31 Jul 2014

ခုတစ်မျိုး တော်ကြာတစ်မျိုး ပညာရေး ရလဒ်ဆိုး

အစိုးရ ကျောင်းတွေမှာ ယိုးဒယား မြန်မာ ဆက်ဆံရေး သမိုင်းကို မသင်တော့ဘူး ဆိုတဲ့ သတင်းကို ဖတ်ရ ပြန်တယ်။ စစ်အစိုးရတွေ အုပ်ချုပ် ကတည်းက ပညာရေး မှာလည်း လိုတစ်မျိုး၊ မလိုတစ်မျိုး ဝါဒကို လိုက်ပြီး အကောင် အထည် ဖော်ပေးခဲ့ ရတာကို ပြန်ပြီး သတိရလိုက် တာကြောင့် အသည်း နာမိတယ်။


မြန်မာ စစ်အစိုးရဟာ ထိုင်းနဲ့ ပလဲနံ ပသင့်ပြီး ပလူး ချင်ရင် ‘ထိုင်း’ ဆိုတဲ့ စကားကို တွင်တွင် သုံးတယ်။ ထိုင်းနဲ့ မတည့်တော့ဘူး၊ တစ်ခုခု ပြဿနာပေါ်လာရင် ‘ယိုးဒယား’ ဆိုပြီး ပြောင်းသုံး ကြတယ်။ ဒါကို စာနယ်ဇင်း လောက မှာပါ တစ်ခေတ်က ထင်ဟပ်စေ ခဲ့တယ်။ စာပေစိစစ်ရေး ထားတဲ့ ခေတ်တုန်းက ထိုင်းလို့ရေးရင်၊ ယိုးဒယားလို့ ပြင်ခိုင်းတာမျိုးတွေ ရှိခဲ့တယ်။


စစ်အစိုးရခေတ်မှာ ပညာရှင်တွေလည်း အသုံးချခံကြရတာပဲ။ ကျွန်တော်လေးစားခဲ့ရတဲ့ ပညာရေးဌာနက ဒေါက်တာမကြီး တစ်ယောက်ဟာဆိုရင် ယိုးဒယား မကောင်းကြောင်း လက်စောင်းထက်ထက်နဲ့ အစိုးရမီဒီယာတွေမှာ ခပ်သွက်သွက်ရေးခဲ့တာပေါ့။ သမိုင်းကလည်း နှံ့စပ်တော့ ငယ်ကျိုးငယ်နာတွေ ပြန်ဖော်ပြီးတော့ ဆော်သလိုလို အရေးအသားတွေကြောင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးများက မြှောက်စားခဲ့တဲ့အထိ ဖြစ်ခဲ့ရတယ်။ နောက်ပိုင်း ထိုင်းနဲ့ မြန်မာ ပြန်ပြီးတည့်သွားချိန်မှာ ဒေါက်တာ မကြီးရဲ့ နိုင်ငံပိုင်သတင်းစာတွေပေါ်ကနေ ဆော်ပလော်တီးနေတာတွေကို ထိုင်းကဝေဖန်၊ မြန်မာအစိုးရ ကလည်း တော်ပါတော့ဆိုပြီး ရပ်ခိုင်းရတဲ့အထိ ဖြစ်ခဲ့ဖူးတယ်။ ရလဒ်က ဘာလဲဆိုတော့ စစ်အစိုးရက ပညာရှင်ကိုမြှောက်ပေး၊ ပညာရှင်ကလည်း တက်အောင်ကပြ၊ နောက်ဆုံးပညာရှင်ပဲ ပေါတောတော ဖြစ်ကျန်၊ စစ်အစိုးရကတော့ ဘာမှမဖြစ်သလို ထိုင်းနဲ့ပြန်ပြီး လည်ပင်းဖက်၊ ရေးတဲ့ပညာရှင်ပဲ အပြစ်ဖြစ် ခဲ့ရတယ်။


