29 May 2014

လူငယ်များအတွက် နေရာအခက်အခဲ

 
မြန်မာနိုင်ငံမှာ လူငယ်ဖြစ်ရတာ အခွင့်အရေး အတော်ဆုံးရှုံးပါတယ်။ ယုံကြည်ရာကို ပြောဆိုရဲတဲ့ အခွင့် အရေး မရကြရှာပါဘူး။ ကိုယ်မယုံကြည်တာကို ငြင်းဆန်ရဲတဲ့ စိတ်အင်အားမျိုးလည်း မရှိကြရှာပါ ဘူး။ မျှော်လင့်ချက်တွေ တလက်လက် တောက်ပနေတဲ့ အနာဂတ်ကိုလည်း မပိုင်ဆိုင်ရပါဘူး။

ကိုယ်ဘယ်လောက် ကြိုးစားကြိုးစား နေရာတစ်ခုကို ကိုယ်ကျင့်တရားနဲ့ အရည်အချင်းပေါ် မူတည်ပြီး သတ် မှတ်တာ မဟုတ်တဲ့အတွက် ကိုယ်ကျင့်တရား ပျက်ယွင်းပြီး အရည်အချင်း မရှိတဲ့ လူကြီးတွေ အောက်မှာ လည်း နှိပ်ကွပ် ခံကြရရှာပါတယ်။ ပညာကောင်းကောင်းကို လူငယ်တိုင်း မသင်ကြရရှာပါဘူး။ လက်ညိုးထောင် ခေါင်းညိတ်၊ မေးခွန်း ပြန်မမေးရသော ပညာဆိုးဆိုး များကိုသာ သင်ကြားကြရရှာပါတယ်။ တစ်ယူသန်သောသူ၊ အစွဲအလမ်းကြီးသောသူ၊ ပြောသမျှ ယုံသောသူ၊ ဘာပြောပြော မယုံသောသူ တို့ ဖြစ်ခဲ့ပြီး စဉ်းစား ချင့်ချိန်နိုင်တဲ့ လွတ်လပ်တဲ့စိတ်နဲ့ လူငယ်မျိုး ဖြစ်မလာခဲ့ကြပါဘူး။

ဒီလိုစနစ်ဆိုးထဲမှာ ရုန်းကန်လှုပ်ရှားရင်း ကြိုးစားနေတဲ့ လူငယ်တွေလည်း တွေ့ရပါတယ်။ ဒီလိုမြင်ရရင် စာရေးသူရဲ့စိတ်ထဲမှာ ကြက်သီး တဖြန်းဖြန်းထရင်း မျက်ရည်ဝဲလာတဲ့အထိ ကျေနပ် အားတက်မိပါတယ်။ ဒီလို လူငယ်လေးတွေအတွက် အာမခံချင်တဲ့စိတ်၊ တာဝန်ယူချင်တဲ့ စိတ်လေး ပေါ်မိပါတယ်။ ကြိုးစားစမ်း လူငယ်လေးရေ...မင်းအတွက် ရှေ့အနာဂတ်ဟာ လှပနေတယ်၊ မင်းအတွက် တစ်နေရာရှိတယ်၊ မင်းရဲ့ ကြိုးစားမှုဟာ ငါတို့ တိုင်းပြည်အတွက် အချည်းအနှီး မဖြစ်စေရဘူး။ မင်းရဲ့ စိတ်ကူးဉာဏ်တွေအတိုင်း အကောင်အထည် ဖော်နိုင်ဖို့၊ နိုင်ငံတော် တိုးတက်ဖို့ မင်းကို နေရာတစ်ခု ပေးမယ်လို့ ပိုင်ပိုင်ကြီး ပြောချ လိုက်ချင်တဲ့ စိတ်ပေါ်လာမိတယ်။ ဒါပေမဲ့ လူငယ်လေးရယ်၊ ငါ့ကိုယ်ငါလည်း ရှက်မိပါတယ်။ ငါမင်းကို ဘာမှလုပ်မပေး နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်လည်း ပြန်ဝင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆောင်းပါးလေး ရေးဖြစ် တာပါ။

လူတစ်ဦးတစ်ယောက်က လုပ်ပေးနေမှ လူငယ်များ နေရာရမှာလား၊ အဲဒီလူ သေသွားရင် ဘယ်လိုလုပ် မလဲ။ လုပ်ပေးနိုင်တဲ့ နေရာကို ရောက်နေတဲ့သူကရော လူငယ်များကို နေရာပေးရမှန်း မသိရင် ဘယ်လို လုပ်ကြမလဲ။ ဒီလိုအတွေးတွေ ဝင်လာမိတယ်။ စနစ်တစ်ခု ကောင်းကောင်းမွန်မွန် ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရင် ဘယ်သူသေသေ၊ ဘယ်သူနေနေ လူငယ်များ သူ့အခွင့်အရေးသူ ရကြပါ လိမ့်မယ်။ ဘယ်လို စနစ်ကောင်း ဖြစ်မလဲ။ အတွေးပြောင်းလိုက်ရုံပါပဲ။ ရာထူးနဲ့ ငွေကြေးကို ဦးညွတ်နေတဲ့ စိတ်ဓာတ်တွေကို ပြောင်းလိုက်ကြရမှာ ဖြစ်ပါတယ်။ လူငယ်များ ကိုယ်တိုင် ပြောင်းကြပါ။ ရာထူးကို ဦးစားပေးတော့ ရာထူးရပြီးရော နည်းလမ်းပေါင်းစုံသုံး၊ ကိုယ့်ထက် အရည်အချင်း ရှိသူများကို ကျော်ခွနင်း၊ ကိုယ့်ကို ရာထူးပေးနိုင်သော လူကြီးကို အတင်းဖား၊ ဒီလိုနဲ့ ရာထူးရတော့ ငွေကြေးကို မဟုတ်တရုတ် နည်းလမ်းနဲ့ရှာ၊ ကိုယ်ကျင့်တရားပျက်၊ ငွေရပြီးရောလုပ်။ ဒီလိုနဲ့ လူကြီး ဖြစ်လာကြတော့ ကိုယ်လုပ်သည် များကို ပြန်လည် ထောက်ပြမည့်သူ မရှိအောင် လက်ညှိုးထောင် ခေါင်းညိတ် Complain မရှိသူ ခိုင်းရာ လုပ်သူများကို နေရာပေး။ ဒီလိုနဲ့ လူတော်လေးတွေအတွက် နေရာပျောက် လာခဲ့တာပေါ့။

ဒီတော့ ကျွန်တော်တို့ လူငယ်တွေ ရာထူး (အာဏာ) နဲ့ ငွေကြေးကို ဦးမညွတ်ကြပါနဲ့၊ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းကိုသာ ဦးညွတ်လိုက်ပါ။ မြန်မာပြည်ရဲ့ ဌာနဆိုင်ရာပေါင်းစုံ ရာထူးပေးရေးစနစ်မှာ မူတွေ အများကြီး ထားပါတယ်။ ဒီလိုမူတွေ အများကြီးထားတော့ စည်းစနစ် ကျသွားပြီလား၊ ဒီလိုမဟုတ်ပါဘူး ကိုယ်ပေးချင်တဲ့ သူကို ပေးလို့ရသွားတာပဲ ဖြစ်ပါတယ်။ ကိုယ်ပေးချင်တဲ့သူကို မူဝါဒ တစ်ခုနဲ့ ကိုက်ရင် ပေးလိုက်ပါတယ်၊ ဒီလိုပဲ မပေးချင်တဲ့ သူကိုတော့ မူဝါဒတစ်ခုနဲ့ မကိုက်ညီလို့ မပေးတော့ပါဘူး။ တကယ်လိုအပ်တာက ကိုယ်ကျင့်တရားနဲ့ အရည်အချင်းပါပဲ။ ဒါကြောင့် ကိုယ့်ထက် ရာထူးကြီးတဲ့သူ ကိုယ်ကျင့်တရား မကောင်းရင် မလေးစားပါနဲ့၊ အရည်အချင်း မရှိရင် မလေးစားပါနဲ့။

တကယ်လို့ လူငယ်များက ကိုယ်ကျင့်တရားနဲ့ အရည်အချင်းကိုသာ လေးစားနိုင်မယ်လို့ ကြွေးကြော်လိုက်ပြီ ဆိုပါစို့၊ ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေ ကောင်းလာပါလိမ့်မယ်၊ အရည်အချင်း မရှိတဲ့သူတွေ ရှိအောင် ကြိုးစားလာပါလိမ့်မယ်။ လူဆိုတာ သြဇာရှိချင်တဲ့ သူတွေချည်းပဲလေ။ အလေးစားခံချင်တဲ့ သူတွေ ချည်းပဲလေ။ ဒီတော့ အခန့်သား ဘာမှမလုပ်ရဘဲတော့ အလေးစား မခံချင်ပါနဲ့။ ထို့အပြင် ကိုယ့်ထက် ငယ်သူများကလည်း အလေးစား ခံရဖို့အတွက် ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားကြတော့မည်၊ အရည်အချင်း ရှိအောင် ကြိုးစားကြတော့မည်။ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားသာ ကောင်းပါစေ၊ ဘယ်လောက်ငယ်ငယ် လေးစားလိုက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ငယ်ငယ်နဲ့ ဗိုလ်ချုပ် ဖြစ်တာပဲလေ။ ဘုရားလည်း ၃၆ နှစ် ဘုရား ဖြစ်ခဲ့တာပဲ။ ဒီလိုပြောင်းလိုက်ရုံနဲ့ စနစ်တစ်ခု ပြောင်းသွားမလားဆိုပြီး သံသယ ရှိနိုင်ပါတယ်။ ပြောင်းသွားမယ်လို့ ရဲရဲကြီး အာမခံပါတယ်။ ဒါကလည်း အကြောင်းရှိလို့ပါ။ အချိန်တော့ အနည်းငယ် လိုအပ်ပါတယ်။

လူငယ်များကို Knowledge Management ဆိုသော အတွေးအခေါ်နှင့် ဥပမာပေး တင်ပြချင်ပါတယ်။ အရင်တုန်းကတော့ Time Management နဲ့ Man Management ဆိုတာ ခေတ်စားပါတယ်။ အခုကတော့ Knowledge Management ကပိုခေတ်စားလာပါတယ်။ Knowledge Management ကဘာလဲဆိုတော့ Sharing your knowledge ပါ။ ဟိုအရင် နည်းပညာခေတ် လူတစ်ယောက် အလုပ်မှာ သြဇာရှိဖို့၊ နေရာရဖို့ ဆိုရင် သူဘယ်လောက် သိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် လူတွေဟာ သိဖို့ ကြိုးစားကြ ပါတယ်။ ပြီးရင် ကိုယ်သိတဲ့ဟာကို သူများကို မပြောပြကြပါဘူး၊ ပြောလိုက်လို့သူများ သိသွားရင် ကိုယ်နေရာ မရမှာကို ပူပန်ပါတယ်။ ကိုယ့်သြဇာ ကျသွားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် လူတွေဟာ ကိုယ်သိသမျှကို မပြောပြချင်ကြပါဘူး။ ဒီလိုနဲ့ ခေတ်က အိုင်တီခေတ်ကို ပြောင်းလာပါတယ်။ လူတွေရဲ့ ကိုယ်သိတာကို မပြောချင်တဲ့စိတ်က အလုပ် မဖြစ်တော့ပါဘူး။ နိုင်ငံတစ်ခုအတွက် ကုမ္ပဏီ တစ်ခုအတွက် လူတစ်ယောက်တည်း သိတာက မလုံလောက်တော့ပါဘူး။ ဒါကြောင့် လူတွေကို အမြင်ပြောင်းအောင် စည်းရုံးကြပါတယ်။ သိတာဟာ သြဇာမဟုတ်တော့ဘဲ ကိုယ်သိတာကို သူများအသုံးချလို့ ရအောင် ပြောပြပေးခြင်းသာလျှင် သြဇာ ကြီးမားတဲ့သူ ဖြစ်စေတယ် ဆိုတဲ့အတွေးကို ပြောင်းပေးလိုက်ပါတယ်။ ဒါကြောင့် Knowledge Management မှာ You Should share your knowledge ပါ။ ဒါကြောင့် ဒီဘက်ခေတ်မှာ Share လုပ်နိုင်လေ သြဇာကြီးတဲ့သူ ဖြစ်လေပါ။

