18 Jul 2014

ကိုယ်ပိုင် အစွမ်းအစနဲ့ ကိုယ့်ဘ၀ ကိုယ်ဖန်တီးပါ


 
လူတိုင်းမှာ ပင်ကိုယ်စွမ်းရည် (Talent) လို့ခေါ်တဲ့ ကိုယ်ပိုင်အစွမ်းအစ တွေ ရှိကြပါတယ်။ ပင်ကို စွမ်းရည် ဆိုတာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်း ပါရှိနေတဲ့ အားသန်ရာ စွမ်းရည်တစ် ရပ်ပါ။ လူတစ်ယောက်ရဲ့ ပါရမီထူး၊ လူတစ်ယောက်မှာ ပါရှိနေတဲ့ အထုံဝါသနာထူး လို့လည်း ပြောလို့ရပါတယ်။ ငယ်စဉ်ကတည်းက ထူးထူးခြားခြား လုပ်ချင်ကိုင်ချင်နေတဲ့ အရာတွေ၊ သူတစ်ပါးထက် သာသာလွန်လွန်လေး လုပ်ဆောင်နိုင်တယ် ဆိုတဲ့အရာတွေ၊ လုပ်နေရရင်လည်း စိတ်အားထက်သန်ပြီး ပျော်ရွှင်နေ တယ်ဆိုတဲ့ အရာတွေဟာကိုယ့်မှာ ရှိနေတဲ့ သဘာဝကပေးထားတဲ့ ပင်ကို စွမ်းရည်ပဲ ဖြစ်ပါတယ်။


ကိုယ့်ရဲ့ "ကိုယ်ပိုင်အစွမ်းအစကို ရှာဖွေသိရှိခြင်း" ဟာ ဘ၀အောင် မြင်တိုးတက်ရေးအတွက် အရေး အကြီးဆုံး လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကြီးပွားတိုး တက်အောင်မြင်လိုသူတိုင်းဟာ "ငါ့မှာ ဘာအရည် အချင်း တွေရှိသလဲ၊ ငါ့ရဲ့ပင်ကိုစွမ်းရည် (Talent)တွေကဘာလဲ၊ ဘာအစွမ်းအစ တွေငါ့မှာရှိသလဲ" လို့ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ရှာဖွေဆန်းစစ် ရပါလိမ့်မယ်။ စစ်တမ်းကောက် ရပါလိမ့်မယ်။


လူအများစုကတော့ ကိုယ့်ရဲ့ကိုယ်ပိုင် အစွမ်းအစတွေကို မသိကြပါဘူး။ သိအောင်လည်း ရှာဖွေဆန်းစစ် မှုတွေ မပြုလုပ်ကြပါဘူး။ ကိုယ့်ခန္ဓာ ကိုယ်ထဲမှာ ကိန်းအောင်းနေတဲ့ ပင်ကို အရည်အချင်းတွေကို သတိ မပြုမိကြပါဘူး။ တချို့ကြတော့လည်း ကိုယ့်ရဲ့ ပင်ကိုအရည်အချင်းတွေကို သိတော့သိကြ ပါတယ်။ ဒါပေမယ့် ဒီအရည်အချင်းတွေကို ထုတ်မသုံးနိုင် ကြပါဘူး။ ဒါကြောင့် လည်းလောကမှာလူအများစုဟာ အောင်မြင်တိုးတက်မှုတွေ မရရှိကြတာ ပဲဖြစ်ပါတယ်။


တကယ်တော့ ဘ၀အောင်မြင်မှုရဲ့လမ်းစဟာ ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းရည်နဲ့ ကိုယ်တွင်းမှာရှိတဲ့ အရည် အချင်းတွေကို ရှာဖွေဖော်ထုတ်နိုင် ဖို့ဖြစ်ပါတယ်။ ဒါဟာအောင်မြင်လိုသူတိုင်းရဲ့ အဓိကကျတဲ့ ပထမ ဆုံးသော အလုပ်ပါပဲ။ လူ့လောကကို ရောက်ရှိလာကြတဲ့ လူသားတိုင်းမှာ လောက သဘာဝကြီး က ပေးထားတဲ့စွမ်းရည်တွေ ကိုယ်စီရှိနေကြပါတယ်။ ဒါတွေ ကို ဖော်ထုတ် အသုံးချပြီး တိုးပွားအောင် လုပ်နိုင်တဲ့လူတိုင်းဟာ လောကမှာ ထိပ်တန်းအောင်မြင် မှုတွေကို ရရှိတဲ့လူသားတွေ ဖြစ်လာကြပါတယ်။