ကျွန်တော် ဘီအီးဒီတက်တော့ အဲဒီဒေါက်တာမကြီးနဲ့ ကြုံခဲ့ရပါတယ်။ စာသင်အလွန်ကောင်းတယ်။ ပြောဆိုဆွေးနွေးချက်တွေကလည်း အရမ်းခေတ်မီတယ်။ ကျွန်တော်တို့ကို အနှစ်လေးဆယ် စစ်ပွဲ အကြောင်း လက်ချာပေးသွားတာ အရမ်းစိတ်ဝင်စားလွန်းလို့ တစ်ချက်တောင် မငိုက်မိဘူး။ ဒီလိုနဲ့ စာမေးပွဲ စစ်တော့မယ်လုပ်တော့ ဆရာမကြီးက မေးခွန်းကို ကြိုပြောတယ်။ ရှင်တို့ကို အနှစ်လေးဆယ် စစ်ပွဲအကြောင်း စာမေးပွဲမှာ မေးမှာတဲ့။ မထူးဆန်းဘူးလား။ စာမေးပွဲမှာမေးမယ့် မေးခွန်းကို ဘယ် ဆရာက ကြိုတင်ကြေညာဖူးလို့လဲ။ ကျွန်တော်ကတော့ ဆရာမကြီးတစ်ခုခု လုပ်တော့မယ်ဆိုတာ ကြိုသိနေတယ်။


အနှစ်လေးဆယ်စစ်ပွဲကို စာမေးပွဲမှာ မေးမယ်ဆိုတော့ ဆရာတွေ အကောင်းဆုံး လိုက်ဖတ်ပြီး ပြင်ဆင် ကြတယ်။ ကျွန်တော်ကတော့ ဆရာမကြီး လက်ချာကိုပဲ ပြန်သုံးသပ်ပြီးတော့ သမိုင်းကို ကျောရိုးလောက် သိအောင် ဖတ်ထားလိုက်တယ်။ စာမေးပွဲစစ်ပါပြီ။ ဆရာမကြီးက တစ်ပုဒ်ပဲမေးတယ်။ “မွန်-မြန်မာ အနှစ်လေးဆယ်စစ်ပွဲသည် ပဒေသရာဇ်ချင်း အာဏာလုသည့် စစ်ပွဲလော၊ ပြည်သူများဆန္ဒအရ ဖြစ်ခဲ့ ရသည့် စစ်ပွဲလော ကြောင်းကျိုးပြဖြေဆိုပါ” ဆိုတဲ့မေးခွန်းကို ဆရာတွေ တွေ့လိုက်တော့ အားလုံးငိုင် ကုန်ကြတယ်။ သူတို့က အနှစ်လေးဆယ် စစ်ပွဲရဲ့ Figure တွေကို အလွတ်ကျက်ထားတာကိုး။ လိုချင် တာက Figure တွေမှ မဟုတ်တာ။ Reason တွေဆိုတော့ ပြဿနာတက်ပြီး ငိုင်ကုန်တယ်။ စာစစ်ဆရာတွေ ကလည်း သမိုင်းကြောင်းကိုဖြေရင် အမှတ်မပေးဘူးလို့ ကြေညာလိုက်တော့ ပိုဆိုးကုန်တာပေါ့။ အဲဒီစာမေးပွဲမှာပဲ ကျွန်တော် လေးမှတ်ရအောင်ဖြေနိုင်ခဲ့လို့ အရမ်းအားရခဲ့တယ်။ ဘီအီးဒီတက်တုန်းက အဲဒီတစ်ကြိမ်ပဲ အမှတ်အများဆုံး ရခဲ့ဖူးတယ်။


အဲဒီအနှစ်လေးဆယ်စစ်ပွဲလိုပဲ ပဒေသရာဇ်အချင်းချင်း၊ အာဏာရှင် အချင်းချင်း ဖြစ်ကြတဲ့ မတည့်မှုတွေ၊ ငြူစူစောင်းမြောင်းမှုတွေဟာ ပြည်သူတွေ ကြားကနေ မြေစာပင် ဖြစ်ကြရတယ်။ ပညာရှင်တွေ ကြားထဲ ကနေ အသုံးချခံတွေ ဖြစ်ခဲ့ရတယ်။ ကျောင်းတွေမှာ ယိုးဒယား-မြန်မာ ဆက်ဆံရေးဆိုပြီး သီးခြား သမိုင်း စာအုပ်တွေ ရေးခိုင်းကာ၊ အလယ်တန်းနဲ့ အထက်တန်းတွေမှာ အတင်းအဓမ္မ သင်ခိုင်းတယ်။ ဒါဟာ သမိုင်းကြောင်းကို သိစေလိုတဲ့ဆန္ဒနဲ့ ရိုးသားစွာ သင်ခိုင်းခြင်း ဟုတ်၊ မဟုတ် သမိုင်းစာအုပ်တွေကို ပြန်ဖတ်ရင် သိနိုင်ပါလိမ့်မယ်။ ညံ့ဖျင်းတဲ့ စာရွက်သားတွေနဲ့ ပေါပေါပဲပဲ ထုတ်လိုက်တဲ့ သမိုင်းစာအုပ် တွေဟာ စာအုပ်ပုံနှိပ်ရတဲ့ လုပ်ငန်းရှင် အမည်ခံ စစ်ထွက်အရာရှိကြီး ဘယ်နှယောက်ကို အလုပ်အကျွေး ပြုပြီး ချမ်းသာသွားစေသလဲ ဆိုတာလည်း အတွင်းသိတွေ သိပြီးသား ဖြစ်မယ်ထင်ပါတယ်။