ဒါလေးကို ဥပမာယူပြီး ကျွန်တော်တို့ လူငယ်တွေ ပြောင်းလဲကြရအောင်ပါ။ ကိုယ်ကျင့်တရားနဲ့ အရည် အချင်းကိုသာလျှင် လေးစားမယ်လို့ ကြွေးကြော်လိုက်ရင် နောင်ငါးနှစ်လောက်မှာ ကိုယ်ကျင့်တရား မကောင်းဘဲ၊ အရည်အချင်း မရှိဘဲ နေရာရလာတဲ့သူ မရှိသလောက် ရှားသွားပါလိမ့်မယ်။ ၁၀ နှစ်လောက် ကြာရင်တော့ လုံးဝပျောက်ကွယ် သွားပါလိမ့်မယ်။ ဒါပေမဲ့ လူငယ်များအနေနဲ့ ကိုယ်ကျင့်တရားဆိုတာ ဘာလဲ၊ အရည်အချင်းဆိုတာ ဘာလဲဆိုတဲ့ သတ်မှတ်ချက် များကိုတော့ ဝိုင်းဝန်း ဆွေးနွေးကြဖို့ တင်ပြချင် ပါတယ်။ ဒီနေရာမှာ လူငယ်များ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားကို ကွဲပြားဖို့ လိုအပ်ပါတယ်။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်း။ သူဟာ ကျင့်ဝတ်များကို လိုက်နာနေသော ယဉ်ကျေးတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကျင့်တရား အရာမှာ ထောက်ကွက် မရှိလောက်အောင် ပြီးပြည့်စုံပါတယ်။ စကားလုံးတွေ ယဉ်ကျေးပြီး အတွေးအခေါ် မိုက်ရိုင်းမနေဖို့ လိုပါတယ်။ ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေးကို အလျဉ်းသင့်လို့ လူငယ်များကို တင်ပြချင်ပါတယ်။ ကောက်ညှင်းကို မုန်းတယ်၊ ဆန်နဲ့ မှားမှာစိုးလို့။ ခရမ်းရောင်ကို မုန်းတယ်၊ ဟင်္သာပြဒါးနဲ့ မှားမှာစိုးလို့ (ဟင်္သာပြဒါးဆိုတာ တော်ဝင်မင်းသမီးတွေ သုံးတဲ့အရောင်ပါ)။ လူတွေက ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ ကျင့်ဝတ် ပြည့်စုံသူကို မုန်းတယ်၊ ကိုယ်ကျင့်တရား တကယ်ကောင်းတဲ့သူနဲ့ မှားမှာစိုးလို့တဲ့။ ဒီလိုဆိုရင်တော့ ဘုရားတုတွေ ပေါ်မလာနိုင်ပါဘူး။

တချို့လူငယ်များ ကြည့်လိုက်တာနဲ့ တော်တယ်ဆိုတဲ့ အငွေ့အသက် ရတဲ့လူငယ်တွေ နယ်ပယ်အသီးသီး မှာ ရှိပါတယ်။ ဒီထက်မက ရိုးသားတယ်ဆိုတဲ့ အငွေ့အသက်ပါ ပေါင်းလိုက်ရင်တော့ လူငယ်များအ တွက် နေရာ မခက်ခဲနိုင်တော့ပါဘူး။ ရပြီးသား နေရာလည်း မိမိ၏ အနေအထိုင် အပြောအဆို မတတ် မှုကြောင့် နောင်လာ၊ နောက်သား လူငယ်များ လမ်းပိတ် သွားသလိုမျိုး မဖြစ်သင့်ပါဘူး။ တခြားသူနဲ့ ယှဉ်ပြိုင်ရင် မိမိရိုးသားရင် ရိုးသားသလောက် အနိုင်ရပါတယ်။ မိမိကိုယ်ကိုယ် အောင်နိုင်ချင်ရင်တော့ မိမိသည်းခံနိုင်စွမ်းအပေါ် မူတည်ပါတယ်။ လူငယ်တွေရဲ့ အားသာတဲ့ အရင်းအမြစ်ကတော့ ရိုးသားမှုပါပဲ။ ဒီဂုဏ်ကို အပွန်းမခံကြပါနဲ့။ ဒါပေမဲ့ စနစ်ဆိုးရဲ့ တိုက်စားမှုဒဏ်ကို လူငယ်များ ခံစားရတဲ့အတွက် မရိုးသား တဲ့ လူငယ်လေးတွေကိုလည်း စိတ်မကောင်းစွာ တွေ့နေရပါတယ်။ ဒီလို မြင်လိုက်ရရင်လည်း မဆီမဆိုင် ဝမ်းနည်းမိပြန်ရော။

မြန်မာပြည်မှာ လူငယ်များ နေရာအရဆုံး နယ်ပယ်တွေလည်း ရှိပါတယ်။ သရုပ်ဆောင် နယ်ပယ်နဲ့ ဂီတနယ်ပယ်များ ဖြစ်ပါတယ်။ ဒါတောင် လူငယ်တွေ သရုပ်ဆောင်ပညာ ပိုမိုကောင်းမွန်ပြီး ရုပ်ပိုချော လာကြလို့ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ဒီနေရာမှာ လူငယ်တွေ မတိုးနိုင် ဖြစ်သွားပါမယ်။ သဘာဝကပေးတဲ့ ကံကောင်းခြင်း လက်ဆောင်များပါပဲ။ ဂီတနယ်ပယ်မှာလည်း ထိုနည်းတူပါ။ ယခုခေတ် လူငယ်တွေ ရေး တာရော၊ ဆိုတာရော တိုးတက် လာကြပါတယ်။ အရင်ကရေးတဲ့သူက မဆိုနိုင်၊ ဆိုတဲ့သူက မရေးနိုင်၊ သံစဉ်ကတော့ ကော်ပီကူး၊ ဒီလိုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဆိုတော် ကြက်ဖရဲ့ တချို့တွေက ‘မျက်နှာလည်း မသစ်တတ်ပါ’ ဆိုတဲ့ အတွေးအခေါ် စာသားမျိုး၊ ဂျေမီရဲ့ ‘ကဲသာကဲ မင်းဂရုမစိုက်နဲ့’ ဆိုတဲ့ လွတ်လပ်လိုတဲ့ လူငယ် စိတ်ခံစားချက်မျိုး၊ မိစန္ဒီရဲ့ ရဲတိုက်လို မျက်လုံးနဲ့ ညှို့၊ စိုင်းစိုင်းလို ၅ ပေ ၉၊ နေတိုးလို အသားအရေမျိုး ဆိုတဲ့ ဖွဲ့နွဲ့မှုပုံစံက ဇင်ယော်တောင် မျက်ခုံးမျိုး သမင်မျက်လုံး ဆိုတာထက်တော့ လူနှင့်ပိုတူသည်ဟု ယူဆသည်။ တေးရေးဆရာ ထူးအိမ်သင် ရေးပြီးတော့ ကိုလေးဖြူတို့ အုပ်စုလိုက် သီဆိုထားသော ဉာဏ်ပညာရယ်၊ ချစ်ခြင်း တရားရယ် (love and wisdom) ဟူသော ဗုဒ္ဓဘာသာကို ထင်ဟပ်ထားသော စာသားဖန်တီးမှု၊ နောက်တစ်ခု သဘောကျတာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘အတ္တအရေခွံကို ချွတ်လိုက်မှ အနုပညာ လုပ်ရတာ ပိုလွတ်လပ်လာတယ်’ ဆိုတဲ့စာသား၊ တခြားနယ်ပယ်မှာ ကြိုးစားနေတဲ့ လူငယ်များ ရှိရင် အမှာပါးလိုက် ချင်ပါတယ်။ ရိုးသားကြပါလို့။ ဒါမှ လူငယ်များ မိမိရပြီးသား နေရာကို မပျောက်မပျက် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘာပယောဂမှ မပါဘဲ လူငယ်များ မကြိုးစား၊ မရိုးသားရင်တော့ လူငယ်များ အပြစ်ပါ။ ရိုးသားကြိုးစား နေပါ လျက်နဲ့ အခွင့်အရေးကောင်း၊ အခွင့်အလမ်း ကောင်းတွေ မဖန်တီးပေးနိုင်ရင် လူကြီးများရဲ့ အသိနိမ့်ကျ မှုနဲ့ လောဘကြီးမှုပါ။ လူငယ်များကို တင်ပြချင်တာကတော့ လေးစားထိုက်သူကို မလေးစားခြင်းဟာ အသိတရား ကင်းမဲ့ရာ ရောက်ပါတယ်။ လူကြီးများ အတွက်ကတော့ အလွန်အကျူး အထူးအကဲ အရိုသေ အလေးစား ခံချင်ခြင်းသည် ကိုယ်ချင်းစာတရား မရှိရာ ရောက်ပါတယ်။ ကိုယ်တိုင် ကြိုးစား ရုန်းကန်နေရတဲ့ ဘဝမို့ ဒီစာလေးလောက်ပဲ ရေးနိုင်တဲ့အတွက် နေရာခက်ခဲနေတဲ့ လူငယ်များကို အားနာပါကြောင်း။

The Voice Journal


မိုးရာသီအတွက် အသားအရည် ထိန်းသိမ်းနည်းလေးများ



ခရမ်းလွန်ရောင်ခြည်အပူဒဏ်ကြောင့် မိုးကိုမျှော်လိုက်ရတာ… မိုး..မိုး…ရွာလိုက်ပါတော့ မိုး။ ဟော… ခုတော့ မိုးစရွာပါပြီ။ အပူ ဒဏ်လည်း အတော်အတန်လျော့ပြီမို့  ယခင် တနွေ လုံးအိပ်ရေးပျက်ခဲ့ရသမျှ ညဘက်မှာ အိပ်ပျော်လာနိုင်ကြပါပြီ။ လေပြေလေ ညှင်း မိုးသက်ရ နံ့ လေး တိုက်ခတ်လာပြီးနောက် တဖြောက်ဖြာက်ကျတဲ့ မိုးရေစက်လေးတွေက ပူလောင်မှုကိုေ လျာ့ပါးကာ အေးချမ်းမှုကို အထိုက် အလျောက်ပေးစွမ်းနိုင်တာ အမှန်ပါ။ သို့ သော် သိပ္ပံပညာရှင် သုတေသီများရဲ့  အဆိုအမိန့် အရ၊ နွေအ လွန်မိုးဦးစ မုတ်သုန်ရာသီရောက်တဲ့အခါ ထိုမိုးရေ စက်တွေမှာပါလာတဲ့ သဘာဝအက်ဆစ်ပျော့များ နှင့် စိုထိုင်းထိုင်းထိတွေ့ မှုက အသားအရေ နှင့် ဆံသားတွေကို ပျက်စီးစေတတ်ပါတယ်တဲ့။ ဒါကြောင့် အောက် ပါနည်းလမ်းလေးတွေသုံးပြီး မိုးတွင်းတတွင်း လုံး အသားအရေကို စောင့်ရှောက်ကြရအောင်။

(၁) ဗွက်ထတဲ့ ဖိနပ်စိုတွေသာမက၊ ရေစိုစိုအ၀တ်တွေက အသားအရေအတွက် ယားနာမှို ပိုးတွေဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် အိမ်ပြန်ရောက်တဲ့အခါ ရေခပ်နွေးနွေးဖြင့်ရေချိုးပါ။ မှိုပိုးမွှား အန္တရာယ်မှ ကာ ကွယ်ပေးနိုင်တဲ့ ကာဘော်လိပ်ဆပ်ပြာ(သို့ မဟုတ်) ဒတ်တော ကိုယ်တိုက်ဆ ပ်ပြာ မျိုးတွေသုံးပါ။ အနံ့ အသက်ကောင်းပြီး သန့် ရှင်းခြောက်သွေ့ တဲ့ မျက်နှာသုပ်ပုဝါသုံး ပါ။ ရေချိုးပြီး တဲ့ အခါမှာလည်း လိုအပ်ရင် ယားနာပျောက် ကိုယ်လိမ်းပေါင်ဒါ(သို့ မဟုတ်) ကရင်မ်လိမ်းပါ။

(၂) မိုးရေထဲမှာပျော်ဝင်နေတဲ့ အက်ဆစ်ပျော့က အသားအရေကို ခြောက်သွေ့ ယားယံစေ ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီး အသားလှဆီ (သို့ မဟုတ်) အစိုဓာတ်ထိန်းပေးတဲ့ ညလိမ်း ကိုယ်လိမ်း ကရင်မ်တစ်ခုခု လိမ်းပါ။

(၃) ၀က်ခြံပေါက်လေ့ရှိသူတွေမှာ မိုးရာသီလေထုစိုထိုင်းမှုတွေကြောင့် ၀က်ခြံပိုမိုပွားလာစေ တတ်ပါတယ်။ ဒါကြောင့် ဗီတာမင်စီ ကို အခြေခံ၍ ဖော်စပ်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ြ ပာမျိုး ကို ရွေးချယ်သုံးပြီး မျက်နှာပေါ်က မိတ်ကပ်ချေးညှော်တွေကို ကုန်စင်အောင်ဖျက်ပါ။ (အချဉ် သီးများများစားရင်း ရေ ပိုသောက်ပေးပါ)

(၄) မိုးနှင့်အတူပါလာတဲ့ ရေခိုးရေငွေ့  နှင့် လေအငွေ့ အသက်တွေက မျက်နှာအဆီပြန်ပြီး ၀က်ခြံေ ပါက်သော အသားအရေ ပိုင်ရှင်များကို ကောင်းကျိုးမဖြစ်စေပါဘူး။ ဒါကြောင့် ထိုအသား အရေပိုင်ရှင်များ အဖို့ မုန်သုတ်ရာသီမှာ မျက်နှာသန့် စင် Toner အရည်ကို မဖြစ်မနေသုံးစွဲေ ပးသင့်ပါတယ်။ (အယ်လ် ကိုဟောပမာဏနည်းတဲ့ Toner အမျိုးအစားကို ရွေးချယ်တတ်ပါစေ)

