31 Jul 2014

ပညာရေး တိုးတက်ဖို့ တကယ်ပြောင်းမယ် ဆိုရင်

 
ကိုကြီးသောင်း တို့နိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲ များအပြီး ပထမအကြိမ် လွှတ်တော်အတွင်း အစိုးရ တစ်ရပ်ကို ဖွဲ့စည်းပြီးနောက် သက်တမ်း သုံးနှစ် ကျော် လေးနှစ် အတွင်းမှာ လွှတ်တော် မှာရော အစိုးရ အဖွဲ့မှာရော စတင်တက်လာ ကတည်း ကနေ ယခုအချိန်အထိ ကျဆင်း ယိုယွင်းနေသော ပညာရေးကို အမြန်ဆုံး ပြုပြင်ရန် ထဲထဲဝင်ဝင် ပြောဆိုခဲ့ ကြပါတယ်။ အခုဆိုရင် ပထမဦးဆုံး ခန့်အပ် ထားသော ပညာရေး ပြည်ထောင်စု ၀န်ကြီး ကွယ်လွန် သွားပြီးနောက် နောက်ထပ် ပညာရေး ပြည်ထောင်စု ၀န်ကြီးကို ထပ်မံခန့် အပ်ပြီး ပညာရေးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲ မှုများကို ဆောင်ရွက်နေရာ လ အနည်းငယ်ပင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမည့်လည်းပညာရေး တိုးတက်ဖို့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် ကော်မတီများ အသီးသီး ဖွဲ့စည်းခြင်း၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစရှိသည်တို့တွင်သာ အချိန်ကုန်နေတာကို တွေ့ရပြီး ပညာရေးနဲ့ ပတ်သက်လို ထိထိရောက်ဘာတစ်ခုကိုမျှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေး တာကိုတွေ့ရတယ်။ အခုဘဲ အခြေခံပညာဆယ့်နှစ်တန်းပြောင်းမယ်ပြောလိုက်၊ မဟုတ်သေးဘူး ပြောလိုက်။ အခုဘဲ လေးတန်း၊ ရှစ်တန်း အစိုးရစစ်ဖြစ်မယ်ပြောလိုက်၊ အကောင်အထည် မဖော်ဖြစ်သေး ဘူးပြောလိုက်။

စဉ်ဆက်မပြတ်အကဲဖြတ်အတန်းတင်ကို ဖျက်မယ်ပြောလိုက်၊ မဖျက်ဘူးပြောလိုက်၊ တက္ကသိုလ်ဝင်တန်း မေးခွန်းတစ်စုံတည်း ဆောင်ရွက် မယ်ပြောလိုက်၊ မသေချာသေးဘူးပြောလိုက်။ သင်ရိုးပြောင်းမယ် ပြောလိုက်၊ ဒီအတိုင်း ဆက်သွားမယ်ပြောလိုက်။ တက္ကသိုလ်တွေ သုံးနှစ်ပြောလိုက်၊ လေးနှစ်ပြောလိုက်၊ စကောလားရှစ်ကို ဘယ်သူလျှောက်လျှောက်ရတယ်ပြောလိုက်၊ ပြန်ပိတ်လိုက်။ တက္ကသိုလ်ကို လွတ်လပ် စွာ ရွေးချယ်ခွင့်ပေးမယ်ပြောလိုက်၊ အကောင်အထည်မဖော်သေးဘူး ပြောလိုက်။ ဆရာ၊ ဆရာမတွေ ရာထူးတိုးကို ပညာ အရည်အချင်းအပေါ်မှာ အခြေခံမယ်ပြောလိုက်၊ လုပ်သက်အပေါ်မှာ အခြေခံမယ် ပြောလိုက် အစရှိသဖြင့် မရေမရာတွေနဲ့သာ သတင်းတွေနဲ့သာ အချိန်ကုန်နေပါတယ်။

ပြောသမျှသတင်း အားလုံးကလည်း ပညာရေးမှတာဝန်ရှိသူတွေက တနေရာက တစ်မျိုးပြော၊ တစ်မျိုးလုပ် နေကြတော့ ဘာကို အတည်ယူ ရမှန်းတောင် ကိုကြီးသောင်းတို့ မသိတော့ပါဘူး။ လွှတ်တော်ကလည်း ပညာရေးဆိုင်ရာ ဘတ်ဂျက်ထိုက်သင့်သလောက် အနည်းငယ် တိုးမြင့်ချထား ပေးတာကိုလည်း တွေ့ရ သလို လွှတ်တော်မှာလည်း မြန်မာပညာရေးအတွက် ကျောရိုးမဏ္ဍိုင် ဖြစ်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို အမြန်ဆုံးအတည်ပြုနိုင်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါပေမည့်လည်း အလွှာ ပေါင်းစုံမှ၊ အဖွဲ့အစည်းပေါင်းစုံမှ၊ တိုင်းရင်းသားများထံမှ၊ အစိုးရ မဟုတ်သော ပရဟိတ အဖွဲ့အစည်းများ ထံမှ ပညာရေးနှင့် ပတ်သက်သော အကြံအညဏ် များကို လျစ်လျူရှု့ခဲ့တယ်ဆိုကာ မကျေမနပ် အသံများ လည်း ကြားနေရပါတယ်။

ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများ အနေဖြင့်ကလည်း မြန်မာ့ ပညာရေးဘာကြောင့် ယိုယွင်းကျဆင်း ရလဲဆိုတာ ပြသနာအချို့ကို သိကောင်းသိနေပြီးဖြစ်မယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။ ဒါပေမည့် ပြတ်ပြတ်သားသား မဆောင်ရွက်ရဲတာရယ်၊ ဘယ်ကနေ စပြီးကိုင်တွယ် ဆောင်ရွက်ရမယ်ဆိုတာ ရယ်ကို အစရွေးနေတာနဲ့ အချိန်တွေကုန်နေတယ်လို့ မြင်ပါတယ်။ ကိုကြီးသောင်း တစ်ဦးတည်း အမြင် အနေနဲ့ပြောရရင် အောင်ဖော်ပြပါ အချက်သုံးချက်ကို မဖြစ်မနေအမြန်ပြောင်းလဲနိုင်ပါမှ တိုင်းပြည် ပညာရေး ယိုယွင်းကျဆင်းမှုကနေ အမြန်ရုန်းထွက် နိုင်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။

(က) တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ်နှင့် မေးခွန်းပုံစံ အမြန်ပြောင်းလဲ ကျင်းပရန်။

ကိုကြီးသောင်းရှေ့ပိုင်းမှာ ဒီကိစနှင့်ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ဆောင်းပါး တစ်ပုဒ်မှာ အသေးစိတ် ရေးသား ထားပြီးပါပြီ။ ဘာတွေဘယ်လိုပြောင်းပြောင်း ဒီနေရာက မပြောင်း သရွေ့ ကျန်တာဘယ်လိုမှပြောင်းလို့မရဘူးဆိုတာပါဘဲ။ ဒီနေ့မြန်မာပြည်ရဲ့ ကျောင်းသား ကျောင်းသူ များရဲ့အနာဂါတ်ကို ပိုင်းခြားဆုံးဖြတ်ပေးနေတာ ဒီအတန်းနဲ့ ဒီစာမေးပွဲဖြစ်တဲ့ အတွက်ကြောင့် မိဘများနဲ့ကျောင်းသားကျောင်းသူများဟာလည်း ဘ၀နဲ့ရင်းရ သလိုဆောင်ရွက်တတ်ကြတာ အပြစ် မဟုတ် ပါဘူး။ စနစ်ကိုက ဒီလို လုပ်ထားမှတော့ ဒီလိုဘဲ ဖြစ်ရမှာပါ။ စာမေးပွဲစနစ်ကို အမှတ်ကောင်းမှ မိမိတို့ရည်မှန်းချက်ဖြစ်သော အသက်မွေး ၀မ်းကြောင်း တက္ကသိုလ်တက်ခွင့် ရသောစနစ်ဖြစ်တဲ့ အတွက်ကြောင့် အမှတ်ရရေးသည်အဓိက အဖြစ် ကျောင်းသား၊ ဆရာ ၊ မိဘများကလည်းဦးတည် ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်။ အဲဒီအခါမှာလည်း အမှတ်ကောင်းကောင်းရဖို့အတွက် စာမေးပွဲ ကောင်းကောင်းဖြေဆိုနိုင်ဖို့ လိုပါတယ်။