ရူပဗေဒပညာရှင်ကြီး အဲလ်ဘတ်အိုင်းစတိုင်း၊ စာပေပညာရှင် ရှိတ်စပီးယား ၊ ပန်းချီအနုပညာရှင်ကြီး ပီကာဆို ၊ လီယိုနာဒိုဒါဗင်ချီ၊ တီထွင်ပါရဂူ သောမတ် အက်ဒီဆင်၊ ကမ္ဘာကျော်ဟာသပညာရှင် ချာလီချက်ပလင်၊ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်၊ အဆိုတော်မင်းသမီး မက်ဒေါနား၊ ရုပ်ရှင်မင်းသားကြီး အာနိုး၊ ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချမ်း၊ မိုက်ကယ်ဂျော်ဒန်၊ ဒေးဗစ်ဘက်ခမ်း၊ တိုက်ဂါးဝုဒ်၊ ပီလီ၊ မာရာဒိုးနား၊ မိုဟာမက်အလီ စတဲ့အားကစားသမားတွေ၊ ကမ္ဘာကျော် ကွန်ပျူတာ လုပ်ငန်းသူဌေးကြီး ဘေလ်ဂိတ် စသဖြင့်နယ်ပယ်အသီးသီးမှာ ကျော်ကြား အောင်မြင်သူတွေ ပြောမကုန်အောင် အများကြီး ရှိပါတယ်။ ဒီလိုအားကစားချန်ပီယံတွေ၊ ပန်းချီအနုပညာကျော်တွေ၊ သိပ္ပံပါရဂူတွေ၊ နိုင်ငံရေးခေါင်းဆောင် ကြီးတွေ၊ စာပေပညာရှင်တွေ၊ နိုဘယ် ဆုရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအားလုံးဟာ သူတို့ရဲ့ ပင်ကို စွမ်းရည်တွေကို သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးချပြီး ကိုယ့်ဘ၀ကို ထိပ်တန်းရောက်အောင် ဖန်တီးခဲ့ကြသူတွေချည်းဖြစ်ကြပါတယ်။


ပင်ကိုစွမ်းရည် (Talent) ကို အခြေခံပြီးသူတို့လို ထိပ်တန်းအောင် မြင်သူတွေဖြစ်အောင် ကျွန်တော်တို့ အားလုံးဖန်တီး ယူလို့ရပါတယ်။ အရေး ကြီးတာ က ကိုယ့်မှာရှိတဲ့ Talent ကို ကိုယ်တိုင်သိနိုင်ဖို့ပါပဲ။ ကိုယ့်မှာ ဘာအရည် အသွေး၊ အစွမ်းအစတွေ ရှိနေသလဲ။ ကိုယ့်မှာဘာ Talent တွေရှိသလဲ။ ပန်းချီ မှာလား၊ ဂီတအနုပညာ ဘက်မှာလား၊ အဆိုအကလား၊ စီးပွားရေးလား၊ အားကစားဘက်မှာ ထူးချွန်တာ လား၊ ဆရာဝန် ဖြစ်ချင်တာလား၊ စာရေး ဆရာလားစသဖြင့်ပေါ့။ အခုပဲ စဉ်းစားရှာဖွေကြည့် ပါ။


နယ်ပယ်တစ်ခုခုမှာ ထူးထူးချွန်ချွန်ဖြစ်အောင် လုပ်မယ်ကြံရင်ကိုယ့်မှာ ထူးထူး ချွန်ချွန်ဖြစ်အောင် လုပ်ဆောင်နိုင်မယ့် ပင်ကိုစွမ်းရည် Talent ဘာတွေရှိသလဲ ဆိုတာကို ပထမဦးဆုံး လေးလေးနက်နက် ရှာဖွေဖို့တော့ လိုပါတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘ၀တစ်ခုလုံးကို အဲ့ဒီစွမ်းရည်တွေနဲ့အတူ မြှုပ်နှံကြိုးစားရမှာ ဖြစ်လို့ပါပဲ။


ကိုယ့်မှာရှိတဲ့ စိတ်ခွန်အားတွေ အားလုံးကို ကိုယ်ဝါသနာပါတဲ့အရာ၊ ကိုယ်ပါရမီပါတဲ့အရာ၊ ကိုယ်ပျော်မွေ့ ရာမှာ တစိုက်မတ်မတ် စုစည်းပြီး စိုက်ထုတ်ကြိုးစားရင်အထွတ်အထိပ်ရောက်မှာမလွဲပါပဲ။ ကိုယ့်ရဲ့ ပင်ကိုယ် စွမ်းရည်၊ ပါရမီထူးကို ရှာဖွေနိုင်ဖို့အတွက်အထောက်အကူပြုမယ့် အဓိက မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ်မေးမြန်းပါ။


- ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာ၊ စိတ်အားထက်သန်တဲ့အရာ၊ ၀ါသနာ ပါတဲ့အရာ၊
- လုပ်နေရရင် ပျော်နေစေတဲ့အရာ၊ နှစ်ခြိုက်နေတဲ့အရာ၊
- ကိုယ့်မှာ ပါရမီရှိတယ်လို့ ယူဆယုံကြည်ထားတဲ့အရာ၊
- ကိုယ့်မှာနဂိုမူလကတည်းကသူများထက်ပိုပြီးထူးခြားတဲ့ အစွမ်း အစလေးပါလာတယ်လို့ ယူဆယုံကြည် ထားတဲ့အရာ ဘာတွေများရှိသလဲ လို့ ရှာဖွေဆန်းစစ်ပါ။


သေချာရှာဖွေရွေးချယ်ပြီးပြီ ဆိုရင်တော့ အဲ့ဒီအရာ၊ အဲ့ဒီအလုပ်၊ အဲ့ဒီနယ်ပယ် မှာတစ်ဘ၀လုံးကို ပုံအပ်ပြီး တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်ပေတော့။ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ကိုယ့်မှာရှိတဲ့ ပါရမီထူးကို ကြိုးစားရှာဖွေဖော် ထုတ်နိုင်သူတိုင်းအတွက် လောကမှာ "မဖြစ်နိုင်" ဆိုတဲ့ အရာ လုံးဝမရှိနိုင် ပါဘူး။


လူတိုင်းမှာရှိတဲ့ အစွမ်းအစတွေ၊ အရည်အချင်းတွေဟာ တစ်ယောက် နဲ့တစ်ယောက် တူညီမှာတော့ မဟုတ်ပါဘူး။ တချို့က Talent တွေ နည်းနည်း ပဲရှိပေမယ့် တချို့မှာအများကြီး ရှိနေတတ်ပါတယ်။ သေးငယ်ချင် လည်းသေး ငယ်မယ်၊ ကြီးကျယ်ချင်လည်း ကြီးကျယ်မယ်။ ဒါပေမယ့် နည်းပါးတာ၊ သေး ငယ်တာ အကြောင်းမဟုတ်ပါဘူး။ ကိုယ့် Talent ကိုယ် သိရှိပြီး တိုးပွား လာအောင် ကြိုးစားပျိုးထောင် မယ်ဆိုရင် ကိုယ်စွမ်းကိုယ်စတွေက ထက်မြက် လာမှာဖြစ်ပါတယ်။ ဒီလိုထက်မြက်လာတဲ့ ကိုယ်စွမ်း ကိုယ်စတွေက အောင်မြင် တဲ့ဘ၀ကိုဖန်တီးပေးနိုင်မယ့် ကိုယ်ပိုင် အရည်အသွေးတွေပါပဲ။


လူတစ်ယောက်မှာ ပင်ကိုဗီဇ Talent အနေနဲ့ ဘယ်လောက်ပဲ စွမ်းရည်ရှိတယ်၊ ဘယ်လောက်တော်တယ် ဆိုတဲ့အချက်ရှိရုံနဲ့တင် မပြီးသေးပါဘူး။ နဂိုရှိနေပြီးသား ပင်ကိုစွမ်းရည်ကို သိပေမယ့် ဘာမှမလုပ်ဘဲ ပစ်ထားရင်ဘာမှဖြစ်မလာနိုင်ပါဘူး။ ဒီပင်ကိုစွမ်းရည်ကနေ စွမ်းအား တွေထွက်ပေါ်လာအောင် လေ့ကျင့်ပျိုးထောင် ဖို့တော့ လိုပါတယ်။


ဒီအတွက်ကိုယ်လုပ်ချင်တဲ့အလုပ်၊ ကိုယ်ဝါသနာပါရာ ကိုယ်ရွေး ချယ်ထားတဲ့ နယ်ပယ်နဲ့ ပတ်သက်သမျှ အသိပညာ၊ ဗဟုသုတ (Knowledge) တွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုက်စားရမှာပါ။ သဘာဝက ပေးထားပြီးသား ကိုယ်ပိုင်အရည်အသွေး Talent တွေကို တိုးပွားအောင် လုပ်ဖို့ဆိုတာ ပညာ ဆည်းပူး လေ့လာမှုတွေနဲ့ ပေါင်းစပ်ပေးမှသာဖြစ်မှာပါ။ လေ့လာခြင်း၊ သင်ယူခြင်းဆိုတာ အောင်မြင်မှုအတွက် သိပ်ကို အရေးကြီးတဲ့ အခြေခံအချက်ပါပဲ။ မလေ့လာမသင်ယူရင် ဘာအသိပညာမှရှိမှာ မဟုတ်ပါဘူး။ အသိပညာမှမရှိရင် ဘာမှလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။