(၅) မုတ်သုန်ရာသီရဲ့  ဘေးထွက်ဆိုးကျိုးက ခြောက်သွေ့ တဲ့အသားအရေကို ရေဓာတ်ခမ်းခြောက်စေ သလို၊ အဆီပြန်တဲ့ အသား အရေကို စိုထိုင်းမှုဖြစ်စေပြီး…ဥပမာ လေအေးစက်(အဲကွန်း) ထဲ တနေကုန် အလုပ်လုပ်ရသော ထိုအသေားအရေပိုင် ရှင်များမှာ အရေပြားယားယံမှုဖြစ်စေပါ တယ်။ ဒါကြောင့် ရေ ဓာတ်များတဲ့ ညလိမ်း မျက်နှာလိုးရှင်းကရမ်မ်ကို လိမ်းအိပ်သင့်ပါတယ်။

(၆) နွေရာသီကုန်ပြီမို့ ၊ နေလောင်ကာ Sunscreen လိမ်းစရာမလိုတော့ဘူးရယ်လို့  အတွေး မမှားသင့် ပါဘူး။ တနေ့ တခြား ယိုးယွင်းလာတဲ့ အိုဇုန်းလွှာပြဿနာက၊ မိုးရွာပြီးလို့ နေ ထွက်လာ တာနဲ့ တပြိုင်နက် ခရမ်းလွန်ရောင်ခြည် UVA-UVB တို့  ပါလာတာကြောင့် နေ့ ဖက်မှာ SPF ၂၀ ပါတဲ့ နေလောင်ကာ ကရင်မ်လိမ်းပေးနိုင်မှ တန်ကာကျပါလိမ့်မယ်။ (အရောင်ဖျော့ တော့ တဲ့ ထီးမျိုးမသုံးသင့်ပါဘူး။ ခရမ်း လွန်ရောင်ခြည်ကာကွယ်တဲ့ ရောင်ပြန်ထီး( သို့ မဟုတ်)အရော င်ရင့်ရင့်ထီး ကိုသာသုံးပေးပါ)

(ရ) မိုးရေထဲမှာပါတဲ့ သဘာဝအက်ဆစ်ပျော့ ဓာတုပစ္စည်းက ဆံသားတွေကိုခြောက်သွေ့ ပျက် စီးေ စ နိုင် တာကြောင့်၊ ရေစိုနေတဲ့ ဆံပင်ကို သုံးနေကျရှမ်ပူဖြင့် ခေါင်းလျှော်ပစ်ပါ (သို့ မဟုတ်) မျက်နှာသုပ်ပုဝါ သန့် သန့် ဖြင့် မိုးရေတွေကုန်စင်ခြောက် သွေ့  အောင်သုပ်ပါ။

(၈) သားရေပိုက်ဆံအိတ်တွေက မိုးသည်းတဲ့အခါ အထဲကိုအစိုပြန်စေပါတယ်။ ဒါကြောင့် မိုးကာသားလို မျိုး ရေစိုခံ ပိုက်ဆံအိတ် ဒီဇိုင်းလှလှလေးတွေ ပြောင်းကိုင်လိုက်ပါ။

(၉) မိုးရေကြောင့် အလှမပြယ်ရလေအောင် ရေစိုခံမိတ်ကပ်၊ ရေစိုခံပေါင်ဒါ(သို့ မဟုတ်) ကရင်မ် ပပ်ဖ်၊ ရေစိုခံနှုတ်ခမ်းဆိုဆေး၊ ရေစိုခံ အိုင်းလိုင်နာလေးတွေ ရွေးသုံးမှ စိတ်ချရမယ်နော်။

(၁၀) နောက်ပြီး မိုးရေတွေစိုရွဲသွားတဲ့အခါ အိမ်ကဆွတ်လာတဲ့ရေမွှေးရနံ့ ပြယ်သွားမှာစိုးသူများ အတွက်၊ အိတ်ဆောင် ရေမွှေး ပုလင်း သေးသေးလေးတွေ ဆောင်ထားဖို့ လိုပါလိမ့်မယ်။

(၁၁) ထီးဖွင့်ချိန်တောင်မရဘဲ ဗြုန်းဆိုမိုးရွာချလိုက်တဲ့အခါမျိုးမှာဖြစ်စေ၊ လေရောမိုးရော တိုက် ခတ် တာကြောင့် ထီးမလုံတဲ့အခါ ဖြစ်စေ စိုနေတဲ့ ဆံပင်နဲ့ လက်မောင်းတွေကို ရေသုတ်ဖို့  အိတ်ဆောင်တစ်ရှုး ထုပ်ကလေးပါ ဆောင်ထားသင့်ပါတယ်။

(၁၂) ဥပမာ…ဘတ်စ်ကားပေါ်ရောက်တဲ့အခါ၊ ရေစိုရွှဲနေတဲ့ထီးက မိမိကိုရောသူတပါးကိုပါ အနှောင့် အယှက်ဖြစ်စေနိုင်တာ ကြောင့် ပိုက်ဆံအိတ်ထဲမှာ ကျွတ်ကျွတ်အိတ် တစ်လုံးလောက်ေ ဆာင် ထားပြီး ရေစိုထီးကိုခေါက်သိမ်းထားလို့ ရပါတယ်။

(၁၃) မိုးအေးတဲ့အစိုဓာတ်က ဖုန်းဘတ္တရီတွေကိုကြောင်စေပါတယ်။ ဒါကြောင့် ဘတ္တရီ ၁-တုံးေ လာက် အပိုဆောင်ထားတော့ နောင်ရေးစိတ်အေးရတာပေါ့။

(၁၄) ရာသီဥတုကူးပြောင်းစမှာ အအေးမိ-နှာစေး-ချောင်းဆိုး စတဲ့ ကူးစက်ရာသီဖျားတွေဖြစ်လေ့ ရှိ တာ မို့ ၊ ပိုက်ဆံအိတ်ထဲမှာ ဖျားနာကိုက်ခဲပျောက်ဆေးပြားလေး အရံသင့်ဆောင်ထားသင့်ပါ တယ်။ (ဗီတာမင် စီက ကိုယ်ခံစွမ်းအားကိုကောင်းစေလို့  ခုလိုမိုးရာသီမှာ ဗီတာမင်စီဆေးပြားေ လးတွေ တစ်နေ့  ၂-ကြိမ် သောက်ရင်း အချဉ်ဓာတ်ပါတဲ့ သဘာဝသစ်သီးလေးတွေ စား ပေး သင့်ပါတယ်)

(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk


အယ်လ်နီညို ဆိုတာ ဘာလဲ



၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ် ဇွန်လတိုင်အောင် အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်တော့မယ်လို့ မိုးလေ ၀သပညာရှင်များ သတိပေး ပြောဆိုနေကြပါပြီ။ ဒီနေရာမှာ.. အယ်လ်နီညို ရာသီဥတု၊ သဘောသဘာဝနှင့် ပတ်သက်လို့ ကျနော့် စာဖတ်ပရိတ်သတ်များအတွက် ဗဟုသုတရစရာ၊ ကြိုတင်ပြင်ဆင်စရာများကို စဉ်းစား ဆုံးဖြတ်နိုင်ရန် ကျနော့်ရဲ့ "အာကာသနှင့် စကြ၀ဠာ" ပေ့ခ်ျမှ တင်ဆက်ပေးသွားပါ့မယ်။

အယ်လ်နီညိုအကြောင်း မပြောခင်မှာ ကျနော်တို့ကမ္ဘာအကြောင်း နည်းနည်းပြောချင်ပါတယ်။ ကမ္ဘာပေါ်မှာ အလွယ်တကူ စီးဆင်းနိုင်တဲ့ ရေ နဲ့ လေ အရာနှစ်ခုဟာ အပူချိန်ကို လိုက်ပြီး ပူရာမှ အေးရာ၊ အေးရာမှ ပူရာသို့ ဖြတ်သန်းစီးဆင်းကြပါတယ်။ ကမ္ဘာမြေကြီး လည်ပတ်နေမှုကြောင့် သူတို့ရဲ့ စီးဆင်းမှုဟာ အရှေ့မှ အနောက်သို့ ရွေ့လျား စီးဆင်းကြပါတယ်။ ဒီအပူချိန်အပြောင်းအလဲဟာ နေ ရဲ့ အပူချိန်ကြောင့် ပြောင်း လဲ ဖြစ်ပေါ်လာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အီကွေတာ ရပ်ဝန်းဒေသတွေမှာပေါ့။

အီကွေတာမှာ ဖြစ်ပေါ်တဲ့အပူချိန်ကြောင့် ထိုနေရာမှာရှိတဲ့ လေဟာ ပွ တက်လာပြီး အေးတဲ့နေရာကို စီးဆင်း တိုက်ခတ်ပါတယ်။ လေရဲ့ တိုက်ခတ်စီးဆင်းမှု၊ အပူချိန်ပြောင်းလဲမှုတို့နဲ့အတူ ပြောင်းလဲ စီးဆင်းနေ တာကတော့ ရေသမုဒ္ဒရာ များဘဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အပူစီးဆင်းနိုင်မှုဟာ ကျနော်တို့ ကမ္ဘာမှာ ရာသီ ဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်စေပါတယ်။ ပူပြင်းတဲ့နေရာတွေမှာ မိုးရွာသွန်းမှုကို ဖြစ်စေတယ်၊ အေးတဲ့နေ ရာတွေကို အနွေးဓါတ်တွေဖြစ်ပေါ်စေပါတယ်။ ဒါဟာ ပုံမှန်အခြေအနေပါ။

နောက်တစ်ခုက ကျနော်တို့ ကမ္ဘာမှာ အကျယ်ပြန့်ဆုံးသော သမုဒ္ဒရာဟာ ကမ္ဘာရဲ့ ၂၈% ကို စိုးမိုးထားတဲ့ ပစိဖိတ်သမုဒ္ဒရာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာရေထုရဲ့ အနွေးဓာတ်ဟာ ကမ္ဘာအနှံ့ လေထုကို လည်ပတ် တိုက်ခတ်စေသော အင်အားတစ်ရပ် ဖြစ်ပြီး ပုံမှန်ထက် အပူချိန်ပိုလာလျှင်တော့ မိုးလေ၀သအခြေအနေများ ကို ကမောက်ကမ ဖြစ်စေပါတယ်။

>>အယ်လ်နီညို

သမုဒ္ဒရာမျက်နှာပြင်အပူချိန်ဟာ ပုံမှန်ထက် ၀ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် ပိုတက်လျှင်ကိုဘဲ အယ်လ်နီညို ပေါ်ပေါက်တယ်လို့ သတ်မှတ်ကြပါတယ်။

အယ်လ်နီညိုဖြစ်စဉ်သည် ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ပေါ်လေ့ရှိပြီး တစ်ခါ ဖြစ်လျှင် ၉ လမှ ၁၈ လ အထိ ကြာမြင့်ပါတယ်။ ၁၉၉၇-၉၈ ခုနှစ် အယ်လ်နီညိုကြောင့် ၁၉၉၈ ခုနှစ်တွင် စံချိန်တင် ပူခဲ့ပြီး မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၀၆-၀၇ ခုနှစ်အတွင်း အယ်လ်နီညို ဖြစ်ပေါ်စဉ်က အပူချိန်ဟာ ပုံမှန်ထက် ၀ ဒသမ ၉ ဒီဂရီ စင်တီဂရိတ် မြင့်တက်ခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ မှာတော့ ပုံမှန် ထက် ၁.၆ ဒီဂရီ စင်တီဂရိတ်အထိ တက်ခဲ့တယ်လို့ စားရင်းဇယားများအရ သိရှိရပါတယ်။

အယ်လ်နီညို ပေါ်ပေါက်လျှင် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ဗဟိုပိုင်းနှင့် အရှေ့ပိုင်း (တောင်အမေရိကတိုက်) မှာ မိုးပိုရွာပြီး ရေကြီး၊ ရေလျှံတတ်ပါတယ်။ ဒါပေမယ့် သြစတေးလျမြောက်ပိုင်း၊ အင်ဒိုနီးရှား ဖိလစ်ပိုင် နဲ့ ကျနော်တို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှဒေသ၊ အရှေ့အာဖရိကနှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွေမှာတော့ ပုံမှန်ထက် ခြောက်သွေ့တဲ့ အခြေအနေများနှင့် ကြုံရလေ့ရှိပါတယ်။

အရှေ့အာရှနှင့် မြောက်အမေရိကတွင် ဆောင်းတွင်း အအေးပေါ့သွားမှာ ဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်မှာတော့ မုန်တိုင်းအရေအတွက် ပိုလာကာ အတ္တလန်တိတ်သမုဒ္ဒရာတွင်မူ မုန်တိုင်း ဖြစ်ပေါ်မှု နည်းသွားတတ်ပါတယ်။ အယ်လ်နီညိုဟာ နိုဝင်ဘာမှ ဧပြီလအတွင်း အားအကောင်းဆုံး ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ဒီဇင်ဘာလမှာ အားအကောင်းဆုံးဖြစ်မယ်လို့ သတ်မှတ်ထားကြပါတယ်။

