11 May 2014

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်မှုအဖွဲ့ ဒုတိယအထူးအစည်းအဝေး ကမ္ဘာအေး မဟာပါသဏ လိုဏ်ဂူတော်အတွင်း ကျင်းပ

မေ ၁၁ ရက်ကပြုလုပ်သည့် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးပွဲ မြင်ကွင်း (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

Written by: ငြိမ်းဇော်လင်း

သတ္တမအကြိမ် နိုင်ငံတော်သံဃာ့ဝန်ဆောင်မှုအဖွဲ့ ဒုတိယအထူးအစည်းအဝေးကို မတ် ၁၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လိုဏ်ဂူတော်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်သံဃာ့ဝန်ဆောင်မှုအဖွဲ့ ဒုတိယအထူးအစည်းအဝေးသို့ နိုင်ငံတော်သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော်ကြီးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ သဘာပတိ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သည် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်ကြောင်း၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းဆိုင်ရာ အချက်အလက်များ၌ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်လိုသည်များကို ဝေဖန်သုံးသပ် ဆွေးနွေးကာ လိုအပ်သလို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်များကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးသို့ တင်ပြရမည်ဖြစ်ကြောင်း မိန့်ကြားသည်။

“အဆင့်အမြင့်ဆုံးသော သာသနာရေးကိစ္စများကို ဆောင်ရွက်တော်မူကြရာ၌ အရှင်ဘုရားတို့သည် လာဘ်လာဘ အသတ်ခံရသော ပုဂ္ဂိုလ်မျိုး မဖြစ်ရလေအောင် သတိကြီးစွာထား ရှောင်ကြဉ်တော်မူကြ၍ (ဓမ္မ၀ိနယ) နှင့်အညီသာ ဆောင်ရွက်တော်မူကြပါရန် လေးလေးနက်နက် တိုက်တွန်းပါသည် ဆရာတော် အရှင်သူမြတ်တို့ဘုရား” ဟု နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ သဘာပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သြ၀ါဒမိန့်ခွန်းတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

အဆိုပါ အထူးအစည်းအဝေးသို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် တက်ရောက်ခဲ့ပြီး အထူးအစည်းအဝေးမှ ဆုံးဖြတ်မည့် ဆောင်ရွက်ချက်များသည် ခေတ်စနစ်နှင့်အညီ ဒီမိုကရေစီစံနှုန်းမီ၍ ပြည်သူပြည်သား ရဟန်းရှင်လူများ အမှန်တကယ် အကျိုးရှိမည် ဖြစ်ပါသဖြင့် ပြုဖွယ်ကိစ္စရပ် အားလုံးကို ဆရာဒကာလက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှောက်ထားသည်။

သတ္တမအကြိမ် နိုင်ငံတော် သံဃာ့ဝန်ဆောင်အဖွဲ့ အထူးအစည်းအဝေးတွင် အစားထိုးရွေးချယ် တင်မြှောက်ခြင်းခံရသော နိုင်ငံတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်များစာရင်းကို အတည်ပြုခြင်း၊ ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး အစီအစဉ် (မူကြမ်း)များ အတည်ပြုခြင်း၊ ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးသို့ တင်သွင်းမည့် အဆိုပြုလွှာ ကိုးမျိုးကို ဖတ်ကြားအတည်ပြုခြင်း၊ ကျန်ရှိနေသော လုပ်ထုံးလုပ်နည်းများ၊ လက်စွဲကျမ်းများ၊ ညွှန်ကြားလွှာများကို ဆက်လက်ပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးအဖွဲ့အား ထပ်မံတာဝန်ပေးအပ်ရန်နှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


 
Eleven Media Group

0 comments:

Post a Comment