2 Sept 2014

မင်းလည်းသိတယ်၊ ငါလည်းသိတယ် သူငယ်ချင်း

(အမျိုးသားပညာရေး ဥပဒေမူကြမ်းအား တ-က-သ များကွန်ရက်(မုံရွာ)မှ ကျောင်းသား၊ ကျောင်းသူများ သြဂုတ် ၂၉ ရက်က ကန့်ကွက်ဆန္ဒပြကြစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))


ဗုဒ္ဓက ဟောခဲ့တာပဲလေ။

တကယ်တော့ ဒုက္ခတွေထဲမှာ ငါလည်းပါတယ်၊ မင်းတို့လည်းပါတယ် သူငယ်ချင်း။

မင်းတို့က အစိုးရ၊ မင်းတို့မှာ သေနတ်ရှိတယ်။ မင်းတို့က ခရိုနီတွေလေ၊ ပိုက်ဆံရှိတယ်။ အာဏာရှိတယ်။ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုပြီး ထင်ရာစိုင်းနေကြတယ်။ ဒါဆိုရင် ဒီဒုက္ခကနေ လွတ်မယ်ထင်လို့လား။

“အာရပ်စပရင်းတဲ့”

Spring ကို နွေဦးလို့ ဘာသာပြန်တယ်။ အညှောက်ထွက်တယ်လို့လည်း ဆိုတယ်။ ငါကတော့ Spring ဆိုတာ ကန်ထွက်တဲ့ စပလိန်လို့လည်း ယူဆနိုင်တယ် သူငယ်ချင်း။ နယူတန်ရဲ့ နိယာမကို မင်းလည်းသင်ဖူးတယ်။ ငါလည်းသင်ဖူးတာပဲ။

To every action there is an equal and opposite reaction တဲ့။

သက်ရောက်မှုတိုင်းမှာ တူညီပြီး ဆန့်ကျင်တဲ့ တန်ပြန်သက်ရောက်မှု ရှိပါသတဲ့။ ဒါသိပ္ပံရဲ့ နိယာမပါ။ သိပ္ပံရဲ့ နိယာမဆိုတာ ငါလူကြီးပဲ၊ ငါမပါဘူးဆိုတဲ့ ခြွင်းချက်မျိုးတွေထားလို့ မရဘူး။ သိပ္ပံရဲ့နိယာမ(ဥပဒေ)ပေါ်မှာ ဘယ်သူမှမရှိပါဘူး။ ၅၅ဝဝ ဗို့ဓာတ်ကြိုးကို ကိုင်ကြည့်ပါသူငယ်ချင်း။ အစိုးရဖြစ်ဖြစ်၊ ခရိုနီဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် သေကြတာပါပဲ။ ဆိုလိုတာကကွာ နယူတန်နိယာမမှာ တူညီပြီး ဆန့်ကျင်တဲ့တန်ပြန်သက်ရောက်မှုဆိုတာ အာရပ်နွေဦး(Arab Spring) ကို ဖော်ပြလိုက်တာပါပဲ။

သူငယ်ချင်းရေ

ဟိုဘက်၂၆ နှစ်၊ ဒီဘက် ၂၆ နှစ် စုစုပေါင်း ၅၂ နှစ် တို့ပြည်သူတွေ ခံစားနေကြရပြီပဲ။ ရိုးသားတဲ့ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ အနိုင်ယူတယ်။

မင်းကြည့်ပါဦး၊ တို့နိုင်ငံဆိုတာ ဟိုဘက်က အင်မတန်လူဦးရေများတဲ့တရုတ်။ ဒီဘက်က အင်မတန်လူဦးရေများတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ၊ ကမ္ဘာမှာ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ သူရဲ့အသက်ရှင် ရပ်တည်ရေးအတွက် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေရတယ်။ မီးခိုးတွေမှောင်နေတဲ့ ရှန်ဟိုင်းမြို့၊ ဝက်အသေကောင်များစွာကို စွန့်ပစ်ထားတဲ့ ယန်စီမြစ်ကို တွေ့ရမယ်။ (တရုတ်ကိုသွားရင် ဆေးလိပ်အခမဲ့ သောက်ရတယ်၊ ဝက်စွပ်ပြုတ်လည်း အလကားသောက်ရယ်လို့ ဟောင်ကောင်သတင်းစာတစ်စောင်က ရေးဖူးတယ်) စဉ်းစားသာကြည့်ပေတော့။ ဒီအတိုင်းပဲ လူဦးရေအရကြည့်ရင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပေါင်းရင်လည်း တရုတ်ထက်တောင် သာသွားနိုင်တယ်။ သူတို့နိုင်ငံတွေလည်း ဒီလိုပဲ ရုန်းကန်နေကြရတယ်။

