2 Sept 2014

MPT (၁၅၀၀) တန် Sim Card မှောင်ခိုဈေး (၈) ဆနီးပါး မြင့်တက်

ရန်ကုန်
ထက်ဝေထွန်း

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) သမိုင်းတ လျှောက် ပထမဦးဆုံး အကြိမ် လက်လီ ရောင်းချသော (၁၅၀၀)တန် Sim Card များမှာ စတင် ရောင်းချသည့် နေ့တွင် မှောင်ခိုဈေး ရှစ်ဆနီးပါး မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။(၁၅၀၀) တန် MPT Sim Card များသည် ပြင်ပတွင် ကျပ် (၁၁၅၀၀) အထိ ဈေးနှုန်း မြင့်တက် သွားကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရသည်။ ဆိုင်ကလည်း ဒီနေ့ မရာင်းတော့ဘူး။ မနက် ကတည်းက ထပ်ထားတဲ့ သူတွေလည်း မရလို့ စောင့်နေ တာ အများကြီးပဲ။ 
 
ပွဲစားတွေ ဆီကနေ Sim Card ရယ်၊ ငွေဖြည့်ကဒ်ရယ် (၁၆၅၀၀) ပေးပြီး ၀ယ်လိုက်တယ်ဟု လေးထောင့်ကန်မြို့နယ်မှ လာရောက် ၀ယ်ယူသူတစ်ဦးက ပြောသည်။ MPT Sim Card ရောင်းချ နေသော အရောင်းဆိုင် တချို့၏ အနီးတွင် မှောင်ခို ဈေးကွက် ဖြစ်ပေါ်နေကြောင်း Sim Card ၀ယ်ယူသူများ ထံမှ သိရသည်။ လက်ရှိ ရောင်းချနေသော MPT ၏ ကျပ် (၁၅၀၀)တန် Sim Card တွင် အင်တာနက် ဖွင့်ပေးထားခြင်း မရှိကြောင်း၊ အင်တာနက် ဖွင့်လိုပါက ကျပ် (၁၀၀၀၀) ဖြင့် ဖွင့်နိုင်ကြောင်း သိရသည်။


Sim Card ၀ယ်ယူယူ များပြားသောကြောင့် တန်းစီကာ စောင့်ဆိုင်းခြင်း မပြုလုပ် လိုသူများက (၁၁၅၀၀) ကျပ် အထိပေးကာ ၀ယ်ယူမှုများရှိ နေကြောင်း Sim Card ၀ယ်ယူသူများ ထံမှ သိရသည်။ ပြီးခဲ့သည့် လအတွင်းက ပြည်ပအော် ပရေတာတစ်ခုဖြစ်သော အော်ရီဒူးကုမ္ပဏီက Sim Card များကို ရောင်းချစဉ် ကလည်း ၀ယ်ယူမှု များပြားခဲ့သည်။


နော်ဝေး အခြေစိုက်ကုမ္ပဏီ တစ်ခု ဖြစ်သော တယ်လီနော်ကုမ္ပဏီ သည်လည်း Sim Card များကို ယခု လဆန်း ပိုင်းတွင် ရောင်းချ သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ အောရီဒူး ကုမ္ပဏီသည် မြို့နယ်ပေါင်း (၆၈) မြို့နယ်တွင်သာ ရောင်းချနိုင်ပြီး မြန်မာ့ ဆက်သွယ်ရေး MPTသည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး မြို့နယ် ပေါင်း (၂၀၀) ကျော်တွင် ရောင်းချမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်ထားသည်။


မြန်မာဆက်သွယ်ရေးလုပ်ငန်း MPTသည် ဆယ်လူလာဖုန်းများကို ကျပ်သိန်း (၄၀) ဖြင့် စတင် ရောင်းချခဲ့ပြီး (၀၉၅၀) ဖြင့် စသော GSM များ ကို ကျပ် (၁၅) သိန်းဖြင့် ရောင်းချခဲ့သည်။ လက်ရှိ အစိုးရ လက်ထက်တွင် ကျပ် ငါးသိန်း၊ နှစ်သိန်းအထိ တဖြည်းဖြည်း ဈေးနှုန်းလျှော့ချကာ ရောင်းချခဲ့ သည်။ (၁၅၀၀) ကျပ်တန် Sim Card များကို လက်လီ စနစ်ဖြင့် မရောင်းချခင်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် မဲပေါက်သူကသာ ကျပ် (၁၅၀၀) နှုန်းဖြင့် ၀ယ်ယူခွင့်ရှိခဲ့သည်။
The Messenger



MPT ငွေဖြည့်ကတ် သုံးစွဲသူများအတွက် အပိုထပ်တိုးငွေများ ထပ်မံဖြည့်သွင်းပေးမည်

 
 
စက်တင်ဘာလ ၄ ရက်မှ ၁၂ ရက်အတွင်း မိမိတို့ဖုန်းကို ကြိုတင်ငွေ ဖြည့်သွင်းပါက ထပ်တိုးအပိုငွေများ ထပ်မံဖြည့် သွင်းပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သိရသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM၊ WCDMA မိုဘိုင်းဖုန်း အသုံးပြုသူ များအတွက် ယင်းကာလအတွင်း ငွေကျပ် ၅,ဝဝဝ ဖြည့်သွင်းသုံးစွဲပါက ၂ဝ ရာခိုင်နှုန်း၊ ငွေကျပ် တစ်သောင်းနှင့်အထက် ဖြည့်သွင်းသုံးစွဲပါက ၃ဝ ရာခိုင်နှုန်း ထပ်တိုး အပိုဖြည့်ငွေ ရရှိမည်ဖြစ်ကြောင်း သိရသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဆင်းမ်ကတ်များ ပိုမိုလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တန်ဖိုးနည်း ဆင်းမ်ကတ်များကို နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ လက်လီအရောင်းဆိုင်များတွင် စက်တင်ဘာလ ၁ ရက်မှစတင်၍ ၁,၅၀၀ ကျပ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချ ပေးလျက်ရှိသည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဆင်းမ်ကတ်များကို လစဉ်လတိုင်း ဝယ်ယူရရှိနိုင်ရေးနှင့် နိုင်ငံအနှံ့ရှိ မြို့များနှင့် မြို့နယ်တိုင်းတွင် ရရှိနိုင်ရေး ဆက်လက် စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။


Internet Journal


တစ်ရေးတစ်မောအိပ်ရန် သင့်လျော်ချိန်နှင့် နည်းလမ်းများ

 
 
နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ခြင်းမှာ သက်သောင့် သက်သာဖြစ်စေပြီး စိတ်ပင်ပန်းခြင်းကို လျှော့ချပေးကာ သတိရှိ မှုနှင့် စိတ်ခံစားချက်ပိုကောင်းစေပြီး မှတ်ဉာဏ်ပိုကောင်းခြင်း၊ စိတ်ရှုပ်ထွေးမှုလျှော့ချပေးခြင်း၊  အမှားနည်းပါးအောင် ကူညီပေးနိုင်ခြင်းတို့ကဲ့သို့ စိတ်စွမ်းရည်ကို မြင့်တက်စေနိုင်ကြောင်း မေယိုဆေးရုံမှ ကျန်းမာရေးကျွမ်းကျင်သူများက ပြောသည်။
 

နေ့ခင်းဘက်မည်မျှကြာကြာ တစ်ရေးအိပ်မည်၊ မည်သည့် အချိန်တွင် အိပ်မည်ဆိုခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးပညာရှင်များ၏ လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်ပါသည်။ နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်ခြင်းမှာ လူတိုင်းနှင့် မသင့်လျော်ပေ။ အကယ်၍ သင်သည် ညဘက်အိပ်မပျော်လေ့ရှိပါကနေ့ခင်းဘက်အချိန်အကြာကြီးအိပ်ခြင်း(သို့) နေ့ခင်းဘက် အချိန်အလွန်နောက်ကျပြီးမှ တစ်ရေးတစ်မောအိပ်ခြင်းမှာ ညဘက်(သို့)အိပ်ပျော်ရန် (သို့) နှစ်နှစ် ခြိုက်ခြိုက်အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည်။


သို့သော်လူအများစုအတွက် နေ့ခင်းဘက်တစ်ရေးတစ်မောအိပ်စက်ခြင်းမှာ ပိုမိုလန်းဆန်းပျော်ရွှင်စေသည်။
နေ့ခင်းဘက်တွင် မိနစ် ၂၀ မျှ အိပ်စက်ပေးခြင်းဖြင့် နိုးနိုးကြားကြားရှိမှုနှင့် စိတ်အာရုံစူးစိုက်မှုကို အားကောင်းစေသည်။ နှစ်ခြိုက်စွာ အိပ်ပျော်သောအချိန်များအပါအ၀င် မိနစ် ၉၀ ကြာတစ်ရေးတစ်မောအိပ်ပေးခြင်းဖြင့် ဖန်တီးနိုင်မှုကို အားကောင်းစေနိုင်သည်။