ပညာရှင်ဆိုတဲ့သူတွေကတော့ စစ်အစိုးရအကြိုက် ယိုးဒယားကို ပုတ်ခတ်၊ အစတွေဆွဲထုတ်ပြီး ဘုတ် အုတ်ကို ရေးလိုက်ရတာ။ နောက်ဆုံး ချောင်ထိုးတာ ခံလိုက်ရတဲ့အပြင်၊ ပြည်သူ့အမုန်း ပါခံလိုက်ရတာနဲ့ပဲ နိဂုံးချုပ်ခဲ့ရတယ်ဆိုတာ သတိထားစရာ ကောင်းပါတယ်။ ဒီလိုပါပဲ အာဏာရှိသူ၊ ပိုက်ဆံရှိသူတွေဟာ ပညာရှင်တွေကိုမွေး၊ ကောင်းကောင်းပေး၊ ကောင်းကောင်းကျွေးပြီး မင်းတိုင်ပင်ယောင်ယောင်၊ အဆောင် အယောင်တွေနဲ့ တန်ဆာခံလုပ်ထားတာ၊ စစ်အစိုးရတွေ တက်လာတဲ့ နောက်ပိုင်းမှာ ပိုဆိုးလို့ လာပါတယ်။ စစ်အစိုးရတွေက ခရိုနီတွေမွေး၊ ပညာရှင်တွေကိုမွေးပြီး ပေးကျွေးထားခြင်းရဲ့ နောက်ဆုံး နိဂုံးဟာ ပြည်သူတွေရဲ့ အမုန်းတရားတွေနဲ့သာ ရင်ဆိုင်ရတတ်ပါတယ်။ ပြည်သူက ဒဏ်ခတ်တာကို ခံရတာလို့ဆိုနိုင်ပါတယ်။


ကျွန်တော်အထက်မှာ ပြောခဲ့သလို ပဒေသရာဇ်အချင်းချင်း စစ်ခင်းတာကို သမိုင်းသင်စဉ်က မြင်သာ အောင် ဖွင့်ပြခဲ့တဲ့ ကျွန်တော်တို့ရဲ့ လေးစားစရာကောင်းတဲ့ ဆရာမကြီး တစ်ယောက်ဟာ၊ စစ်အစိုးရချင်း၊ အာဏာရှင်ချင်း စစ်မြှူစစ်ခင်းပြီး ကိုယ့်အရှိန်အဝါကို မြှင့်တင်နေတာ သတိမထားလိုက်မိလို့ ကျဆုံးခဲ့ ရတယ်။ ခုတစ်ခါစစ်တပ်က ပညာရေးဌာနကို အသုံးချပြီး ယိုးဒယားကို အပုပ်ချခဲ့တဲ့ ဇာတ်လမ်းကို ဘာသဘောတွေနဲ့ ဖြုတ်ထုတ်သတ်လိုက် ပြန်သလဲဆိုတာ (ဖြုတ်ထုတ်သတ်ခွင့် ရသွားသလဲဆိုတာ) အစမ်းသပ်ခံပညာရေးကို၊ နည်းမျိုးစုံလိုက်ပြီး အကောင်အထည် ဖော်ပေးနေတဲ့ လမ်းဘေးပညာရေး ဓာတ်ခွဲခန်းတွေက ပညာရှင်ကြီးတွေ ပိုပြီးသိကြလိမ့်မယ် ထင်ပါတယ်။

အငြိမ်းစားကျောင်းဆရာတစ်ဦး
The Voice Journal


0 comments:

Post a Comment