တို့ကျတော့ ဒီနိုင်ငံတွေကြားမှာ ရေမြေအနေအထားအရ နေထိုင်နိုင်တယ်။ တစ်ဖက်ကလည်း စိတ်ဓာတ်ကအရေးကြီးတယ်။ မြန်မာတစ်နိုင်ငံလုံးက လူတွေဟာ မိမိတို့ အသက်ရှင်ရပ်တည်ရေးအတွက် အဲဒီနိုင်ငံကလူတွေ အလွန်အမင်း မထိုးဖောက်လာဖို့ ကာကွယ်နိုင်စွမ်းရှိတယ်။ သို့သော်သူငယ်ချင်းရေ။ တို့နိုင်ငံအနေနဲ့ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို မင်းစဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ တို့ကို အင်္ဂလိပ်က ကျွန်ပညာရေးဆိုပြီး သင်ပေးလိုက်တာပဲ။ ဒါပေမဲ့ အဲဒီကနေ ဦးသန့်က ကုလသမဂ္ဂ အတွင်းမှူးချုပ် ဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်တွေလေးစားတဲ့ မျိုးချစ်နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတယ်။ ဦးနုကတော့ Back-up ပေါ့လေ။ ယနေ့ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေသူတွေ သိကြပါတယ်။ Back-up ဟာ အင်မတန် အရေးကြီးတယ်။ တက်ကျိုးရင် လက်ထိုးလှော်လို့ ရပါတယ်။ ခရီးမရောက်ဘူး။ ဦးနုကတော့ နောက်တက်တစ်ချောင်းပဲ၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတာနဲ့ အောင်ဆန်းအက်တလီစာချုပ် ပျက်ပြယ်သွားတာကို နုအက်တလီစာချုပ် ချုပ်နိုင်ခဲ့တယ်။

စစ်အစိုးရက ၁၉၆၂ ခုနှစ်က အာဏာသိမ်းတယ်။ အဲဒီအချိန်မှာ မြန်မာဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံတစ်ခုဆိုတာ မမေ့ပါနဲ့။

၁၉၆၂ ခုနှစ် မတ်လက အာဏာသိမ်းတယ်။ ဇူလိုင်လ ၈ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖြိုခွဲဖျက်ဆီးပစ်လိုက်တယ်။ ၁၉၆၄ ခုနှစ်မှာ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲလိုက်တယ်။ အဓိကဘာသာစနစ် (Major System) တွေပေါ်လာတယ်။ အမှတ်တွေနဲ့ တက္ကသိုလ်သတ်မှတ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ဖျက်ပစ်လိုက်ပြီး ၁၉၇၄ အခြေခံဥပဒေကို ပြန်ဆွဲတယ်။ အခြေခံဥပဒေကိုဖျက်တာ အကျင့်ပါလာပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ၁၉၇၄ အခြေခံဥပဒေကိုဖျက်ပြီး ၂ဝဝ၈ အခြေခံဥပဒေကို ဆက်ဆွဲတာပါပဲ။ ၁၉၇၄ အခြေခံဥပဒေအရ တစ်ပါတီသာရှိရပြီး တစ်ပါတီတည်းကို မဲထည့်ကြရပြီး တစ်ပါတီတည်းသာ အစိုးရဖွဲ့ကာ ရွေးကောက်ပွဲရလဒ်က မည်သို့ပင်ဖြစ်စေကာမူ အာဏာရှင်သည်သာ ခေါင်းဆောင်ဖြစ်လာတော့တယ်။

လူတွေ ဘာလို့လက်ခံလဲ။

မေးမှမေးရက်ပလေ။

သူငယ်ချင်းရေ။ တို့နိုင်ငံအနေနဲ့ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို မင်းစဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ တို့ကို အင်္ဂလိပ်က ကျွန်ပညာရေးဆိုပြီး သင်ပေးလိုက်တာပဲ။ ဒါပေမဲ့ အဲဒီကနေ ဦးသန့်က ကုလသမဂ္ဂ အတွင်းမှူးချုပ် ဖြစ်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်တွေလေးစားတဲ့ မျိုးချစ်နိုင်ငံ့ခေါင်းဆောင် ဖြစ်လာတယ်။ ဦးနုကတော့ Back-up ပေါ့လေ။ ယနေ့ ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေသူတွေ သိကြပါတယ် . . . . .
လူတွေက သူတို့စားဝတ်နေရေးကိုပဲ လုံးပန်းရတယ် မဟုတ်လား။ စစ်တပ်ဆိုတာ အခြားနိုင်ငံတွေက ကျူးကျော်လာရင် ခုခံကာကွယ်ဖို့၊ အစိုးရက အုပ်ချုပ်ပေးဖို့ပေါ့။ ဒါပေမဲ့ အမျိုးမျိုးအနိုင်ကျင့်တော့ လူတွေကတော့ ကြိမ်မီးအုံးသလိုပေါ့။ တကယ်ပါ သူငယ်ချင်း ပိုက်ဆံတွေကို တရားမဝင်လုပ်ပစ်တာ သုံးကြိမ်လောက်ရှိတယ်။ မှတ်မိတာပေါ့။ လူတွေဟာ ကိုယ့်ချွေးနှဲစာနဲ့ ရှာထားတဲ့ငွေတွေလေ။ အဲဒီကစပြီး ငွေတွေကို အယုံအကြည် မရှိတော့ဘူး။ အိမ်တွေမှာ ပစ္စည်းတွေဝယ်ပြီး သိုလှောင်ထားကြတာ။ အိမ်တွေလည်း ဂိုဒေါင်တွေ ဖြစ်ကုန်တော့တာပဲ။ အစိုးရကိုမယုံ ငွေကိုမယုံဆိုတာ တိုင်းပြည်ပျက်တာပါ သူငယ်ချင်း။

ဘယ်သူဘာပြောပြော မယုံကြတော့ဘူး။ မင်းစဉ်းစားကြည့်လေ၊ တို့လမ်းထဲက စသုံးလုံးအရာရှိတစ်ယောက် သူဝန်ထမ်းဘဝကအကြောင်း ပြောပြတယ်။ သူတို့အဖွဲ့က မန္တလေးမှာ သွားရောက်စစ်ဆေးတယ်။ အမှုကတော့ “တစ်ရာတန်” ကို လက်မခံလို့တဲ့။ တရားဝင်သုံးစွဲနေတဲ့ငွေကို ဈေးဆိုင်တစ်ဆိုင်က လက်မခံဘူး။ ဒါကြောင့် သူ့ကိုခေါ်ယူမေးမြန်း ဖမ်းဆီးအရေးယူကာ ထောင်ချတယ်။ အမှုစစ်ပြီး သူတို့ ညရထားစီးပြီး ရန်ကုန်ပြန်လာတယ်။ တောင်ငူမှာ ရထားခေတ္တနားတော့ ဝင်ရောက်စားသောက်တယ်။ ဖြစ်ချင်တော့ အဲဒီမှာ ဆိုင်ရှင်က တစ်ရာတန်ကို လက်မခံဘူး။ ဒီတော့ စသုံးလုံးအရာရှိက ရှင်းပြတယ်။ “ကျုပ်တို့ခုပဲ မန္တလေးကနေ ပြန်လာတာ။ အဲဒီမှာ ခင်ဗျားလိုပဲ ရာတန်ကိုလက်မခံလို့ ထောင်ချခဲ့ရတယ်။ ခင်ဗျားငြင်းဦးမလား” လို့ မေးတယ်။ ဒီတော့ဆိုင်ရှင်က “ငြင်းပါတယ်” ဆရာလို့ ပြန်ပြောတယ်။ ဒီတော့ ဆိုင်ရှင်ကို ဖမ်းဖို့လုပ်ရတာပေါ့။ ဒီအခါမှာ လူတွေဝိုင်းလာတယ်။ ဘာဖြစ်တာလဲမေးတော့ အကျိုးအကြောင်း ပြောပြရတယ်။

ဒီအခါ လာကြည့်နေတဲ့ လူထဲက တစ်ယောက်က ရယ်တယ်။

“ဖြစ်မှဖြစ်ရပလေ ဆရာတို့ရယ်၊ ဒီမှာ ရန်ကုန်ရထားဝင်လာလို့ သတင်းစာရောက်ပြီ။ ဖတ်ကြည့်ပါဦးဆရာ ညကလည်းကြေညာတယ်။ ရာတန်တွေကို တရားမဝင်လုပ်လိုက်ပြီဆရာ” တဲ့။

“ကျွန်တော့်မျက်နှာကို ကျွန်တော် ဓားနဲ့လှီးပစ်ချင်လောက်အောင် ရှက်ခဲ့ပါတယ် ဆရာ” လို့ သူကငါ့ကို ပြောပြတယ် သူငယ်ချင်း။