သို့သော်အိပ်နေရင်း နိုးသွားပါက လန်းလန်းဆန်းဆန်းဖြစ်မည့် အစား ပင်ပန်းနွမ်းနယ်စေသည်။ ယင်းအချိန်မပြည့်ခင်အကြောင်း တစ်ခုခုကြောင့် နိုးသွားပါကလည်း ပင်ပန်းနွမ်းနယ်နိုင်သည်။
နေ့လယ် ၁ နာရီနှင့် ၃နာရီကြား တစ်ရေးတစ်မောအိပ်ခြင်း မှာ အကောင်းဆုံးအချိန်ဖြစ်သည်ဟု ကျန်းမာရေးသတင်းဝက်ဘ် ဆိုက် Prevention.com က ဖော်ပြသည်။

တိတ်ဆိတ်ငြိမ်သက်၍ အလင်းရောင်မရှိသော မပူလွန်း၊  မအေးလွန်းသည့် နေရာတစ်နေရာရှာပြီး တစ်ရေးတစ်မောအိပ်စက်ရန် ကျွမ်းကျင်သူများက အကြံပေးထားသည်။ ကြိုးပုခက်ဖြင့် အိပ်စက်ခြင်းမှာ အိပ်ရာထဲ  အိပ်စက်ခြင်းထက် ပိုမိုနှစ်ခြိုက်စွာ လျင်လျင်မြန်မြန်စွာ အိပ်ပျော်စေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သုတေသီများ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ကော်ဖီသောက်ပြီး အိပ်စက်ပါဆိုခြင်းမှာ ထူးဆန်းနေ သော်လည်း ကော်ဖီသောက်၍ တစ်ရေးတစ်မောအိပ်ခြင်းဖြင့် အိပ်ပြီးနောက် နိုးနိုးကြားကြားဖြစ်စေရန် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ သုတေသီများကပြောသည်။ ကဖိန်းဓာတ်မှာ အပြည့်အ၀အစွမ်းပြရန် မိနစ် ၂၀ မှ ၃၀ အထိကြာမြင့်လေ့ရှိသောကြောင့် မိနစ် ၂၀ ကြာ အိပ်စက်ပါက ပို၍ပင် နိုးနိုးကြားကြားရှိစေမည်ဖြစ်သည်။


ညဘက်အိပ်စက်ချိန်အစား နေ့ခင်းဘက်တစ်ရေးတစ်မောမအိပ်ပါနှင့်။ တစ်ရေးမအိပ်ဘဲ တစ်နေ့တာဖြတ်ကျော်ရန် အလွန်ပင်ပင်ပန်းနေပြီဟု ခံစားရပါက ညဘက်လုံလောက်သော အိပ်ချိန်မရှိခြင်းကြောင့် ဖြစ်နိုင်သည်။ နေ့ခင်းဘက်အိပ်စက်ခြင်းမှာ ကျန်းမာရေးအတွက်ကောင်းသော်လည်း ညဘက်ဆုံးရှုံးသွားသော အိပ်စက်ချိန်အစား နေ့ခင်းဘက်မအိပ်ရန် ကျန်းမာရေးကျွမ်းကျင်သူများက ညွှန်ကြားထားသည်။
အိပ်ရေးမ၀ခြင်းကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်ပြီး မတော်တဆဖြစ်မှုနှင့် အခြားအန္တရာယ်များလည်း ဖြစ်နိုင်သည်။

 


အပါယ်ဘေးကို ဆင်ခြင်ပါ


 
ငရဲ၌ ဖြစ်ရသော သတ္တဝါတို့၏ ကိုယ်သည် ၃-ဂါဝုတ် ပမာဏရှိ၏။
မြန်မာတိုင်အားဖြင့် ၄-တိုင်နှင့် တာ ၈ဝဝရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို
အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပြင်ပေါ်၌ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညာဘက်လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။
ဗယ်ဘက် လက်ဝါး၌လဲ နည်းတူပင် ရိုက်နှက်သွင်းကုန်၏။ ညာဘက်ခြေ ဗယ်ဘက်ခြေ ခါးလယ်တို့၌လဲ
နည်းတူပင်ရိုက်နှက်သွင်းကုန်၏။ ထိုအတူ မှောက်လျက် အိပ်စေ၍၄င်း၊
စောင်းလျက်အိပ်စေ၍၄င်း ၊ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို
ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။


အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံရသော ငရဲသားတို့သည်
●ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လဲ များစွာစိတ်ဆင်းရဲရ၏။
●အလွန်ကြမ်းတမ်းရက်စက်စွာကြိမ်းမောင်းပြောဆိုသော ငရဲထိန်းတို့၏ အသံကို ကြားရ၍လဲစိတ်ဆင်းရဲရ၏။
●သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲ၍သိပ်ခြင်း၊
●မီးလောင်ခံရခြင်း၊
●သံစို့ကြီးများဖြင့် ရိုက်နှက်မည်ကို မြင်ရခြင်း၊
●ရက်စက်စွာ သံစို့ရိုက်နှက်ခံရခြင်းတို့ကြောင့်လည်းအတိုင်းမသိကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။

ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ချမ်းသာပေးပါ စသည်ဖြင့်မျက်ရည်စီးယိုငိုကြွေးမြည်တမ်းလျက်
တောင်းပန်သော်လဲ မည်သူကမျှ မကယ်၊ မသနား၊ချမ်းသာ မပေးချေ။
မိမဲ့ ဘမဲ့ဆွေမျိုးမဲ့ အဆွေခင်ပွန်းမဲ့၍ တကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော
ဆင်းရဲတွေကို အော်မြည် ယောင်ယမ်းလျက် မိနစ်စက္ကန့်မျှ မခြားဘဲ ခံစား၍ နေရရှာလေတော့၏။

ထိုသို့သော ကာလ၌ ဝိပဿနာ အလုပ်ကိုအားထုတ်ခွင့် မရနိုင်တော့ချေ။ထို့ပြင် သံစို့ငါးချက်နှက်၍ မသေသေးသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတဘက်ခန့်ရှိသော
တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ ၊ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။
သွေးတို့သည် မြစ်ဖြစ်၍စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက်ထပြန်၍ ရွေခုတ်ရာ
ကိုယ်၌ စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာ အလုပ်ကို
အားထုတ်ခွင့် မရနိုင်တော့ချေ။

ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ဗန်းကြီးခန့်ရှိ ပဲဂွပ်တို့ဖြင့် ပါးပါး ပါးပါးလွှာလျက်
ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင် မီးလျှံရဲရဲတောက်သောသံရထား၌ နွား မြင်း တို့ကဲ့သို့
တပ်၍ မီးကြီးခဲ တောင်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲ နေလျှင် ရဲရဲတောက်သောသံဒုတ်ကြီးများဖြင့်
အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ ရောက်လျှင် တဖန် ဆင်းစေကုန်၏။

ဤသို့ တက်ချည်ဆင်းချည် အဖန်ဖန် ပြုစေကုန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင် ကျိုက်ကျိုက်
ဆူပွက်လျက် ရဲရဲတောက်သော လောဟကုမ္ဘီခေါ် သံရည်ပွက် အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။
ထိုငရဲသားသည် သံရည်ပွက်ထဲ၌ ရှဲ-ကနဲကျ၍ ၊
အမြှုပ်တစီစီထလျက်နစ်မြုပ်သွားရှာလေ၏။ အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏ အောက်စသို့ရောက်၏။
တဖန် အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏အထက်နခမ်းဝသို့ ရောက်လျက် ပေါ်လာ၏။ ဘေးအရပ် မျက်နှာများသို့လဲ ဖီလာသွား၏။ ထမင်းအိုးပွက်သော အခါ၌ဆန်စေ့ကလေးများ ကဲ့သို့ပင်တည်း။
အတိုင်းမသိသော ဆင်းရဲနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။

ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည်
မီးတဟုန်းဟုန်းအမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထဲသို့ ပစ်သွင်းလိုက်ကြပြန်၏။
ထိုငရဲကြီးသည်ကား အလျား အနံ အမြင့် ယုဇနာတရာစီရှိ၏။လေးထောင့်ညီသော သံသေတ္တာကြီးနှင့်တူ၏။ အရှေ့ဘက်နံရံမှ မီးလျှံသည် အနောက်နံရံကို ဖောက်ပြီးလျှင်
အပြင်ဘက်၌ ယူဇနာ တရာတိုင်အောင် ပူလောင်၏။

အနောက်နံရံ တောင်နံရံ မြောက်နံရံ အထက်သံမိုး အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်းသာတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှ ဤမှ ပြေးလွှားလူးလိမ့်
ဟစ်အော် မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။ နှစ်ပေါင်းများစွာ ကြာသော် တခါတရံ၌ ထိုငရဲကြီး၏ တံခါးဝတခုခုသည် ပွင့်၏။

ထိုအခါ၌ ငရဲသားတို့သည် ထွက်ရန် ထိုတံခါးဆီသို့ အတင်းပြေးကြ၏။ အချို့မှာ လမ်းခရီးတွင်ပင်မောပန်း
လူးလိမ့်လျက် ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာကြာလျှင်
ထိုတံခါးကြီးသည်ပိတ်သွားလေ၏။

ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တပြိုင်နက် “ဘင်ပုပ် ငရဲ” ထဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့် လှေလုံးခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေ၏။ထိုဘင်ပုပ်ငရဲမှ လွတ်ပြန်လျှင် ပြာပူငရဲသို့ ကျရောက်သွားပြန်၏။
ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီးခဲ၊ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍
ဆင်းရဲကြီးစွာကို ခံစားရပြန်၏။

ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတော ငရဲသို့ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆လက်မ ရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က “ရိုက်နှက်၍ ထိုလက်ပံပင်တို့၌တက်ချည်
ဆင်းချည် ပြုစေကုန်၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ဘက်သို့ လှည့်၍ နေကုန်၏။
ဆင်းသောအခါ၌ အထက်သို့ လှည့်၍ နေကုန်၏။ ကြောက်လန့်တကြား လျင်စွာ တက်ရ ဆင်းရသော ငရဲသား၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြတ်ပြဲလျက် ရှိလေ၏။

ထိုငရဲမှလွတ်ပြန်လျှင် သံလျက်တောငရဲသို့ ရောက်ပြန်လေ၏။ရောက်သည်နှင့်တပြိုင်င်နက် သံလျက်နှင့်တူစွာ နှစ်ဘက်သွား ရှိသော အရွက်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်ပေါ်၌
ကျလေကုန်၏။ လက်၊ ခြေ ၊ နား၊ နှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းအပိုင်း ပြတ်လေကုန်၏၊ ထ၍ ပြေးပြန်လျှင်
သံမြေပြင်၌ သင်ဓုန်းသွားတို့သည် ထွက်ပေါ်လျက်ရှိကုန်၏။ ရှေ့မှ သံတံတိုင်လည်း ကာရံလျက် ရှိလေ၏။
ထိုအခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။ထိုငရဲမှလွတ်ပြန်လျှင် “ဝေတ္တရဏီ” မည်သောကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျိုက်ကျိုက်ဆူသော သံရည်အထိ ပြည့်၏။
သင်ဓုန်းသွားနှင့် တူသော နွယ်များ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်ဓုန်းသွားခင်းလျက် ရှိ၏။
ကမ်းပါးတို့၌လည်း သင်ဓုန်းသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များ ရှိကြ၏။

ငရဲသားသည်ထိုချောင်းကို ဆင်းမိလျှင်-မြေပြင်မှ သင်ဓုန်းသွား ရှိသောကြောင့်၎င်း၊ သံရည်ပူဖြင့် လောင်ခြင်း စပ်ခြင်းကြောင့် ၎င်း ဗိုင်းကနဲလဲရှာလေ၏။
လဲလျှင် ကျိုက်ကျိုက်ဆူလျှက် ပူစပ်သော သံရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။
ကမ်းပါး၌ ရှိသောကြိမ် သမန်းမြက်တို့ဖြင့်လဲ ရှ၏၊ ချောင်းထဲ၌ ရှိသော နွယ်နှင့် ကြာရွက်တို့ဖြင့်လဲ ရှိ၏။
ငရဲသား၏ ကိုယ်သည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်အခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
စုန်ချည် ဆန်ချည် မျောလျက် အတိဒုက္ခ ရောက်နေသော ထိုငရဲသားကို ငရဲထိန်းတို့ တွေ့လျှင် သံ ငါးမျှားချိတ်ကြီးဖြင့် ဆယ်တင်၍ “ဘာအလိုရှိသလဲ”ဟု မေးကုန်၏။ တမင်းဆာသည်ဟု ဆိုလျှင် ရဲရဲတောက်သော သံတုံးသံခဲတို့ဖြင့်ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။

ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကို အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတယောက်က ပေါက်ချွန်းကြီးဖြင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။
အခြား ငရဲထိန်းတယောက်က ထိုနည်းတူပင် တဘက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ဖွင့်၍ ပါးစပ် ဟင်းလင်းပွင့်နေသောအခါ၌ ရဲရဲတောက်သောထို သံတုံး သံခဲတို့ကို တခုပြီးတခု ပစ်ထည့်၍
ကျွေးကြလေ၏။ ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်းလျှာ အာခေါင် လည်ချောင်းအူတို့ကို လောင်ကျွမ်းပြီးလျှင်
အောက်ဒွါရမှ ထွက်သွားကုန်၏ ရေငတ်သည်ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သောသံရည်တို့ကို
လောင်းထည့်၍ ပေးကုန်၏။

ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားကုန်၏။ ငရဲသားသည်
မလှုပ်နိုင်ဘဲ ဆင်းရဲကြီးစွာကို ခံစားရလေ၏။ ကံမကုန်၍ မသေသေးပြန်လျှင် ထို ငရဲသားကို
ငရဲကြီးထဲသို့တဖန် ပစ်သွင်းလိုက်ကြပြန်၏။ ဤ ငရဲဒုက္ခတို့ကို “ဥပရိပဏ္ဏာသ ဗာလပဏ္ဍိတသုတ်၊
ဒေဝဒူတသုတ်” စသည်တို့၌ကျယ်ဝန်းစွာ ဟောထား၏။ ထိုသုတ်တို့မှယူ၍ ဤ၌ အကျဉ်းမျှ ပြဆိုခြင်း ဖြစ်သည်။

ဤသို့ ငရဲ၌ဖြစ်၍ ဆင်းရဲကြီးစွာတို့နှင့်ရင်ဆိုင်တွေ့နေရသောသူတို့သည် ဝိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်ရှာချေ။ သို့ဖြစ်၍ မိမိစိတ်ကို ဤသို့ ဆုံးမအားပေးအပ်၏။

■ဝိပဿနာ ရှုနေသော အို-သူတော်ကောင်း၊ သင်မမေ့နဲ့၊ မပျင်းနဲ့၊ မေ့လျော့ ပျင်းရိနေလျှင် သင်သည် သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်၊မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်၊
ရှေးကလဲ ခံစားခဲ့ရလှလေပြီ၊ ငရဲဒုက္ခနှင့် ဧကံတွေ့နေစဉ်မှာ မျက်ရည်ကြီးငယ်ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တ နေသော်လည်း သင်သည် ဤဝိပဿနာအလုပ်ကို
အားထုတ်ခွင့် ရမည်မဟုတ်ပေ။

■ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်ရသောအခါ ပေတည်း။သို့ဖြစ်၍ သင်မပျင်းပါနဲ့၊
မမေ့ပါနဲ့၊ ဝိပဿနာ အလုပ်ကို ထက်သန်စွာ အားထုတ်ပါလော့ =
ဤသို့သော အဓိပ္ပါယ်ကိုပင်ရည်၍ ပေးတော်မူခဲ့သော အောက်ပါ ဘုရားအဆုံး
အမတော်ကို ရိုသေစွာ လိုက်နာပါလော့။“ဈာယ (တုဝံ) ဘိက္ခု မာ ပမာဒေါ၊မာ တေ ကမာဂုဏေ
ရမေဿု စိတ္တံ၊မာ လောဟဂုဠံ ဂိလီ ပမတ္တော၊မာ ကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။”
(ဓမ္မပဒ ၃၇၁-ဂါထာ)
ဘိက္ခု- ရဟန်း။
တုဝံ-သင်သည်။
ဈာယ-မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။
မာ ပမာဒေါ - မေ့၍မနေလေလင့်။
တေ စိတ္တံ - သင်၏စိတ်ကို။
ကာမဂုဏေ - ငါးပါးအာရုံ ကာမဂုဏ်ထဲ၌။
မာရမေဿု - မွေ့လျော်နှစ်ခြိုက်က်ပျော်ပိုက်၍ မနေစေလင့်။
ပမတ္တော - မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့်။
နိရဟံပတွာ - တရံတခါ ငရဲရွာသို့ရောက်လတ်၍။
လောဟဂုဠံ - မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို။
မာဂိလီ - အလိုမကျဘဲ မမျိုရမိ ပါစေလင့်။


ဒယှမာနော - ငရဲမီးတပြောင်ပြောင် အပူလောင်ခံရသည်ဖြစ်၍။
ဣဒံ ဒုက္ခန္တိ - ဒီဟာက ဆင်းရဲလှပါတကား ဟူ၍၊
မာ ကန္ဒီ - ဟစ်အော်ယောင်ယမ်းလျက် မမြည်တမ်း မငိုကြွေးရပါစေလင့်။

■တိရစ္ဆာန်ဘုံတွင် ပိုက်ကွန် မြှုံး စသည်ဖြင့် မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့်မရနိုင်။
အဖျား၌ သံချွန်တပ်သောနှင်တံ ၊ ရိုးရိုး နှင်တံတို့ဖြင့် ထိုးဆွရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို
ရုန်းဆောင်နေရသော မြင်း နွား ကျွဲဖြစ်စဉ်၌လည်း အားထုတ်ခွင့်မရနိုင်။

■ပြိတ္တာဘုံတွင် အနှစ် သိန်းပေါင်းများစွာ ကာလပတ်လုံး ဆာလောင် ငတ်မွတ်နေစဉ်၌လဲအားထုတ်ခွင့် မရနိုင်။ 

