7 Jul 2014

အားလပ်ချိန် ဝင်ငွေနှင့် ကျူရှင်ဂယက်

 
ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အားလပ်ချိန်တွင် အပိုဝင်ငွေ ရှာနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက တရားဝင် ပြောကြား လိုက်သည်။
ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး နှီးနှော ဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ) ကို ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတု ခန်းမတွင် ကျင်းပရာ ပညာရေး ဝန်ကြီးက တက်ရောက်ပြီး မီဒီယာများနှင့် တွေ့ဆုံခိုက် ပြောကြား လိုက်ခြင်း ဖြစ်သည်။

လစာနှင့် လောက်ငမှု မရှိနိုင်သည့်အတွက် စာသင်ချိန် ပြင်ပတွင် ဝင်ငွေဖြည့်ဆည်းခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းဝင်ငွေ ရှာဖွေမှုသည် အဂတိကင်းစင်ပြီး ဘက်မလိုက်ရန် လိုအပ်ကြောင်းကို ၎င်းက ကန့်သတ်ပြောဆိုသည်။ “ကျောင်းမှာလည်း ကောင်းကောင်း သင်ပြီးတော့ ကိုယ့်ရဲ့ အားလပ်ချိန်မှာလည်း ကိုယ့်ရဲ့ဝင်ငွေ ဖြည့်ဆည်းနိုင်တယ် ဆိုတဲ့ အမြင်ရှိအောင် လုပ်ရမယ်” ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ချီ ဆရာ၊ ဆရာမများ၏ လစာနှင့် ခံစားခွင့်နည်းပါးခြင်းက ကျူရှင်စနစ် အားကောင်းစေရန် မီးစာတစ်ခုဖြစ်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမများ ကျူရှင်မသင်ရန် ဝန်ခံကတိ တောင်းထားသော်လည်း ပေါ်ပေါ်တင်တင်တစ်ဖုံ၊ ပုန်းလျှိုးကွယ်လျှိုးတစ်ဖုံ သင်ကြားနေကြသည်။

ယခုတစ်ဖန် ပညာရေးဝန်ကြီး ကိုယ်တိုင်က ဆရာ၊ ဆရာမများ စာသင်ချိန်ပြင်ပ ဝင်ငွေရှာရန် တိုက်တွန်းနေခြင်းသည် ကျူရှင်စနစ်ကို အားပေးသယောင် ဖြစ်နေသလောဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ “ကျူရှင်က စီးပွားရေးတစ်ရပ်လို ဖြစ်နေပြီ။ မိဘက ကိုယ့်ကလေးတတ် စေချင်တော့ ကျူရှင်ထားကြတယ်။ ကိုယ့်အတန်းပိုင် ဆရာမနဲ့သင်တော့ သားရွှေအိုးထမ်းသလိုပဲလေ။ ဒီသင်ရိုး ဒီဆရာသင်တော့ အာဘော်လည်း မပြောင်းဘူးပေါ့” ဟု ကျောင်းအုပ်ဆရာတစ်ဦးက ဆိုသည်။

အခြေခံပညာ ဆရာ၊ ဆရာမတစ်ဦးက လစာကျပ် တစ်သိန်းနှစ်သောင်း ဝန်းကျင်သာရရှိပြီး ကျူရှင် သင်ကြားမည်ဆိုပါက ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းနီးပါးအထိ အပိုဝင်ငွေရကြောင်း၊ သို့သော် တိုင်စာပို့ခံရလျှင် ပညာရေးမှူးများ၏ စစ်ဆေးမေးမြန်းမှုခံရပြီး အလုပ်ထုတ်ခံရသည်အထိ အရေးယူ ခံရကြောင်း အခြေခံပညာ ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ သိရသည်။ “ပညာရေး ဝန်ကြီးဌာန ဘက်က တိုင်စာရရင် ဖမ်းတယ်။ တိုင်စာမရရင် မဖမ်းဘူး။ အခုဆို တိုင်စာရတာနဲ့ ဖြုတ်မယ်ဆိုပြီး ပြောနေတယ်” ဟု အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ပြောဆိုသည်။

ဝန်ကြီးဌာနက ကျူရှင်များကို တင်းကျပ်ထားသည့်အတွက် တရားမဝင် သင်ကြားရင်း ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း၊ ယင်းအတွက် ပညာရှင်များနှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားရန် ရှိကြောင်း ပညာရေးဝန်ကြီးက ရှင်းပြသည်။ “ကျူရှင်ဆိုတာကို မိဘတိုင်းက ထောက်ပြပေမယ့် မိဘတိုင်းက ကျူရှင်မပေးဘဲ မနေနိုင်တဲ့စိတ်ကို အရင်ဖျောက်ရဦးမယ်။ အဲဒီစိတ်သဘောထားကလည်း ကျောင်းမှာ သင်တာ လုံလောက်ပါပြီ ဆိုတာကို ပြနိုင်မှပဲသူတို့ရဲ့ စိတ်သဘောထားကို ပြောင်းရမယ်” ဟု ၎င်းက ပြောကြားသည်။

အားလပ်ချိန် ဝင်ငွေရှာခွင့်ပြုရန် စီစဉ်နေခြင်းသည် ရေတိုဖြေရှင်းနည်း တစ်ရပ်အဖြစ် ယူဆရကြောင်း၊ အဆိုပါ နည်းလမ်းအတိုင်း ဖြေရှင်းမည်ဆိုပါက ကျူရှင်သင်ကြားခွင့် လိုင်စင်နှင့် မိမိသင်ကြားသည့် အတန်းကို ကျူရှင်ပြန်ပြခွင့် မရှိခြင်းတို့ကို သတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (ယာယီ) ၏ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးလှိုင်က သုံးသပ်သည်။ “လုပ်ခလစာကို မဖြေရှင်းနိုင်တဲ့အခါ ရေတိုနည်းကို သုံးလိုက်တာပါပဲ” ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
ပညာရေးဝန်ကြီး၏ နှုတ်ခွင့်ပြုချက်နှင့် ပတ်သက်၍ အမှတ် (၃) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ကို The Voice ကမေးမြန်းခဲ့သော်လည်း သုံးသပ်ချက် မပေးလိုကြောင်း ပြောကြားသည်။ တစ်ရက်ဝင်ငွေ ကျပ် ၄၀၀၀ ဝန်းကျင်နှင့် မြို့ကြီးများ၏ နေထိုင်စားသောက် ကုန်ကျ စရိတ်ကို ဆရာ၊ ဆရာမများက ကျူရှင်သင်နည်းမှလွဲ၍ မည်သည့် နည်းလမ်းနှင့် ရှာဖွေသင့်ကြောင်း ဝေဖန်စရာ ဖြစ်လာသည်။

သို့သော် ကျူရှင်နှင့် ပတ်သက်၍ ဈေးကွက်စနစ် ဖြစ်နေသေးကြောင်းကို ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်စန်းရီက ယခုကဲ့သို့ ပြောကြားခဲ့သည်။ “ယခုက ဖက်ရှင်ဖြစ်နေပြီးမှ လူတိုင်းသင်မယ်ဆိုတာ ဖြစ်နေတော့ ဈေးကွက်ကြီး ဖြစ်နေတယ်”


သတင်းဆောင်းပါး - လဲ့ရည်မြင့်
The Voice Journal


0 comments:

Post a Comment