စာမေးပွဲကောင်းကောင်းဖြေဆိုနိုင်ဖို့ မေးခွန်းကို များများ ချဉ်းကပ်တတ်ဖို့ လိုပါတယ်။ ဒီအတွက် ပညာရပ် တတ်မြောက်နိုင်ဖို့အတွက် မေးခွန်းမှာ ဘယ်လိုမေးရင်၊ ဘယ်လိုဖြေ၊ ဘယ်လိုဖြေရင် ဘယ်လို အမှတ်ပေးတယ် ဆိုတာကိုဘဲ တစ်နှစ်လုံးဇောင်းပေး သင်ကြား လာတာဟာ ပညာရေးနိမ့်ကျရခြင်း အဓိကအချက်ဆိုတာ ငြင်းမရပါဘူး။ ပိုပြီးရယ်ရွှင်ဖွယ် ကောင်းတဲ့အချက်ကတော့ ဂုဏ်ထူး (Distintion) ဆိုတာဟာ ဘာသာရပ်တစ်ခုကို သာမန် ထက်ပိုမိုထူးချွန်စွာတတ်မြောက်ပြီး ဖြေဆိုသောအခါ သာမာန်အမှတ်ထက် ထူးခြားစွာရရှိသူများကို အသိအမှတ်ပြုထားခြင်း ဘဲဖြစ်ပါတယ်။

ဒါပေမည့် ကိုကြီးသောင်းတို့နိုင်ငံမှာတော့ တက္ကသိုလ်ဝင် စာမေးပွဲမှာ သင်ကြားဖြေဆိုရသော ဘာသာရပ် အားလုံး ဂုဏ်ထူးရရှိအောင် စွမ်းဆောင်နိုင်တာ တောင်မှ မိမိလိုချင်သော တက်ရောက် သင်ကြားလိုသော အသက်မွေးဝမ်းကြောင်းတက္ကသိုလ်ကို တက်ရောက်ခွင့် မရတာတွေနှစ်စဉ် ကြုံတွေ့ နေရတာဒုနဲ့ဒေးပါဘဲ။ ဘာကြောင့်လည်းဆိုတော့ ခြောက်ဘာသာရှိသည့်အနက် သုံးဘာသာ၊ လေးဘာသာ ဂုဏ်ထူးရရှိပြီး အမှတ်များစွာရရှိသောသူ အမှတ်ကိုမမီသောကြောင့် တက်ခွင့်မရ ဆိုသော အခါ ဘာသာစုံထူးချွန်သူက ဘာသာစုံ မထူးချွန်သော်လည်း အမှတ်များသူလောက် အရည်အချင်းမရှိဟု သတ်မှတ်ခံရခြင်းပင်ဖြစ်ပါတယ်။ စာမေးပွဲ စစ်ဆေးတဲ့အခါမှလည်း မေးခွန်းပုံစံအများစုဟာ ဘာသာ ရပ်တစ်ခုကို နားလည် တတ်မြောက်မှုထက် သင်ရိုးညွှန်းတန်းအတွင်း ပြဌာန်းထားသော ပြဌာန်းစာအုပ် ပါအတိုင်း ၏ ၊ သည်မလွဲ ဖြေဆိုနိုင်မှသာလျှင် အမှတ်ပေးသည့်စနစ်ကို ယနေ့တိုင် ကျင့်သုံးနေဆဲဖြစ် သည့် အတွက်ကြောင့် ကျောင်းသား၊ ဆရာ၊ မိဘများအားလုံး ဘာသာရပ် တတ်မြောက်ရန်ထက် ရသည့် အချိန်တိုင်းတွင် ပြဌာန်းစာအုပ်ထဲမှ စာများ အလွတ်ရအောင်ကျက်ခြင်းနှင့် စာမေးပွဲမေးခွန်းကို ဖြေဆိုနိုင်ရေးကိုသာ ဦးတည်လေ့ကျင့်နေခြင်းကလည်း မြန်မာ့ပညာရေးကို အောက်ဆုံးရောက်အောင် ဆွဲချလိုက်ခြင်းဖြစ်တယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။

ဒီအတွက် ကြောင့်လည်း ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ဟာ ကျောင်းမှ စာသင်ချိန်ပြီး သော် လည်းဘဲ မနက်ငါးနာရီမှ ညဆယ့်တစ်နာရီအတွင် ဘာသာရပ်ပေါင်းစုံ အလွတ်ကျက်ရန်အတွက် နောက်ထပ်ဆရာ၊ ဆရာမပေါင်းစုံဖြင့် အချိန်ပေးကြရသလို မိဘများအနေဖြင့်လည်း ငွေကြေး ထပ်မံ ကုန်ကျနေရပြီဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းအသီးသီးမှ သင်ကြားပို့ချမှု မည်သို့ပင် လုပ်ပေး သော်လည်း စာအလွတ်ကျက်ရန်အတွက် စာကျက်အကူ ဆရာဆရာမများနှင့် ထပ်မံအချိန်ပေးရခြင်း၊ ငွေကြေး ထပ်မံကုန်ကျခံရခြင်းဟာ စာမေးပွဲစနစ်တခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဆိုတာငြင်းလို့မရပါဘူး။

နောက်ပြီးဒီအတန်းမှာ ဒီလိုအမှတ်ရအောင် ဒီလိုအလွတ်ကျက် မှတ်တတ်တဲ့ အလေ့အကျင့်တွေ ရလာအောင် ငယ်စဉ်သူငယ်တန်းမှ စတင်ပြီး မိဘများကစတင် ပုံသွင်းလာကြပါတယ်။ ကျောင်းသား ကျောင်းသူရှိတဲ့ မိဘတွေအိမ်မှာ သွားကြည့်လိုက်ရင် ကလေးငယ်လေးများဟာ ကစားချိန်၊ နားချိန်ထက် စာကျက်ကူဆရာမလေးများနဲ့ တချိန်လုံးစာကို ၏သည်မလွဲ ကျက်ခိုင်း၊ ကျက်ပြီးရင် ချရေးခိုင်းခြင်းဖြင့် အချိန်တွေကိုဖြုန်းနေတာတွေ့ရတော့ ကလေးငယ်များအတွက်လည်း ကိုကြီးသောင်းစိတ်မကောင်း ဖြစ်မိပါတယ်။ ဒီလိုနဲ့ အတန်းစဉ် အဆက်ဆက် ဘာသာရပ်နားလည်တတ်မြောက်ရေးအတွက်ထက် စာတွေအလွတ်ကျက်ပြီး အမှတ်ကောင်းရေးကို မက်မောတတ်အောင်ပုံသွင်းလာလိုက်တဲ့နေရာမှာ အခြေခံပညာမှ ကျောင်းမှဆရာဆရာမများ၏ကျုရှင်နဲ့ ရင်းနှီးလာရပါတော့တယ်။ မိဘများဟာ မိမိ သားသမီးများ အမှတ်ကောင်းရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများထံနည်းပေါင်းစုံ နဲ့ချဉ်းကပ် ပါတယ်။

လက်ဆောင်ပစည်းနှင့်တစ်မျိုး၊ ကျုရှင်အချိန်ပိုထားခြင်းဖြင့်တစ်သွယ် ဆောင်ရွက်လာကြရင်းမှ ဆရာ၊ ဆရာမများလည်း ကျုရှင်အပေါ်မှာ မိသားစုစားဝတ်နေရေး အတွက်ပိုမိုခုံမင်လာပြီး မသမာမှုများ ကျုးလွန် တတ်လာကာ ဆရာဆရာမများ အမည်းစက် စွန်းထင်းလာရခြင်းဘဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ လက်ရှိကျင့်သုံးနေသော တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းပုံစံအတိုင်း ဆက်လက်သွားနေပါက သူငယ်တန်းမှ အစပြုပြီး တက္ကသိုလ်ဝင်တန်း ရောက်သည့်တိုင် နောက်ပြီး တက္ကသိုလ်ဘွဲ အသီးသီးရ သည့် အချိန်အထိ ကျောင်းသား ကျောင်းသူများဟာ အားချိန်မရှိ၊ နားချိန်မရှိ စာတွေနားလည်မှုထက် ပင်ပင်ပမ်းပမ်းစာတွေ ကျက်နေရဦးမှာဖြစ်သလို၊ ဆရာဆရာမများ ကလည်း အမှတ်ကောင်းလိုသူ များအတွက် မသမာမှု တွေဆက်လက် ကျုးလွန်နေကြဦးမှာမလွဲပါဘူး။

နောက်ဆုံး နိုင်ငံတော်ရဲ့ ရည်ရွယ်ချက်ဖြစ်သော နိုင်ငံသားတိုင်း အခြေခံပညာကို စရိတ်သက်သာစွာဖြင့် လူတိုင်းသင်ကြားနိုင်ရေး ရည်ရွယ်ချက်၏ ဆန့်ကျင်ဘက် ဖြစ်သော မိဘတိုင်းဟာ မိမိတို့သားသမီးများ အမှတ်ကောင်းရရှိရေးအတွက် စုဆောင်းရှာဖွေ ထားသောငွေကြေးများကို အတိုင်းအဆ မရှိမြင့်မားစွာ အကုန်အကျများနေရဦးမှာ သာဖြစ်ပါတယ်။ ဒီတော့ ကိုကြီးသောင်း အကြံပြုလိုတာကတော့ တက္ကသိုလ် ၀င်စာမေးပွဲစနစ်ကို ၏ သည်မရွေး အလွတ်ရေးနိုင်မှ အမှတ်ကောင်းရမည့်မေးခွန်းပုံစံထက် ဘာသာရပ် ဆိုင်ရာ နားလည် တတ်မြောက်မှုကိုအခြေခံသော မေးခွန်းပုံစံကို အမြန်ဆုံးပြောင်းလဲ ကျင်းပရမှာဖြစ်ပါ တယ်။ တစ်ကြိမ်နားလည်အောင်သင်ကြားပေးလိုက်ရင် ကျောင်းသား တယောက်အတွက် ဒီဘာသာရပ် ဒီသင်ခန်းစာကို ထပ်မံ သင်ကြားစရာမလိုဘဲ စွဲမြဲစေနိုင်သလို အလွတ်ကျက်ထားတဲ့ စာတွေကတော့ တစ်နှစ်ခံဘဲဖြစ်ပါတယ်။ စာမေးပွဲပြီးသွားတာနဲ့ အားလုံးမေ့လျော့သွားမှာ အမှန်ပါဘဲ။

ဒါကြောင့်လည်း အဆင့်မြင့်တက္ကသိုလ်ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေကို သင်ကြားရတဲ့ ဆရာ၊ ဆရာမ တွေက သင်ခန်းစာပို့ချတိုင်းညည်းငြူစွာပြောတတ်တာကတော့ အမှတ်ကောင်းလို့သာ ဒီကျောင်းရောက်လာတာ ဘာမှလည်းမေးလို့မရ သင်လို့လည်းအဆင် မပြေဘူးဆိုတဲ့ စကားတွေပါဘဲ။ ဘာသာရပ်ဆိုင်ရာနားလည်မှုရှိမှ ဖြေဆိုလို့ရနိုင်တဲ့ မေးခွန်းပုံစံတွေကိုလည်း အထူးအထွေ ရှာဖွေ မီငြမ်းနိုင်ရန်အတွက် ရှားပါးသောအရာလည်း မဟုတ်ပါဘူး။ ဒီနေ့ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက် နေသော နိုင်ငံများမှာ အသုံးပြုနေသော မေးခွန်းပုံစံတွေဟာ အလွယ်တကူရှာဖွေလို့ ရနိုင်တယ်ဆိုတာ ပါဘဲ။ နားလည်ရင်ဖြေဆိုနိုင်တယ် ဆိုတဲ့ အလေ့အကျင့်စွဲမြဲသွားရင် ကျုရှင်လည်းထပ်တက်နေရန်မလိုပါ။ အချိန်ကုန်ခံပြီး၏သည်မလွဲ စာကျက် နေရန်လည်းမလိုသလို စာကျက်အကူငှားရမ်းရန်အတွက် မိဘ များလည်း ထပ်မံငွေကြေး အကုန်ကျခံစရာမလိုပေ။ အမှတ်အဓိကမထားတော့သည့်အတွက်လည်း အတိုင်းပိုင်ဆရာ၊ ဆရာမနှင့် အတန်းအဆက်ဆက် ကျုရှင်ဆိုတာလည်းဖြစ်လာမှာမဟုတ်သလို။ ဆရာ ဆရာများ အမှတ်အတွက် သိကာအကျခံပြီးမသမာမှုများကျုးလွန်မှု လျော့နည်းကျဆင်းသွားမှာဖြစ်တယ်လို့ ကိုကြီးသောင်း ယုံကြည်ပါတယ်။ ဒါကြောင့် ဒီတက္ကသိုလ်သင်တန်းစာမေးပွဲစနစ်နှင့် မေးခွန်းပုံစံ ပြောင်းကိုပြောင်းမှဖြစ်မယ်ဆိုတာကို အသိပေးလိုပါတယ်။

(ခ) တက္ကသိုလ်ဝင်စာမေးပွဲအမှတ်ပေးစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်ပုံစံပြောင်းလဲခြင်း

