7 Jul 2014

အပေါင်ပစ္စည်း မလိုအပ်ဘဲ ငွေချေးနိုင်မည့် ချေးငွေ အာမခံစနစ်ကို စမ်းသပ်မည်


ရန်ကုန် ဇူလိုင် ၇

 ချေးငွေအာမခံ ရရှိထားပါက အပေါင်ပစ္စည်းမလိုဘဲ ငွေချေးယူနိုင်ရန် စီစဉ်လျက်ရှိရာ ပြည်တွင်း အလတ်စား ၊ အသေးစား လုပ်ငန်းရှင် များအတွက် အခွင့်အလမ်းများ တိုးလာနိုင်သော်လည်း အဆိုပါ စနစ်ကို ပြည်တွင်း၌ အသုံးပြုနိုင်ရန်မှာမူ စိန်ခေါ်မှုအချို့ ရှိလာနိုင်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။


အပေါင်မလိုဘဲ ငွေချေးနိုင်မည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ချေးငွေအာမခံကို မြန်မာ့ အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က ရောင်းချမည်ဖြစ်ပြီး ချေးငွေ အာမခံရရှိထားပါက အသေးစား အလတ်စား စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်တွင် အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည် ဖြစ်ကြောင်း အဆိုပါဘဏ်၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဌေးက ပြောကြားသည်။


''အပေါင်ပစ္စည်း မလိုအပ်ဘဲ ငွေချေးနိုင်မယ့် အာမခံစနစ်ကို ပထမဆုံး တစ်နှစ်စမ်းသပ်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ အောင်မြင်မှု အခြေအနေကို မူတည်ပြီးရေရှည်မှာ ဆက်လက်လုပ်ကိုင်သွားဖို့ ရှိပါတယ်။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ နိုင်ငံအနေနဲ့ မူဝါဒတစ်ခုကနေတစ်ခု၊ စနစ်တစ်ခု ကနေတစ်ခုကို ကူးပြောင်းရတဲ့ အတွက် စိန်ခေါ်မှုတွေကိုလည်း ထည့်သွင်း စဉ်းစားထားရပါတယ်။ ဒါပေမယ့် အာမခံဝယ်ယူထားပြီးဆုံးရှုံး မှုတစ်စုံတစ်ရာ ဖြစ်လာမယ်ဆိုရင် မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ ၄ဝ ရာခိုင်နှုန်းပေးလျော်ဖို့ စီစဉ်ထား ပါတယ်''ဟု အာမခံကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။


လက်ရှိတွင် အသေးစား၊အလတ်စား စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်သည် ချေးငွေအာမခံမရှိသည့် လုပ်ငန်းများကို ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ရိုးရိုး ချေးငွေအတွက် အတိုးနှုန်း ၁၂ ရာခိုင် နှုန်းနှင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအတွက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေများ ထုတ်ချေးလျက်ရှိပြီး ပစ္စည်းအပေါင် ထားသည့်စနစ်ကို အသုံးပြုလျက်ရှိ ကြောင်း ဦးတင်မောင်ဌေးထံမှ သိရှိရသည်။


ချေးငွေအာမခံစနစ်ကို အသုံးပြုကာ အပေါင်ပစ္စည်းမပါဘဲ ငွေချေးသည့်စနစ်ကို နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော်လည်း နိုင်ငံတိုင်းတွင် Credit Bureau စနစ် အောင်မြင်ထားမှုကြောင့် လုပ်ဆောင် နိုင်ခြင်းဖြစ်ပြီး အဆိုပါစနစ်မှာ လုပ်ငန်းငယ်များအတွက် အမှန်တကယ် အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်း ဗဟိုဘဏ် ‘ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က မှတ်ချက်ပေးသည်။


ခရက်ဒစ်ဗျူရိုစနစ်အရငွေလိုအပ်သည့် လုပ်ငန်းရှင်သည် အပေါင်ထား ရှိစရာ မလိုဘဲ ဘဏ်တစ်ခုပြီးတစ်ခု၌ ငွေချေးယူနိုင်မည်ဖြစ်သည့်အပြင် ဘဏ်များကလည်း မိမိတို့ဘဏ်တွင် ငွေချေးယူသူ၏ အချက်အလက်များကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ သို့ရာတွင် ငွေချေးယူသူ၏ အချက်အလက်များကို အဆိုပါ ခရက်ဒစ်ဗျူရို ၌ လက်ခံထားရှိကာ ချေးငွေရယူထားသည့်အချက်အလက်များနှင့် ပြန်လည်ပေးဆပ်မှု အခြေအနေများကို သိရှိနိုင်ပြီး ငွေချေးခွင့်ရှိမရှိ ဆုံးဖြတ် နိုင်ခြင်းဖြစ်ရာ Credit Bureau မရှိ သေးသည့် နိုင်ငံများအဖို့ အပေါင်မပါဘဲ ငွေချေးမှုများမှာ အခက်အခဲ များရှိနေကြောင်း သိရသည်။