>>>လာနီညာ

အယ်လ်နီညိုနှင့် ဆန့်ကျင်ဘက် အခြေအနေကို လာနီညာလို့ ခေါ်ပါတယ်။ လာနီညာ၏ လက္ခဏာမှာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ၏ ဗဟိုနှင့် အရှေ့ဘက်တို့တွင် ရေအပူချိန် ကျပြီး ကုန်သည်လေ အားကောင်း တဲ့အတွက် အရှေ့တောင်အာရှ အပါအ၀င် အချို့ဒေသများတွင် မိုးပိုရွာတတ်ပါတယ်။ လာနီညာသည်လည်း ပျမ်းမျှ ၂ နှစ်နှင့် ၇ နှစ်လျှင် တစ်ကြိမ် ပေါ်ပြီး တစ်ခါ ပေါ်လျှင် ၉ လမှ ၁၈ လ ကြာမြင့်တတ်ပါတယ်။




ကိုးကား။ ။ အာလူးလေး (အယ်လ်နီညို ဆိုတာ။ source/ changingclimate asia) , Myanmar Astronomy Blog Post (http://myanmarastronomy.blogspot.com/2008/10/earth.html)

အာကာသနှင့် စကြ၀ဠာ

နနွင်းကို သွားရောဂါအတွက် ကုသနိုင်ပါတယ်



နနွင်းဟာ တကယ်ကို တန်ဖိုးရှိသော ဆေးဘက်ဝက် အပင်တစ်မျိုးဖြစ်ပါတယ်။ ရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေနိုင်ပြီး အဲဒီအထဲကမှ သွားရောဂါ အတွက် ကုထုံးလေး တစ်မျိုးကို မျှဝေပေး လိုက်ရ ပါတယ်။

နနွင်းမူန့်ကို ရေနွေးဖြင့် ဖျော်လိုက်ပါ။ ထိုဖျော်ပြီးသား အရည်ကို ငုံပေးခြင်း အားဖြင့် သွားကိုက်ခြင်း ၊ သွားနာခြင်း ၊ သွားဖုံရောင်ခြင်း စတဲ့ သွားရောဂါ အမျိုးမျိုးကို သက်သာစေနိုင် ပါတယ်။ နောက်တစ်နည်း ကတော့ ဆားများများ ထည့်ပြီး သောက်ပေးခြင်း အားဖြင့် ထိုရောဂါတွေကို သက်သာစေနိုင် ပါတယ်။

နနွင်းမှုန့်ကို သွားကြားထဲ သိပ်ပေးခြင်း အားဖြင့်လည်း ရောဂါ သက်သာစေနိုင် ပါတယ်။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

တွေးတောဆင်ခြင်သုံးသပ်ရာတွင်




ပြဿနာတစ်ရပ်၊ အခြေနေတစ်ရပ်ရပ်ကို ဆင်ခြင်တွေးတောသုံးသပ်မယ်ဆိုရင် အခြေခံအဆင့် ခုနှစ်ဆင့်ရှိပါ တယ်။

First Step -
ပြသနာကို ခွဲခြမ်းစိတ်ဖျာရပါတယ် (Analyze)၊ ခွဲခြမ်းစိတ်ဖျာတယ်ဆိုတာ အခြေအနေ တစ်ရပ်၊ ပြဿနာတစ် ရပ်လုံးနဲ့ပါတ်သက်နေတဲ့ အချက်အလက်မှန်သမျှကို အကြောင်းအကျိုးဆီလျော်မူရှိမရှိ၊ ယုတ္တိရှိမရှိ ခွဲခြားပြီး အခြေနေရဲ့ ၊ ပြဿနာရဲ့ အရင်းမြစ်ကို ရှာတာပါ။

Second Step-
ကိုယ်သုံးသပ်ဆင်ခြင်လို့ ရလာတဲ့ အချက်အလက်တွေကို မေးခွန်းတွေထုတ်ပြီး ရှင်းလင်းတိကျအောင် လုပ်ယူရပါတယ်။ မေးခွန်းတွေကတော့ English လိုလေးပြောရတာ ပိုလွယ်တယ်။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ 9 Wh Question Words ပေါ့။ What-ဘာကလည်း၊ ဘာကိုလည်း၊ Who-ဘယ်သူကလည်း၊ Whom-ဘယ်သူ့ကိုလည်း၊Whose-ဘယ်သူ့ဟာလည်း၊ Why-အကြောင်းအရင်းက ဘာလည်း၊ ရည်ရွယ် ချက်က ဘာလည်း၊ ဘာအတွက်ကြောင့်လည်း၊ When-ကာလအချိန်ခါ၊ Where-နေရာဒေသ၊ How- ဘယ်လိုဖြေရင်းမှာလည်း၊ ဘယ်လိုဖြစ်လာတာလည်း၊ ဘယ်လိုကိုင်တွယ်မလည်း၊ Which-ဘယ်ရွေးချယ် မူတွေလုပ်မှာလည်း စသည်ဖြင့် အချက်လက်တွေကို မေးခွန်းထုတ်ရှာရတယ်။

Third Step-
အခြေအနေတစ်ခု၊ ပြဿနာတစ်ခုနဲ့ ပါတ်သက်ပြီးရလာတဲ့ သတင်းအချက်အလက်တွေရဲ့ တိကျသေချာမူ (Accuracy) နဲ့ ဆက်စပ်မူတွေ (Relevance) ကို စစ်ဆေးကြည့်ရူရပါတယ်။

Fourth Step-
သတင်းအချက်လက်တွေရဲ့ မူလအချက်အလက်သဘောနဲ့ တစ်စုံတစ်ယောက်ရဲ့ ယဆချက်တွေ သဘောတွေကိုခွဲခြားမြင်နိုင်အောင် ကြည့်ရပါတယ်။ Raw Information နဲ့ Interpretation ခွဲခြားတာပေါ့။

Fifth Step_
ကိုယ့်ကိုကောက်ချက် (Inference) တစ်ခုခုကို ချစေအောင် စည်းရုံးလမ်းညွန်နေတဲ့ ယူဆချက်တွေ (Assumptions) ကို သတိထားမြင်တတ်ရပါတယ်။

Sixth Step-
အခြေနေတွင်းမှာရှိတဲ့ မလိုမုန်းထားဘက်လိုက်မူ အဂတိအကြောင်းတရား (Prejudice)၊ ဘက်လို်က် အစွဲ နှင့်ယုံကြည်မူ (Biased Beliefs)၊ မတော်မတရားကျသော ကောက်ချက်များ (Unjustifiable Conclusions)၊ အယူအဆနှင့် အထင်အမြင်တို့ကို ဖွင့်ဆိုပြောပြရာတွင် သုံးသော စကားလုံးအသုံးအနုန်း လွဲမှားမူ (Misused Words)၊ လိုအပ်နေသော ကောက်ချက်များ (Missed Implications)၊ စတာတွေကို ရှာဖွေဖေါ်ထုတ်ရပါတယ်။

Seventh Step-
ပုဂ္ဂိုလ်ရေးအတ္တအကျိုးနှင့် ဘက်လိုက်မူများမှထွက်ပေါ်လာသော အမြင်များကို သုံးသပ်ရှောင်ရှားခြင်း။

ဒီအခြေခံအဆင့်ခုနှစ်ဆင့်ဖြတ်ကျော်ပြီးမှ ဆုံးဖြတ်ချက်ချရင် မှန်ကန်တဲ့၊ အမှားနဲတဲ့ (ကင်းစင်တဲ့) ဆုံးဖြတ် ချက်ရဲ့ ရလာဒ်တွေရမှာဖြစ်တယ်။ ကောက်ချက်တွေချရင်လည်း တိကျသေချာတဲ့ မှန်ကန်တဲ့ ကောက် ချက်တွေရမှာဖြစ်တယ်။ အမြင်တည်ဆောက်ရင်လည်း ကိုယ့်ကိုပိတ်ထားတဲ့ အမြင်တွေပွင့်ပြီး၊ ကျယ်ပြန့်တဲ့ အမြင်မှန်ကိုရမှာဖြစ်တယ်။

စည်းစနစ်ကျကျတွေးတတ်တွေးလေ့မရှိသူတွေအတွက်တော့ ဒီခုနှစ်ဆင့်ကို လက်ခံကျင့်သုံးဖို့ ခက်မယ်၊ ကျင့်သုံးဖို့မလိုအပ်ဘူးလို့ ထင်မြင်ကောင်းထင်မြင်မယ်၊ ဆန့်ကျင်ရင်တောင် ဆန့်ကျင်နိုင်တယ်။ ဒီအဆင့်တွေဟာ Academic Thinking နဲ့ Research တွေမှာတော့ ရွေရေးစံတွေဖြစ်တယ်။ ဖယ်ခွာလို့ မရဘူး။ အမှန်တရားစစ်ကို မြင်စေမယ် မှန်ပြောင်းတွေဖြစ်တယ်။

အခြေခံတွေးတောဆင်ခြင်နည်း အကြောင်းလေးပါ။ အတွေးပွားစေယုံပေါ့။

~ AMM ~
Greenhill
REF: Allen, Richard, The Development of Thinking, Oxford, 2007 (2nd Edn) .
နည်းစနစ်ကျကျအတွေးအခေါ်


ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် (၂.၁)ဘီလျံထိရှိလာ


အဝလွန်ခြင်းသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ခြိမ်းခြောက်နေသည့် ကျန်းမာရေး ပြဿနာတစ် ရပ် ဖြစ်လာကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ (၁၉၈၀)ပြည့်နှစ်က ကမ္ဘာတဝှမ်းတွင် အဝလွန် သည်ဟု သတ်မှတ်နိုင်သူ အရေအတွက် (၈၇၅)သန်းမျှ ရှိခဲ့သည်။ ယခုအခါတွင်မူ (၂.၁)ဘီလျံထိ တိုးပွား လာခဲ့ကြောင်း Lancet Show သုတေသန စစ်တမ်းတွင် ဖော်ပြပါရှိခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့သည် ကမ္ဘာပေါ်တွင် အဝလွန်သူ အရေအတွက် အချိုးအစား အများဆုံး နိုင်ငံများအဖြစ် ရပ်တည်နေကြောင်း သိရသည်။

အနောက်ဥရောပ ဒေသတွင် ဗြိတိန်က အဝလွန်သူများ စာရင်း၌ တတိယ ချိတ်ခဲ့သည်။ ယခုစစ်တမ်းကို ကမ္ဘာ့နိုင်ငံ (၁၈၈)ခုတွင် စုရုံးကောက်ယူ လေ့လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တော်ရှိ ကျန်းမာရေးဆိုင်ရာ အချက်အလက်နှင့် ကိန်းဂဏန်း တွက်ချက်မှုများ ဌာန (IHME)က ဦးဆောင်ကာ ယခု စစ်တမ်းကို ပြုစုခဲ့သည်။ ယင်းအဖွဲ့မှ သုတေသီများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ထံမှ အချက် အလက်များကိုလည်း အားဖြည့် ရယူခဲ့သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အဝလွန်မှု ပြဿနာ ကြီးထွား လာနေသော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ပိုမို၍ သိသာဆိုးရွားလျှက် ရှိသည်။

အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘရာဇီးလ်၊ မက္ကစီကို၊ အီဂျစ်၊ ဂျာမနီ၊ ပါကစ္စတန်နှင့် အင်ဒိုနီးရှား (၁၀)နိုင်ငံတွင်ပင် အဝလွန်သည်ဟု တွက်ချက်နိုင်သူဦးရေ (၆၇၁)သန်းထိ ရှိနေကြောင်း သိရှိရသည်။ ယခုစစ်တမ်းက အဝလွန်ခြင်းကို အရေးပေါ် ကမ္ဘာ့ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် ရှုမြင်စေသည့်ပြီဟု သုတေသီ တစ်ဦးဖြစ်သည့် ပရော်ဖက်ဆာ အလီမော့ခ်ဒက်က ဆိုသည်။ “ခက်တာက အဝလွန်မှု ကို လျှော့ချနိုင်ပြီဆိုတဲ့ ဇာတ်လမ်းကောင်းလေးတွေ ကြားရဖို့ ကျွန်တော်တို့ တော်တော်ကြီး အချိန်စောင့် ရဦးမယ် ထင်တယ်”ဟုလည်း ၎င်းက ဝန်ခံပြောဆိုသွားသည်။

Planet Myanmar Network

မူလမျှော်မှန်းထားတာထက် နှစ်ပေါင်း ၅၀၀၀ စောပြီး တောင်ဝင်ရိုးစွန်းရေခဲပြင်တွေ စတင်ပျော်ကျနေ


Angel on 2014-05-29 16:25

အန္တာတိကရေခဲပြင် ဟာ မူလခန့် မှန်းထားတာထက် ပိုမိုမတည်ငြိမ်ဖြစ်လာတယ်လို့ လေ့လာမှု တစ်ရပ် က ဖော်ပြထားပါတယ်။ မူလယုံကြည်ထားတာထက် နှစ်ပေါင်း ၅၀၀၀ လောက်စောပြီး အရည်ပျော်နေပြီလို့  အဆိုပြုထားပါတယ်။

ဒီလေ့လာမှုအဆိုအရ ဒီကြီးမားကျယ်ပြန့် တဲ့ ရေခဲပြင်ထုကြီး သေးငယ်မှု ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂သောင်း ကနေ နှစ်ပေါင်း ၉၀၀၀ အတွင်း သီးခြား အချိန်ကာလရှစ်ခု အတွင်းမှာ အရှိန်မြန်လာတယ်လို့  ဆိုပါတယ်။ ဒါရဲ့အကျိုးဆက်တော့ ပင်လယ်ရေမျက်နှာပြင် လျင်မြန်စွာ မြင့်တက်လာမှုဖြစ်ပါတယ်။