ကိုကြီးသောင်းတို့နိုင်ငံမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးလို့ အောင်စာရင်းထုတ်ပြန်တဲ့ အခါမှာ အောင်တယ်၊ ကျတယ် ဂုဏ်ထူးရရှိတယ်ဆိုတာနဲ့ဘဲ သတ်မှတ်ကြေညာလေ့ရှိပါတယ်။ အဲဒီနောက်ကျမှ တစ်ဘာသာချင်းစီကရရှိသောအမှတ်စာရင်းကို ထုတ်ပြန်ကြေညာပေးပါတယ်။ ဒါတွေရပြီးမှ မိမိရရှိသော အမှတ်စုစုပေါင်းဖြင့် မိမိရရှိနိုင်သော အမှတ်ကန့်သတ်ထားသော တက္ကသိုလ်များကို လျောက်ထား တက်ရောက်ရသောစနစ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ အောင်စာရင်းထုတ်ပြန်ကြေညာတဲ့အခါမှ Grade နဲ့သတ်မှတ်ကြေညာပေးပါတယ်(ဥပမာ A*, A, B, C, D, E, F ) အစရှိသဖြင့်ပေါ့။ ဥပမာပေါ့ဗျာ A* ရသူများဟာ အမှတ် (၉၀-၁၀၀)အတွင်းဖြစ်သလို A ရသူများဟာလည်း (ရမှတ် ၈၀-၉၀) အတွင်းဖြစ် ပါတယ်။ ဒီ Grade တွေအတွင်းမှာ ရသူများဟာ တယောက်နဲ့တယောက် အရည်အချင်းသိပ်ပြီး မကွာခြား သလို၊ စာမေးပွဲအရှိန်ကြောင့်သာ ရမှတ်အနည်းများကွာခြားရခြင်းဖြစ်လို့ တူညီသော Grade အဖြစ် သတ်မှတ်ပေးခြင်းဘဲဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ၊ မိဘ၊ ဆရာ ဆရာမများပါ နှစ်သက် ကျေနပ်သော မျှတသော၊ ရှင်းလင်းသော အောင်စာရင်းစနစ်ဖြစ်ပါတယ်။ ဒီအထဲမှာမှ Grade F ရသော ကျောင်းသားကိုတော့ အရည်အချင်း မပြည့်မီသတ်မှတ်ပြီး ပြန်လည်ဖြေဆိုစေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးတဲ့အခါမှာလည်း အအောင်/အရှုံး/ ဂုဏ်ထူးဖြင့် ကြေညာမည့်အစား Grade ဖြင့် သတ်မှတ်ကြေညာခြင်းဟာ အကောင်းဆုံး ဖြစ်ကြောင်းနှင့် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲများဖြေဆိုစေရာမှာလည်း အလွန်လွယ်ကူသောစနစ် တခုဖြစ်ကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းမှာ ဆက်စပ်ဖော်ပြပါ့မယ်။ တက္ကသိုလ် ၀င်ခွင့်လျှောက်ထားတဲ့အခါမှာလည်း ရမှတ်အပေါ်မှာမူတည်ပြီး ကန့်သတ် တက်ရောက်စေသော စနစ်ကြောင့် မိမိတို့ဝါသနာပါရာ၊ နှစ်သက်ရာ တက္ကသိုလ်များကို တက်ရောက်သင်ကြားခွင့်မရဘဲ ရတဲ့တက္ကသိုလ်တွေတက်ခဲ့ရတာ၊ ရတဲ့ဘာသာရပ် သင်ကြား ခဲ့ရတာ၊ အမှတ်ကောင်းလို့ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ၀ါသနာပါပါ၊ မပါပါ ကြိတ်မှိတ်ပြီး အဆင့်မြင့်တက္ကသိုလ်တက်နေရတာတွေကြောင့်လည်း တိုင်းပြည်မှာ အများကြီးနစ်နာခဲ့ရပါတယ်။

စိတ်မပါလက်မပါ တက်ရောက်ခဲ့ရခြင်းနောက်ဆက်တွဲအကျိုးဆက်ကတော့ ကျောင်းသား၊ ကျောင်းသူ ရော၊ မိဘရော၊ နိုင်ငံတော်ရော ငွေ၊ အချိန်၊ လူ့စွမ်းအားအရင်းအမြစ်၊ လူ့အခွင့်အရေး အားလုံးနစ်နာ ခဲ့ရတာပါ။ တကယ်တန်းဖြစ်သင့်တာကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းမှာ Grade ဖြင့်အောင်စာရင်းကြေညာပြီးနောက် တက္ကသိုလ်အသီးသီးက မိမိတို့ တက္ကသိုလ်ကတော့ အောက်ဖော် ပြပါ ဘာသာရပ်များတွင် အောက်ဖော်ပြပါ Grade ဖြင့် အောင်မြင်ခဲ့သူများကို ၀င်ခွင့်စောမေးပွဲဖြေဆိုပြီး တက်ရောက်ပညာသင်ကြားနိုင်သည် ဆိုပြီး ကြေညာချက်ထုတ်ပြန်လိုက်ယုံပါဘဲ။ ဥပမာပြောရရင် ဆေးတက္ကသိုလ်များအသီးသီးကို ၀င်ခွင့် ဖြေဆိုဖို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်မှာ ဆေးတက္ကသိုလ် များ၏ သင်ကြားရေးအထောက် အကူဖြစ်စေမည့် ဘာသာရပ်တွေဖြစ်သော ဇီဝဗေဒ၊ ဓာတုဗေဒ၊ အင်္ဂလိပ်စာ Grade တွေဟာမြင့်မားနေရမှာဖြစ်သလို၊ စက်မှုတက္ကသိုလ်တွင် တက်ရောက် ပညာသင် ကြားမည့် ကျောင်းသား၊ကျောင်းသူများ၏ ၀င်ခွင့်အတွက်ကြတော့ သချာင်္၊ ရူပဗေဒ၊ အင်္ဂလိပ်စာ Grade တွေကမြင့်မားပေးရမှာဖြစ်ပါတယ်။ ဒီလိုဘဲ စီးပွားရေးတက္ကသိုလ်ဝင်ခွင့်အတွက်ကြတော့ သင်္ချာ၊ စီးပွားရေး၊ အင်္ဂလိပ်စာ Grade တွေကမြင့်နေရမှာလည်းဖြစ်ပါတယ်။ ကိုယ့်တက္ကသိုလ်မှာ ဆက်လက် သင်ကြားဖို့မလိုအပ်သော၊ ဖြည့်စွက်ဘာသာရပ်ဖြစ်တဲ့ဘာသာရပ် Grade တွေကိုတော့ သင့်တင့်ရုံ သတ်မှတ်ပြီး တက္ကသိုလ်ဝင်ခွင့်ရသည်တိုင် အကြိမ်ကြိမ်ကြိုးစားဖြေဆိုခွင့်ပြုခြင်းဟာ အကောင်းဆုံး နည်းလမ်းတခုလို့ဘဲ ကိုကြီးသောင်းယုံကြည်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ ဟာလည်း မိမိတက်လိုသောတက္ကသိုလ်ဝင်ခွင့်ရသည်အထိ ကြိုးစားခွင့်ရခြင်း၊ သင်ယူခွင့် ရခြင်းဟာ တိုင်းပြည် ပညာရေး၊ ဘာသာရပ်ဆိုင်ရာတိုးတက်ဖွံ့ဖြိုးမှုမှာ အလွန်အရေးပါလှပါတယ်။ ဒီအထဲကမှ ထူးခြားမှု တခုကတော့ လေးငါးနှစ်လောက်ရှိပါပြီ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တော တက္ကသိုလ်နဲ့ တိမွေးကု တက္ကသိုလ်တွေကတော့ ခြေလှမ်းအသစ်အဖြစ် ၄င်းတို့ဖွင့်လှစ်ထားသော တက္ကသိုလ်များတွင် တက်ရောက် ပညာသင်ကြားလိုသူတိုင်းအား တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ကို သင့်တင့်သော အမှတ် သတ်မှတ်ကာ ၀င်ခွင့်စာမေးပွဲဖြေဆိုစေပြီး တက်ရောက်ပညာသင်ကြားခွင့် ပြုခြင်းပါ။ ဒီလိုလုပ်ဆောင် မှုကို ၀မ်းမြောက်ဝမ်းသာကြိုဆိုကြရမှာပါ။ ဒီတက္ကသိုလ်ကို တက်ရောက်ပြီး ပညာသင်ချင်သူတွေက သာလျှင်ဘဲ ၀င်ခွင့်ထပ်မံဖြေဆိုပြီး တက်ရောက်ကြမှာ ဖြစ်တဲ့အတွက် ကျောင်းသားဆနနှင့်ဝါသနာ၊ မိဘဆနတစ်ထပ်တည်းကျလို့ ကောင်းမွန်သော ရှေ့ရေးအဖြစ်ကြိုဆိုခြင်းပါ။ ယခုအချိန်အထိ တက္ကသိုလ် ၀င်များဝင်ခွင့်အတွက် တက္ကသိုလ် ၀င်တန်း ရမှတ်အပေါ်တွင်သာသတ်မှတ်ပြီး ခွဲခြားတက်ရောက် သင်ကြားနေသမျှ လူစွမ်းအား အရင်းအမြစ်များနှစ်စဉ် ဘယ်လောက် ဆုံးရှုံးခဲ့ရတယ်၊ နိုင်ငံတော်နှင့် မိဘများက ဘယ်လောက် ကုန်ကျခဲ့ရတယ်ဆိုတာ ပညာရေးနှင့်ဆက်စပ်နေသူများ ကျောင်းသား၊ ကျောင်းသူ ရှိသော မိဘများကိုယ်တိုင်အသိဆုံးပါ။ 
 