■ကာလကဉ္စိက အသုရကာယ် ဘုံတွင် အရိုး အရေမျှဖြင့် အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက် မစားရ မသောက်ရဘဲ လေ နေပူ စသည်တို့ဖြင့် ပင်ပန်း ဆင်းရဲ နေစဉ်၌လဲ အားထုတ်ခွင့် မရနိုင်။


ထိုတိရစ္ဆာန် ၊ ပြိတ္တာ၊အသူရကာယ်တို့သည် အားထုတ်သော်လည်းဝိပဿနာဉာဏ် မဂ်ဖိုလ်ညာဏ်တို့ကို မရနိုင်ကုန်။ အိုသူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင်
“ဝိပဿနာအလုပ်” ကို အားထုတ်နိုင်သည့် အခါပေတည်း။သို့ဖြစ်၍သင်မပျင်းနဲ့၊မမေ့နဲ့၊အားထုတ်ပါလော့။
ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို အားပေးပုံတည်း။

-【ဆဋ္ဌသင်္ဂီတိ ပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး
ဝိပဿနာရှုနည်း မှ- 】

Dhamma Dãna Source ►


အမြဲတမ်းနေထိုင်ခွင့် PR စနစ် မြန်မာကျင့်သုံးတော့မည်

 
 ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
 

PR ခေါ် နိုင်ငံခြား သားတွေကို မြန်မာပြည်မှာ အမြဲတမ်း နေထိုင်ခွင့် စနစ်ကို လာမယ့် အောက်တိုဘာလကုန် လောက်မှ စတင်ပြီး ကျင့်သုံးဖို့ ရှိနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးက ပြောဆိုလိုက်ပြီး ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် မြန်မာပြည်ဟာ စင်္ကာပူနိုင်ငံလို တိုးတက်လာနိုင်မယ်လို့ စီးပွားရေး ပညာရှင်တဦးက သုံးသပ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။


တဘက်နိုင်ငံသားခံယူမှုကို စွန့်လွှတ်စရာမလိုဘဲ မြန်မာပြည်မှာ အချိန်အတိုင်းအတာတခုထိ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ရရှိစေမယ့် PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ်ကို မြန်မာအာဏာပိုင်တွေက ၂၀၁၂ ခုနှစ်တည်းက စတင် ဆွေးနွေးဆောင်ရွက်ခဲ့ရာက လာမယ့် အောက်တိုဘာလကုန်လောက်မှာ စတင် ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။


ဒီလို ကျင့်သုံးနိုင်တော့မယ့် အခြေအနေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က အခုလို ပြောပါတယ်။


“အောက်တိုဘာလမှာ အကောင်အထည်ဖော်ဖို့ရှိပါတယ်။ နိုင်ငံတော်အကြီးအကဲ ကလည်း ကျနော့်ကို အောက်တိုဘာလမှာ အကောင်အထည်ဖော်ပါလို့ ပြောပါ တယ်။ အဲတော့ ကျနော်လည်း ကတိပေးပြီးပါပြီ။ အောက်တိုဘာလ နောက်ဆုံးရက် လောက်မှာ ဖြစ်အောင်လို့ ကျနော် လုပ်ပါမယ် PR စနစ်ကို။ ပြီးပါပြီခင်ဗျ နည်းဥပဒေပါ ကျနော်တို့ နိုင်ငံတော်အစိုးရကလည်း ခွင့်ပြုပြီးပါပြီ။ နောက်ပြီးတော့ လွှတ်တော်ကလည်း ခွင့်ပြုပြီးပါပြီ။ ဆိုတော့ အောက်တိုဘာမှာ အပြီး အကောင်အထည် ဖော်ပေးပါလို့လည်း အကြီးအကဲက သတ်မှတ်ပြီးသား။ ကျနော်ကတော့ အောက်တိုဘာလ နောက်ဆုံးပတ်လောက် အကောင်အထည်ဖော်မယ်လို့ ကျနော် ဒီမှာ ကတိက၀တ် ပြုပါတယ်။ Permanent Resident System ကို ပြောတာနော်။ ဟို PR မဟုတ်ဘူး။”


ဒါကတော့ အွန်လိုင်းကနေ ဗီဇာလျှောက်ထားတာကို စတင်ခွင့်ပြုကြောင်း ထုတ်ပြန်တဲ့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာဖြစ်ပါတယ်။ အမြဲတမ်းနေထိုင်ခွင့်ကို  အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ တခြားနိုင်ငံသား ခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ မြန်မာနိုင်ငံသားတွေ နဲ့ နိုင်ငံခြားသားသွေးနှောသူတွေ ဆိုပြီး စံ ၄ မျိုး ခွဲခြား လက်ခံသွားဖို့နဲ့ အမြဲတမ်းနေထိုင်ခွင့် ပေးရာမှာတော့ ကနဦးကာလ နေထိုင်ခွင့်ကို  ၅ နှစ် ခွင့်ပြုဖို့ သတ်မှတ်ထားပါတယ်။ စီးပွားရေးပညာရှင် ဦးလှမောင်ကတော့ စင်္ကာပူနိုင်ငံမှာ ဒီစနစ်ကို ကျင့်သုံးပြီး တိုးတက်မှုရနေတာကြောင့်  မြန်မာပြည်မှာ အလားတူ တိုးတက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။


“စင်္ကာပူနိုင်ငံဟာ ဘာသယံဇာတ ဘာပစ္စည်းမှ မရှိပါဘူး။ နိုင်ငံလေး သေးသေးလေးပါ။ အင်မတန် ချမ်းသာကြွယ်ဝပါတယ်။ အဲ့ဒီလိုချမ်းသာသွားတာဟာ နိုင်ငံခြားကို သူတို့ စပါယ်ရှယ် Economic Zone တွေနဲ့ Industrial Zone တွေ ကျကျနနလုပ်ပြီးတော့ ဖိတ်ခေါ်ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်စေပါတယ်။ ဘယ်နိုင်ငံခြားသားဖြစ်ဖြစ် စင်္ကာပူမှာသွားပြီး အလုပ်လုပ်ရင် အလုပ်အကိုင်ရတာနဲ့ PR ရပါတယ်။ Permanent Resident လခကောင်းကောင်းနဲ့ အလုပ် အတည်တကျ ရသွားရင် မြေရော၊ အိမ်ရော ၀ယ်ခွင့်ရှိပါတယ်။ အဲ့ဒါကြောင့် စင်္ကာပူကို နိုင်ငံခြားသားတွေ လာပြီးတော့ ၀ိုင်းပြီး အလုပ်လုပ်လိုက်ကြတာဟာ စင်္ကာပူကြီး ဒီလောက် ချမ်းသာသွားပါတယ်။ အခု PR စနစ် ပေးတော့မယ်ဆိုပြီးတော့ ပြဌာန်းလိုက်ရင်တော့ ဥပဒေမှာ တိုင်းပြည်အတွက် အင်မတန်မှပဲ အကျိုးရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။”


PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ် ကျင့်သုံးမယ်ဆိုရင် ရန်ကုန်မြို့က လူနေတိုက်ခန်းဈေးတွေလည်း ကျဆင်းလာနိုင်ကြောင်း ပြောပါတယ်။


“အခု သူတို့ PR မရတဲ့အတွက် ရပ်ကွက်တွေထဲက တိုက်ခန်းတွေမှာ လျှောက်ပြီးတော့ ငှားနေရပါတယ်။ ဟိုတယ်တွေကလည်း မလောက်လို့ သူတို့နဲ့ကိုက်ညီတဲ့ Resident တွေကလည်း မလောက်တော့ ရပ်ကွက်က တိုက်ခန်းတွေ ဈေးတွေ ခုန်ခုန်တက်သွားပါတယ်။ အဲတော့ အကယ်၍များ PR စနစ်ပေးပြီးတော့ သူတို့ ကျကျနန နိုင်ငံခြားရပ်ကွက်လေးတွေနဲ့ စနစ်တကျလေး ဖန်တီးပေးမယ်ဆိုရင် ဒီနေ့ တိုက်ခန်းဈေးနှုန်းတွေလည်း ပြန်ကျလာနိုင်တယ်။”

မြန်မာပြည်ရဲ့ ရိုးရာယဉ်ကျေးမှုအရ ထိန်းသိမ်းလုပ်ဆောင်နိုင်ရင် PR ခေါ် အမြဲတမ်း နေထိုင်ခွင့်စနစ် ကျင့်သုံးတာကြောင့် ဆိုးကျိုးသက်ရောက်မှုတွေ မရှိနိုင်ကြောင်းလည်း ပြောပါတယ်။


PR ခေါ် အမြဲတမ်း နေထိုင်ခွင့်စနစ် နဲ့ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတခုမှာတော့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက PR စနစ်ကျင့်သုံးတာကြောင့် နည်းပညာ၊ အရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ မိမိတို့ နိုင်ငံအတွင်းသို့ စီးဝင်လာနိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူကောင်းတွေ ရရှိနိုင်မှာဖြစ်သလို နိုင်ငံတော်ကပေးအပ်သည့် အခွင့်အလမ်းကောင်းတွေ ဆုပ်ကိုင်ပြီး ကြိုတင်စီမံမှုတွေနဲ့ နယ်ပယ် အသီးသီးကို နည်းမျိုးစုံဖြင့် စိမ့်ဝင်ထိုးဖောက် ဝင်ရောက်တာတွေလည်း ရှိလာနိုင်ကြောင်း၊ နိုင်ငံသားတွေအတွင်း ယှဉ်ပြိုင်မှုတွေ များပြားလာနိုင်ကြောင်းနဲ့ ရာဇဝတ်မှုတွေ များပြားလာနိုင်ကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။