လေ့လာမှုရဲ့ရလဒ်တွေက အန္တာတိကမှာ ရေခဲပြင်ပြိုဆင်းမှုအတွက် ပထမဆုံး သိသာထင်ရှားတဲ့ သက်သေ အချက်အလက်ကို ပေးစွမ်းနိုင်ခဲ့ပြီးနောက် အန္တာတိကတိုက်ရဲ့ အနာဂတ်ကို ခန့် မှန်းမှုတွေအပေါ် ဒါက ရောင်ပြန် ဟပ်ခဲ့ပါတယ်။

လတ်တလောသတင်းအရ အန္တာတိကအနောက်ခြမ်းရဲ့ ရေခဲပြင်တွေ မတည်ငြိမ်ပြိုဆင်းမှုဟာ စတင်ဖြစ်ပေါ် ခဲ့ပြီ ဖြစ်ပြီး တားဆီးဖို့ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။

ဂျာမနီ၊ကနေဒါ၊ဟာဝိုင်ယီ၊လက်ပ်လန်း နဲ့ သြစတြေးလျက သုတေသနပညာရှင်တွေပေါင်း စပ်ထားတဲ့ နိုင်ငံ တကာအဖွဲ့ ဟာ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တာပါ။

သုတေသနအဖွဲ့ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သောင်းခန့် ကစပြီး စတင်ပြိုကျခဲ့တဲ့ အန္တာတိကရေခဲပြင် ချပ်ကြီးရဲ့ အစိတ်အပိုင်းအကြွင်းအကျန် ပမာဏအမြောက်အများကို ရှာဖွေတွေ့  ရှိခဲ့ပါတယ်။

သမုဒ္ဒရာရဲ့ ရေစီးကြောင်းပြောင်းလဲမှုကြောင့် ပူနွေးတဲ့ရေတွေ အန္တာတိကတိုက်ရေခဲပြင်ဆီ ရောက်လာခဲ့ပြီး အရည်ပျော်မှုဖြစ်စဉ်ကို မြန်ဆန်စေခဲ့တာဖြစ်နိုင်တယ်လို့ သုတေသနပညာရှင်တွေက ခန့် မှန်းထားကြပါ တယ်။

ဒီဘက်ခေတ်မှာ အန္တာတိကတိုက်ရေခဲပြင်ချပ်ကြီးကနေ ရေခဲတောင်တွေ သီးခြားအစိတ်အပိုင်းအဖြစ် ပြိုကွဲ ထွက်မှုဟာ အလေးချိန်အားဖြင့် နှစ်စဉ် တန် ဘီလီယံပေါင်း ၁၃၀၀ ကနေ ၂၀၀၀ တန်အထိ ရှိနိုင်ပြီး ဒီပမာဏဟာ နှစ်စဉ် ရေခဲပြင်ချပ်ကြီးကနေ ရေခဲပြင်အရည်ပျော်မှုရဲ့ နှစ်ဆ ရှိနေပါတယ်။ အရည်ပျော် မှုကြောင့် ရေခဲတောင်တွေ ပြိုကွဲထွက်ခဲ့တဲ့ ပမာဏက ပိုဆိုးနေတယ်လို့  ဆိုချင်တာပါ။

သိပ်မကြာခင် နှစ်ပေါင်းရာဂဏန်းအတွင်းမှာ အခုစတင်ပြိုကျပျော်ဆင်းနေပြီဖြစ်တဲ့ ကြောက်မက်ဖွယ်ရာ အရည်ပျော်မှုကြောင့် လက်ရှိပင်လယ်ရေမျက်နှာပြက်ဟာ လေးပေကနေ ၁၂ ပေလောက်အထိ မြင့်တက် လာနိုင်ကြောင်း သိရပါတယ်။

Ref: abc.net.au
Trend Myanmar


ရည်းစားဟောင်းကို အိပ်မက်မက်တဲ့အခါ


မေသော် on 2014-05-29 16:24

လက်ရှိရည်းစားရှိနေရက်နဲ့ အရင်ရည်းစားဟောင်းကို အိပ်မက်တွေ မက်နေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ အွန်လိုင်းက DreamsCloud ရဲ့ စစ်တမ်းကောက်ချက်အရဆို လက်ရှိရည်းစားရှိနေရက်နဲ့ ရည်းစားဟောင်းကို အိပ်မက်မက်တဲ့သူ အများအပြားရှိနေတဲ့အပြင် ယောင်္ကျား၊မိန်းမ ၁၁၇၄ယောက်ကို စစ်တမ်းကောက်ကြည့်လိုက်တော့ အဲ့ဒီလူတွေထဲက ၂၉ရာခိုင်နှုန်းဟာ ရည်းစားဟောင်းကို အိပ်မက်အမြဲ မက်နေကြပြီး ၂၅ရာခိုင်နှုန်းကတော့ လက်ရှိတွဲနေတဲ့ ရည်းစားကိုသာ အိပ်မက်မက်ကြပါတယ်တဲ့။ ဒါပေ မယ့် ငါးယောက်မှာ တစ်ယောက်ကသာ ရည်းစားဟောင်းကို အိပ်မက်မက်တဲ့ အကြောင်း လက်ရှိ ရည်းစားကို ပြောလေ့ရှိပြီး အများစုကတော့ လက်ရှိရည်းစားနဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးတဲ့အတွက် သူတို့အိပ်မက်တွေအကြောင်း ဖွင့်ဟလေ့မရှိဘူးလို့လည်း သိရပါတယ်။

စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရဆိုရင် လူတစ်ယောက်ဟာ ကိုယ့်ပတ်ဝန်းကျင်က လူတွေ အကြောင်း အိပ်မက်မက်တာ၊ တစ်ခါတစ်လေ ချစ်တင်းနှောတယ်လို့ မြင်မက်မိတာမျိုးက သာမာန်ပါလို့ ဆိုကြတဲ့အပြင် အဲ့ဒါနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ့်ကိုယ် အပြစ်ရှိသူ တစ်ယောက်လို ခံစားနေစရာ မလို အပ်သလို ကိုယ့်ချစ်သူအပေါ်မှာလည်း သစ္စာဖောက်ရာ မရောက်ဘူးလို့ ဆိုပါတယ်။ အချစ်ရေးရာ အကြံပေးတစ်ယောက်ဖြစ်တဲ့ Terri Orbuch, (Ph.D) ကတော့ ကိုယ့်ရည်းစားဟောင်းကို အိပ်မက်မက် တာဟာ သူနဲ့ပတ်သက်ပြီး ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ကိုယ်ခံစားနေရတဲ့ ခံစားချက်တစ်ချို့ရှိနေလို့ ပါတဲ့။ ကိုယ်က ခုတွဲနေတဲ့ ချစ်သူနဲ့အဆင်ပြေတယ်၊ အရာအားလုံး ဟာ ပျော်ရွှင်စရာ ဖြစ်နေတယ်ဆိုရင် ရည်းစားဟောင်းကို အိပ်မက်မက်တဲ့အခါ စိုးထိတ်မှု၊ ခြောက်လှန့်မှုတွေကို ခံစားရမှာ မဟုတ်ပါဘူး။ ဒါဟာ အရင်ရည်းစားနဲ့ အဆုံးသတ်ခဲ့တဲ့ ပုံစံကြောင့် သူ့ကို အိပ်မက်ပြန်မက်နေတဲ့ သဘောပါ။ သူနဲ့လမ်းခွဲတုန်း က ဖြစ်ခဲ့တဲ့ ခံစားချက်ပေါ်မူတည်ပြီး ခုလိုမြင်မက်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ အိပ်မက်ဆိုတာ ကိုယ်မလုပ်နိုင်ခဲ့တဲ့အရာတွေကို အပြီးသတ်လိုက်နိုင်သလိုမျိုး မြင်မက်တာမျိုးတွေလည်း ရှိနေတတ်ပါတယ်။ ကိုယ်သူ့ကို မပြောလိုက်ရတာတွေကို အိပ်မက်ထဲမှာ ပြောချလိုက်တာမျိုး၊ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို လုပ်နိုင်သလိုမျိုးပါ။

တစ်ခါတစ်လေကျတော့လည်း ကိုယ့်လက်ရှိအချစ်ရေးက ကိုယ်ဖြစ်ချင်တာတွေ မဖြစ်တဲ့အခါ အရင် ရည်းစားကို အိပ်မက်ပြန်မက်ပြီး ပြန်တမ်းတမိသလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ တစ်ခါ တစ်လေဆိုရင်တော့ ကိစ္စမရှိပါဘူး။ နောက်တစ်ချက်က ကိုယ့်လက်ရှိချစ်သူနဲ့ အဆင်ပြေနေရဲ့သားနဲ့ ရည်းစားဟောင်းနဲ့အတူ ချစ်တင်းနှောတာမျိုးတွေ အိပ်မက်မက်မိရင်လည်း ဒါပြဿ နာမရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ငါဘာ့ကြောင်းများ ရည်းစားဟောင်းကို အိပ်မက်မက်တာပါ လိမ့်လို့ တွေးမိကောင်းတွေး မိပါလိမ့်မယ်။ အဖြေကတော့ရှင်းပါတယ်။ အိပ်မက်မက်ပြီး အိပ်ရာနိုးတဲ့အခါ၊ မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ကိုယ့်ရဲ့လက်ရှိအချစ်ရေးကိုသာ စဉ်းစားကြည့်လိုက်ပါ။ ကိုယ်အဆင်ပြေနေသလား၊ ပျော်နေသလားပေါ့။ အဲ့ဒါနဲ့ ချိတ်ဆက်ပြီး စဉ်းစားရမှာဖြစ်တဲ့ အတွက်ကြောင့်ပါ။ ကိုယ်ပျော်နေရင် အရင်ရည်းစားကို အိပ်မက် မက်တာမျိုးက ကိစ္စမရှိပေမယ့် ကိုယ့်လက်ရှိအချစ်ရေးက မသာယာဘူးဆိုရင် တော့ ကိုယ်ဟာအရင် ရည်းစားကို ခုလက်ရှိရည်းစားနဲ့ အဆင်မပြေတဲ့အရာတွေအတွက် ကိုယ်ဖြစ်ချင်တာတွေကို တမ်းတအိပ် မက်မက်နေခြင်းပါပဲ။

ကိုယ်လက်ရှိတွဲနေတဲ့ချစ်သူရည်းစားနဲ့က လပိုင်းလောက်ပဲ ရှိသေးတာမို့ တစ်ယောက်အကြောင်း တစ်ယောက် မသိနိုင်ပါဘူး။ ဒါ့အပြင် တစ်ယောက်အကြိုက်ကိုလည်း တစ်ယောက်ခုမှ လေ့လာတုန်း အဆင့်ပါ။ ဒီအချိန်မှာ ကိုယ့်ဘက်က အချို့အရာတွေအတွက် မရောင့်မရဲဖြစ်နေတာမျိုးတွေ ရှိနိုင်ပါတယ်။ အရင်ရည်းစားနဲ့ကကျတော့ အချိန်ကာလအတော်ကြာ တွဲထားတာမျိုးဆိုရင် ပိုဆိုးပါသေးတယ်။ ခုလက်ရှိ အချစ်ရေးကို ကိုယ့်ဘက်က သဘောသိပ်မကျသေးတာမျိုးပေါ့။ အဲ့ဒါမျိုးဆိုရင် ခုရည်းစားနဲ့ သိပ်အဆင် မပြေတဲ့အခါ၊ ဒါမှမဟုတ် သူနဲ့တွဲရတာ တဖြည်းဖြည်း သဘောမကျဖြစ်လာတဲ့အခါ ရည်းစားဟောင်းကို အိပ်မက်မြင်မက်လာတတ်ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ အချိန်တိုင်း၊ ညတိုင်း ရည်းစားဟောင်းကိုချည်း အမြဲမက်နေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။ ခုလက်ရှိရည်းစားနဲ့ ကိုယ်နဲ့က တစ်ဦးကို တစ်ဦးနားလည် တယ်၊ အဆင်လည်းပြေတယ်ဆိုရင်တော့ ခုကိစ္စမျိုးဖွင့်ပြောတာ ကိစ္စမရှိပါဘူး။ တိုင်ပင်ရာလည်းရောက်ပါ တယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ သူလည်း ကိုယ့်ကို အရင်ရည်းစားနဲ့ သ၀န်တိုတာမျိုးတွေဘာတွေ ဖြစ် လာနိုင်တာကြောင့် ဒီအခြေအနေကို ရှောင်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ရည်းစားဟောင်း ကို ပြန်အိပ်မက်မက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ခုလက်ရှိရည်းစားအပေါ်ထားတဲ့ စိတ်၊ နှစ်ဦးသားအခြေအနေတွေကို အခြေခံပြီးတော့လည်း ရည်းစားဟောင်းကို မြင်မက်တတ်ပါတယ်။

womenshealthmag.com/
Trend Myanmar


သူရဲကောင်း ဖြစ်သွားသည့် Mr Bean



Mr Bean ဇာတ်ကားများတွင် ပေါတောတော ကြောင်တောင်တောင်နှင့် ရယ်ရွှင်ဖွယ် လူတစ်ဦးမျှ သာ ဖြစ်သော်လည်း ရိုဝမ်အက်ကင်ဆန်သည် လက်တွေ့လောကတွင် လူတစ်ဦး၏ အသက်ကို ရဲရဲဝံ့ဝံ့ ကယ်တင်ခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။ အသက်(၅၉)နှစ်ရှိ ဗြိတိသျှ ဟာသမင်းသားကြီး သည် ယာဉ်မတော်တဆမှု တစ်ခု၌ ယာဉ်မောင်းဖြစ်သူ၏ အသက်အား ကယ်တင်ခဲ့ကြောင်း သိရသည်။