ဆရာဝန်ဘွဲ့ရပြီး အခြားအလုပ်ကို ဇောက်ချလုပ်နေ သူတွေ၊ အင်္ဂျင်နီယာဘွဲ့ရပြီးမှ ဘွဲ့နှင့်မသက်ဆိုင်သောနေရာများမှာ အလုပ်လုပ်နေရသူတွေ၊ စီးပွားရေး ပညာဖြင့်ဘွဲ့ရသူက တိုးဂိုက်လုပ်နေသူတွေ အစရှိသဖြင့် တနေ့တခြားတိုင်းပြည်အတွင်း ဒုနဲ့ဒေးဖြစ် လာရခြင်းဟာ ပညာရေး၏မှားယွင်းသောစနစ်တခုအောက်မှာ တိုင်းပြည်တွင်းဦးနှောက် ယိုစီးမှု တစ်ခု အဖြစ် မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ခုအဖြစ် တည်ဆောက်ရန် ပညာရေးကို ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်မည်ဆိုပါက နိုင်ငံသားတိုင်းဟာ မိမိနှစ် သက်ရာဘာသာရပ် ၊ မိမိတက်ရောက်လိုသော တက္ကသိုလ်များကို တက္ကသိုလ်ဝင် စာမေးပွဲတွင်ရရှိခဲ့သော သတ်မှတ်ထားသည့် Grade များဖြင့် ၀င်ခွင့်ဖြေဆို ခွင့်ပြုကာ တက်ရောက်ပညာသင်ကြားခွင့်ပြုခြင်းဟာ မဖြစ်မနေ အမြန်ဆုံးပြုပြင်ပြောင်းလဲရမည့် အရာတစ်ခုဖြစ်တယ်လို့ ကိုကြီးသောင်းယုံကြည်ပါတယ်။ ဒီလိုဖြစ်စေနိုင်အောင်လည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းသတ်မှတ်ထုတ်ပြန်တဲ့အခါမှာ Grade ဖြင့် သတ်မှတ် ကြေညာထုတ်ပြန်ခြင်းကို မဖြစ်နေအမြန်ပြောင်းလဲကျင့်သုံးရန်လိုအပ်တယ်ဆိုတာ သိသာ ထင်ရှားစေပါတယ်။ ဒီအခါမှာဘာသာစုံဂုဏ်ထူးထွက်ရှိသော်လည်း မိမိနှစ်သက်ရာ တက္ကသိုလ်သို့ တက်ရောက်ခွင့်မရသော နစ်နာဆုံးရှုးမှုများလည်း ကင်းရှင်းသွားမှာဖြစ်ပါတယ်။ နောက်ပြီး ကိုကြီးသောင်းနှင့် အတူမိဘများ ကျောင်းသားကျောင်းသူများယုံကြည်တာကေတော့ မိမိနှစ်သက်ရာ၊ ၀ါသနာပါရာ ဘာသာရပ်ကို မရမချင်းဝင်ခွင့်ဖြေဆိုကာ သင်ယူခွင့်ရရှိခြင်းကြောင့် ပညာရေးအပေါ် ယုံကြည်ကိုးစားစိတ်များတိုးပွားလာပြီး မှန်ကန်သောပညာရှင်များနှင့် တည် ဆောက် သောတိုင်းပြည် အဖြစ် အချိန်တိုအတွင့်ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ယုံကြည်ပါတယ်။

(ဂ) သက်မွေးဝမ်းကြောင်းသင်ကျောင်းများအမြန်ဖွင့်လှစ်ပေးခြင်း

ကိုကြီးသောင်းတို့ပတ်ဝန်းကျင်မှာရော မြန်မာပြည်တ၀ှမ်းမှာရော လူအများစုပြောလေ့ပြောထ၊ ကြားနေကျ စကားလေးတွေရှိပါတယ်။ အဲဒါကတော့ "သေစာရှင်စာဖတ်တတ်တော်ရောပေါ့ ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံကျောင်းထားနေမှလဲ၊ ဘွဲ့ရပြီးတော့လည်း ရွာပြန်ပြီး ကောက်စိုက် ရတာပါဘဲတို့"။ "ဟာကွာဒီနိုင်ငံမှာ ဘွဲ့ရတယောက်ဘာတန်ဖိုးရှိလို့လည်း ဆေးကျောင်းက ဆရာဝန်ဖြစ်လာတဲ့ ကောင်တွေတောင် ယောင်ချာချာနဲ့ဘာလုပ်ရမှန်းမသိဘူးတို့"၊ "ဘာဘွဲ့ရရ မထူးပါဘူးကွာ ဘွဲ့ရပြီးရင် မိဘလက်ငုတ်ပြန်လုပ်ရမှာပါဘဲတို့"၊ "ဘွဲ့ရပြီးအခွန်လွတ်ဈေးမှာ ဈေးရောင်းနေသူတွေတပုံကြီးတို့" "ကျုပ်ကဘွဲ့ရပြီးဘာလုပ်ရမှန်းမသိလို့ ဆိုင်ကယ် ကယ်ရီ ဆွဲနေတာ အခုဘွဲ့ရ၀န်ထမ်းတွေထက် နေ့တွက် ကိုက်တယ်တို့" ဆိုသောစကားတွေဟာ မကြားချင်မှအဆုံးပါ။ လက်ရှိကြုံတွေ့နေရသော ခေတ်နဲ့စနစ် အရ သူတို့ပြောတာတွေလည်း မှန်သလို ဒီလိုပြောစကားတွေကြောင့်လည်း မြန်မာ့ပညာရေးဟာ နိုင်ငံတွင်းနေ နိုင်ငံသူ နိုင်ငံသားများ ယုံကြည်မှုကင်းမဲ့လာပြီး နစ်သထက်နစ်လာရတာပါ။ 
 
