4 Jun 2014

မြဝတီရုပ်မြင်သံကြားအား ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ကြည်လင်ပြတ်သားအောင် ကြည့်ရှုနိုင်ရန်ဆောင်ရွက်ပြီးဟုဆို



မြဝတီရုပ်မြင်သံကြားအား ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်မှ ဖမ်းယူကြည့်ရှုရာတွင် လိုင်းကြည်လင်ပြတ်သားမှုရှိစေရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း မြဝတီရုပ်မြင်သံကြား တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဂျစ်တယ် ထပ်ဆင့်လွှင့်စက်ရုံသို့ ပြောင်းရွှေ့ထုတ်လွှင့်ပေးခြင်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။ “လက်ရှိမှာ မြို့တွင်းကနေ လွှင့်ပေးနေတဲ့အတွက် ကြည်ကြည်လင်လင် မရှိတာတွေ၊ ဖမ်းယူကြည့်ရှုရာမှာ အစက်အပြောက်ထနေတာတွေ ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ အရင်ထုတ်လွှင့်ပေးတဲ့နေရာက မြို့တွင်းနဲ့အနည်းငယ် ဝေးနေတဲ့အတွက် ထုတ်လွှင့်ပေးနိုင်မှုဧရိယာက မိုင်အားဖြင့် ဝေးသွားပါတယ်။ ဒါကြောင့် အနည်းငယ်မကြည်မလင်ဖြစ်သွားတာပါ” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ ယခုအခါ မြို့အထပ်မြင့်အဆောက်အဦများ ယခင်ကထက်များပြားလာပြီဖြစ်၍ ယင်းနေရာများတွင်ပါ ကြည်လင်အောင်ဖမ်းယူနိုင်မည်ဖြစ်သည်ဟု သိရသည်။

မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်းအား 10KW  Transmitter ဖြင့် ရန်ကုန်မြို့(ဘောက်ထော်) ရှိ မြဝတီရုပ်မြင်သံကြား ဒီဂျစ်တယ်ထပ်ဆင့်လွှင့် စက်ရုံသို့ ပြောင်းရွှေ့ထုတ်လွှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ “ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် မိုင်ငါးဆယ်ပတ်လည်မှာ ကြည်ကြည်လင်လင်ကြည့်နိုင်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ မြ၀တီရုပ်သံလိုင်းအား မည်သည့် အင်တာနာနှင့်မဆို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ ရုပ်မြင်သံကြားအနေဖြင့် လက်ရှိတွင် အခမဲ့ရုပ်သံလိုင်းတစ်လိုင်းနှင့် အခပေးရုပ်သံလိုင်းခြောက်လိုင်း စုစုပေါင်း လိုင်းခုနစ်လိုင်းဖမ်းယူကြည့်ရှုနိုင်ကြောင်း၊ ဒီဂျစ်တယ်တီဗွီအချို့တွင်မူ အခပေးလိုင်းများအား ဝယ်ယူစရာမလိုဘဲ အင်တာနာဖြင့်ပင် ဖမ်းယူကြည့်ရှုနိုင်ကြောင်း သိရသည်။

ထွန်းထွန်း
Internet Journal



0 comments:

Post a Comment