အင်္ဂါနေ့က အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် တန်စ်ကာနီတွင် ၎င်းပိုင် McLaren F1 ပြိုင် ကားကို မောင်းနှင်နေရင်း အရှိန်များလွန်းသဖြင့် လမ်းချော်ထွက်ပြီး လမ်းဘေးသစ်ပင် တစ်ပင်ကို ဝင်တိုက် မိခဲ့သည်။ ထိုအချိန်တွင် ရိုဝမ်သည်လည်း အနီးအနား၌ ရှိနေရာ မီးလောင်မှု အန္တရာယ် ဖြစ်နိုင်သည်ကိုပင် ထည့်မတွက်ဘဲ ချက်ချင်း အလျင်အမြန် သွားရောက်ပြီး ယာဉ်မောင်းသူအား ဆွဲထုတ် ကယ်တင်ခဲ့ကြောင်း သိရသည်။



ရိုဝမ်သည် (၂၀၁၁)ခုနှစ်ကလည်း ၎င်းပိုင်ဆိုင်သည့် McLaren F1နှင့် အလားတူ ဆိုးဆိုးရွားရွား ယာဉ် တိုက်မှုမျိုး ကြုံခဲ့ဖူးသည်။ ထိုစဉ်က ရိုဝမ်၏ မော်တော်ကားသည် နော်သမ်ရှိုင်းယားရှိ လမ်းဘေးသစ်ပင် တစ်ပင်ကို ဝင်တိုက်မိခြင်းဖြစ်ပြီး ပြန်လည်ပြင်ဆင်မှု ကုန်ကျစရိတ်ချည်းသက်သက် ပေါင်စတာလင် (၉၁၀၀၀၀)မျှ အသုံးပြုခဲ့ရသည်။ ယင်းသည် ဗြိတိန်သမိုင်းတစ်လျှောက် ကားတစ်စင်းကို ပြန်လည်ပြင်ဆင် ရာတွင် အမြင့်ဆုံး အကုန်အကျ ပမာဏလည်း ဖြစ်လာသည်။ ယခုအခင်းဖြစ်ချိန်တွင်လည်း ရိုဝမ်သည် အဆိုပါ McLaren F1ကိုပင် မောင်းနှင်လာခြင်းဖြစ်သည်။



ရိုဝမ်သည် အီတလီနိုင်ငံသို့ ရောက်ရှိနေရာ နိုင်ငံအလယ်ပိုင်း ဒေသတွင် ဖြစ်ပွားသော ယာဉ်တိုက် မှုနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံခဲ့ခြင်း ဖြစ်သည်။ ရိုဝမ်နှင့် လူအချို့သည် ကားမောင်းသူကို ကယ်ထုတ်ပြီး ဆေး ရုံမှ ရဟတ်ယာဉ် လာရောက်ခေါ်ဆောင်သည်အထိ ကူညီပေးခဲ့ကြသလို မော်တော်ကား အပျက်အစီး အစိတ်အပိုင်းများကို ရှင်းလင်းနေချိန်တွင်လည်း ရိုဝမ်က တာဝန်ရှိသူများအား ကူညီနေခဲ့ကြောင်း တွေ့ရ သည်။ ရိုဝမ်သည် ခန့်မှန်းခြေအားဖြင့် စတာလင်ပေါင် (၇၁)သန်းမျှ ပိုင်ဆိုင်ကြွယ်ဝသည့် သန်းကြွယ်သူဌေး တစ်ဦးလည်း ဖြစ်သည်။

Planet Myanmar Network


ငှက်ပျော်သီးတွေ ကြာရှည်ခံအောင်လုပ်နည်း



ကျန်းမာရေးနဲ့တော့ မဆိုင်ပါဘူး။ သို့သော်လည်း ဗဟုသုတ အနေနဲ့ သိထားလို့ ရအောင် တင်ပေးလိုက် ရခြင်း ပင်ဖြစ်ပါတယ်။

ငှက်ပျော်သီးတွေကို တစ်ရက် နှစ်ရက်ထဲ အကုန်မစားနိုင်ဘူး ဆိုရင်တော့ ငှက်ပျော်သီး၏ ထိပ်ပိုင်းကို ပလပ်စတစ် အိပ်ဖြင့် ပုံမှာပြထားသည့် အတိုင်း စည်းထားပေးခြင်း အားဖြင့် အနည်းဆုံး ၄ ရက် ၅ ရက်ထိ အထားခံမှာ ဖြစ်ပါတယ်။

ဒါကြောင့် ငှက်ပျော်သီး ကြာရှည်စွာ အထားခံရန် ဒီနည်းလမ်းလေးကို သုံးလိုက်ကြပါ စို့လား စာဖတ် ပရိသတ်တို့။


ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


စိတ်ဖိစီးမှုကို လျှော့ချပေးမည့် Eye and Head Massager


 
စိတ်ဖိစီးမှုများကြောင့် ခေါင်းကိုက်ခြင်းနှင့် အကြောတက်ခြင်းဖြစ်ပေါ်သူများအနေဖြင့် အားလပ်ချိန်တွင် အနှိပ်အနယ်ခံချင်ပါက Eye and Head Massager ကို အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါ Eye and Head Massager သည် ဖိအားပေးနှိပ်နယ်ခြင်း၊ အပူပေးနှိပ်ခြင်းနှင့် စိတ်ဖိစီးမှု များပြေပျောက်စေနိုင်မည့် ပျော့ပြောင်းသော အသံများအသုံးပြု၍ နှိပ်နယ်ပေးခြင်းများကို ပြုလုပ်ပေးနိုင် မည်ဖြစ်သည်။ ၎င်းတွင် ပါဝင်သည့်နေကာမှာ ပြင်ပအလင်းရောင်ကို တားဆီးပေးပြီး setting များအား လုံးကို အသုံးပြုနိုင်သည့် remote ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ အဝေးထိန်းခလုတ်တွင် လေဖိအားပေး မှုနှင့် တုံ့ပြန်နှိပ်နယ်မှုနှစ်ခုစလုံးအတွက် မတူညီသည့် setting ၅ ခုပါဝင်သည်။ အပူပေးနှိပ်နယ်ခြင်းတွင် အပူချိန်အနိမ့်အမြင့်ချိန်နိုင်သည့် setting များနှင့် မျက်လုံးနှိပ်နယ်မှုပြုလုပ်နိုင်သည့် setting များ ပါဝင်သည်။

Eye and Head Massager ကို အသုံးပြုရန် AAA ဓာတ်ခဲ ၃ ခုနှင့် ၎င်းတွင် built-in ပါဝင်သည့် Li-on ဘက်ထရီအတွက် adapter တစ်ခု လိုအပ်သည်။ ထို့အပြင် နားထောင်လိုသည့်သီချင်းကို upload ပြု လုပ်နိုင်ပြီး ဈေးနှုန်းမှာ ဒေါ်လာ ၂၀၀ ခန့်ရှိကြောင်း သိရှိရသည်။


-စိုးထက်
Ref: Coolest-Gadgets
Internet Journal



မန်ယူသင်ခန်းစာ...


မြန်မာများ သဲသဲလှုပ် အားပေးကြသည့် အင်္ဂလန်အခြေစိုက် မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြ David Moyes ကို ထုတ်ပယ်ပစ်လိုက်သည့် ကိစ္စတွင် ဘောလုံးပွဲသာမက နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်စုံ တွင် အသုံးချနိုင်သည့် ခေါင်းဆောင်မှု သင်ခန်းစာများကို တွေ့ရမည်။

မန်ချက်စတာယူနိုက်တက် (မြန်မာတို့အခေါ် မန်ယူ) အသင်းသည် အင်္ဂလန်တွင် အအောင်မြင်ဆုံး အသင်း တစ်သင်း ဖြစ်သလို ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံး အသင်းတစ်သင်းလည်း ဖြစ်သည်။ မန်ချက်စတာ အသင်း၏ လက်ရှိ အောင်မြင်မှုသည် ယခင်နည်းပြဟောင်း အဲလက်စ်ဖာဂူဆန် လက်ထက်တွင် ရရှိ ခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်သည် ၂၆ နှစ်တိုင်တိုင် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့ပြီး အင်္ဂလန် တွင်ရော ဥရောပတွင်ပါ အောင်မြင်မှုများစွာကို ရယူပေးခဲ့သည်။ ဖာဂူဆန်သည် ယမန်နှစ်က အငြိမ်းစား ယူကာ သူ့နေရာတွင် အဲဗာတန်အသင်း နည်းပြ David Moyes ကို စိတ်ကြိုက်ရွေးခဲ့သည်။ David Moyes မန်ယူနည်းပြအဖြစ် တာဝန်ယူအပြီး ဆယ်လအကြာတွင် မန်ယူအသင်းအတွက် အရှုံးစံချိန် များစွာကို တင်ပေးခဲ့သည့် စံချိန်ရှင်အဖြစ် ထုတ်ပယ်ခံလိုက်ရသည်။ နှစ်စဉ်နှစ်တိုင်းလိုလို ချန်ပီယံဆုအတွက် ပြိုင်ပွဲ ဝင်နေသည့် မန်ယူသည် ရှေ့နှစ်တွင် စတုတ္ထအဆင့်ပင် မဝင်တော့ဘဲ လောလောဆယ်တွင် အဆင့်ခုနစ် သို့ ရောက်ရှိနေသည်။

ဆက်ခံသူ

နာမည်ကျော် ခေါင်းဆောင်တစ်ဦး၊ ဧရာမ ခေါင်းဆောင်တစ်ဦး နေရာကို အစားထိုး ဝင်ရောက်ရ သူ ခေါင်းဆောင်တိုင်းသည် ဆက်ခံသူ ဒုက္ခကို ခံရစမြဲဖြစ်သည်။ သူ့ကို ရှေ့မှ ခေါင်းဆောင်ကြီးနှင့် နှိုင်း ယှဉ်ကြမည်ကို ရှောင်လွဲမရ။ သူ့တွင် သူ့စရိုက် သူ့အရည်အချင်းနှင့် ရှေ့မှ လူတွင်လည်း သူ့စရိုက် သူ့ အရည်အချင်းနှင့် ဆိုသည်ကို လူအများက စဉ်းစားမည် မဟုတ်။ ရှေ့မှလူ အောင်မြင်လေလေ၊ သက် တမ်းကြာလေလေ ထိုနှိုင်းယှဉ်မှုကို ပိုခံရလေလေ ဖြစ်သည်။ ထိုဒဏ်ကို မခံနိုင်လျှင် စိတ်ထောင်း ကိုယ်ကြေ ဖြစ်ပြီး အဖွဲ့ကို ဦးဆောင်နိုင်မည် မဟုတ်။ Apples ကုမ္ပဏီခေါင်းဆောင် Steve Jobs ဆုံးပါး အပြီး ဆက်ခံသူ Tim Cook ခံစားရသော ဖိအားသည် ထင်ရှားသော ဥပမာတစ်ရပ် ဖြစ်သည်။

ဖာဂူဆန်သည် ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ဦးအဖြစ် အသတ်မှတ်ခံရပြီး ဆာဘွဲ့ချီးမြှင့်ခံရသူ ရှားရှား ပါးပါး နည်းပြဖြစ်သည်။ အနားယူပြီးချိန်တွင် ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်က စီမံခန့်ခွဲမှု ပညာများအား ပို့ချပေးရန် ဧည့်ပါမောက္ခအဖြစ် ဖိတ်ကြားခံရသူ ဖြစ်သည်။ David Moyes သည် အဲဗာတန်ကို ဘတ်ဂျက် နည်းနည်းဖြင့် သူ့အထွာနှင့်သူ အောင်မြင်အောင် စွမ်းဆောင်နိုင်သူ ဖြစ်သော်လည်း ကျော်ကြားမှု၊ ဖလား ရရှိမှုတို့တွင် ဖာဂူဆန်နှင့် ကွာလှမ်းလှခြင်းက နှိုင်းယှဉ် ဝေဖန်လိုသူတို့ စိတ်ကြိုက် ဖြစ်စေခဲ့သည်။

David Moyes ဦးဆောင်ရသော မန်ယူအသင်းသားများသည် ဖာဂူဆန် စိတ်ကြိုက် ခေါ်ယူထားသူ များ ဖြစ်ပြီး ဖာဂူဆန်စိတ်ကြိုက် နည်းစနစ်များဖြင့် ပုံသွင်း လေ့ကျင့်ခြင်း ခံထားရသူများ ဖြစ်သည်။ David Moyes ၏ နည်းစနစ်များသည် ပိုကောင်းချင် ကောင်းမည် ဖြစ်သော်လည်း အသင်းသားများစိတ်တွင် အကောင်းမြင်ရန် အချိန်ယူရမည် ဖြစ်သည်။ တစ်ဖန် အသင်းအတွက် အရေးကြီးသော အားဖြစ်သည့် ပရိသတ်များသည်လည်း ဖာဂူဆန်နှင့်သာ အသားကျနေသူများ ဖြစ်သည်။ အသက်၂၆ နှစ်ရွယ် မန်ယူ ပရိသတ်များသည် ဖာဂူဆန် နည်းပြဖြစ်ပြီးမှ မွေးသူများ ဖြစ်ကြသည့်အတွက် မန်ယူပရိသတ် အများစုသည် ဖာဂူဆန်မှလွဲလျှင် အခြားမန်ယူနည်းပြကို မမြင်ခဲ့ဖူးခြင်းကြောင့် David Moyes ပခုံးထက်တွင် ဖိအားပိုကြီး သည်။

ဖာဂူဆန်အား ဆက်ခံရသော အနီးဆုံး နည်းပြသည် ဖာဂူဆန်နှင့် နှိုင်းယှဉ် ခံရသည့်အတွက် အားကျစရာ မကောင်းဆုံး အနေအထား (Unenviable Position) တွင် အလုပ်လုပ်ကိုင်ရခြင်း ဖြစ်သည်။ David Moyes နေရာရောက်မည့် နည်းပြတွင် ဖိအားများ လျော့သွားပြီ။ သူ့လောက် မညံ့လျှင်ပင် နည်းပြသစ်အ တွက် လုံလောက်ဖွယ် ရှိသည်။

ခေတ်အပြောင်း

ဖာဂူဆန် အငြိမ်းစား ယူသွားခြင်းသည် ဖာဂူဆန်တစ်ခေတ် ပြီးဆုံးသွားခြင်း ဖြစ်သည်။ ခေတ်ကြီးတစ်ခေတ် အပြီး နောက်တစ်ခေတ်သို့ အကူးအပြောင်းသည် မရေရာ မသေချာမှုများစွာ ရှိနေပြီး အခက်အခဲကြီးပေါင်း များစွာ ကြုံရလေ့ ရှိသည်။ စပ်ကူးမပ်ကူး ကာလကို မခန့်ခွဲ မကွပ်ကဲနိုင် (Transition management) လျှင် ရောက်နေသော အမြင့်မှ အရှက်တကွဲ အကျိုးနည်း ပြုတ်ကျတတ်သည်။

မန်ယူသည် ဘောလုံးအရရော စီးပွားရေးအရပါ အောင်မြင်မှု ကြီးသဖြင့် အပြောင်းအလဲကို စနစ်တကျ ထိန်းကွပ်ထားနိုင်မည်ဟု ယူဆရသည်။ သို့သော် ယခု စပ်ကူးမပ်ကူးသည် မျှော်လင့်ထားသလို ဖြစ်မ လာသည့်အခါတွင် အကောင်းဘက်သို့ ပြန်ရောက်အောင် စီမံခန့်ခွဲနိုင်ခြင်း မရှိဘဲ အောက်သို့ ဆင်းသ ထက် ဆင်းသွားခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်နှင့် အတူလက်တွဲကာ မန်ယူကို အောင်မြင်အောင် စီမံနိုင် ခဲ့သော အမှုဆောင်အရာရှိချုပ် CEO သည် ဖာဂူဆန်နှင့် တစ်ပြိုင်တည်း ထွက်သွားခြင်းက မန်ယူ တွင် ခေါင်းဆောင်မှု အပြောင်းအလဲကို ပိုမိုကြီးမားစေခဲ့ပြီး ထိုဧရာမ အပြောင်းအလဲကို ကွပ်ကဲရာ တွင် ပျော့ကွက်များစွာ ရှိခဲ့သည်။

အထူးသဖြင့် နည်းပြ David Moyes ခေါ်ယူလိုသော ကစားသမားများကို မန်ယူ အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူ မပေးနိုင်ခဲ့ခြင်းက အသင်းကို စီးပွားရေးနှင့် အုပ်ချုပ်ရေးအရ ဦးဆောင်မှု ပျော့ကွက်ကို ဖော်ပြနေသည်။ Moyes သည် သူ့စိတ်ကြိုက် ကစားသမားများကို လက်လွှတ်လိုက်ရပြီး နှစ်သိမ့်ဆုများနှင့်သာ စခန်းသွား ခဲ့ရသည်။ အပြောင်းအလဲကြီး နှစ်ခုကို တစ်ပြိုင်တည်းတွင် ပြုလုပ်လိုက်ခြင်းသည် မန်ယူ၏ အမှားကြီး ဖြစ် ပြီး အသင်းကို အထိနာစေခဲ့သည်။

မန်ယူကဲ့သို့ နည်းပြ ပြောင်းသော်လည်း မန်ယူကဲ့သို့ အခြေမပျက်သော အသင်းကြီးများ ချယ်လ်ဆီး၊ မန်ချက်စတာစီးတီး (မန်စီးတီး) တို့ ရှိနေပါသည်။ သို့သော် ချယ်လ်ဆီးတွင် သူတို့ကို အမြင့်ဆုံး အောင်မြင် မှုများ ပေးအပ်ခဲ့သော နည်းပြဟောင်း မော်ရင်ဟို ပြန်ရောက်လာခြင်း ဖြစ်သည်။ တစ်ဖန် ချယ်လ်ဆီးရော မန်စီးတီးရောသည် နည်းပြများကို ကြာကြာထားလေ့ မရှိရာ နည်းပြ အပြောင်းအလဲသည် ချယ်လ်ဆီးရော မန်စီးတီးတွင်ပါ ပုံမှန်သဘောဆောင်နေသည်။

မီဒီယာ

မီဒီယာမီးမောင်း၏ ဒဏ်ကို ခံနိုင် မခံနိုင်သည်လည်း ကုမ္ပဏီကြီးများ၊ အစိုးရများကဲ့သို့ နိုင်ငံနှင့်ချီ ပရိသတ်ရှိ သည့် ခေါင်းဆောင်များအတွက် မှတ်ကျောက်ဖြစ်သည်။ ဖာဂူဆန်သည် ရောက်ရောက်ချင်း အောင်မြင်မှု ရသည်မဟုတ်ဘဲ နှစ်အနည်းငယ် အချိန်ယူပြီးမှ ပထမဦးဆုံး လိဂ်ဖလားကို ရယူနိုင်ခဲ့သည်။ David Moyes ထိုအခွင့်အရေးမျိုး မရပါ၊ သူ၏ ပွဲတိုင်း ပွဲတိုင်း၊ မျက်နှာအရိပ်အကဲ၊ လူထုတ်ပုံ နည်းဗျူဟာတို့ကို အသေး စိတ် ရေးသားဖော်ပြသည့် မီဒီယာတို့က ရှိနေသည်။ ဖာဂူဆန် မန်ယူသို့ စရောက်ရောက်ချင်းက မီဒီယာ သည် အရာရာကို မီးမောင်းထိုး စေ့ငုနိုင်ခြင်း မရှိသေးပါ။ ဖာဂူဆန် ရှုံးပွဲတွေ့လျှင် မြန်မာပြည်၊ အင်ဒိုနီးရှား တို့မှ ပရိသတ်များက ဝေဖန်သုံးသပ်ခြင်း မရှိ။ ဖာဂူဆန် ကိုင်တွယ်စ မန်ယူသည် ယနေ့ မန်ယူကဲ့သို့ လည်း အောင်မြင်ခြင်း မရှိသည်ကလည်း တစ်ကြောင်းပါသည်။

David Moyes သည် မီဒီယာတို့ကိုလည်း မကိုင်တွယ်တတ်။ သတင်းစာ ရှင်းလင်းပွဲတွင် သူပြောသမျှသည် အလွဲလွဲ အချော်ချော် များသည်။ အဲဗာတန်တွင် မီဒီယာမီးမောင်းဒဏ် သိပ်မခံရသည့်အတွက် အတွေ့အကြုံ နည်းခြင်း ဖြစ်နိုင်သလို နဂိုစရိုက်ကိုက မီဒီယာနှင့် မဆီလျော်သောကြောင့်လည်း ဖြစ်နိုင်သည်။ မီဒီယာကို အကောင်းဆုံး အသုံးချတတ်သူမှာ ချယ်လ်ဆီးနည်းပြ မော်ရင်ဟို ဖြစ်သည်။ သူသည် သူ့အသင်း အနိုင် ရရေးအတွက် စိတ်ဓာတ်စစ်ဆင်ရေး၊ အသင်းသားများနှင့် ပရိသတ်များ စိတ်ဓာတ် တက်ကြွရေးကို မီဒီယာမှ တစ်ဆင့် ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်တတ်သည်။

ယနေ့ခေတ်တွင် မီဒီယာကို ရှောင်လွှဲ မရနိုင်သည့်အတွက် ခေါင်းဆောင်တို့သည် မီဒီယာကြောကို သိရန်လိုသည်။ မီဒီယာကို မသုံးတတ်လျှင် ထိပ်ပိုင်းခေါင်းဆောင် အဆင့်တွင် အောင်မြင်သင့် သလောက် အောင်မြင်မည် မဟုတ်ပါ။

မန်ယူရှုံးလျှင် အားကစားဂျာနယ် ရောင်းမကောင်းဟု ပြောစမှတ် ပြုလောက်အောင် မြန်မာများ သည်းခြေ ကြိုက်သော မန်ယူအသင်း၏ ယခုနှစ်ဖြစ်အင်တို့သည် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာကောင်းများ ပင် ဖြစ်သည်။

The Voice Weekly


နယ်သာလန်မှ အမျိုးသမီး အတွင်းခံ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ



ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ကျင်းပရန် သီတင်းပတ် အနည်းငယ် လိုသေးသော်လည်း နယ်သာလန်တွင် ပြုလုပ်သည့် စိတ်ဝင်စားစရာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ရပ်တွင်မူ အိမ်ရှင်တို့ ဗိုလ်စွဲခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က နယ်သာလန် နိုင်ငံတွင် အမျိုးသမီး အတွင်းခံ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ကျင်းပပြီး နယ်သာလန် ကိုယ်စားပြု အသင်းက အနိုင်ရရှိခဲ့သည်။



ကမ္ဘာ့ဖလား ပြိုင်ပွဲကြို ပုံရိပ်မြှင့်တင်မှု လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ယင်းပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဟု သိရပြီး နိုင်ငံ(၈)ခုမှ အသင်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆွဲဆောင်မှု ပြည့်ဝသည့် အမျိုးသမီး (၄)ဦးစီ အတွင်းခံ အဝတ်အထည်များ ဝတ်ဆင်ထားပြီး ယှဉ်ပြိုင်သည့် ပွဲစဉ်များတွင် နယ်သာလန်က စပိန်၊ ဂျာမနီ၊ ဘရာဇီးလ်တို့ကို အသာရသွားသည်။



အဆိုပါပြိုင်ပွဲတွင် နယ်သာလန်၊ ဘရာဇီးလ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ တောင်ကိုရီးယား၊ အယ်လ်ဂျီးရီး ယားနှင့် ရုရှားတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် နယ်သာလန် လက်ရွေးစင်ဟောင်းနှင့် အဲဗာတန်၊ အင်တာမီလန် အသင်းများမှ ကစားသမားဟောင်း အန်ဒီ ဗန်ဒါမေဒီက ဒိုင်လူကြီးအဖြစ် ပျော်ရွှင်စွာ တာဝန် ယူခဲ့သည်။ နယ်သာလန် ဘောလုံးအသင်း၏ ပရိသတ်များ အနေဖြင့် ဘရာဇီးလ်သို့ လိုက်ပါကာ လက်ရွေးစင် အသင်းကို နှစ်နှစ်ကာကာ အားပေးရန် စီစဉ်နေပြီး ထိုအတောအတွင်း ယခုပြိုင်ပွဲ၏ ပျော်စရာ အရိပ်အငွေ့များက ၎င်းတို့အတွက် ဖျော်ဖြေမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

Planet Myanmar Network


Microsoft က Skype Translator ကို ပြသ



Microsoft က Skype တွင် Voice Call များပြောဆိုသည့် အခါ ဘာသာပြန်ပေးနိုင်သည့် Skype Translator ဆော့ဝဲ ကို ပြသလိုက်ပါသည်။ Microsoft ၏ CEO ဖြစ်သူ Satya Nadella က ဘာသာစကား မတူညီသည့်လူများ Skype တွင် ဖုန်းပြောဆိုသည့်အခါတွင် အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်ပေးနိုင်သည့် စွမ်းဆောင်ချက်ကို သူတို့၏ Skype နှင့် Translator တို့က တီထွင်လိုက်ကြောင်း Code Conference တွင် ကြေညာပါသည်။ ထို့အတွက် ဘာသာစကား မတူသူများသည် Skype တွင် အလွယ်တကူ စကားပြောဆိုနိုင်မည် ဖြစ်သည်။

ယခုပြသသည့် ဆော့ဝဲသည် Beta အဆင့်သာရှိသေးပြီး အချောသတ် ဗားရှင်းကို ယခုနှစ်နှောင်းပိုင်း တွင် ဖြန့်ချီမည် ဖြစ်ကြောင်း ၊ ရောင်းတန်းဝင် အဆင့် ဗားရှင်းကို နှစ်နှစ်ခွဲ အတွင်း ဖြန့်ချီနိုင်မည်ဟု မျှော် လင့်ကြောင်း Nadella က ပြောပါသည်။ အဆိုပါ စွမ်းဆောင်ချက်ကို အခမဲ့ ရရှိမည် မဟုတ်ဘဲ ၀ယ်ယူ အသုံးပြုရမည် ဖြစ်သည်။ ယခုအချိန်တွင် English နှင့် German ဘာသာစကားများကို အထောက် အပံ့ပေးပါသည်။ နောက်ပိုင်းတွင် အခြားဘာသာစကားများကို အသုံးပြုနိုင်မည် ဖြစ်သည်။

Microsoft သည် အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်နို်င်သည့် နည်းပညာကို တီထွင်နေသည့် တစ်ခု တည်းသော နည်းပညာ ကုမ္ပဏီ မဟုတ်ပါ။ ဂျပန် Wireless Carrier တစ်ခုဖြစ်သည့် NTT Docomo က ဂျပန် မှ အင်္ဂလိပ် သို့ အချိန်နှင့် တစ်ပြေးညီ ဘာသာပြန်နိုင်သည့် ၀န်ဆောင်မှုကို ၂၀၁၁ ခုနှစ်တွင် ပြု လုပ်ပေးခဲ့ပါသည်။ Google ကလည်း Voice Chat များကို ဘာသာပြန်နိုင်ရန် ပြုလုပ်နေပြီး စာသားများကို ဘာသာပြန်ပေးနိုင်သည့် Google Translate App ကို ပြုလုပ်ပေးထားပါသည်။ Microsoft ၏ Skype သည် တစ်လလျှင် လူသန်းပေါင်း သုံးရာ အသုံးပြုကြပြီး တစ်နေ့လျှင် မိနစ်ပေါင်း ၂ ဘီလီယမ် ဖုန်းပြောဆိုကြ သည့် လူသုံးများသည့် ဆက်သွယ်ရေး ၀န်ဆောင်မှုဖြစ်ပါသည်။

သူရ
Myanmar Digital Life Journal


Apple က Beats Music နဲ့ Beats Electronics ကို ဒေါ်လာ သုံးဘီလီယမ်ဖြင့် ၀ယ်ယူကြောင်း အတည်ပြု



Apple က အခပေး သီချင်းထုတ်လွှင့်သည့် ၀န်ဆောင်မှုနှင့် Headphone and Speaker ထုတ်လုပ်သည့် Beats Music and Beats Electronics ကို ၀ယ်ယူလိုက်ကြောင်း အတည်ပြုပြောကြားပါသည်။ ဒေါ်လာ သုံးဘီလီယမ် ဖြင့် ၀ယ်ယူခြင်းဖြစ်ပြီး ဒေါ်လာ ၂.၆ ဘီလီယမ် မှာ ၀ယ်ယူသည့် ဈေးနှုန်းဖြစ်ပြီး ဒေါ်လာ သန်းလေးရာမှာ အနာဂတ်အတွက် ရင်းနှီးမြှပ်နှံသည့် ငွေပမာဏ ဖြစ်ပါသည်။

The Beats ကို တည်ထောင်သူ Jimmy Lovine နှင့် Dr. Dre တို့က Apple လက်အောက်တွင် အလုပ်လုပ် မည် ဖြစ်သည်။

“ Beats ကို ၀ယ်ယူလိုက်ခြင်းဟာ iTunes Radio မှ သီချင်းများ အခမဲ့ ထုတ်လွှင့်တဲ့ ၀န်ဆောင်မှုကနေ ကမ္ဘာ့အဆင့် အခပေး သီချင်းထုတ်လွှင့်တဲ့ ၀န်ဆောင်မှု အထိ ကျွန်တော်တို့ရဲ့ သီချင်း ၀န်ဆောင်မှုကဏ္ဍ ကို တိုးတက်ကောင်းမွန်စေမှာပါ။ “ ဟု Apple ၏ Internet Software and Services ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Eddy Cue က ပြောပါသည်။

Dr.Dre က လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းမှပင် Apple က Beats Electronics ကို ၀ယ်ယူချင်သည် ဟု အရိပ်အမြွက်ပြောကြားခဲ့ပါသည်။ Apple က Beats Electronics ကို ၀ယ်ယူလိုက်ပြီဆိုသည့် သတင်း များလည်း ထွက်ပေါ်ခဲ့ပါသည်။ Apple က ယခုမှသာ ၀ယ်ယူလိုက်ကြောင်း အတည်ပြုပြောကြားခြင်း ဖြစ်ပါ သည်။

ဂီတသည် ကျွန်တော်တို့ လူသားများဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Apple ၏ အဓိက ၀န်ဆောင်မှု တစ်ခုလည်း ဖြစ်သည် ဟု CEO Tim Cook က ပြောပါသည်။

Beats ၏ ထုတ်ကုန်များကို အွန်လိုင်းမှာသာမက Apple အရောင်းဆိုင်များတွင်ပါ ရောင်းချပေးမည် ဟု Apple က ပြောပါသည်။

“ Beats ဟာ တစ်ချိန်မှာ Apple နဲ့ ပူးပေါင်းနိုင်မယ်ဆိုတာ ကျွန်တော် ကြိုတင်မြင်နေပါတယ်။ ကျွန်တော်တို့ Beats ကို တည်ထောင်ရတဲ့ စိတ်ကူးကလည်း Apple ရဲ့ ပြိုင်စံရှားတဲ့ ယဉ်ကျေးမှု နဲ့ နည်းပညာကို ပေါင်း စပ်နိုင်တဲ့ စွမ်းရည်ကြောင့်ဖြစ်ပါတယ်။ “ ဟု Jimmy Lovine က ပြောပါသည်။

သူရ
Myanmar Digital Life Journal


နိုင်ငံတကာအလှမယ်ပြိုင်ပွဲမှာ Popularity ဆုရခဲ့တဲ့ မေမြတ်နိုး



ကိုရီးယားနိုင်ငံတွင် ပြု လုပ်လျက်ရှိသော နိုင်ငံတကာအ လှမယ်ပြိုင်ပွဲ‘Miss Asia Pacific World 2014’၏ Talent Show ၌ Popularity ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် မေမြတ်နိုးက ရရှိခဲ့ကြောင်းသတင်း ရရှိသည်။

Talent Show တွင်မေမြတ် နိုးသည် ကိုရီးယားသီချင်းသီဆို ယှဉ်ပြိုင်ခဲ့ရာ ကြည့်ရှုသူပရိသတ် များနှင့် အကဲဖြတ်ဒိုင်များနှစ်သက် ခဲ့၍ Popularity Award ကိုရရှိခဲ့ ခြင်းဖြစ်သည်။

‘‘ဆုရတဲ့အတွက် အရမ်းဝမ်း သာဂုဏ်ယူမိပါတယ်။ အဘက် ဘက်ကနေ ကူညီပေးတဲ့သူတွေ အားလုံး ကို ကျေးဇူးတင်မိပါ တယ်။ သူတို့ကြောင့် ဒီဆုရတာ ပါ’’ဟု မေမြတ်နိုးကပြောသည်။

အဆိုပါပွဲအတွက် ဆုငါးဆု ချီးမြှင့်ခဲ့ရာတွင် မြန်မာနိုင်ငံမှတစ် ဆုဆွတ်ခူးခဲ့ပြီး Best Costume Design ဆုကို ဆလိုဗက်ကီးယား အလှမယ်၊ Korea Wave Starဆု ကို ဘူလ်ဂေးရီးယားအလှမယ်၊ World Starဆုကို အီကွေဒေါအ လှမယ်၊ Best Personal Talent ဆုကို အာမေးနီးယားအလှမယ်တို့ က ရရှိခဲ့ကြသည်။

‘‘ဖိုင်နယ်ပွဲအတွက်ကို အ ကောင်းဆုံးကြိုးစားဖို့ ရည်ရွယ် ထားပါတယ်။ မြန်မာနိုင်ငံအတွက် ယုံကြည်မှု ထားပြီးတော့အ ကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ မြန်မာပြည်က ပရိသတ်တွေ အ ဘက်ဘက်က ထောက် ပံ့ပေးနေတာသိပါတယ်။ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ မြတ်နိုးကို ဆုရ အောင်ဆုတောင်းပေးကြပါလို့။ ဒီထက်မကထောက်ပံ့ပေးပါလို့’’ ဟု မေမြတ်နိုးကပြောသည်။

Misssology ၀က်ဘ်ဆိုက်၌ မဲပေးရာတွင်လည်း မေမြတ်နိုးက ပထမနေရာ၌ ရပ်တည်လျက်ရှိ ကာ ဖိလစ်ပိုင်နိုင်ငံအလှမယ်က ဒုတိယနေရာမှနေ၍ ယှဉ်ပြိုင်နေ သည်။ အဆိုပါဝက်ဘ်ဆိုက်မှ ချီးမြှင့်မည့် People Choice ဆု မည်သူရရှိမည်ကို ဖိုင်နယ်နေ့တွင် သိရမည်ဖြစ်သည်။

ပြိုင်ပွဲကာလအတွင်းက တောင်ကိုရီးယားနိုင်ငံ၏ နည်းပ ညာကုမ္ပဏီ တစ်ခုဖြစ်သည့် Pangyo Techno Valley ကမေ မြတ်နိုးအား ၎င်းတို့ကုမ္ပဏီ၏ သံ တမန်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ သည်။

7Day Daily

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော တိုက်ခန်းများတွင် တရားမ၀င်နေထိုင်သူများ ကိုမလေးရှားရဲတပ်ဖွဲ့များ ၀င်ရောက်ဖမ်းဆီး

 

ရာ ရခိုင်အမျိုးသားတစ်ဦး  သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း  သတင်းရရှိသည်။

  မေလ ၂၅ ရက် ညတွင် မလေးရှားရဲ ၁၅ ဦးခန့်က ရခိုင် အမျိုးသား ကိုအောင်စိုးလင်း၏ တိုက်ခန်းသို့ လာရောက်ပြီး တရားဝင်နေထိုင်ခြင်းရှိ၊ မရှိလာ ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ကိုအောင်စိုးလင်းမှာ ကြောက်လန့်၍ ၎င်း၏ တိုက်ခန်းရှိ   ရေပိုက်လုံးမှတစ်ဆင့်အောက်သို့ ဆင်းရာ ရေပိုက်လုံး ပြုတ်ကျကာ ဒဏ်ရာများရရှိ၍ ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်းမေလ ၂၆ရက်တွင် ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။

   ကိုအောင်စိုးလင်းသည် ကပ်ပုန်းမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ် ပြီးတရားမ၀င်နေထိုင်ခြင်းကြောင့်ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ ထွက်ပြေးခုန်ချခြင်းဖြစ်ကြောင်းကပ်ပုန်းမြို့တွင် နေထိုင်သော ကိုအောင်ကျော်စိုးက ပြောသည်။

 ‘‘သူကတရားမ၀င်နေထိုင် တာ။ လာဖမ်းတာကို ကြောက်ပြီး ထွက်ပြေးတာ။ ရေပိုက်လုံးကနေ ပြုတ်ကျပြီး ဖြစ်သွားတာ။ ဆေးရုံ ရောက်မှ ဆုံးသွားတာပါ’’ ဟု ကိုအောင်ကျော်စိုးက ပြောသည်။

 မလေးရှားနိုင်ငံရှိ ရဲတပ်ဖွဲ့ ၀င်များသည် ၎င်းတို့နိုင်ငံတွင် လာရောက်နေထိုင်သော မြန်မာ နိုင်ငံသားများအား တရားဝင်နေ ထိုင်ခြင်းရှိ၊ မရှိ ဖမ်းဆီးစစ်ဆေး ခြင်းများ ပြုလုပ်နေပြီး တရားမ၀င် ဖြစ်ပါက ဖမ်းဆီးအရေးယူဒဏ် ငွေရိုက်ခြင်းများ ပြုလုပ်ကာ တရားဝင်ဖြစ်ပါက ငွေတောင်းခံခြင်း များပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာများက ပြောသည်။ ထိုသို့ပြုလုပ်နေသော်လည်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအနေဖြင့် အကာအကွယ်ပေးမှုတစ်စုံတစ်ရာ   ပြုလုပ်ပေးခြင်းမရှိကြောင်းမလေးရှားရောက် မြန်မာများကပြောသည်။

‘‘မလေးရဲတွေက ပတ်စ်ပို့ရှိ လည်း အကြောင်းအမျိုးမျိုးရှာပြီး ငွေတောင်းတာပဲ။   အမှန်က မြန်မာသံရုံးက တာဝန်ယူဖြေရှင်းပေးရမှာ စာအုပ်ရှိလည်း ဖမ်း၊ မရှိလည်းဖမ်း  ဘာမှ မထူးဘူး။ မြန်မာအစိုးရက  အလုပ်သမားတွေကို  ကာကွယ်ပေးဖို့  မလုပ်မချင်း မလေးက မြန်မာတွေခံနေရမှာပဲ’’ဟု ကွာလာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးညွန့်က ပြောသည်။


7 day news Daily