 
လူအများစုဟာ ပညာရေးသည် မိမိတို့ ထွက်ရာပေါက်လမ်း၊ တိုးတက်ရာ တိုးတက်ကြောင်းလမ်း၊ မိမိဘ၀မြင့်တင် ပေးမည့် လမ်းလို့ အမြင်မရှိတော့ခြင်းဟာ တိုင်းပြည်ကျဆုံးခြင်း လို့ဘဲဆိုရပါမယ်။ ပြောလည်းပြောစရာ ပါဘဲ ကိုကြီးသောင်းတို့နိုင်ငံမှာ သက်ဆိုင်ရာပညာရေးအဖွဲ့မှ အောင်မြင်ပေါက်မြောက်ပြီးဟု ကြေညာခြင်း ခံထားရပြီး ဘွဲ့နှင်းခံထားရသူများမှာ ယနေ့ပြင်ပလောကတွင် မည်သည့်နေရာ မည်သည့် အလုပ်အကိုင်ကိုမျှ အဆင်ပြေပြေမရှိလှပေ။ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကလည်း ဘွဲ့ရပညာတတ် ဆိုသူများအပေါ်အယုံအကြည်မရှိ။ မရှိလောက်အောင်လည်း ဘွဲ့ရပညာတတ် များမှာ ကျောင်းမှ မည်သည့် ပညာမှပါမလာခဲ့ကြ။ လက်တွေ့လုပ်ဆောင်မှုသာမကဘဲ သီအိုရီလည်းမနိုင်နင်း။ ကျောင်းများ မှသင်ပေးလိုက်သည်ကလည်း ခေတ်နှင့်မလျော်ညီ၊ အင်ြမှာလည်း လုပ်ကိုင်စားလို့မရ။ ကျောင်းများ မှလည်း တတ်မြောက်အောင်သင်မပေးနိုင်ကြ၊ ကျောင်းသားကျောင်းသူ များကလည်း ရှေ့သွား ကျောင်းသားကြည့်ပြီး စာလုပ်လည်းမထူးပါဘူးကွာ ဆိုတာတွေး။ ဒီတော့ ရောက်လာသော ဘွဲ့ရ ၀န်ထမ်းများကို အလုပ်ရှင်များ၊ ကုမ္ပဏီများက လစာပေးပြီး ၄င်းတို့၏ပညာအရင်းအမြစ်၊ လူ့စွမ်းအား အရင်းအမြစ်သုံးစွဲရမည့်အစား ၄င်းတို့ကို လုပ်ငန်းခွင်ရောက်မှ လုပ်ငန်းခွင် ပညာပြန်သင်ပေး နေရသည်က လပေါင်းမြောက်များစွာဖြစ်ပြီး၊ အဆင်ပြေတာလည်းရှိသလို၊ အဆင်မပြေတာတွေလည်း အများကြီးပါ။ နည်းနည်းလေးလည်း ကျွမ်းကျင်တတ်မြောက်လောသောအခါ လစာပိုမိုပေးသော အခြားသောအလုပ် အခြားသော ကုမ္ပဏီသို့ပြောင်းရွေ့သွားတာတွေလည်းကြုံတွေ့နေရပါတယ်။
 
 
 နောက်ဆုံးတော့ အလုပ်ရှင်များ ကုမ္ပဏီများက ဘွဲ့ရဆိုသာသူများထက်၊ လက်မှတ်အသီးသီးရှိသူထက် လုပ်ငန်းကျွမ်းကျင်ပြီးသား တတ်မြောက်ပြီးသားသူကို အခြားသူများ၏လုပ်ငန်း၊ ကုမ္ပဏီမှ လစာ ကောင်းကောင်း၊ အခွင့်အရေးကောင်းကောင်းပေးပြီး ခေါ်ယူသုံးစွဲခြင်းကြောင့် ကျွမ်းကျင် အလုပ်သမား များ ရှားပါး လာပါတယ်။ ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်မြင့်တက်နေသော်လည်း ဘွဲ့ရ၊ လက်မှတ်ရ ကျောင်းပြီးပြီးသားတွေကိုတော့ တနေ့ထက်တနေ့ ၀န်ထမ်းခန့်ဖို့တွန့်ဆုတ်လာတဲ့ အတွက် ကြောင့်လည်း ယနေ့မြန်မာနိုင်ငံအတွင်းရင်ဆိုင်နေရတဲ့ပြသနာကတော့ ဘွဲ့ရ၊ လက်မှတ်ရ အလုပ်လက်မဲ့ များတနေ့ တခြား များပြားလာခြင်းပင်ဖြစ်သည်။ ဒီနောက်မှာတော့ ဘွဲရကောက်စိုက်၊ ဘွဲ့ရဆိုင်ကယ်ကယ်ရီဆွဲ၊ ဘွဲ့ရမိဘလက်ငုတ်ပြန်လုပ်တွေဖြစ်ကုန်ကြပြီး နိုင်ငံတွင်းနေ ပြည်သူ အများစုကလည်း ပညာရေးအပေါ် အထင်အမြင်လွဲမှား ကုန်တာဖြစ်ပါတယ်။ နိုင်ငံတကာမှာကတော့ အထက်တန်းပညာ သင်ကြား တတ်မြောက် ပြီးစီးသည်နှင့်တပြိုင်နက် သက်မွေးဝမ်းကြောင်းပညာ ကျောင်းများကိုတက်ရောက်ပြီး လုပ်ငန်းခွင်တိုက်ရိုက်ဝင်ရောက်ခါ ၀င်ငွေလစာရရှိပြီးဘ၀ကို တည်ဆောက်နိုင်သလို၊ မိမိနှစ်သက်ရာ တက္ကသိုလ်အသီးသီးသို့လည်း ၀င်ခွင့်စာမေးပွဲများဖြေဆိုပြီး ဆက်လက်တက်ရောက် သင်ကြားနိုင် ပါတယ်။
 
 ဒါအပြင် အသက်မွေးဝမ်းကြောင်းသင်ကျောင်းများနဲ့ တက္ကသိုလ်များကိုလည်း ဆက်လက် ပညာ သင်ကြားနိုင်ရန် ပေါင်းကူးများဖြင့်ချိတ်ဆက်ထားလို့ ပညာသင်ယူခွင့် အခွင့်အလန်းများဟာ ပွင့်လန်းနေ ပါတယ်။ ဒီနေရာမှာ သက်မွေး ၀မ်းကြောင်း ပညာသင်ကျောင်းများနှင့် တက္ကသိုလ်မှ ပညာသင်ကြားပုံချင်း ကွာခြားတာကို သတိပြု သိစေ လိုပါတယ်။ သက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းများကတော့ နိုင်ငံတကာမှာ (Polytechanic) လို့သုံးစွဲပြီ ဒေသတွင်းနိုင်ငံများမှာတော့ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားတို့မှာ တော်တော်လေး အရှိန်ရပြီးတိုင်းပြည်အတွက် ကျွမ်းကျင်ဝန်ထမ်းပေါင်း မြောက်များစွာ မွေးထုတ်ပြီး လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျအသုံးပြုနိုင်နေပါပြီ။ အနောက်နိုင်ငံတွေမှာကြတော့ institute တွေအထိပါပါတယ်။ ဒီကျောင်းတွေမှာက သီအိုရီထက် လုပ်ငန်းခွင်အတွင်းမှာ တွေ့ကြုံရမည့် အလုပ် အကိုင်၊ ရင်ဆိုင်ရမည့်အခက်အခဲ၊ ဖြေရှင်းရမည့်ပြသနာများကို စာတွေ့ထက် လက်တွေ့ ပိုင်းကို ပိုမိုဦးစားပေးပြီး လုပ်ငန်းများနှင့်ဆက်စပ်ပြီး စနစ်တကျ သင်ကြားပို့ချပေးခြင်းဘဲ ဖြစ်ပါတယ်။
 