မြန်မာနိုင်ငံဟာ တည်ဆဲဥပဒေအရ နှစ်နိုင်ငံသားခံယူခွင့် ပြုမထားတာကြောင့် ပြည်ပမှ လာရောက်မယ့် ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ တခြားနိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားဟောင်းတွေကို တွေ့ကြုံရတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့ PR ခေါ် အမြဲတမ်းနေထိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်တာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။


ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)


ပွဲသိမ်းခရာ မမှုတ်သေးခင် ရှုံးပြီလို့မပြောပါနဲ့ဦး



ပွဲသိမ်းခရာ မမှုတ်သေးခင်
ရှုံးပြီလို့မပြောပါနဲ့ဦး..။

ကျားသစ်ဆိုတာ အရေခွံဆုတ်ပြီးမှ
တကယ်သေပြီလို့ အတည်ပြုနိုင်တယ်..။

ပိုးဟပ်တစ်ကောင်ဟာ ခေါင်းမပါဘဲနဲ့
ရက်အတော်ကြာ အသက်ရှင်နိုင်သေးတယ်ဆိုပဲ..။

အသက်ရှူ ရပ်သွားတာတောင်
ဦးနှောက်အလုပ်လုပ်နေရင်
သေပြီလို့ မဆိုနိုင်သေးဘူး..။

ငါ့နှလုံးခုန်သံ သဲ့သဲ့လေးပဲကျန်တော့လို့
မင်းသိပ်ပျော်နေလား ဟင်..။

စိတ်ချ…..
နောင်ဘဝကျရင်လည်း
ငါမင်းကိုပဲ ပြန်ချစ်ဦးမှာ..။

ဒီလိုပဲ..
တန်ဖိုးရှိတဲ့ မိန်းမဆိုတာ
စာအုပ်ကောင်းတစ်အုပ်လိုပဲ
ဘယ်လောက်ဟောင်နွမ်းစုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ..။
 


ဦးနှောက်ကို ပျက်ဆီးစေသည့် အကြောင်းရင်းများ

 
ဦးနှောက်ကို ပျက်ဆီးစေသည့် အကြောင်းရင်းများ

၁။ မနက်စာ မစားသုံးခြင်း

၂။ အပူလွန်ကဲခြင်း

၃။ ဆေးလိပ် သောက်သုံးခြင်း

၎။ သကြား အလွန်အကျွံ စားသုံးခြင်း

၅။ ညစ်ညမ်းသော လေထုကို ရှုရှိုက်ရခြင်း

၆။ အိပ်ချိန် မမှန်ခြင်း

၇။ အိပ်နေစဉ် ခေါင်းတစ်ခုလုံးကို ခြုံအိပ်ခြင်း

၈။ ဖျားနေစဉ် ဦးနှောက် အနား မပေးပဲ အလုပ်လုပ်ခြင်း



 
၉။ တွေးခေါ်မှု နည်းပြီး ပျင်းရိစွာ နေထိုင်ခြင်း

၁၀။ စကား နည်းခြင်း

အထက်ပါ ဆယ်ချက် ကြောင့်မို့ ဦးနှောက် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပြီး ဥာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း နှေးကွေး စေမှာ ဖြစ်ပါ တယ်။ ဦးနှောက်က လိုအပ်တဲ့ ဇိဝ အစား အစာ ၊ လေ အာဟာရ၊ စိတ် အာဟာရ များကို မပေးစွမ်း ခြင်းက ဦးနှောက် ကျန်းမာရေးကို ထိခိုက် ပျက်ဆီး စေမှာ ဖြစ်ပါတယ်။

 
Ref : http://shweeainthulaymobileservicecenter.blogspot.com
 

တယ်လီနော ဆင်းမ်ကတ်များ ယခုလအတွင်း ရောင်းချမည်ဟု အတည်ပြု အင်တာနက် အသုံးပြုခ မထုတ်ပြန်သေး


ရန်ကုန် စက်တင်ဘာ ၁
တယ်လီနော ဆင်းမ်ကတ်များကို ယခုလ အတွင်း ရောင်းချ မည်ဖြစ် သော်လည်း စတင် ရောင်းချ မည့်ရက်ကို အတည်မပြုနိုင် သေးကြောင်း တယ်လီနော ပြန်ကြားရေး တာဝန်ခံ ဦးစိုးသူထွန်းက ပြည်ထောင်စု နေ့စဉ်သို့ ယနေ့ ပြောသည်။
ဦးစိုးသူထွန်းက ''ဒီလထဲမှာ ရောင်းချမှာတော့ အတည်ပြုနိုင်ပါတယ်။ စတင် ရောင်းချမယ့် ရက်နဲ့ အင်တာနက်အသုံးပြုခကို မထုတ်ပြန်သေးပါ ဘူး''ဟုပြောသည်။
ဖုန်းခေါ်ဆိုခမှာ မည့်သည့်ဖုန်းကို မဆိုတစ်မိနစ် ၂၅ကျပ်နှုန်းကောက်ခံ သွားမည်ဟု ၄င်းကပြောသည်။ ဆင်းမ်ကတ်ဈေးနှုန်းကိုလည်း ကျပ် ၁၅ဝဝ ထက်မပိုသောနှုန်းထားဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ တယ်လီ နောအနေဖြင့် ဆင်းမ်ကတ်များမရောင်းချမီ Huawei ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာစာချုပ်စတင်ချုပ်ဆိုခဲ့သည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ အရောင်းမြှင့်တင်မှုလုပ်ငန်းများ Huawei ၏ Portfolioကို တယ်လီနော၏ Channel များမှတစ်ဆင့် ဖြန့်ချိပေးခြင်းစသည့်ပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်ဟုသိရသည်။
ပုဂ္ဂလိကဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Ooredoo အနေဖြင့် ကျပ် ၁၅ဝဝ တန်ဆင်းမ်ကတ်များကို သြဂုတ်လဆန်းက စတင်ရောင်းချခဲ့ပြီး အင်တာနက်အသုံးပြုခအတွက် Data Base စနစ်ကိုအသုံးပြုကောက်ခံခဲ့ကာ မိုဘိုင်းလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့ှ်Samsung နှင့်ပူးပေါင်းဆောင်ရွက်နေသည်။

The Union Daily

နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များ အတွက် ကန့်သတ် ထားချက်များမှ ၁၁ချက်ဖယ်ရှား


ရန်ကုန် စက်တင်ဘာ ၁
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များ အတွက် ချမှတ် ထားသော ကန့်သတ်ထားချက်များ အနက် (၁၁)ချက်ကို ဖယ်ရှားပေး လိုက်ကြောင်း ဆင်ဟွာသတင်း ဌာနက ယနေ့ဖော်ပြသည်။

စီးပွားရေး လုပ်ငန်း လုပ်ဆောင် ရန် အတွက် အခက်အခဲများကြုံတွေ့ စေသည်ဟုတွေ့ရှိခဲ့၍ ဖယ်ရှား လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဖယ်ရှားလိုက်သော အချက်များထဲ တွင် ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာကဏ္ဍများတွင်လုပ်ငန်းလုပ် ကိုင်ခွင့်ပိတ်ပင်ထားခြင်း၊အသေးစား နှင့် အလတ်စားသတ္တုတူးဖော်ရေး လုပ်ငန်းများ ပိတ်ပင်ထားခြင်း၊ သတင်းစာ၊ မဂ္ဂဇင်းနှင့်ဂျာနယ်များ ထုတ်ဝေခွင့် ပိတ်ပင်ထားခြင်းဆို သည့်အချက်များ ပါဝင်ခဲ့သည်ဟု သိရသည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်သည် မြန်မာနိုင်ငံသား များနှင့် ပူးတွဲလုပ်ကိုင်ခွင့်ပြုထား သောကဏ္ဍများကိုလည်းအပြောင်း အလဲလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏သတင်းထုတ်ပြန်ချက်တွင် ယခု နှစ်အတွင်း ပြည်တွင်းလုပ်ငန်းရှင် များလျှောက်ထားသော စီမံကိန်း ၃ဝ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များ လျှောက်ထားသောစီမံကိန်း ၆ဝကိုခွင့်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ တွင် နိုင်ငံပေါင်း ၃၄ နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပြီးရင်းနှီး မြှုပ်နှံမှုပမဏမှာ အမေရိကန် ဒေါ်လာ ၄၆ ဒသမ ၇၁ ဘီလီယံ ရှိကြောင်း ဖော်ပြသည်။

