(တစ်)
အရှေ့တောင်အာရှမှာ ဒီမိုကရေစီ လမ်း ကြောင်းပေါ်ကိုတက်သွားကြတဲ့ နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်ဟာ တော်တော်ကလေး စောသဗျ။ တေးထားမှတ်ထားတဲ့ စာရွက်ကလေးတွေ ပြန်ကြည့်တော့ အခုလိုတွေ့ပါတယ်။
ဖိလစ်ပိုင် (၁၉၈၆)
တောင်ကိုရီးယား (၁၉၈၇)
တိုင်ပေ (၁၉၈၇)
မွန်ဂိုလီးယား (၁၉၉၀)
ကမ္ဘောဒီးယား (၁၉၉၁)
ထိုင်း (၁၉၉၂)
အင်ဒိုနီးရှား (၁၉၉၉) တဲ့။
ဒီအမှတ်အသားအတိုင်းဆို ရင်ဖြင့် ဖိလစ်ပိုင်ဟာ တော်တော် စောတဲ့ နိုင်ငံတစ်ခုပဲပေါ့။
ဖိလစ်ပိုင်ကိုကြည့်တဲ့အခါ အနှစ် ၂၀ လောက်ဟာ အမှောင် ကြီးပါ။ ၁၉၆၅ ကနေ ၁၉၈၆ အထိ။ အုပ်စိုးသူ အာဏာရှင်က ဖာဒီနန်မားကို့စ် (Ferdinand Marcos)။ အမေရိကန်ဒေါ်လာ ၅ ဘီလီယံချမ်းသာတယ်ဆိုတဲ့ မား ကို့စ်။ ဇနီးသည် အီမယ်ဒါမားကို့စ် ဆီမှာ လေဒီရှူးအရန် ၂,၇၀၀ ရှိ တယ်ဆိုတဲ့ မားကို့စ်။ အတိုက် အခံသုံးသောင်းကျော်ကို သတ် ပစ်တယ်ဆိုတဲ့ မားကို့စ်။ အတိုက် အခံခေါင်းဆောင်တစ်ယောက် ဖြစ်သူ ဘီနင်နိုအကွီနို (Benigno Aquino)ကို ၁၉၇၂ ကနေ ၁၉၈၀ အထိ ထောင်ထဲထည့်ထားရုံသာ မက အမေရိကန်ကနေ ဆေးကု ပြီးပြန်အလာ မနီလာလေဆိပ်မှာ တွင် ပစ်သတ်စေခဲ့တဲ့ မားကို့စ် (၂၁-၈-၈၃)။ မတတ်သာလို့ ၁၉၈၆ ဖေဖော်ဝါရီ ၇ မှာ ရွေး ကောက်ပွဲလုပ်ပေးလိုက်တဲ့အခါ သူသတ်ပစ်ခဲ့သူရဲ့ဇနီး ကိုရာဇန် အကွီနို (Corazan Aquino) အနိုင်ရတာကို လက်မခံဘဲ သူသာရရှိကြောင်း ဇွတ်ကြေညာခဲ့သူမားကို့စ်။
အဲသည့်အချိန်မှာ အကြီး ကျယ်ဆုံးတိုက်ပွဲနဲ့ တိုးခဲ့ရသူက စစ်တပ်အကြီးအကဲ ရာမို့စ် (Ramos) ပါ။
(နှစ်)
ရာမို့စ်ဟာ အာဏာရှင် မားကို့စ်ခေတ်ရဲ့ လက်နက်ကိုင် တပ်များ အကြီးအကဲပါ။ ရှင်း ရှင်းပြောရရင် ကာကွယ်ရေးဦးစီး ချုပ်လို့ပဲ ဆိုကြပါစို့။
သူမနိုင်ဘဲနဲ့ ရွေးကောက်ပွဲ မှာ အနိုင်ရတာဟာ သူပါပဲလို့ အာဏာရှင်မားကို့စ်က ကြေညာ ချလိုက်တဲ့အခါ ထုံးစံအတိုင်း လူ ထုက လမ်းပေါ်ထွက်ချလာတော့ တာပါပဲ။ မနီလာမြို့တော်မှာ လူ ငါးသိန်းတဲ့ခင်ဗျ။ အာဏာရှင် စနစ်အလိုမရှိ။ ဒီမိုကရေစီရရှိရေး ဒို့အရေး။ လက်နက်ကိုင်ဝါဒကျ ဆုံးပါစေ စသည်စသည်။
ရာမို့စ်အကြီးကျယ်ဆုံးတိုက် ပွဲနဲ့ ကြုံရပါပြီ။ အဇ္ဈတ္တတိုက်ပွဲ။ ဘယ်ဘက်က ရပ်မလဲဆိုတဲ့ ပြဿနာ။ နိုင်ငံတော်ရဲ့ သယံဇာတ၊ ဓနဥစ္စာစည်းစိမ်ချမ်းသာတွေကို သူနဲ့ သူ့လူတစ်စုတို့အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေတဲ့ အာဏာရှင်မားကို့စ်ဘက်က ရပ်တည်မလား၊ ကျောက်စရစ် တောခေါင်ခေါင်မှာ အတောင် ကျွတ်တဲ့ကြိုးကြာ ရေရှာမရသလို ဖြစ်နေတဲ့ ပြည်သူလူထုဘက်က ရပ်တည်မလား။ အဲသည့်တိုက်ပွဲပါ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြော်အမြင်နဲ့ဆိုင်တဲ့ တိုက်ပွဲ။ လက်နက်ကိုင် တစ်ယောက်ရဲ့ ဉာဏ်ခံဘယ်လောက် ကြီး၊ မကြီးဆုံးဖြတ်ရတဲ့တိုက်ပွဲ။