 
 သုတေ သနလည်းလုပ်စရာမလိုသလို၊ ဒစ်ပလိုမာလက်မှတ်ရဖို့ ကျမ်းတင်စရာလည်း မလိုပါဘူး။ မိမိလုပ်ရမည့် လုပ်ငန်းကိုသာ ကျွမ်းကျင်အောင်သင်ကြားရမှာဖြစ်ပါတယ်။ ဒီကျောင်းတွေကဆင်းလာလို့ ကျွမ်းကျင် ဒီပလိုမာလက်မှတ်ရလာခဲ့ရင် သက်ဆိုင်ရာ လုပ်ငန်းရှင်များ ကုမ္ပဏီများက အဆင့်သင့်လူ့စွမ်းအား အရင်းအမြစ်ကိုသုံးစွဲနိုင်မှာဖြစ်တဲ့အတွက် လုပ်ငန်းမှာလည်း အဆင်ပြေ၊ ကျောင်းသားအတွက်လည်း လုပ်ငန်းခွင်မှာ လျောလျောလျူလျူ ရှိလာပါတယ်။ အနောက်နိုင်ငံများမှာဆိုရင် လုပ်ငန်းရှင်များ၊ ကုမ္ပဏီ များကလည်း ဒီလိုကျောင်းတွေနဲ့ချိတ်ဆက်ထားပြီး တက်ရောက်နေတဲ ကျောင်းသားတွေ ထံကို သွားရောက်ပြီး မိမိတို့ အလုပ်က မိမိတို့ကုမ္ပဏီက ဘာတွေလုပ်ကြောင်း၊ ရည်ရွယ်ချက် ဘယ်လို ရှိကြောင်း၊ ၀န်ထမ်းတယောက်အတွက် ခံစားခွင့်ကဘာတွေဘယ်လိုရှိကြောင်း၊ ၀န်ထမ်းတယောက် အတွက် ဘယ်လိုအာမခံချက်မျိုးပေးကြောင်း၊ ဘယ်လိုတက်လမ်းရှိကြောင်းတွေရှင်းပြပြီး လုပ်ချင်ကိုင် ချင်စိတ်ရှိသူတွေကို ၀န်ထမ်းစည်းမျဉ်းနဲ့အညီ အလုပ်လုပ်ဖို့လက်မှတ်ရေးထိုးနိုင်ကြောင်းပြောပြပြီး ကျွမ်းကျင်ဝန်ထမ်းများကိုခေါ်ဆောင်ပါတယ်။ အချို့အလုပ်ရှင်နဲ့ ကုမ္ပဏီများဟာဆိုရင် ၀န်ထမ်း လုပ်မည့် သူနှင့် နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပြီးရင် ကျောင်းတက်နေဆဲကလမှာတောင် ထောက်ပံ့ငွေချီးမြင့် တာ ကိုလည်းတွေ့ရပါတယ်။ ဒီအတွက်ကြောင့် အထက်တန်းပညာ ပြီးဆုံးအောင်သင်ကြားပြီးစီးရင် ဘ၀ရပ်တည်မှုအတွက်လုံလောက်တယ် ဆိုတဲ့ခံယူချက်များ ရှိလာကာပညာကို ကြိုးစားသင်ယူကြခြင်း ဘဲဖြစ်ပါတယ်။

နောက်ပြီးအသက်မွေးဝမ်းကြောင်းပညာရပ်များနဲ့ တက္ကသိုလ်ကွာခြားချက်ကတော့ တက္ကသိုလ် ဆိုတာက သင်ကြားထားတာလေးကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ရေးထက်၊ လုပ်ငန်းခွင်မှာ အသုံပြုနိုင်ရေးထက် ကိုယ်သင်ကြားရတဲ့ဘာသာရပ်အပေါ်မှာ ဒီထက်ဘယ်လိုပိုမိုတိုးတက်အောင်၊ ကောင်းမွန်အောင်ဆိုသော အတွေးအခေါ်များ၊ အသစ်တွေ့ရှိချက်များ၊ အသစ်လုပ်ဆောင် ချက်များကို သုတေသနပြု၊ ဘွဲ့ယူကျမ်း တင်ပြပြီးမှ ဘွဲ့တစ်ခုကိုရရှိပါတယ်။ အနောက်နိုင်ငံ တွေမှာတော့ ပထမဘွဲ့ကိုတောင်မှ ဘွဲ့ယူ သုတေသန ကျမ်းတင်ပြ အကဲဖြတ်အောင်မြင်ပြီးမှ ဘွဲ့ပေးပါတယ်။ ဒီအတွက်ကြောင့် စီးပွားရေး ပညာဘွဲ့၊ ဥပဒေပညာဘွဲ့၊ ဆေးပညာရပ်ဆိုင်ရာဘွဲ့ အစရှိသည်တို့က ဘွဲ့ရပြီးအလုပ်လုပ်နိုင်တာ ကလွဲရင် ကျန်သောဘာသာရပ်တော်တော် များများဟာလည်း အနောက်နိုင်ငံများမှာ ဘွဲ့ရပြီးရင် အလုပ်ရှား ပါတယ်။ 
 
 
ကျန်သော ဘာသာရပ်များနဲ့ တက္ကသိုလ်တက်ရောက် သူအများစုက တက္ကသိုလ် အသီးသီးမှာ ဆက်လက်ပြီး ဆရာ၊ ဆရာမ၊ သုတေသနပညာရပ်များနဲ့ အသက်မွေးဝမ်းကြောင်း ပြုမည့်သူများသာ များကြပါတယ်။ မဟာဘွဲ့လောက်ရရှိပြီးရင် လစာလည်းပိုမိုများပြားလာသလို၊ ထိုက်တန်သော အလုပ်ကလည်းပိုပြီးရှားလာပါတယ်။ ကိုကြီးသောင်း ဂျာမနီနိုင်ငံမှာ ပါရဂူဘွဲ့အတွက် သုတေသန လုပ်တော့ သုတေသနကျွမ်းကျင်ဝန်ထမ်း ဂျာမန်မိတ်ဆွေတစ်ယောက်ကမေးပါတယ်။ မင်းတို့ ဘာကြောင့် ဒီဘွဲ့အထိအချိန်ကုန်ခံတက်နေကြတာလဲဆိုတဲ့မေးခွန်းပါ၊ ဒီဘွဲ့ရပြီးရင် ထိုက်တန်သော အလုပ်ရှားတယ်ဆိုတာမသိဘူးလားလို့ပြောတော့၊ ကိုကြီးသောင်းက ပြန်ပြော ပြရတယ်၊ ကိုယ်တို့နိုင်ငံကတော့ ဒီဘွဲ့ရမှအလုပ်ရတယ်၊ ရာထူးတိုးတယ် ဒီအတွက် ဒီဘွဲ့ရအောင်ယူရတယ်၊ ဒီနိုင်ငံမှာလည်းကိုယ်တို့နေမှာမဟုတ်ဘူးလို့ပြောပြတော့၊ မိတ်ဆွေက ပြုံးနေတာတွေ့တော့ အနေခက်မိ တယ်။ ကိုကြီးသောင်းပညာသင်စဉ်ကာလတုန်းက ဘာလင်မြို့ မှာဆနပြပွဲတစ်ခုကို တီဗီသတင်းတခုမှာ ကြည့်လိုက်ရတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေကဦးဆောင်လုပ်တာပါ။ 
 