ပြည့်ဖြိုးနိုင်
The Union Daily

အချိန်နဲ့ပတ်သက်၍ သင် ဒါတွေ သိရှိပါစေ


အချိန်နဲ့ပတ်သက်၍ သင်ဒါတွေ သိရှိပါစေ
=============================

အချိန်ကိုချွေတာလျှင် ငွေကိုစု၍ အတိုးချသည်ထက်ပိုမို၍ ကြီးမားသော
အမြတ်ကိုရနိုင်၏။
(ဂလက်စတုန်း)

အချိန်သည် ငွေထက်တန်ဖိုးရှိ၏။
ငွေကို အချိန်ဖြင့် ရှာနိုင်သည်။
အချိန်ကို ငွေနှင့်ဝယ်၍မရ။
(အမေရိကန်စကားပုံ)

အချိန်သည် ဘဝတွင် အရင်းအနှီးပင်ဖြစ်၏။
မျက်မှောက်တွင် လုပ်နိုင်သည်ကို
အနာဂတ်ထိမရွေ့ပါနှင့်။ စောင့်ဆိုင်းခြင်းဆိုသည်မှာ
အချိန်သူခိုးပင်ဖြစ်သည်။
(သုတေသီထွေး)

မိမိအသက်ကို ချစ်ခင်ပါလျှင် အချိန်ကလေးများကိုနည်း၏ဟူ၍ အကုန်မခံပါနှင့်။ ထိုအချိန်ကလေးများကို စုပေါင်းထားခြင်းသည်အသက်မည်၏။
(ဖရန်းကလင်း)

ကြီးပွားတိုးတက်လိုသူ မည်သည့်လူမျိုးမဆိုမည်သည့်နာရီ မိနစ် စက္ကန့်မဆို အချိန်မှန်သမျှထဲမှကုသိုလ် ပညာ ဥစ္စာ ဤသုံးမျိုးတွင် တစ်မျိုးမျိုးကို
ရအပ်၏။ ဤသုံးမျိုးတွင် တစ်မျိုးမျိုးကိုမှ မရခဲ့ပါမူအချိန်ကို အလွဲသုံးစားပြုသည် မည်တော့၏။
(ဦးပဂျီငို)

တစ်နှစ်ရဲ့တန်ဖိုးကိုသိချင်ရင်စာမေးပွဲကျတဲ့ကျောင်းသားကို မေးကြည့်ပါ။

တစ်လရဲ့တန်ဖိုးကိုသိချင်ရင်လမစေ့ပဲ ကလေးမွေးတဲ့ မိခင်ကိုမေးကြည့်ပါ။

တစ်ပတ်ရဲ့ တန်ဖိုးကိုသိချင်ရင်အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။

တစ်နေ့ရဲ့ တန်ဖိုးကိုသိချင်ရင်ကလေးခြောက်ယောက်ကို ကျွေးမွေးရတဲ့

နေ့စားအလုပ်သမားတစ်ယောက်ကို မေးကြည့်ပါ။တစ်နာရီရဲ့တန်ဖိုးကိုသိချင်ရင်
ဆုံစည်းခွင့်ကိုစောင့်နေကြတဲ့ချစ်သူများကို မေးကြည့်ပါ။

တစ်မိနစ်ရဲ့တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင်ယဉ်တိုက်မှုနှင့် သီသီလေးလွဲသွားတဲ့
ဒရိုင်ဘာကိုမေးကြည့်ပါ။

တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကိုသိချင်ရင်အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ။

ရခဲလှတဲ့ လူ့ဘ၀အချိန်မှာ တရားလည်းမမေ့ပါနှင့်...


Credit - Original Collectors
 
 

1 Sept 2014

CDMA 800 MHz ဖုန်း အင်တာနက် ချို့ယွင်းမှု ပြန်လည်ကောင်းမွန်ကြောင်း ကြေညာ

အင်တာနက်စနစ် ချို့ယွင်းခဲ့သော CDMA 800 MHz ဖုန်းများ ယခုအခါ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ CDMA 800 MHz မိုဘိုင်းဖုန်း ကွန်ရက်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် သြဂုတ်လ ၃၀ ရက်မှစ၍ အင်တာနက် ဝန်ဆောင်မှုများ ဆက်သွယ်မှု ယာယီ ပြတ်တောက်ခဲ့ကြောင်း၊ သြဂုတ်လ ၃၁ ရက်တွင် ပြန်လည်ကောင်းမွန်ခဲ့သော်လည်း ၎င်းရက်နေ့တွင် အဆိုပါဖုန်း၏ အင်တာနက်ဝန်ဆောင်မှုမှာ ပြန်လည်ချို့ယွင်းခဲ့ကြောင်း သိရသည်။

 ဆက်လက် ပြုပြင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁ ရက်တွင် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာသည်။

 
http://www.internetjournal.com.mm/

ကင်ဆာ ဆဲလ်တွေကို သေစေတဲ့ ဒူးရင်းသြဇာရွက်

 
 
၂၀၁၃ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့ မှာ Healthy Foods and Herbal Medicines (ခေါ်) အင် တာ နက် ကျမ္မာရေး သတင်းကဏ္ဍ တွင် ဒူးရင်းသြဇာရဲ့ ဆေးစွမ်း ထက်မြက်ပုံကို အောက်ပါအ တိုင်းဖော်ပြသွား ခဲ့ပါ တယ်။

ကမ္ဘာပေါ်မှာ စားစရာ သစ်သီးဝလံများ အမျိုးအစား စုံလင်လှသလို၊ ဆေးဘက် ၀င်သစ်သီးများ လည်း ရှိကြရာ၊ ၄င်းတို့ အနက်မှ ထူး ထူးခြားခြား ဒူးရင်းသြဇာ ပင်ရဲ့  ဆေးစွမ်း ထက်မြက်ပုံကို မျှဝေလိုက်ပါရစေ။ Guyabano(ခေါ်)soursop လို့ အမည်ရတဲ့ ဒူးရင်းသြဇာ ပင်တို့  ပေါက်ရောက်ရာ ဇစ်မြစ် မှာ ဖိလစ်ပိုင်နဲ့  တောင်အမေရိကတိုက်ရှိ အပူပိုင်းဒေသများဖြစ်ပါတယ်။ အသီး၊ အရွက်၊ ပင်စည်အခေါက်၊ အပင်မြစ်၊ အစေ့ စတဲ့ အပင်တစ်ပင်လုံး ဆေးဘက်ဝင် တယ်လို့ ဆို ပါတယ်။ အစိမ်းရောင်အသီးရဲ့  အပေါ်ယံအခွံ တွေမှာ ဓာတ်ပုံ မှာ ဖော်ပြထားတဲ့အတိုင်း အဖု အထစ်ေ တွနဲ့  ကြမ်းတမ်းသော်လဲ၊ မှည့်လာတဲ့အခါ အနံ့ က စတော်ဘယ်ရီ လိုလို/ နာနတ်သီး လိုလို ရောထားတဲ့ ရနံ့ လေးပါ။ အသီးထဲရှိ အဖြူရောင် အနှစ်သားများက အရသာချဉ်ပြုံးပြုံးေ လးဖြစ် ပါတယ်။
 

၁၉၇၆ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ National Cancer Institute မှ ဆေးသုတေသီများ၏ အကြိမ် ၂၀ ကျော်မျှ အဖန်ဖန်အခါခါ လက်တွေ့ စမ်းသပ်ချက်များအရ၊ ဒူးရင်းသြဇာပင် ရဲ့ အရွက်က ကင်ဆာရောဂါဖြစ်စေတဲ့ malignant ဆဲလ်များကို သေကျေဖျက် ဆီးပေးပါတယ်တဲ့။ the Journal of Natural Products(ခေါ်) ဆေးဂျာနယ် တစ်ခုမှာ ဖော်ပြထားတာကတော့ ဒူးရင်းသြဇာ ရွက်ပြုတ်ရည်က Adriamycin လို့ ခေါ်တဲ့ ကင်ဆာရောဂါ ခီမိုဆေးထက် အဆပေါင်း ၁၀၀၀၀ (တစ်သောင်း)တိတိ ပို၍ဆေးစွမ်း ထက်မြက်ပါတယ်တဲ့။ ကင်ဆာဝေဒနာ သည်တွေကို ခီမိုဆေး သွင်းတဲ့အခါ၊ မကောင်းတဲ့ကင်ဆာဆဲလ်များသာမက၊ ကောင်းတဲ့ ဆဲလ်တွေကိုပါ တပြိုင်တည်း သတ်ပစ်တာဖြစ်ပါတယ်။ သို့ သော် ဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ မကောင်း တဲ့ ကင်ဆာဆဲလ်တမျိုးတည်းကိုသာ ရွေးသတ်ပေးပါတယ်တဲ့။ အထူးသဖြင့် ဦးနှောက်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အမျိုးသားများ ဆီးကြိတ်ကင်ဆာ တို့ ကို ပိုမိုအကျိုးသက်ရောက်စေ ပါတယ် လို့ ဆိုပါတယ်။
 

ဆေးဖော်စပ်နည်းက အင်မတန် လွယ်ပါတယ်။ မရင့်လွန်း/မနုလွန်းတဲ့ လတ်လတ်ဆတ်ဆတ် ဒူးရင်းသြဇာရွက် ၄၀ နဲ့  ရေသန့်  ၁-လီတာဘဲ လိုအပ်ပါတယ်။(အရွက်ထဲက အာနိသင်တွေမပျက်အောင် ဖြစ်နိုင်ရင် လတ်လတ် ဆတ်ဆတ် အရွက်ကိုသာသုံးပါ။ အရွက်များတာရှည်ခံအောင် သိမ်းဆည်းသိုလှောင်လိုပါက အရွက်ကို နေပူမှာ အခြောက်မခံပါနဲ့ ။ သူ့ အလိုလို လေဖြင့်ခြောက် သွားပါစေ) ဦးစွာ ရေကိုဆူတောင်တည်ပါ။ ရေဆူတာနဲ့ တပြိုင် နက်တည်း အရွက်ထဲ့ပါ။ အဖုံးမ ဖုံးပါနဲ့ ။ အရွက်ရွှေညိုရောင် ပြောင်းတဲ့အထိ မိနစ် ၂၀ လောက် မီးဖိုပေါ် ဆက် တည်ပေးပါ။ ပြီးရင် အအေးခံပေးပါ။ 
 

ထိုဒူးရင်းသြဇာ ရွက်ပြုတ်ရည်ကို ၁-ဖန် ခွက်စီဖြင့် နံက်-နေ့ -ညစာ မစားခင် နာရီဝက်ခန့် အလိုမှာ သောက်ပေးရ မှာပါ။ တစ်နေ့  ၃-ကြိမ် (စုစုပေါင်း ၃-ခွက်) သောက်ပေးပါ။ (နံက်ပိုင်း သောက်ပြီးနောက်၊ နေ့ လည် နဲ့ ည သောက်ရန် ကျန်နေတဲ့ ၂-ခွက်စာကို ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပါတယ်။ သို့ သော် ရေခဲသေတ္တာထဲ အချိန် ၈ နာရီထက်ပိုပြီး သိမ်းမထားပါနဲ့ ။ ဆေးအာနိသင်ပျက်ပြယ်သွားပါတယ်) ဤနည်းအတိုင်း ရက် ၃၀ တိတိ သောက် ပေးရ မှာဖြစ်ပါတယ်။ ဖော်ပြပါ ဆေးညွှန်းပမာဏအတိုင်းသာ သောက်သင့်ပြီး ရောဂါပျောက်ချင်လွန်းလို့  ပိုမသောက်ပါနဲ့ တဲ့။ ထိုရွက်ပြုတ်ရည်သောက်တဲ့အခါမှာလည်း သူ့ ချည်းသက်သက်သောက်ပါ။ အခြား ဆေးဝါး (သို့ မဟုတ်) အစားအစာ(သို့ မဟုတ်)အရသာကောင်းစေရန်သကြား၊ဆား တို့ေ ရာ စပ်၍မသောက်ပါနဲ့ ။ 
 

National Cancer Institute မှ ဆေးသုတေသီများက-

(၁) အထက်ပါဆေးညွှန်းတိုင်း ၁-တိတိသောက်ပြီးနောက်မှာ ကင်ဆာဆဲလ်အခြေအနေကို ဆရာ ၀န်ဖြင့် စစ်ဆေးကြည့်ပါ။

(၂) အကယ်၍ ကင်ဆာလက္ခဏာအခြေအနေမထူးခြားသေးပါက၊ ရွက်ပြုတ်ဆေးရည် သောက်တာကို ၁၀-ရက်(ခဏ)ရပ်ထား ပြီး၊ ၁၀-ရက်ပြည့်တဲ့နောက်နေ့ မှာ ပုံမှန် တနေ့  ၃-ကြိမ်ကျ ၁-လ တိတိ ထပ်သောက်ပါ။

(၃) ဒုတိယအကြိမ် ၁လတိတိ ထပ်သောက်ပြီးနောက် ကင်ဆာဆဲလ်အခြေအနေကို ဆရာဝန်ဖြင့် စစ်ဆေးကြည့် ပါဦး။ကင်ဆာ ဝေဒနာသိသိသာသာလျော့ပါးသွားပါက၊ ဆေးသောက်တာရပ်မပစ်ဘဲ ကင်ဆာဆဲလ် လုံးဝ မကျန်တော့တဲ့အထိ ဆက်သောက် ပေးပါ။

++++++++++++++++++++++++++++++++++

အရွက်ပြုတ်ရည်က အထက်ဖော်ပြပါ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်သလို၊ ဗီတာမင်နဲ့  သတ္တုဓာတ်တို့ ကြွယ်ဝစွာ ပါရှိသော ဒူးရင်းသြဇာသီးစားခြင်းဖြင့် ဆီးချို၊ အရိုးအဆစ်မြစ်ေ ရာင်ရ မ်း နာများ၊ ခါးနာခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ခေါင်းတစ် ခြမ်းကိုက်ခြင်း၊ သွေးအားနည်းရောဂါ၊ ၀မ်းချုပ်ခြင်း၊ ခြေဖနောင့်ကွဲခြင်း၊ တို့ ကို သက်သာစေတဲ့အပြင်၊ ကိုယ်ခံစွမ်းအား တိုးပွားရုံ သာမက၊ အရိုးကိုလည်း ကျန်းမာကြံ့ခိုင်စေတယ်လို့ ဖော်ပြ ထားပါတယ်။

ကိုးကား။ Healthy Foods and Herbal Medicines (Guyabano @ soursop))

(ဆောင်းပါးရှင်… ပေါက်ပေါက်..မျှဝေသည်)

promise.pauk


မဟာသန္တိသုခ ပီနန်ဆရာတော် ရဲ့စာ သက်သေခံ အဖြစ်လက်ခံ

 
လန်ဒန်သာသနာ့ရံသီဝိဟာရ ဆရာတော်ဦးဥတ္တရ

မဟာသန္တိသုခ ကျောင်းပိုင်ဆိုင်မှု နဲ့ ဆက်နွယ်ပြီး၊ တရားရင်ဆိုင်နေရတဲ့ သံဃာ ငါးပါး အမှုမှာ ပီနန်ဆရာတော်ကြီး က မဟာသန္တိသုခ ကျောင်း ကို ပိုင်ဆိုင်ကြောင်း၊ အထောက်အထား ကို တရားရုံးတော်မှာ သက်သေခံ အဖြစ် တင်ပြခွင့် လျှောက်ရာမှာ တရားရုံးက လက်ခံခဲ့ပါတယ်။


ပီနန်ဆရာတော်ကြီး က စာနှစ်စောင်ပေးပို့ ရာမှာ၊ တစောင်က နိုင်ငံတော် သမ္မတဆီ ဖြစ်ပြီး၊ နောက်တစောင်က သံဃာ့မဟာနာယက ဆီ ပေးပို့ခဲ့တာပါ။ သမ္မတ ဆီ ပေးပို့တဲ့ စာမှာ အခုလို နှစ်ဖက် အငြင်းပွားနေတဲ့ ကိစ္စမှာ၊ အရင် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် က လွှဲခဲ့တဲ့ အတွက်၊ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ရဲ့ ကိုယ်စား၊ လက်ရှိ အစိုးရ က တာဝန်ရှိလို့ ဥပဒေခုံရုံး အဖြစ် မျှမျှတတ စစ်ဆေးပေးပါရန်၊ မေတ္တာရပ်ခံစာ ဖြစ်ကြောင်း၊ ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။


နိုင်ငံတော် သံဃာ့မဟာနယက အဖွဲ့ဆီ၊ ပီနန်ဆရာတော်ကြီး ပေးစာ ကို တရားရုံးတော် က လက်ခံခြင်းက သက်သေခံ အဖြစ် သဘောထားတဲ့ အကြောင်း၊ ကြားနာ စစ်ဆေးမှု ကို လာမဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ တာမွေ တရားရုံးမှာ စစ်ဆေး ဖို့ မနေ့ က၊ အမိန့်ချလိုက်ပါတယ်။


အမှုသွား အမှုလာ အရ၊ ဘုန်းကြီးတွေ ကို မတရား ဖမ်းဆီး ချုပ်နှောင်ခြင်း အပေါ်မှာလည်း၊ အမှုမှန် စစ်ဆေးခွင့် ရတဲ့ သဘောရှိပုံလည်း ဆရာတော် က မိန့်ပါတယ်။ တရားသူကြီး အနေနဲ့ အပြစ်ရှိမရှိ၊ ဆုံးဖြတ်နိုင်သလို အပြစ်မရှိကြောင်း ကိုလည်း၊ လျှောက်လဲ ပိုင်ခွင့် ရှိခြင်းဟာ အကျိုးရလဒ် ဖြစ်ကြောင်း လည်း ဆရာတော် က မိန့်ပါတယ်။


သံဃာ့မဟာနာယက ကို ဆရာတော် ဘက် က ပြန်လှန်တရားစွဲတဲ့ ဦးတိုက်လျှောက်လွှာ ကို မြို့နယ်တရားရုံး သုံးရုံး က လက်မခံတဲ့ အတွက်၊ မြန်မာတနိုင်ငံလုံး က တရားရုံးတော် တွေ က လက်မခံရင်၊ ယူကေ နိုင်ငံ မှ တဆင့်၊ နိုင်ငံတကာ ဥပဒေ နဲ့ အညီ တရားစွဲဖို့ အစီအစဉ် ရှိကြောင်း ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