လူအများစုဟာ ကိုယ့်ရဲ့ပင် ကိုအစွမ်းအစနဲ့ အရည်အသွေးတွေကို တိုးပွား များပြားလာအောင် ပြုစုပျိုးထောင်ပေးတာမျိုး မလုပ်ကြဘဲ "ဘ၀မှာအောင်မြင်ဖို့ဆိုတာ လုပ်တိုင်းဖြစ်တာမဟုတ်ဘူး၊ လူတိုင်းဟာ သူ့ကံနဲ့သူလာကြတာပါ" လို့ ကံကြမ္မာကိုပုံချပြီး ကြိုးစားအားထုတ်မှု မလုပ်ကြ တာကတော့ စိတ်မကောင်းစရာပါပဲ။ သူတို့က " လူ့ဘ၀ဆိုတာ ဖြစ်ချိန်တန်ရင် သူ့အလိုလိုဖြစ်လာလိမ့်မယ်" လို့ ခံယူထားကြပါတယ်။ ဒီအယူအဆဟာ ကိုယ့်ရဲ့ ပင်ကိုအစွမ်းအစနဲ့ ကိုယ့်ဘ၀ကို ကိုယ်တိုင် အညွှန့်တုံးအောင် လုပ်သူတွေရဲ့ အတွေးအခေါ်ပဲ ဖြစ်တယ်လို့ ပြောပါရစေ။


အောင်မြင်မှုဆိုတာ သူတို့ခံယူထားသလို ကံကြမ်္မာ အကျိုးပေးတစ်ခု တည်းကြောင့် မဟုတ်ပါဘူး။ သူ့အလိုလိုနေရင်း ထိုင်ရင်း ထူးကဲအောင်မြင် သွားတာမျိုးလည်း မဟုတ်ပါဘူး။ အလှဆုံး၊ အကောင်းဆုံး ပန်းဥယျာဉ်ကြီး ကိုလိုချင်ရင်အပင်ပန်း ခံပြီး ရေလောင်း၊ ပေါင်းသင်၊ မြေဆွ၊ စိုက်ပျိုးရပါ တယ်။ မြေတောင်မြှောက်ရ ပါတယ်။ ပြုစုပျိုးထောင်ရပါတယ်။


ဒီလိုပါပဲ၊ လူတစ်ယောက်ရဲ့ ငယ်စဉ်က ပါလာခဲ့တဲ့ အထုံပါရမီ ကလေး၊ ပင်ကိုယ်ဗီဇ စွမ်းရည်လေးကို အသိပညာ ဗဟုသုတတွေနဲ့ ပြုစု ပျိုးထောင်ခြင်း၊ မြေတောင်မြှောက်ပေးခြင်း၊ ပံ့ပိုးပေးခြင်းတို့ကို ပြုလုပ်ပေးရပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ပင်ကို စွမ်းရည်လေးက အရောင်တောက် ပြောင်လာမှာဖြစ် ပါတယ်။


ပင်ကိုစွမ်းရည်ကို အသိပညာနဲ့ ပံ့ပိုးအားဖြည့်ပြီးပြီဆိုရင် ကျွမ်းကျင် ပိုင်နိုင်မှု (Skill) တွေ ပိုမိုဖြစ်ထွန်း လာအောင် အထပ်ထပ်လေ့ကျင့် ဖို့လည်းအဓိကကျပါ တယ်။ ဒီကျွမ်းကျင်မှုတွေနဲ့ သက်ဆိုင်ရာ နယ်ပယ် မှာ ထိပ်ဆုံးကိုရောက်အောင် မလျော့သောဇွဲလုံ့လနဲ့ စွဲစွဲမြဲမြဲ အားထုတ်လုပ် ဆောင်ရပါလိမ့်မယ်။ ယနေ့ကမ္ဘာပေါ်က နယ်ပယ်အသီးသီးမှာ ထိပ်တန်း ရောက်အောင်မြင်နေကြ သူတိုင်းဟာ သူတို့ရဲ့ နယ်ပယ်မှာ အားကောင်းမှု (Strength) ထိပ်ဆုံးဖြစ်နေအောင် အပင်ပန်းခံပြီး အစဉ်တစိုက် လေ့ကျင့် အားထုတ်လုပ်ကိုင် သူတွေပါပဲ။