တစ်ကမ္ဘာလုံးအံ့ဩသွားခဲ့ရ တယ်ခင်ဗျ။ အာဏာရှင်နိုင်ငံရဲ့ စစ်တပ်အကြီးအကဲက လူထု ဘက်ကနေ ရပ်တည်လိုက်ပါလေ သတဲ့။ ဖီဒယ်လ်ရာမို့စ် (Fidel Valdez Ramos)။
(သုံး)
ရာမို့စ်က United States Military Academy ကနေ ကျောင်းဆင်းတဲ့သူပါ။ အမေရိ ကန် စစ်ကျောင်းဆင်းလို့ဆိုပါ တော့။ မြို့ပြဆိုင်ရာ အင်ဂျင်နီ ယာ မဟာဘွဲ့ကိုရတာကလည်း အမေရိကန်ကပါပဲ။ University of illinois တက္ကသိုလ်တဲ့။
အမျိုးသား ကာကွယ်ရေး စီမံခန့်ခွဲမှုဘွဲ့ကိုတော့ ဖိလစ်ပိုင် ကနေပဲ ယူပါတယ်။ National Defense College of the Phili-ppines တဲ့။ MBA ဘွဲ့ကိုတော့ Manila University ကနေပဲ ယူပါ တယ်။ ဖိလစ်ပိုင်တက္ကသိုလ်ပါပဲ။
စစ်မှုထမ်းရာမို့စ်ဟာ အာ ဏာရှင် မားကို့စ်လက်ထက်မှာ လက်နက်ကိုင်တပ်များရဲ့ အကြီး အကဲဖြစ်နေပါပြီ။ Chief of Staff of the Armed Forces of the Philippines တဲ့။
လူထုနဲ့ အာဏာရှင်သမ္မတ ရင်ဆိုင်တိုက်ပွဲမှာ ဘယ်ဘက်က ဝင်ပါမလဲလို့ ဆုံးဖြတ်ခဲ့ရသူဟာ အဲသည့်ရာမို့စ်ပါ။
အများသိတော်မူပြီးကြတဲ့ အတိုင်း ပြည်သူ့တပ်မတော်ဟာ ပြည်သူကိုပဲ ကာကွယ်ရမယ်လို့ ရာမို့စ်ဆုံးဖြတ်လိုက်တာကအစ ၁၉၈၆ မှာ ဖိလစ်ပိုင်နိုင်ငံဟာ ဒီမိုကရေစီလမ်းမပေါ် ခပ်စော စော ခြေချနိုင်ခဲ့တာပဲမဟုတ်ဘူး လား။
(လေး)
ရှေ့နားမှာ ပြောထားခဲ့သလို ဖိလစ်ပိုင်ဟာ အလင်းကိုရောက် ရှိတာစောပါတယ်။ အဲသလို စော ဖို့အတွက် သူ့စိတ်တွင်းတိုက်ပွဲကို ရာမို့စ်တစ်ယောက် ခက်ခက်ခဲခဲ ဆင်နွှဲခဲ့ရတာပါ။
သေနတ်တစ်လက်၊ ကျည် ဆန်တစ်တောင့်နဲ့ တိုက်ပွဲတစ်ပွဲ ကို ဆင်နွှဲတဲ့အခါ ရန်သူ့စခန်းတစ် ခု၊ တောင်ကုန်းတစ်လုံး၊ မြို့ပျက် ရွာပျက်ကြီးတစ်နေရာရာကို သိမ်း ပိုက်ရကောင်း သိမ်းပိုက်ရနိုင်ပါ တယ်။
အမှားအမှန်ဘယ်ဘက်က ရပ်မလဲဆိုတဲ့ စိတ်တိုက်ပွဲမှာ ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ် အနိုင်ရလိုက်ပုံက ပြည်သူလူထု တစ်ရပ်လုံး၊ သမိုင်းမှတ်တမ်း တစ်ခုလုံး၊ ဓမ္မကိုမြတ်နိုးသူ ကမ္ဘာ သူ၊ ကမ္ဘာသားတို့ရဲ့ နှလုံးသား ကမ္ပည်းမော်ကွန်းတစ်ခုလုံး။ ။
မောင်သာချို
7day daily
0 comments:
Post a Comment