29 May 2014

မှိုစားမည်ဆိုလျှင် အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်


မိုးရာသီသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် အမျိုးမျိုးသောမှိုတို့ ဖူးပွင့်လာကြသည်။ သဘာဝ အလေ့ကျ ပေါက်သောမှိုနှင့် စီးပွားဖြစ်စိုက်ပျိုးသော မှိုဟူ၍ နှစ်မျိုးနှစ်စား တွေ့ရသည်။ မှိုတို့၏ အဆင်းသဏ္ဌာန် သည် မြင်ရသူအပေါင်းအား စားချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ရာသီပေါ်သီးနှံ ဖြစ်သည့်အပြင်

တစ်နှစ်မှ တစ်ကြိမ်တစ်ခါ သာ ပေါပေါများများ တွေ့ရ၍ လူတို့မက်မက်မောမော ရှိကြသည်။

လွန်ခဲ့သော ဘီစီရာစု နှစ်ပေါင်းများစွာ ကတည်းက တရုတ်လူမျိုးတို့သည် အစားအစာ အဖြစ်သော် လည်းကောင်း၊ ဆေးဝါးအဖြစ်သော် လည်းကောင်း မှိုကိုစတင် အသုံးပြုခဲ့ကြသည်ဟု သမိုင်းအထောက် အထားများအရ သိရသည်။ စား၍ရသော မှိုတို့တွင် ကျန်းမာရေးကို အထောက်အကူပြုသော အာဟာရဓာတ်နှင့် ဂုဏ်သတ္တိများစွာ ပါဝင်ပေ သည်။ မှိုတွင်ပါဝင်သော ရှုပ်ထွေးကစီဓာတ် (Polysaccharides) များသည် လူ၏ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေ သည်။ Triterpenes ဟုခေါ်သော စတီးရွိုက်နှင့်တူသည့် မော်လီကျူးငယ် များသည် ခန္ဓာကိုယ် ရောင်ရမ်းမှု ကို လျော့ပါးသက်သာ စေနိုင်သည်။ အမျိုးသမီးများတွင် မဟော်မုန်း (Estrogen)ကို ဖြစ်စေသည့် Aromatase အင်ဇိုင်းကို နှောင့်ယှက်ဟန့်တား နိုင်သဖြင့် ရင်သားကင်ဆာ ဖြစ်ပွားလာနိုင်မှုကို လျှော့ချပေးသည်။

အသီးအရွက် တော်တော်များများတွင် တွေ့ရလေ့မရှိသည့် ဘီဝမ်း၊ ဘီတူး၊ ဘီသရီးနှင့် ဘီဖိုက်တို့ကဲ့သို့ ဗီတာမင်ဘီ အုပ်စုများ မှိုတွင်ပါဝင်သည်။ ခန္ဓာကိုယ်၌ ကယ်လ်စီယမ် စုပ်ယူနိုင်ရန် လိုအပ်သော ဗီတာမင်ဒီအပြင် အရေးပါသော သတ္တုဓာတ်များ ဖြစ်သည့် ပိုတက်စီယမ်၊ ဖော့စ်ဖောရပ်၊ ဇင့်နှင့် မဂ္ဂနီဆီယမ်တို့ကို မှိုတွင်များစွာ တွေ့ရသည်။ ဆီလီနီယမ်ကဲ့သို့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းမျိုးပါ ပါဝင်ပေသည်။ အမျှင်ဓာတ်များစွာ ပါဝင်သော မှိုသည် တစ်အောင်စလျှင် ကယ်လိုရီ ၂ဝ သာ ပါဝင်သဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူများနှင့် သင့်လျော်သည်။ အသားဓာတ် ပါဝင်သည့် အတွက်လည်း သက်သတ်လွတ် သမားများ စားသုံးရန်သင့်သည်။ ယခု အခါ အချို့မှိုမျိုးစိတ် တို့ကို ပဋိဇီဝ ပိုးသတ်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုလာကြသည်။ လင်ဇီးကဲ့သို့ မှိုမျိုးစိတ် များကိုလည်း ဈေးကွက်ဝင် အားဆေးများအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်းမှာ မှို၏ အစွမ်းသတ္တိများ ပင်ဖြစ်ပေသည်။

