Author:
မင်းဒင်
(တစ်)
ဆြာဒင့်အိမ်နောက်က တောအုပ်ငယ်မှာ ပိန်းပိတ်အောင် မှောင်မိုက်နေ၏။
ပုစဉ်းရင်ကွဲသံ မှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော
အကာလညအခါပေတည်း။ သက်ကြီးခေါင်းချချိန်လွန်ခဲ့ပြီ။ အိပ်ရာအနီးစားပွဲပေါ်မှ
ဖွင့်လျက်သားကွန်ပျူတာနှင့်ကပ်လျက်ရှိသော မှိန်ပျပျစာကြည့်မီး
အလင်းရောင်လဲ့လဲ့အောက်တွင် ဆြာဒင်တစ်ယောက်အိပ်၍ မပျော်နိုင်သေးချေ။
အိပ်ရာပေါ်တွင်လဲလျောင်းလိုက်၊ကွန်ပျူတာရှေ့တွင်ထထိုင်လိုက်ဖြင့်
ဖေ့စ်ဘွတ်ခ်နှင့်အလုပ်ရှုပ်လျက်ရှိ၏။အထူးသဖြင့် ကွန်ပျူတာဆီမှတိန်ခနဲ
အသံကြားလျှင် ဆြာဒင်သည် ဆတ်ခနဲကွန်ပျူတာဆီသို့ ထသွားကာ မောက်စ်ခလုတ်ကို
ကောက်ကိုင်လှုပ်ယမ်းရင်းတစ်စုံတစ်ခုသောအာရုံတွင် စိတ်ဇောကပ်လျက်ရှိ၏။
ဆြာဒင်၏စိတ်ဇောအာရုံကို ဖမ်းစားညှို့ယူ၊ ရတက်ပူစေသည် ကား LIKE ဟူသောအရာပေ
တည်း။ ဖေ့စ်ဘွတ်ခ်လောကတွင် LIKE သည်လွန်စွာအဖိုးတန်လှ ၏။ LIKE
များများရရေးသည် အရေးကြီး၏။ LIKE သည်သာ ဆြာဒင့်ဘဝ၊ LIKE သည်သာ
ဆြာဒင်၏ကိုးကွယ်ရာပေတည်း။
လွန်ခဲ့သောနာရီဝက်ခန့်က ဆြာဒင်၏ဖေ့စ်ဘွတ်ခ်တွင် ဆြာ ဒင်တင်ခဲ့သော စတေးတပ်က
‘ဝတ်ကြောင်ကိုလွတ်အောင်ရုန်း မယ်လို့ကတုံးစိန်ကကြံ’ဟူ၏။
ရှေးခေတ်ဗမာဇာတ်မင်းသားကြီး ဦးစိန်ကတုံး၏ ညီတော်မင်းနန်
နှစ်ပါးသွားမြိုင်ထသီချင်းမှ အပိုင်းအစတစ်ခုမျှသာဖြစ်လေသည်။
ယင်းစတေးတပ်တင်ပြီးသည်၏ နှစ်မိနစ်မရှိတရှိမှာပင် LIKE
သူဦးရေငါးဆယ်ကျော်လေပြီ။ တစ်ဦးသောဖေ့စ်ဘွတ်ခ်မိတ်ဆွေကမူဆြာဒင်၏စတေးတပ်ကို
မည်သို့သဘောပေါက်လေသည်မသိ။ ‘သြော် . . . ဆြာဒင်
ကတုံးကေနဲ့ဖြစ်သွားပြီကိုး’ဟု Comment မှတ်ချက်ပြု၏။ ကိစ္စမရှိလေ။
ဆြာဒင့်မျှော်လင့်သည့်အဓိက အချက်မှာLIKE များများရရေးသာမဟုတ်တုံလော။
သို့အတွက် ဆြာဒင်မှာ ဘုရားရှိခိုးရာတွင်ပင် စိတ်က မဖြောင့်။ သြကာသ၊
သြကာသ၊ သြကာသ ကာယကံ၊ ဝစီကံ၊ မနောကံတို့မှတစ်ပါးပါးသော ကံ ဖြင့် . . . (အင်း
ခုလောက်ဆို နောက်ထပ် LIKE ဆယ်ယောက် တိုးနေရောပေါ့)။ သမ္ဗုဒ္ဓေအဋ္ဌဝီ သဉ္စ၊
ဒွါဒါသဉ္စ၊ သဟသကေ၊ (ငါးယောက်လောက်တော့ LIKE စာရင်းမှာထပ်ပြီး LIKE
နိုင်ကောင်းပါရဲ့)။ အရှေ့အရပ်၌ရှိသောအနန္တစကြဝဠာ၊ အနန္တသတ္တဝါတို့ (အင်း
စကြဝဠာ အနန္တက၊အနန္တသတ္တဝါတွေ အကုန်သာဆြာဒင့်စာမျက်နှာကို LIKe ကြရင်ဖြင့်
ဟိုခွဲစိတ်ကုသမားတော်၊ ဖေ့စ်ဘွတ်ခ် ဆယ်လီဗရီတီကြီးကို ဆြာဒင်မီရုံမက
ရွှတ်ခနဲကျော်တက်သွားပေချိမ့်မည်။ LIKE ကြစမ်းဗျာတို့ လွတ်လပ်တယ်။
ဆြာဒင်သည် ညဥ့်သန်း ခေါင်သန်းလွဲ၊ ရွှေပြွန်မှရေသွန်
ရန်အိပ်ချင်မူးတူးထမိသည့်အချိန် များတွင်လည်း LIKE အရေအတွက်စစ်ဆေးမိ၏။
ထို့ပြင်တစ်ဝ နံနက်မိုးသောက်အလင်းမရောက် မီ မျက်နှာပင်မသစ်ရသေးချိန်တွင်
လည်း LIKE ကို CHECK ရပြန် ၏။ LIKE သည်သာ ဒင့်ဘဝဒင့် ကမ္ဘာဆိုရလေမည်လား။
(နှစ်)
ကွန်ပျူတာအင်တာနက်နှင့် ရင်းနှီးကျွမ်းဝင်ကြပြီးလေသော
ခေတ်ပညာတတ်မြို့ကြီးနေလူ ငယ်လူရွယ်တို့ကား ဖေ့စ်ဘွတ်ခ် ဟုဆိုလိုက်သည်နှင့်
ဒက်ခနဲ ချက် ချင်း၊ ကွင်းကွင်းကွက်ကွက်သိ နားလည်ကြမည်ဖြစ်ပေ၏။
အချို့သောကျေးလက်တောရွာနေလူတန်းစားနှင့် အင်တာနက်ခေတ်ကို
မျက်ခြည်ပြတ်ကျန်ခဲ့ကြသူသက်ကြီးရွယ်အိုတို့ အတွက်မူ ဖေ့စ်ဘွတ်ခ်တည်းဟူသည့်
စကားရပ်ကို ရှင်းလင်းရန်လိုအပ်မည်ဟုထင်မိ၏။
ဖေ့စ်ဘွတ်ခ်စာမျက်နှာကို တီထွင်ကြံဆခဲ့သူမှာ အမေရိကန်
နိုင်ငံသားမတ်ဇူကာဘတ်အမည် ရှိ လူငယ်ဖြစ်ချေ၏။ ယခုစာရေး နေချိန်တွင်ပင်
အသက်အားဖြင့် (၂၉)နှစ်သာရှိသေးသော မတ်ဇူ ကာဘတ်သည် ခရစ်နှစ် ၂၀၀၂ တွင်
ဖေ့စ်ဘွတ်ခ်စာမျက်နှာကို စတင်တီထွင်ခဲ့ပြီး ယခုလက်ရှိ အချိန်တွင်
အသုံးပြုသူဦးရေ သန်းထောင်ချီကာ
ကမ္ဘာ့အကြွယ်ဝဆုံးပုဂ္ဂိုလ်စာရင်းဝင်ခဲ့သူဟုလည်းဆိုပါ၏။
ဖေ့စ်ဘွတ်ခ်သည် နဂိုမူလ က ဟားဗတ်တက္ကသိုလ်ကျောင်း တော်သားအချင်းချင်း
မိတ်ဆွေ သင်္ဂဟတိုးပွားစေသည့် အင်တာ နက်စာမျက်နှာတစ်ခုသာ ဖြစ် သော်ငြား
လက်ရှိကာလတွင်မူ တစ်ကမ္ဘာလုံးမှ အသုံးပြုသူများ အချင်းချင်း
အချိန်မရွေးမိတ်ရင်း ဆွေချာဖြစ်နိုင်သည့် ဧရာမလူမှု
ကွန်ရက်ကြီးတစ်ခုဖြစ်နေချေပြီ။
မေးလ်အကောင့်တစ်ခုရှိ လျှင်မည်သူမဆို ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု
အချိန်မရွေးဖွင့်နိုင်၏။ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်
ဓာတ်ပုံတို့ကိုတင်နိုင်ရုံမက မိမိဘဝအတ္ထုပ္ပတ္တိနှင့် ခံစားချက်အသီးသီးကိုလည်း
ရင်ဖွင့်နိုင်ပြန် လေသည်။ ရံခါမျှမမြင်မတွေ့ဖူး သူ၏ ကိုယ်ရေးအချက်အလက်
အကျဉ်းကို ရုတ်ခြည်းသိနိုင်ကာ မိတ်ဆွေဖွဲ့လိုက ဖိတ်ခေါ်နိုင်၏။ ထို့အတူ
မိတ်ဆွေဖြစ်ရန်ကမ်း လှမ်းချက်ကိုလက်ခံနိုင်၏။
ထို့ပြင်မိမိစိတ်ဝယ်ဘဝင်မကျသူအား အချိန်မရွေးမိတ်ဆွေစာရင်းမှ
ပယ်ဖျက်နိုင်ပြန်၏။ ထိုမျှမက မက်ဆေ့ခ်ျဘောက်မှ အချေအတင်စကားဆိုနိုင်လေ၏။
ဖေ့စ် ဘွတ်ခ်နှင့်ပတ်သက်၍ စိတ်ဝင် စားဖွယ်ရာအချက်အလက်တို့ ကား
မြားမြောင်လှသည်ဖြစ်ရာ စာလေးအံ့မည်ထင်မိသဖြင့် ယခုမျှဖော်ပြလျှင်
သင့်တော်လုံ လောက်ပေပြီဟုဆို နိုင်လင့်ကစား အထူးအရေးကြီးသည့်အချက်
တစ်ချက်မူ ကျန်ရစ်နေသေး၏။ ဖေ့စ်ဘွတ်ခ်တွင် LIKE, COM MENTနှင့်မျှဝေ
SHAREတည်း ဟူသော အရေးကြီးသည့်ကဏ္ဍ သုံးရပ်ရှိ၏။ ရေးသားတင်ပြထား သည့်စာသား
(သို့မဟုတ်) ဓာတ်ပုံတစ်ခုခုကို နှစ်သက်သဘောကျ ပါက LIKEဟူသောလက်မ
ထောင်ထားသည့်သင်္ကေတနေရာလေးကို နှိပ်ခြင်းဖြင့်ဖော်ပြနိုင်၏။
ထို့ထက်ပို၍အဆိုပါတင်ပြချက်အပေါ် သဘောထားမှတ် ချက်တစ်စုံတစ်ရာပေးလိုပါက
COMMENT ဟူသောနေရာတွင် ဖော်ပြရေးသားနိုင်၏။ အများသိစေလိုပါမူ
SHARခြင်းဖြင့် မျှဝေနိုင်လေ၏။ COMMENT မှတ်ချက်နှင့် SHARE တို့မှာ
တကူးတကလုပ်ဆောင်ရသော်ငြားLIKE
နှစ်သက်ခြင်းမှာအလွယ်တကူအပန်းမကြီးပြုနိုင်သည်ဖြစ်ရာ
ဖေ့စ်ဘွတ်ခ်အသုံးပြုသူအများစုမှာ LIKE ကိုအကြိုက်ကြီးကြိုက်သည်ဟူသတတ်။
(သုံး)
လူထဲကလူပင်ဖြစ်၍ ဖေ့စ် ဘွတ်ခ်သုံးနေသောဆြာဒင်သည် လည်း LIKE
ကိုကြိုက်လှချေ၏။LIKE သည်ဆြာဒင့်စိတ်ကိုကြည် နူးစေ၏။ မိမိ၏ဖော်ပြချက်
STATUS ကို LIKE ကြစေရန်အလို့ငှာဘုတ် ကျီးမြှောက်၊ ကျီးဘုတ်မြှောက်
ဆိုရိုးစကားနှင့်အညီ သူတစ်ပါး၏ ဖော်ပြချက်တို့ကိုလည်း ဂရုဓမ္မပြု ၍ LIKE ရ၏။
ရံဖန်ရံခါမက်ဆေ့ခ်ျဘောက်မှနေ၍ ခင်မင်ရင်းနှီးသူအချို့သို့
မိမိ၏ဖော်ပြချက်အား LIKE ပေးပါရန် တိတ်တခိုး မေတ္တာရပ်ခံရသည့်နည်းတူ
အပြန်အလှန်အားဖြင့် အခြားသူ၏ တိတ်
တခိုးမေတ္တာရပ်ခံချက်ကို လက်ခံလိုက်နာကာ LIKE ပေးရသည်လည်းရှိတတ်ပေပြန်သည်။
ဆြာဒင်ဖေ့စ်ဘွတ်ခ်ပါးမဝမီကသော် အငြိမ်းစားအထက်တန်းကျောင်းအုပ်ဆရာမကြီး၏
‘‘ဆြာဒင်တို့များLIKE ကလေးတစ်ချက်နှိပ်ရမှာတောင် တွန့်တိုနေ လိုက်တာ’’ဟူ၍
စကားနာထိုးခံခဲ့ရဖူးသော်ငြား နောင်သော် အကင်းပါးလှသည့်ဆြာဒင်သည်
ဆရာမကြီးတင်ပြအပ်သောခွေးပုံ၊ ကြောင်
ပုံပါမကျန် တင်လိုက်သည်နှင့်LIKE ပြီးဖြစ်နေခဲ့လေသည်။ ထို့အတူ
ဆရာမကြီးသည်လည်း ဆြာဒင်၏ ‘ဗိုက်တင်းလိုက်တာ၊ ပျင်းချက်’ဟူသော
စတေးတပ်မျိုးကို မဆုတ်မဆိုင်း LIKE ပေးခဲ့ချေသည်။ ဤသည်ပင်
ဖေ့စ်ဘွတ်ခ်သွေးစည်းညီညွတ်ရေးပေတကား။ သို့မှသာ ဖေ့စ်ဘွတ်ခ်
သင်္ဂဟလူထူထူစုံမိချိန်တွင် ‘ကျုပ် စတေးတပ်ကို LIKE ကြတာရာချီ ပြီ’ဟု
လက်မထောင်၊ ရင်ကော့၊ ခပ်မော့မော့ဝင့်ကြွားနိုင်မည် မဟုတ်ချေလော။
ဖေ့စ်ဘွတ်ခ်တွင် ကျွန်းကိုင်း မှီ၊ ကိုင်းကျွန်းမှီတည်းဟူသော
အပြန်အလှန်အကျိုးပြုအပ်သည့် အညမညသဘောတရားသည် ပိုမိုပေါ်လွင်ထင်ရှားပေသည်။
ဆြာဒင်သည် ဖေ့စ်ဘွတ်ခ်မိတ်သဟာအပေါင်း၏ လက်ဖက်သုပ်၊ ချင်းသုပ်၊
အသုပ်စုံဓာတ်ပုံတို့ကိုလည်း မဆိုင်းမတွ LIKE ၏။ ‘ဗိုက်တွေ
ရစ်ရစ်ပြီး နာနေတယ်၊ အီးအီးပါလိုက်တော့ဇိမ်ပဲ’ ဟူသော စတေးတပ်ကိုလည်း
အလွတ်မပေး။ ‘ဝမ်းသွားလိုက်တော့
တစ်ကိုယ်လုံးပေါ့ပါးသွားတယ်’ဟူသည့်ချက်ကျလက်ကျ ကျန်းမာရေးအမြင်ကိုလည်း
ကြိုက်လွန်းသဖြင့် ဆြာဒင် LIKE ၏။ ‘အားလုံးကိုထီးထင်တယ်’ဟူ
သည့်ဖရုသဝါစာတို့ကိုလည်း ထိုနည်းလည်းကောင်း၊‘သားသား မိန်းမလိုချင်ပြီမေမေ’
‘ဘယ်ယောက်ျားကိုမဆို သမီးချစ်ပါရစေမေမေ’ဟူသည့် ဘယ်အမေကို တမ်းတ
မှန်းမသိလေသည့် မေမေတမ်းချင်းတို့ကိုလည်း မလွတ်စေရ။
ရင်သားနှင့်တင်ပါးကိုအဓိက ထားဦးစားပေးဖော်ပြသည့် မော်ဒယ်လေးတို့၏
ရုပ်ပုံတို့ကိုလည်း ဆြာဒင့်အနေဖြင့် မျက်နှာမငယ်စေရ။
LIKE, LIKE, LIKE မြဲ LIKEပေ၏။
ထို့အတူ ရင်းနှီးချစ်ခင်လှစွာ သော ဖေ့စ်ဘွတ်ခ်မိတ်ဆွေတို့က လည်း ဆြာဒင်၏
‘ချစ်ဦးဒင့်ထံပြန် လာပါ’၊ ‘မချောသုံးယောက် ဒင် တစ်ယောက်’၊
‘သူများနဲ့ညားတဲ့ ဒင့်ရည်းစားသို့’၊ ‘သူသာဒင့်ဘဝ၊ သူသာဒင့်ရဲ့ကမ္ဘာ့’၊
‘ဒင့်အပြင် နောက်လင်မရှာလိုက်ပါနဲ့’၊ ‘ဒင့် အချစ်နဲ့အရာရာကို အကောင်း
အတိုင်းဖြစ်စေမယ်’အစရှိသည့် အရည်မရအဖတ်မရ ပေါက်တတ် ကရ
သီချင်းအပိုင်းအစတို့ကို မေတ္တာရှေ့ထား၊ စေတနာဗရပွနှင့် ရုတ်ရုတ်သဲသဲ LIKE၍
မစဲ LIKE မြဲ LIKEတော်မူကြလေသည်တကား။ ဤသို့လျှင် ဆြာဒင်နှင့်
သူသူငါငါဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်အသီးသီးသည် LIKE
များစွာကိုပိုင်ဆိုင်သည့် ဖေ့စ်ဘွတ်ခ်ဆယ်လီဗရီတီဖြစ် လာကြစေရေးငှာ
အလောင်းတော်မဟာဇနက္ကမင်းသား၏
မတွန့်မဆုတ်သောဇွဲနပဲကိုအတုယူလျက်လုံ့လဝီရိယကိုယ်စီဖြင့်
အပတ်တကုတ်ကြိုးပမ်း အားထုတ်တော်မူကြလေကုန်သည်တမုံ့။
(လေး)
ထိုသို့ဖြင့် ဆြာဒင်တစ် ယောက် သူ၏ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် LIKE
များနှင့်ရွှင်မြူး ကခုန်ကာ LIKE ၍ LIKE ကာ LIKE လာကြရာမှ တစ်နေ့တွင်မူ
ဆြာဒင်သည် ရုတ်ခြည်းဆိုသလို သူသူငါငါလူတကာတို့မရှောင် လွှဲနိုင်သော
ဇရာမှမြစ်ဖျားခံလေ သည့် ဗျာဒိတည်းဟူသောဘေး ကြောင့် ကောက်ကာငင်ကာ
အဖျားကြီးဖျားပါလေတော့သည်။ ဆြာဒင်ကား ဖေ့စ်ဘွတ်ခ်ဆီသို့
စိတ်မရောက်နိုင်သည့်တိုင် ဖေ့စ် ဘွတ်ခ်သဟာမိတ်ရင်းဆွေချာတို့ ထံ
မိမိမမာမချာဖြစ်နေသည့် သတင်းစကားကိုမူ ပါးလိုလှသည် ဖြစ်၍
ငန်းနီကျော်တစ်ထုပ်ကို ကွမ်းရွက်ပြုတ်ရည်နှင့် အံကြိတ် မျိုချပြီးသကာလ
စောင်ထူထူခြုံ လျက် ချွေးထုတ်နေချိန်တွင် ‘‘အို အဆွေတော်တို့၊ ဆြာဒင်မကျန်း
မမာဖြစ်လျက်ရှိပါ၏’’ ဟူသည့် စတေးတပ်အတိုလေးကို ရေးတင် မိသည်၏တစ်ခဏတွင်
ဖေ့စ် ဘွတ်ခ်မင်းပရိသတ် တစ်ထောင်ကျော်သည်အုတ်အာသောင်းသဲ LIKE ကြလေကုန်၏။
တစ်စုံ တစ်ရာဖြင့်မှားယွင်းနေလေပြီ။ LIKE ဟူသောစကားကို အင်္ဂလိပ် -မြန်မာ
အဘိဓာန်၌ကြိုက်သည်။ နှစ် သက်သည်ဟုအဓိပ္ပာယ်ဖွင့်ဆို လေရာ
ဆြာဒင်နေထိုင်မကောင်း ဖြစ်ခြင်းကိုသင်းတို့ဝမ်းမြောက်
ဝမ်းသာရှိကြလေကုန်သလော။ ဆြာဒင်ကား စိတ်မဆိုးသော် သည်း
ကျွဲမြီးတိုသည်မှာအမှန် ဖြစ်ချေသည်။ ဒင့်ကိုသေစေညွှန်း ရော့လေသလား။
သို့နှင့် ဆြာဒင်နာလန်မထူ နိုင်သေးချိန်တွင် ဇာတိရွှေပင်ရွာမှ
ဆြာဒင်လေးစားချစ်ခင်ရသည့် အသက်ရှစ်ဆယ်အရွယ် အရီး
လေးမငွေမြိုင်အနာရောဂါဖိစီး သဖြင့် အိပ်ရာထက်တွင်လဲနေ ကြောင်း
သတင်းစကားပါးသည့် သံကြိုးကြေးနန်းစာတစ်စောင် သည်လည်း ဆြာဒင့်ထံရောက်
လာပြန်လေရာ အဆိုပါစာကို ဆမ်ဆောင်းလက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံရိုက်လျက်
ဖေ့စ်ဘွတ်ခ် တွင်တင်မိသည့်အခါတွင်လည်း ဖေ့စ်ဘွတ်ခ်မိတ်ဆွေအပေါင်းတို့ သည်
သောင်းသောင်းဖြဖြLIKE ကြပြန်လေ၏။ ဆြာဒင်ထောင်း ခနဲအမျက်ထွက်မိ၏။ အဘယ်ရန်
ငြိုးကြောင့် အရီးလေးမမာသည် ကို LIKE ကြပါသနည်း၊ LIKE သူများကို ဘလော့လျက်
ငယ်စာ ရင်းဖျက်၍လည်းမသင့်လျော်ပြန် ချေသေး။ မကြာမီမှာပင် အရီး
လေးမငွေမြိုင်၏ဝေဒနာသည် သက်သာပျောက်ကင်းခြင်းမရှိဘဲ ဘုရားရဟန္တာတို့သော်မှ
မလွန်ဆန်နိုင်သည့်သင်္ခါရတရား သဘောအတိုင်း ဘဝတစ်ပါးသို့ ပြောင်းသွား
ကွယ်လွန်လေရာ ဆြာဒင်မှာ ယူကျုံးမရအပူလုံးကြွ လျက် ဖြေဆည်ရာရလိုရငြား
အရီးလေး၏ နာရေးကြော်ငြာ ကြေးမုံသတင်းစာဖြတ်ပိုင်းဓာတ် ပုံကို
ဖေ့စ်ဘွတ်ခ်တွင်တင်သည့် အခါတွင်လည်း ရှေးနည်းနှင်နှင် တွင်တွင်ကြီး LIKE
ကြပြန်ကုန် ၏။ ဆြာဒင်၏ဒေါသစိတ်ကား ငယ်ထိပ်သို့တက်လေပြီ။ လွန်စွာ
အလိုက်ကန်းဆိုး မသိချက်ကား ကမ်းကုန်လှပေ၏။ သောကပရိ ဒေဝများနှင့်ယှဉ်သော
ဒေါသ တရားကြောင့် ‘ခင်ဗျားတို့ လူ စကားမှနားလည်ကြသေးရဲ့လား။
ကျုပ်အရီးလေးသေတာ LIKE စရာလားဗျာ’ဟူသောပြစ်တင်
ကြိမ်းမောင်းသည့်ခပ်ကြမ်းကြမ်း စတေးတပ်ကို တင်လိုက်ချိန်တွင် ကား LIKE
အရေအတွက်ကိုပြဆို သည့်ကိန်းဂဏန်းရာပေါင်းများ စွာ
ရုတ်ခြည်းတိုးပွားလာပြန်တော့ သတည်း။ LIKE ၍မစဲ၊ တသဲသဲ ပင်။ ဆြာဒင် LIKE
ကိုမုန်းမိလေ ပြီ။
(ငါး)
ဆြာဒင်ကား LIKE သံသရာ၊ LIKE ဝဲသြဃ၊ LIKE ဂယက်တွင်း သို့ သက်ဆင်းနေကြသူများ၏
ဖြစ်အင်ကို ရိပ်စားမိချေပြီ။ ဖေ့စ် ဘွတ်ခ်မိတ်ဆွေတို့၏ပေါ်လစီ ကား
ဘာစာကိုမျှမဖတ်၊ ဘာလာ လာ LIKE၊ ဘာရေးရေး LIKE၊ ရမ်းLIKE၊ စွတ် LIKE
သည့်မူပေတကား။ ဖိုး LIKEချင်၊ မယ် LIKEချင်၊ ဦး LIKEချင်၊ ကို LIKE
ချင်၊ဒေါ် LIKEချင်တို့များလှလေ သည်တကား။ အာယုအသက် အားဖြင့်လည်းကောင်း၊ ဥာဏံ
ဉာဏ်အားဖြင့်လည်းကောင်း ကြီးမြင့်လှသည့်ဆြာဒင်သည် ခွန်းကြီးခွန်းငယ်
အချေအတင်ပြုရန်မသင့် လျော်သည်လေရကား။ ခွေးပါး အမြီးကုပ်၊ လူပါးနောက်ဆုတ်ဆို
ဘိသကဲ့သို့ လူကင်းပါးသူတစ် ယောက်ဖြစ်သည့်အားလျော်စွာ နေသေးသပ၊ ခြုံထဲက၊
ချိုသွေးတမြမြဟူသောစကားအတိုင်း ဒင်းတို့ကိုယ်တိုင်နှင့်
ဆွေမျိုးရင်းချာမိတ်သဟာများ နာမကျန်းသည့်အခါ၊
နာရေးကြုံလာသည့်စတေးတပ်တင်လာသည့် အခိုက်တွင်မှ ဆြာဒင်အနေဖြင့်
လက်မနှေးဘဲအပြေး LIKEရန်သာ တေးမှတ်ထားလိုက်ရချေတော့သတည်း။
(ဖော်ပြပါ သရော်စာသည် စာရေးသူ မင်းဒင်၏ အာဘော်သာဖြစ်သည်။)
7day daily