ယခုစတင်ကျင့်သုံးမည့် ငွေချေး အာမခံ (Credit Guarantee Insur- ance) မှာ အပေါင်ပစ္စည်းမရှိပါက ပထမနှစ်တွင် သုံးရာခိုင်နှုန်း၊ ဒုတိယ နှစ်တွင် ၂ ‘ဒသမ ၅ ရာခိုင်နှုန်းနှင့် တတိယနှစ်တွင် တစ်ရာခိုင်နှုန်းခန့် သတ်မှတ်ကာ ဝယ်ယူနိုင်ပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက်မူ ငွေချေးအာမခံ ပရီမီယံကြေးကို အပေါင်ပစ္စည်းရှိ၊ မရှိအခြေ အနေပေါ်မူတည်ကာ သတ်မှတ်ထားရကြောင်း အာမခံကြီးကြပ်ရေးအဖွဲ့မှ သိရှိရသည်။


''စိုးရိမ်စရာက ငွေချေးယူသူ တွေကို ယုံကြည်စိတ်ချရမှုဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ဥပမာပြောရရင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရခဲ့တာ တစ်နှစ်ဝန်းကျင်ပဲရှိသေး တာကို နိုင်ငံခြားဘဏ်တွေနဲ့အပြိုင် လုပ်ကိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေရချိန်ဖြစ်ပါတယ်။ ဈေးကွက်မှာ အပြိုင်အဆိုင်တွေ အများကြီးရှိနေတဲ့ အတွက် ငွေထုတ်ချေးတဲ့ ကိစ္စရပ်တွေမှာ မူဝါဒပိုင်းဆိုင်ရာ စိုးရိမ်မှု တွေရှိနေရတာဖြစ်ပါတယ်။ အပေါင်ထားတဲ့ငွေချေးမှုကို စဉ်းစားရာမှာ ယုံကြည်စိတ်ချရစေဖို့ အရင်ဆုံး ရွေးချယ်ရပါတယ်။ အတိုးနှုန်းကတော့ သတ်မှတ်ထားတဲ့ အတိုင်း ၁၃ ရာခိုင် နှုန်း ရယူပါတယ်။ အပေါင်ပစ္စည်းကိုတော့ ဗဟိုဘဏ်က သတ်မှတ်ပေးထား တဲ့အထဲက မရွှေ့ပြောင်းနိုင်တဲ့ အိမ်ခြံမြေကို အဓိကလက်ခံပေးနေပါတယ်'' ဟု ဘဏ်လုပ်ငန်းလုပ်ကိုင်သူ ဒါရိုက် တာတစ်ဦးက ပြောကြားသည်။


ပြည်တွင်းလုပ်ငန်းရှင် အများစုမှာမူ ဘဏ်များမှ ငွေချေးယူကြရာတွင် ပြည်ပဘဏ်လုပ်ငန်းများ ဝင်ရောက်လာပါက ပိုမိုအခွင့်အရေးရရှိကာ အတိုးနှုန်းများလည်း ကျဆင်းလာမည်ဟု မျှော်လင့်ကြသော်လည်း ဗဟိုဘဏ်တာဝန်ရှိသူ တစ်ဦးကမူ ပြည်ပ ဘဏ်များဝင်ရောက်လာသော်လည်း အခြားဖွံ့ဖြိုးပြီး နိုင်ငံများကဲ့သို့ အတိုးနှုန်းကို တစ်ရာခိုင်နှုန်းမှ သုံးရာခိုင် နှုန်းအထိ လျှော့ချမှုများပေးအပ်နိုင်ဦးမည်မဟုတ်ဘဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် နိုင်ငံ့ ငွေကြေးဖောင်းပွမှုနှုန်းထားအရ အတိုးနှုန်းကိုသတ်မှတ်မည်သာ ဖြစ်ကြောင်း ရှင်းပြသည်။


လက်ရှိတွင်ပြည်တွင်း ငွေကြေးဖောင်းပွမှုမှာ တစ်နှစ်လျှင် ခြောက်ရာခိုင်နှုန်းခန့်ရှိနေခြင်းကြောင့် အတိုးနှုန်းကို ယင်းထက်ကျော်လွန်စေရန် ရှစ်ရာခိုင်နှုန်းသတ်မှတ်ထားခြင်းဖြစ် ပြီး စီးပွားရေးအားကောင်းလာပါက ငွေကြေးဖောင်းပွမှု နှုန်းထားများ လည်းလျော့ကျကာ အတိုးနှုန်းများ လည်းကျဆင်းလာနိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။


မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ဗြိတိန်၊ ဂျပန်၊ နယူးဇီလန်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ စသည့်နိုင်ငံများမှဘဏ် ၄၂ခုခန့်အား ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ခွင့် ပေးခဲ့ပြီး လာမည့်နှစ်များအတွင်း ဘဏ်ခွဲများအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။

မကြာမီစတင်ကျင့်သုံးတော့မည် ဖြစ်သည့် ချေးငွေအာမခံစနစ်အား ဂျာမနီနိုင်ငံ GIZ နှင့် ဂျပန်နိုင်ငံ ဆူမီတိုမိုမစ်ဆူရီဘဏ်တို့မှ ပညာရှင် များ၏အကြံဥာဏ်နှင့် နည်းစနစ်များ ကို ရယူထားခြင်းဖြစ်ကြောင်း သိရသည်။

(မြန်မာ့အလင်း)

https://www.facebook.com/MYANMAALINNNEWS

0 comments:

Post a Comment