မြန်မာလူမျိုးများသည် မှိုကို အမျိုးမျိုးကြော်ချက် စားသုံးကြသည်။ မှိုဆီပြန်ချက်၊ မှိုချဉ်စပ်ဟင်းဟူ၍ သီးသန့်တစ်မျိုး တည်း စားသုံးသည့်အပြင် ကန်စွန်းရွက်၊ ကင်ပွန်းချဉ်၊ အသားအမျိုးမျိုးတို့နှင့် ရောနှောချက်ပြုတ် စားသုံးလေ့ရှိ သည်။ မှိုနှင့်ရောစပ် ၍ မစားသင့်သော အစားအစာများလည်း ရှိသေးသည်။ ၎င်းတို့မှာ မှိုနှင့် ကြက်ဟင်းခါးသီး၊ မှိုနှင့်ခံသီး၊ မှိုနှင့်ပဲကျားလှော်၊ မှိုနှင့်ပျားရည်/ နို့ရည်၊ မှိုနှင့် ဖောင်စီးကဏန်း၊ မှိုနှင့်ယုန်သား၊ မှိုနှင့် ချေချေးခါးတို့ ဖြစ်သည်။ စား၍မရသော မှိုအချင်းချင်း (ဥပမာ-ကောက်ရိုးမှိုနှင့် ဖက်ဆွတ်မှို)ကိုလည်း တွဲဖက်၍ မစားသုံးသင့်ပေ။ စားသုံးရန်မှိုကို ဈေးမှဝယ်၍သော် လည်းကောင်း၊ ကိုယ်တိုင်ခူးဆွတ်၍ သော်လည်းကောင်း ရရှိကြသည်။ ကျေးလက်ဒေသများ၌ မိုးရာသီတွင် မှိုကိုဟင်းစား တစ်မျိုးအနေဖြင့် တောထဲတောင်ထဲမှ တကူးတက ရှာဖွေခူးဆွတ်ကာ နှစ်သက်စွာ စားသုံးကြသည်။ မှိုရသည့် မျက်နှာဖြင့် နဂိုဟင်းထက် မှိုဟင်းကို မက်မောကြသည်။

ထိုကဲ့သို့ မှိုကိုကိုယ်တိုင် ခူးယူစားသောက်သည့်အခါ လူကိုအန္တရာယ် မပေးသော၊ အဆိပ်အတောက် မဖြစ်သော မှိုဖြစ်ရန် အရေးကြီးသည်။ မြန်မာပြည်တွင် တွေ့ရများသော စား၍ရသည့်မှိုများမှာ တောင်ပို့မှို၊ ဖက်ဆွတ်မှို၊ ကောက်ရိုးမှို၊ ဆန်ကွဲမှို၊ နို့မှို၊ သစ်တုံးမှို၊ မှိုမွှေး၊ မှိုဥနှင့် စိုက်ပျိုးရေးမှိုတို့ဖြစ်သည်။ မမြင်ဖူး၊ မတွေ့ဖူးသော မှိုများကို ခူးယူ၍ မစားသုံး သင့်ပေ။ ကမ္ဘာပေါ်တွင် မှိုမျိုးကွဲပေါင်း ၄၅ဝဝဝ ခန့်ရှိသည့်အနက် ၂ဝဝဝ ကျော်သာ စား၍ရသော၊ လူကိုဘေးဥပဒ် မဖြစ်သော မှိုများဖြစ်သည်။ ၎င်းတို့အနက် အမျိုးပေါင်း ၂ဝ ကျော်ကိုသာ စိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိသည်။ သို့ဖြစ်ရာ စား၍ရသောမှိုနှင့် စား၍မရသောမှိုဟူ၍ ခွဲခြားတတ်ရန် မှာလည်း အလွန် အရေးကြီးသည်။

အဆိပ်အတောက်ပါသော မှိုတို့သည် အချိန်အခါမဟုတ်ဘဲ ဖူးပွင့်တတ်သည်။ အရောင်လှပ တောက်ပြောင်သည်။ အနံ့စူးရှ ဆိုးရွားသည်။ မှိုရိုးတံတွင် ကြီးမားတုတ်ခိုင်သော ''ခြေချင်း''ပါတတ်သည်။ မှိုထီးရွက် အပေါ်ဘက် မျက်နှာပြင် တွင် အစက်အပြောက်များ ပါတတ်သည်။ မှိုထီးရွက်နှင့် ခြေချင်းအကြားတွင် အကွင်းပို၊ အဖုပိုများပါ တတ်သည်။ မသန့်ရှင်း ညစ်ပတ်သော နေရာများ၊ အညစ်အကြေးများ အနီးတွင် ပေါက်တတ်သည်။ ၎င်းသွင်ပြင် လက္ခဏာများအပြင် အဆိပ်အတောက် ရှိကြောင်းကို စမ်းသပ်ကြည့်နိုင်သည်။ မှိုရိုးတံကို ချေကြည့် သည့်အခါ မည်းနက်သွား ပါက၊ နို့ရောင်အရည်များ ထွက်လာပါက အဆိပ်အတောက် ပါဝင်နိုင်သည်။

ဆားရည်ထဲတွင် အဆိပ်အတောက် ရှိသောမှိုကို ထည့်ကြည့်ပါက မှိုထီးရွက်၏ အောက်ဘက် မျက်နှာပြင်များ ပြာသွား၊ နက်သွားသည်။ ဆားရည်လည်း အရောင်ပြောင်းလဲသွားသည်။ မှိုဟင်းချက်သော အိုးထဲသို့ ငွေကြိုးမျှင် တစ်ခု ထည့်ကြည့်ပါက အဆိပ်အတောက်ရှိလျှင် ၎င်းငွေကြိုး၏ အရောင်မှာ အနက်ရောင်အဖြစ် ပြောင်းလဲသွား သည်။ အဆိပ်ရှိသော မှိုတို့တွင် သေမင်းဦးထုပ်ခေါ် Amanita halloides အုပ်စုဝင်မှိုသည် စားပြီးနာရီပိုင်း၊ ရက်ပိုင်းအတွင်း အသည်းနှင့် ကျောက်ကပ်များ ပျက်စီးသေဆုံးနိုင်သည်။ အချိန်မီ အသည်းနှင့် ကျောက်ကပ် အစားပြန်ထိုးနိုင်မှသာ အသက်ရှင်နိုင်မည် ဖြစ်သည်။ Psilocybin ကဲ့သို့ မှိုမျိုးနွယ်စု တို့သည်လည်း စားသုံးသည် သူအား အမြင်အကြား ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ စိတ်ကယောက် ကယက်ဖြစ်ခြင်း စသည်တို့ကို စားပြီး နာရီပိုင်းအတွင်း ခံစားရနိုင်သည်။ အခြားသော လူကိုအသက်အန္တရာယ် ထိခိုက်စေသည် အထိ ဒုက္ခပေးနိုင်သော မှိုအမျိုးအစားပေါင်း များစွာလည်း ရှိသေးသည်။

အများစုသော မှိုတို့သည် စားသုံးသူတို့နှင့် မတည့်သည့်အခါ အော့အန်ခြင်း၊ မျက်စိများပြာလာခြင်း၊ မူးဝေလာခြင်း၊ ရုတ်တရက် ပြင်းထန်စွာ ဝမ်းဗိုက်နာကျင်ခြင်း၊ ချွေးစေးများ၊ တံတွေးများ အလိုလိုထွက်လာခြင်း၊ နှလုံးခုန်နှုန်း အသက်ရှူနှုန်း မြန်လာခြင်း၊ ဝမ်းသွားခြင်းတို့ကို ဖြစ်စေနိုင်သည်။ မှိုအဆိပ်ပြင်းထန်ပါက အသက်ဆုံးရှုံးရသည် အထိ အန္တရာယ်ရှိသည်။

''အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုတ်“ ဟူသော စကားအရ အဆိပ်ရှိသော မှိုကို မှားယွင်းစွာ စားသုံးမိလျှင် အစားတစ်လုတ်ထဲနှင့်ပင် အသက်သေဆုံး သွားနိုင်သည်။ မှိုအဆိပ်သင့်ရခြင်း၏ အဓိကအကြောင်း ရင်းမှာ အဆိပ်ရှိသောမှိုကို စား၍ရသော မှိုဟုယူဆပြီး စားသုံးခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ''ဥစ္စာကံစောင့် အသက် ဥာဏ်စောင့်'' ဟူသည့်အတိုင်း စား၍ရသောမှိုနှင့် အဆိပ်ရှိသော မှိုတို့ကို အသိဥာဏ်ဖြင့် ခွဲခြားဆင်ခြင်၍ စားသုံးရန် လိုအပ်ကြောင်း တိုက်တွန်းလိုက်ရပါသည်။

မြ၀တီ


0 comments:

Post a Comment