လက်ရှိအစိုးရရဲ့ ပေါ်လစီက ဘွဲ့ရများကို အလုပ်လက်မဲ့တိုးပွား လာစေသည့်အတွက် မကျေနပ်လို့ ဆနပြကြခြင်းပါ။ ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် ကျောင်းသား၊ ကျောင်းသူအားလုံး အ၀တ်ဗလာနဲ့ လမ်းပေါ်မှာ ထွက်လမ်းလျောက်ဆနပြကြတာပါ ကျောင်းသူတွေရဲ့ ရင်သားပေါ်မှာ လည်း For sale ဆိုတဲ့ စကားလုံး ကိုရေးထားတာတွေ့ရပါတယ်။ အစိုးရက ဘွဲ့ရတွေကို အလုပ်မဖန်တီးပေးနိုင်လို့ ကိုယ်ခနာရောင်းစား ရတော့မယ် ဆိုတဲ့သဘောပါ။ တက္ကသိုလ်ဘွဲ့ဆိုတာရဲ့သဘောက တွေးမယ်ခေါ်မယ်၊ တီထွင်မယ်၊ ဖန်တီးမယ်၊ သုံးသပ်မယ်၊ ဘယ်လိုလုပ်သင့်တယ် ဆိုတာကိုသင်ကြားပေးတာပါ။ လုပ်ငန်းခွင်အလုပ်တွေ ကျွမ်းကျင်အောင်သင်ပေးတာမဟုတ်ဘူးဆိုတာ နားလည်ရပါ့မယ်။ 
 
 
ကိုကြီးသောင်းဆိုလိုချင် တာတွေက တိုင်းပြည်ရဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်လုပ်သားတွေရှားပါးတယ်။ ဒီတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတယ်။ ဘွဲ့ရပေါတယ်၊ လုပ်ငန်းကျွမ်းကျင်မှုမရှိဘူး၊ ဒီတော့ လုပ်ငန်းရှင်နဲ့ ကုမ္ပဏီကမသုံးဘူး။ နောက်ဆုံးဘွဲရအလုပ်လက်မဲ့ပေါများတယ်ဆိုတဲ့ ကိန်းဆိုက်ရောက်လာပြီးတော့ နိုင်ငံအတွင်းနေ မိဘများနှင့် ကျောင်းသားကျောင်းသူများ ပညာရေးကို အထင်သေးအမြင်သေးနဲ့ သင်ယူ လိုစိတ်ကင်းမဲ့လာခြင်းဟာ တိုင်းပြည်နိမ့်ကျလာခြင်း ပါဘဲ။ ကိုကြီးသောင်း အကြံပြုတင်ပြအမြန်ဆုံး အကောင်အထည် ဖော်စေချင်တာကတော့ တက္ကသိုလ်ဝင်တန်း Grade အသီးသီးနဲ့ အောင်မြင်လာကြ သူတွေအတွက် အလုပ်လက်မဲ့ မဖြစ်ရလေအောင်၊ လုပ်ငန်းများ၊ ကုမ္ပဏီများ လည်ပတ်မှု သွက်လက် ဖွံ့ဖြိုးလာစေအောင် အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးသော ကျောင်းများ institute များ အမြန်ဆုံး ဖွင့်လှစ်ပေးရပါမယ်။ မြန်မာပြည်မှာလွန်ခဲ့သောနှစ်များစွာဆီက အသက်မွေးဝမ်းကြောင်း ပညာသင်ကျောင်းတွေ အောင်မြင်စွာဖွင့်လှစ်ပြီး ကျွမ်းကျင်ဝန်ထမ်းတွေမွေးထုတ်ကာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာနဲ့ အောင်အောင်မြင်လုပ်ဆောင်ခဲ့တာ မဝေးသောအတိတ်ဆီမှာ ရှိခဲ့ဘူးပါတယ်။ 
 
 
စက်မှုသိပ္ပံ၊ စိုက်ပျိုးရေးသိပ္ပံ၊ ဆရာအတတ်သင်သိပ္ပံ၊ မွေးမြူရေးဆိုင်ရာသိပ္ပံ၊ ပြည်သူ့ကျန်းမာရေးသိပ္ပံ၊ ဓာတ်ခွဲခန်းကျွမ်းကျင်မှုသိပ္ပံ၊ သူနာပြုသိပ္ပံ၊ သားဖွားမီးယပ်ကျောင်း၊ ယွန်းသိပ္ပံ၊ ကွန်ပြူတာသိပ္ပံ၊ ဘဏ်လုပ်ငန်းဆိုင်ရာကျောင်း၊ ကူးသန်းရောင်းဝယ်ရေးကျောင်း၊ ယကန်းကျောင်း၊ အစားအသောက်နှင့် နည်းပညာကျောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ နည်းပညာကျောင်း၊ အစရှိသော သက်မွေးဝမ်း ကြောင်း ပညာသင်ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်ပေးခြင်းဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချနိုင် မည်ဖြစ်ကာ မြန်မာ့ပညာရေးကို နိုင်ငံသားတိုင်းယုံကြည်ကိုးစား သင်ကြားလာချင်အောင် ပြုပြင်ပြောင်း လဲရမှာဖြစ်ပါတယ်။


နောက်ဆုံးအနေနှင့် ကိုကြီးသောင်းအကြံပြုတင်ပြလိုတာကတော့ မြန်မာပညာရေးပြုပြင် ပြောင်းလဲရန် အခြေအနေအချိန် အခါပေးနေတဲ့ အချိန်မှာ ပညာရေးမှ တာဝန်ရှိသူများအနေဖြင့် အထက်မှာ တင်ပြ ထားသည်များကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ နှိုးဆော်တိုက်တွန်း ပါတယ်။ ဒီလိုမှမဟုတ်ဘဲ မရေ ရာသော၊ ဆုံးဖြတ်ချက်ပီပီပြင်ပြင်မချနိုင်သောအစည်းအဝေးများ၊ အလုပ် မလုပ်နိုင်သောကော်မတီများ၊ အချိန်ဖြုန်း၊ ငွေဖြုန်းနေသော အလုပ်ရုံဆွေးနွေးပွဲများ၊ ရှေးရိုးစွဲပညာရေးအကြံပေးများနှင့်သာ မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲမှုကို ရဲရဲဝံ့ဝံ့ မဆောင်ရွက် နိုင်ပါက နိုင်ငံတွင်းရှိပြည်သူများ မြန်မာ့ပညာရေး အပေါ် တနေ့တခြားယုံကြည်မှု ကင်းမဲ့ လာခြင်းကို ဦးတည်စေမှာ ဖြစ်ပါတယ်။ ဒီရဲ့နောက်ဆက်တွဲ ဆိုးကျိုးကတော့ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကာကွယ်ရေး အစရှိသည်တို့ပါ တဆက်တည်း ချွတ်ခြုံကျလာပြီး နိုင်ငံတကာ အလယ်မှာမဆိုထားနှင့် အာဆီယံအဆင့်မှာတောင် ခေါင်းမြီးခြုံထဲက မထွက်ရဲသော ဘ၀ ရောက်နိုင်ကြောင်း သတိပြုစေလိုပါတယ်။


ကိုကြီးသောင်း
၂၆-၇-၂၀၁၄ မောက္ခပညာရေးမဂ္ဂဇင်း


0 comments:

Post a Comment