လောကမှာ ကိုယ့်ဘ၀ကိုကိုယ် ထိပ်တန်းရောက်အောင် ဖန်တီးနိုင်ကြတဲ့ ပုဂ်္ဂိုလ်ကြီးတွေဟာ သူတို့ရဲ့ မွေးရာပါ ရှိနေတဲ့ ပင်ကိုယ်ဗီဇစွ မ်းရည် လေးကို အချိန်ပေး အာရုံစိုက်၊ အသိပညာ ဗဟုသုတ တွေဖြည့်ဆည်း၊ ကျွမ်းကျင်မှုတွေဖြစ်အောင် တစိုက်မတ်မတ် လေ့ကျင့်ယူ၊ နှစ်ပေါင်းများစွာ ကိုယ်ရော စိတ်ပါ မြှုပ်နှံပြီး အားထုတ်လုပ်ဆောင်ခဲ့ကြသူတွေပါပဲ။ ဒီလို လုပ်ဆောင်ခဲ့ကြလို့ လူအများအံ့သြ ရလောက်တဲ့ အောင်မြင်မှုတွေ၊ ပီပြင် ပြောင်မြောက်တဲ့ အနုပညာလက်ရာတွေ၊ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတဲ့ တီထွင်မှုတွေ၊ အတွေးအခေါ်တွေ၊ အယူအဆသစ်တွေကို ဖန်တီးထုတ် လုပ်နိုင်တဲ့ ပါရမီရှင်ကြီးတွေ ဖြစ်လာကြတာပေါ့။
 


ဒါကြောင့် လောကမှာအောင်မြင်တဲ့လူသားတစ်ဦးဖြစ်ဖို့ဆိုရင် ကိုယ်စွမ်း ကိုယ်စနဲ့ ကိုယ့်ဘ၀ကို ကိုယ်တိုင်ဖန်တီး တည်ဆောက်ဖို့လိုပါတယ်။ ဘယ်သူမဆို နည်းလမ်းမှန်မှန်ကန်ကန်နဲ့ တစ်ဆင့်ချင်းစီ အားထုတ်လုပ် ဆောင်ရင် ကံကြမ္မာရဲ့ စီမံရာအတိုင်းနေတဲ့ သူမဟုတ်ဘဲ၊ ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးထိန်းချုပ်နိုင်တဲ့ သူတွေဖြစ်လာမှာပါ။ ကိုယ့်ရဲ့ဘ၀ အောင်မြင်မှုကို ကိုယ်တိုင်ပဲတည်ဆောက်ရမှာ ဖြစ်ပါတယ်။


"အတ္တာဟိ အတ္တနော နာထော" - မိမိကိုယ်သာ ကိုးကွယ်အားထား ရာဖြစ် တယ်လို့ မြတ်ဗုဒ္ဓက ဟောကြားခဲ့ပြီးသားပါ။ ကိုယ့်ရဲ့ ပင်ကိုအစွမ်း အစတွေနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘ၀ကိုယ် ဖန်တီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပေမယ့် လူတိုင်း လုပ်ဆောင်နိုင် ပါတယ်။ ဒါပေမယ့်လူတကာထက်တော့ အပင်ပန်းခံရ မယ်၊ ဇွဲရှိရမယ်၊ စိတ်ဓာတ်ပြင်းပြ ထက်သန်ရ မယ်။


အောင်ြမင်မှုကိုလက်ဆောင်ပေးလို့မရပါဘူး။ အမွေပေးလို့လည်းမရပါဘူး။ ၀ယ်ယူလို့လည်းမရပါဘူး။ ကိုယ်တိုင်ကကိုယ်ပိုင်အစွမ်းအစနဲ့ လုပ်မှရပါတယ်။ ဒါကြောင့်အခုချိန်ကစတင်ပြီးကိုယ့်ရဲ့ ကိုယ်စွမ်း ကိုယ်စတွေ ကို အပြည့်အ၀ ရှာဖွေဖော်ထုတ် အသုံးချကာ ထူးခြားပြောင်မြောက်တဲ့ ဘ၀ကို ဖန်တီး တည်ဆောက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။


Let's Fly Together!

ဖူးကျော်ဇင် (Future Wave) JOB seekers Journal Vol.3,No.5

0 comments:

Post a Comment