်တင်နေတဲ့ သာမန် လက်လုပ်လက်စားပြည်သူတစ်ယောက်ကို စိတ်မဆိုးတဲ့အပြင်ဆုတောင် ချလိုက်သေးတယ်။ ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီး မှန်ကန်တဲ့တရားလမ်းကြောင်းပေါ်မှာ နှလုံးသွင်းမှန်လို့သာ ဒီလို မှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်နိုင်တာ။ နို့မို့ဆိုရင်တော့ လှည်းသမားလေးရဲ့ ကံကြမ္မာက မတွေးရဲစရာပဲ။ ဒေါသကြီးတဲ့ဘုရင်ဆိုရင်တော့ ပါးအချက်တစ်ရာ၊ ကျောအချက်တစ်ရာ အရိုက်ခံရမလား၊ ပြည်နှင်ဒဏ်ပေးမလား၊ သေဒဏ်ပေးမလားပဲနော်။ ပြည်သူ၊ ပြည်သားတွေကလည်း ဘုရင်ကြီးရဲ့ စိတ်နေစိတ်ထားကို သိရှိလိုက်ရလို့ ပျော်ကြမှာပဲ။ သူတို့ရဲ့ဆန္ဒတွေကို အလေးထားတဲ့ ဘုရင်ကိုအရင်ကထက်ပိုပြီး လိုလားနှစ်သက်ကြမှာပဲ။ ပိုပြီးချစ်ခင်သွားကြမှာပါပဲ။ သူတို့ရဲ့ ဘုရင်ကြီး ကံတော်ကုန်မှာ၊ သက် တမ်းကုန်မှာ စိုးရိမ်နေကြမှာပါပဲ။ ဘုရင်ကြီးသက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းမေတ္တာတွေပို့သကြမှာပဲလို့ တွေးမိပြီး တော်လိုက်တဲ့ဘုရင်ကြီး၊ တော်လိုက်တဲ့မင်းသားလေးလို့ မုဒိတာတွေပွားနေမိပါတော့တယ်။
တစ်ဆက်တည်းမှာပဲ ကျွန်မ တို့ရဲ့ သမ္မတကြီးဆီ အတွေးတွေ ကရောက်သွားပါတယ်။ တစ် လောက ကေအင်န်ယူဗဟိုကော် မတီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင် က ကျွန်မတို့ရဲ့ သမ္မတကြီး ဦးသိန်းစိန်ကို နောက်ထပ်သမ္မတ သက်တမ်းမှာလည်း သမ္မတဆက်လုပ်ပါဦးလို့ ဆန္ဒပြုတောင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်က သမ္မတကြီးကို နှစ်သက်လိုလားတယ်ဆိုတာ သိရလို့ ဝမ်းသာမိတာပေါ့။ သမ္မတကြီး ကလည်း ပြည်သူက လိုလားမယ်၊ ပြည်သူကတောင်းဆိုမယ်ဆိုရင်တော့ ပြန်ပြီးတော့ စဉ်းစားပါမယ်လို့ အဖြေပေးထားပါတယ်။ သမ္မတကြီးပြောတာမှန်ပါတယ်။ ပြည်သူကလိုလားမှ၊ ပြည်သူက တောင်းဆိုမှ၊ ရှင်ဘုရင်လုပ်မယ် ဆိုတာ ဒီမိုကရေစီနည်းလမ်းကျ ပါတယ်။ ဒီမိုကရေစီနည်းလမ်းကျကျ စဉ်းစားဆုံးဖြတ်တဲ့သမ္မတကြီးရဲ့ သဘောထားက လေးစားစရာပါပဲ။
အဲဒီလို ပြည်သူကလိုလား ဖို့၊ ပြည်သူကတောင်းဆိုဖို့ဆိုတာ ကလည်း ဘယ်ရှင်ဘုရင်မှ မိုးနတ် မင်းဆီမှာ ဆုတောင်းနေလို့မရဘဲ ပုံပြင်ထဲက မင်းသားလေးနဲ့ ရှင် ဘုရင်လို ပြည်သူ့ဆန္ဒကို အလေး ထားပြီး အမှားကိုဝန်ခံရဲ၊ အမှန် ကိုရင်ဆိုင်ရဲတဲ့ သတ္တိထူးတွေရှိ နေဖို့လည်း အဓိကလိုတာပါပဲ လေ။
ရည်ညွှန်း။ ။ မြန်မာ့ရိုးရာပုံပြင် များ (ကြည်ဇော်)
7day
0 comments:
Post a Comment