Ooredoo ၏ အင်တာနက် အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ လျှော့ချ

 
အင်တာနက် အသုံးပြုရာတွင် ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်ခြင်း ခံနေရသည့် Ooredoo သည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းမှ အင်တာနက် အသုံးပြုခကို 1MB လျှင် ၁၀ ကျပ်သို့ စတင်လျှော့ချ ပေးလိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီမှ CEO ဖြစ်သူ Mr. Ross Cormack က ယနေ့ ပြောကြား လိုက်သည်။

ယခင်က Ooredoo သည် ၎င်းတို့၏ အင်တာနက်အသုံပြုခကို 1MB လျှင် ၂၅ ကျပ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူများ၏ ဝေဖန် အကြံပြု ချက်အရ 1MB လျှင် ၁၀ ကျပ်အဖြစ်သို့ သြဂုတ်လ ၃၁ ရက်တွင် စတင်ပြောင်းလဲ ကောက်ခံသွားမည်ဟု Mr. Ross Cormack က ဆိုသည်။ Ooredoo သည် ၎င်း၏ ပုံမှန် အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ အဖြစ်သို့ လျှော့ချပေးခဲ့သော်လည်း ယခင် သတ်မှတ် ထားသည့် နေ့စဉ် ၊ အပတ်စဉ်၊ လစဉ် အင်တာနက် Data Plan များကို ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ Data Plan အရ တစ်လအတွင်း အသုံးပြုသည့် 1GB ကို ၁၂,၀၀၀ ကျပ် ကောက်ခံထားသည်။ ပုံမှန်အားဖြင့် 1MB လျှင် ၁၀ ကျပ်ဖြင့် အသုံးပြုပါက 1GB လျှင် ၁၀,၂၄၀ ကျပ်သာ ကျသင့်မည် ဖြစ်သည့်အတွက် Data Plan များမှာ ဈေးနှုန်းပိုမို မြင့်မားနေမည် ဖြစ်သည်။


Ooredoo ၏အဆိုအရ ၎င်းတို့၏ Data Plan သည် ပရိုမိုးရှင်းများ ထပ်မံပါဝင်သည့်အတွက် အသုံးပြုရန် 
သင့်လျော် သည့် အနေအထားဖြစ်သည်ဟု သိရသည်။ Ooredoo ၏ ကွန်ရက်သည် လက်ရှိအချိန်၌ လူဦးရေ ၉ မီလီယံ ကို လွှမ်းခြုံထားကြောင်း၊ အသုံးပြုသူ လူဦးရေ ၁ မီလီယံကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်သည့် Ooredoo သည် လာမည့် နှစ်ပတ်အကြာ ကာလအတွင်း လူဦးရေ ၁၂.၃ မီလီယံကို ကွန်ရက် လွှမ်းခြုံပေး မည် ဖြစ်ကြောင်း Mr. Ross Cormack က ပြောသည်။ ထို့အပြင် ရန်ကုန်မြို့၌ ကွန်ရက်ကောင်းမွန်ခြင်း မရှိသေးသည်ကိုလည်း ၎င်းတို့ အနေဖြင့် သိရှိထားကြောင်း ပြောဆိုခဲ့သည်။
Internet Journal

သင့်ကိုယ်သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား


သင့်ကိုယ်သင်ဆင်းရဲနေပြီလို့ ထင်နေပြီလား
==============================

တကယ်လို့ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေကလဲ အဆင်သင့်၊၀တ်စရာ အ၀တ်အထည်တွေကလဲ အဆင်သင့်၊ပြန်ပြီး အိပ်စရာ အိမ်ကလဲအဆင်သင့် ရှိနေတယ်ဆိုရင်
သင်ဟာ ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းထက်ချမ်းသာ ပါတယ်။ကမ္ဘာ့လူဦးရေ ၇၅ ရာခိုင်နှုန်းဟာ သင့်လောက် မချမ်းသာလို့ပါ။

တကယ်လို့ သင့်ပိုက်ဆံအိတ်ထဲမှာ ငွေအချို့ရှိတယ်။ရှိတဲ့ငွေနဲ့ သင်သွားလိုရာသွားနိုင်တယ်ဆိုရင် သင်ဟာ ၁၈ ရာခိုင်နှုန်းသော ကမ္ဘာ့လူချမ်းသာတွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်နေပါပြီ။

သင်ဒီနေ့ နေမကောင်းမဖြစ်ပဲ ကျန်းကျန်းမာမာ အသက်ရှင်နေတယ်ဆိုရင် သင်ဟာ လူတစ်သန်းထက်ပိုကံကောင်းပါတယ်။ကမ္ဘာပေါ်မှာ တစ်ပတ်လျှင်လူတစ်သန်းလောက် ရောဂါတွေကြောင့်သေဆုံးနေရပါတယ်။

တကယ်လို့ သင်ဒီစာကိုဖတ်ပြီး၊စာကိုနားလည်တယ်ဆိုရင် သင်ကလူသန်းသုံးထောင်ထက်ပိုပြီး ကံကောင်းပါတယ်။ကမ္ဘာပေါ်က လူသန်းသုံးထောင်လောက်က မျက်စိမမြင်နိုင်၊စာမဖတ်နိုင်၊စိတ်ဝေဒနာ ခံစားနေရပါတယ်တဲ့။

တကယ်တော့ ဘ၀ဆိုတာ နာကျင်မှုတွေကို ညည်းညူနေရုံမျှမဟုတ်ပါဘူး။
တကယ်တော့ နေတတ်ရင်ကျေနပ်စရာပါပဲဗျာ။

 
Credit to Original Writer

နေပြည်တော်မှာ WCDMA ကတ်တွေငွေကျပ်၁၅၀၀နဲ့စရောင်းနေ



“နေပြည်တော်မှာWCDMA ကတ်တွေငွေကျပ်၁၅၀၀နဲ့စရောင်းနေ”
 
MPT မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ WCDMA SIM ကတ်တွေကို ၁၅၀၀ကျပ်နဲ့နေပြည်တော်ရှိဖုန်းအရောင်းဆိုင်တချို့မှာစတင်ရောင်းချပေးနေရာလူထုအများစုတန်းစီ
ဝယ်ယူနေတာကြပါတယ်။နံနက်ကိုးနာရီခွဲခန့်ကစတင်ရောင်းချပေးနေတာဖြစ်ပြီးမှတ်ပုံတင်တစ်ခုကိုSIM ကတ်တကတ်ဝယ်ယူခွင့်ရပါတယ်။ယနေ့ရောင်းချပေးတာက WCDMA ကတ်တွေဖြစ်ပြီးGSMကတ်တွေတော့ရောင်းချပေးခြင်းမရှိသေးပါဘူး။

ဆိုင်အများစုကတော့ရောင်းချပေးနိုင်ခြင်းမရှိကြသေးဘဲ Elite Asia Mega link | တာမိုးညဲချမ်းသာ စတဲ့distributor တွေနဲ့ချိတ်ဆက်ထားတဲ့အရောင်းဆိုင်တွေ မှာစတင်ရောင်းချလျှက်ရှိတယ်လို့သိရပါတယ်။


Author - မိုးမိုး
  
Kumudra

ရိုမေးနီးယား ရုပ်ရှင်ပွဲတော်မှာ မြန်မာဇာတ်ကား အထူးဆုရရှိ

 
မြန်မာလူငယ်ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးတဲ့ The Monk (ရဟန်း) ဆိုတဲ့  ဇာတ်လမ်းရုပ်ရှင်ဟာ ရိုမေးနီးယားနိုင်ငံ ရုပ်ရှင်ပွဲတော်မှာ အထူးဆု ဆွတ်ခူးသွားပါတယ်။
ရိုမေးနီးယားနိုင်ငံ ဘူခါရက်မြို့မှာကျင်းပတဲ့  ၁၁ ကြိမ်မြောက် anonimul International Independence Film Festival အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ  Premiere Special အထူးဆု ရရှိတာပါ။


မြန်မာ့ကျေးလက်က ကိုရင်ငယ်ဘ၀ကနေ အရွယ်ရောက်လာတဲ့ ရဟန်းတစ်ပါးကို ဇာတ်အိမ်တည် ထားတဲ့ အဲဒီဇာတ်ကားဟာ ပြသချိန်  ၉၄ မိနစ်ရှိပြီး   တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ် အောက်တိုဘာ ၂ ရက်နေ့ကနေ  ၁၁ ရက်နေ့အထိကျင်းပမယ့်  ၁၉ ကြိမ်မြောက် ဘူဆန်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ လည်း ရွေးချယ်ခံထားရပါတယ်။


A Window on Asian Cinema  အာရှရုပ်ရှင်ပြတင်းဆိုတဲ့ အစီအစဉ်မှာ ပြသမှာဖြစ်ပြီး ဒီကဏ္ဍဟာ အရည်အချင်းရှိ ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ရုပ်ရှင်ကားသစ်တွေကို အဓိကရွေးချယ်ပြသတာ ဖြစ်ပါတယ်။
 
 
Rfa