မင်းလည်းသိတယ်၊ ငါလည်းသိတယ်။ ဒီလိုအဖြစ်မျိုးတွေ အများကြီးပါ သူငယ်ချင်း။ လူတွေကို ထင်ရာမြင်ရာ ပြောဆိုလုပ်ကိုင်တဲ့ အဲဒီခေတ်ကနေ ဖြတ်လာကြတာပဲ မဟုတ်လား။ အဲဒီခေတ်က မှောင်ခိုဆိုတာ လမ်းမှာပဲ မှောင်ခိုဖြစ်တာ။ ဥပမာ မော်လမြိုင်နဲ့ ရန်ကုန်အကြားလမ်းမှာ မှောင်ခိုပေါ့။ လမ်းမှာဖမ်းလိုက်၊ ပြေးလိုက်၊ လာဘ်ပေးလိုက်နဲ့။ ရန်ကုန်ရောက်တော့ မင်္ဂလာဈေး တစ်ဈေးလုံးဟာ မှောင်ခိုပစ္စည်းတွေပဲ။ မင်းလည်းသိတယ်၊ ငါလည်းသိတယ် သူငယ်ချင်း။

ငါဆိုလိုတာက လူတွေကို လိမ်နေတာပြောတာပါ။ ဆန်တွေရှားတော့ တရုတ်အရေးအခင်း ဖန်တီးတယ်။ နိုင်ငံတစ်ခုလုံး ကုန်းကောက်စရာမရှိတော့ အဆင်းရဲဆုံးနိုင်ငံ (LDC) အဖြစ် ခံယူတယ်။ ဦးသန့်အရေးအခင်း ဖန်တီးတယ်။ မှိုင်းရာပြည့် ဖန်တီးတယ်။ နောက်တော့ ပါတီစုံလိုလား တစ်ပါတီကိုလိုလားပြောပြီး တစ်ပြိုင်နက်တည်း ပြည်သူတွေကို ခြိမ်းခြောက်တယ်။ ပြီးတော့ ၈၈ အရေးအခင်းခလုတ်ကို နှိပ်ခဲ့တာပါပဲ။

ဦးစိန်လွင်တို့၊ ဦးမောင်မောင်တို့ သမ္မတတင်လို့ အဆင်မပြေတဲ့အခါ အာဏာသိမ်းတယ်။ ရွေးကောက်ပွဲလုပ်ပေးပြီး “ကျုပ်တို့ စစ်တန်းလျားကို ပြန်မယ်” ဆိုပြီး ကတိပေးတယ်။

တကယ်တော့ စစ်တပ်က စစ်တန်းလျားကိုပြန်တယ်ဆိုတာ သတင်းမှမဟုတ်တာပဲ၊ ဒါပေမဲ့ သတင်းဖြစ်တယ်။ ရွေးကောက်ပွဲပြီးတော့ သူတို့ အာဏာဆက်သိမ်းတယ်။

၂ဝဝ၈ အခြေခံဥပဒေဟာ ၁ဝ နှစ်ကျော်ဆွဲခဲ့ရတဲ့ ဥပဒေပါ။ အာဏာဆက်ထိန်းထားဖို့ ရည်ရွယ်တာပါ။

အမျိုးမျိုးလှည့်စားဖို့ ကြိုးစားကြတယ်။

■ တိုက်ပွဲတွေ (ငြိမ်းချမ်းဆွေးနွေးကြတာပေါ့)
■ ဘာသာရေးအဓိကရုဏ်းတွေ၊ အရေးအခင်းတွေ၊
■ စစ်ဆေးအရေးယူမှုတွေ၊ ဖမ်းဆီးတာတွေ
■ PR (PR ကိုတော့ နောက်ဆုံးကျည်ဆန်လို့ ပြောနေကြတယ်)

ဒါတွေနဲ့ မိုးကြီးချုပ်၍ ကျွန်ုပ်အိမ်ရောက်မည်မဟုတ်လို့ သင်ဖူးတယ်မဟုတ်လား သူငယ်ချင်း။

နောက်ဆုံး ဓမ္မစေတီခေါင်းလောင်း ဆယ်ယူတာကိုတောင် လူတွေက မယုံတော့ဘူး။ အာရုံပြောင်းနေတာလို့ ယူဆနေကြတယ်။ အာရုံဘယ်လိုပြောင်းပြောင်း နယူတန်ရဲ့ နိယာမကတော့ မပြောင်းဘူး သူငယ်ချင်း။

မင်းလည်းသိတယ်၊ ငါလည်းသိတယ်။ ဒုက္ခထဲမှာ မင်းလည်းပါတယ်။ မျက်ဝါးထင်ထင်မြင်ရမှာပါ သူငယ်ချင်း။



(Written by: ဒေါက်တာခင်မောင်ညို)

0 comments:

Post a Comment