11 May 2014

ရွှေ့ပြောင်းလုပ်သား အသိပညာပေးရေး စင်တာများ ထူထောင်မည်

 
ပြည်ပနိုင်ငံများတွင် သွားရောက် လုပ်ကိုင်မည့် မြန်မာလုပ်သားများကို သတင်းအချက်အလက်များ ပေးနိုင်ရန် ရွှေ့ပြောင်းလုပ်သား အသိပညာပေး စင်တာများ (MRC) ကို မြို့ကြီး သုံးမြို့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) မှ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Kieran Gorman-Best က ပြောကြားသည်။

မြန်မာ ရွှေ့ပြောင်းလုပ်သားများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရန်နှင့် တရားဝင် သွားလာနိုင်ရန် ယင်းစင်တာများကို ရန်ကုန်၊ မကွေးနှင့် မော်လမြိုင်မြို့တို့တွင် ဖွင့်လှစ်ကာ ဇွန်လမှ စတင်ကာ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို အမေရိကန်ဒေါ်လာ ခြောက်သောင်းကျော် အသုံးပြုသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ထိုင်းနိုင်ငံမှာ မြန်မာပြည်က သွားတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၃ မီလီယံ ရှိတယ်။ အဲဒီမှာ တစ်မီလီယံလောက်က စာရွက်စာတမ်း အထောက်အထား မရှိဘူး” ဟု Mr. Kieran Gorman-Best က ဆိုသည်။
စင်တာများ ဖွင့်လှစ်သည့်အပြင် ကျေးလက်ဒေသများတွင် အလှည့်ကျ သွားရောက် သင်တန်းပေးခြင်း၊ ရွှေ့ပြောင်းလုပ်သားများ သိရှိရန် လိုအပ်သည့် လုံခြုံစိတ်ချစွာ ရွှေ့ပြောင်း လုပ်ကိုင်ခြင်း၊ လုပ်ပိုင်ခွင့်များ၊ လုပ်ကိုင်ရမည့် အချက်များ၊ ထိုင်းနှင့် မလေးရှားနိုင်ငံများ၏ ယဉ်ကျေးမှုနှင့် လူမှုရေး အခက်အခဲများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများကိုလည်း ရှင်းပြသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
အဆိုပါ အစီအစဉ်တွင် အသုံးပြုမည့် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ခြောက်သောင်းနှစ်ထောင်ကို အမေရိကန် ပြည်ထောင်စုအခြေစိုက် Western Union ဖောင်ဒေးရှင်းမှ လှူဒါန်းခြင်း ဖြစ်သည်။

IOM သည် ရွှေ့ပြောင်းလုပ်သားများအတွက် လုပ်ကိုင်နေသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၁၅၅ နိုင်ငံ ပါဝင်ကာ မြန်မာနိုင်ငံက အဖွဲ့ဝင် အဖြစ် ၂၀၁၂ ခုနစ်တွင် စတင် ပါဝင်ခဲ့သည်။
လတ်တလော မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား အရေအတွက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ တွင် ရွေ့ပြောင်း လုပ်သားများအတွက် အစီအစဉ် ၂၀ ခန့် လုပ်ကိုင်မည် ဖြစ်ကြောင်း IOM အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment