2 Sept 2014

အရွယ်နှင့် မလိုက်ဖက်အောင်ပင် မနိုင်ဝန် ထမ်းနေရသည့် မူလတန်း ကလေးများ၏ ဒုက္ခ

 
 
“နင်တို့လဲ အဲ့ဒီလွယ်အိတ် သယ်နေရတာနဲ့ အရပ်ထွက် မှာကို မဟုတ်တော့ဘူး” ဟုအိမ်ဘေးမှ မကရင်မဟု ဆိုသော အသိတစ်ယောက်၏ ပြောဆိုသံကြောင့် ကျွန်တော် အနည်းငယ် စိတ်ဝင်စား မိသွားပါတယ်။ 


လွယ်အိတ်ဆိုတဲ့ စကားသံကြောင့် သွားရောက် မေးမြန်း ဖြစ်တော့သူက “သုံးတန်းကျောင်းသားလွယ် အိတ်က တက္ကသိုလ် ကျောင်းသား ထက်တောင် သယ်ရတာ များသေးတယ်။ တစ်နေ့ကို အုပ်နှစ်ဆယ် လောက်ထမ်းပြီး ကျောင်းသွားနေရတာ အရပ်ထွက်မှာကို မဟုတ်ဘူးလို့ပြောတာ။ သယ်ရတာကလေး ငယ်ရတာ မဟုတ် အစ်မတို့က လိုက်သယ်ပေးရတာ။ သူတို့က အပြန်လောက်ပဲ သယ်ရတာ။ စာအုပ် တွေသယ်ရတာ လေးတဲ့ အပြင် စာကျက်ရတာ သက်သာမလား အောက်မေ့တယ်၊ တစ်နေ့တစ်နေ့ ကျက်လိုက်ရတဲ့ စာကလဲ ဖင်မီးခိုးထွက်အောင် ကျက်တာမှ စာလေး တစ်ပိုဒ်တောင် ဖြစ်ဖြစ်မြည်မရဘူး။ ကလေးကိုတော့ အပြစ်မပြော ချင်ဘူး။ တစ်ခါတလေ သူကျက်နေတာတွေကမှားလား မှန်လားဆိုတာ နားထောင်ရုံနဲ့မရတော့ဘူး။ ကိုယ်တိုင် လေ့လာ နေရတယ်။ မသိရင်သိတဲ့ လူလိုက်မေးနေတယ်။ ဘာတွေမှန်းကို မသိပါဘူး” လို့ မကရင်မက ညည်းတွား ကာ မေးသမျှပြန်ပြောပြပါတယ်။ 


ဒါကြောင့်ကျွန်တော်လည်း မူလတန်းသင်ခန်းစာတွေနဲ့ စာအုပ်တွေတစ်နေ့ဘယ်လောက် သယ်နေရ တယ်ဆိုတာ တွေကို လေ့လာရပါတော့တယ်။ နည်းနည်းလေးလွဲနေတဲ့ကိစ္စတွေကို ထောက်ပြနိုင်ဖို့အ တွက်ဖြစ်ပါတယ်။

စာအုပ်အရေအတွက်ကတော့ ပထမတန်းကျောင်းသားတစ်ယောက်နဲ့ ဒုတိယတန်းကျောင်းသားတွေ အတွက် စာအုပ်အရေအတွက်ကတော့ အတူတူဖြစ်ပါတယ်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သဘာဝ သိပ္ပံ၊ ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ရသ၊ ပြည်ထောင်စုစိတ်ဓာတ်၊ စိုက်ပျိုးရေးဆိုပြီး ၉ မျိုးလောက်ရှိပါတယ်။ ပြဋ္ဌာန်း စာအုပ်တွေချည်းပါပဲ။ မှတ်စုစာအုပ်နဲ့ဆိုရင် ၁၈ အုပ်ပါ။ ဒါကြောင့်လည်း ဒီဘက်ခေတ်မိဘတွေက ကျောင်းသား တွေ တောင်းဆိုတဲ့ လွယ်အိတ်တွေအစား နိုင်ငံခြားကလာတဲ့ ကျောပိုးအိတ်တွေကို အသုံးများလာတာကို တွေ့ရ မှာပါ။ 
 
ရိုးရိုးလွယ်အိတ်ဆိုရင် အဲဒီလောက်စာအုပ်အ ရေအတွက်နဲ့ဆို နှစ်ဝက်လောက်သာ ခံတဲ့အတွက် ကျောင်းသားတွေ ခါးကိုင်းစေမယ့် ကျောပိုးအိတ် တွေနဲ့သာ ကျောင်းတက်နေရတာဖြစ်ပါတယ်။ 


ဒါကိုသိတဲ့ ဆရာမအချို့က ကိုယ့်ကျောင်းသားတွေ သက်သာစေဖို့ တွဲဖက်သင်ရိုးဝင်ဘာသာရပ်များ ထဲက နှစ်ဘာသာကိုမှတ်စုတစ်အုပ်သာ ထားခိုင်းပါတယ်။ ကျောင်းသားတွေအနည်းငယ်ဝန်ပေါ့အောင် ဖြစ်ပါတယ်။ ဆရာမတွေကလည်း သင်ရိုးတွေများနေတာနဲ့ပတ်သက်ပြီး ခက်ခဲနေတဲ့ အပိုင်းတွေရှိနေ ပါသေးတယ်။ 


အထက(၄) မြိတ်မှမူလတန်းပြ ဆရာမဒေါ်စန္ဒာက “တွဲဖက်သင်ရိုးတွေကအရမ်းများနေတယ်။ တွဲဖက် သင်ရိုးတွေ က ပထမတန်းနဲ့ ဒုတိယတန်းမှာသင်မယ်ဆိုရင် အချိန်ရတယ်။ တတိယတန်းနဲ့ စတုတ္ထ တန်းမှာသင်မယ်ဆိုရင် အချိန်ဘယ်လိုမှမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တတိယတန်းနဲ့ စတုတ္ထတန်း ကခရိုက်က စစ်မယ်လို့လဲ ကြားထား တာတော့ သင်ရိုးတွေကိုကုန်အောင် သင်ပေးနေရတယ်။ အဲ့ဒီအခါ ကျတော့ တွဲဖက်ဘာသာရပ်တွေဘက်သင်တာ အားနည်းသွားရော။ ပြီးတော့လေးတန်းက ကလေး တွေက အလယ်တန်းတက်ရမယ့် သူတွေဆိုတော့ အခြေခံ ကောင်းတွေပါစေချင်လို့ အဓိကဘာသာရပ် တွေကို ကျေအောင် သင်ပေးရတာ မျိုးတွေရှိတယ်” လို့ရှင်းပြပါတယ်။ 


ဆက်လက်ပြီး ယင်းတို့အခက်အခဲတချို့ကို ပြောပြရာမှာတော့ “စိုက်ပျိုးရေးဘာသာရပ်ဆိုရင် မူလ တန်းအဆင့်မှာ ပထမတန်းနဲ့ ဒုတိယတန်းကို အသိလေးရအောင်ပဲ သင်ခိုင်းစေချင်တယ်။ ဒီဘာသာရပ် ကလက်တွေ့လုပ်ကိုင်မှ ပိုအဆင်ပြေမယ့် ဘာသာရပ်မျိုးပါ။ သင်ရိုးထဲမှာ ထည့်ထားပေမယ့် ကျွမ်း ကျင်ဖို့အထိ မဖြစ်နိုင်ဘူး” လို့ဆိုပါတယ်။ 


ဂျပန်ပညာရေးနဲ့ပတ်သက်ပြီး ဖတ်ဖူးလိုက်တာ တစ်ခုရှိပါတယ်။ သူတို့မှာ သုံးတန်းအရွယ် (၉နှစ်) အထိသာ စာမေးပွဲမှဖြေစရာမရှိဘဲ ကျောင်းတက်ရုံ၊ စာလုပ်ရရုံလောက်ပဲရှိတယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ ကျောင်းတက်တဲ့အရွယ် ပထမသုံးနှစ်တာကာလရဲ့ မျှော်မှန်းချက်ကတော့ ပညာမဟုတ်ဘဲ အကျင့်စာရိတ္တပိုင်း ကောင်းမွန်ရေးသာဖြစ်ပါတယ်။ အဲဒီကာလတွေမှာ စာထက်ကိုယ် အမူအရာ၊ လူမှုဆက်ဆံရေး အစရှိသဖြင့် ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်တဲ့စာတွေကိုသာ အလေးထား သင်ကြားပေးတယ်လို့ ဆိုပါတယ်။ ဂျပန်တို့ရဲ့ ခံယူချက်က ပညာနဲ့ အကျင့်စာရိတ္တယှဉ်ရင် အဓိကနေရာ မှာ အကျင့်စာရိတ္တရှိတယ်လို့ ဆိုပါတယ်။ 


ဒါကြောင့်သုံးတန်းအထိ ဂျပန်မှာပေါ့ပေါ့ပါးပါးသာ စာသင်ရပြီး ကလေးတွေ ကျောင်းပျော်လာစေရန် အတွက်၊ အကျင့်စာရိတ္တကောင်းမွန် လာစေရန်အတွက်သာ အဓိကထားဆောင်ရွက်ပါတယ်။ မူလတန်း ကလေးတစ် ယောက်အတွက် သင်ခန်းစာတွေဟာ များပြားခြင်းမရှိဘဲ ကလေးတွေဦးနှောက်နဲ့ လိုက် လျောညီထွေဖြစ်မယ့် အကြောင်းအရာတွေလောက်ပဲ သင်ကြားပေးသလို၊ သူတို့သယ်ရတဲ့စာအုပ်ဆို ရင်မှတ်စုစာအုပ် သုံးလေးအုပ် ထက် မပိုဘူးလို့လည်း ဂျပန်ပညာရေးနှင့် နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 


ဒီလိုဆိုရင်တော့ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးအရာရှိတွေ နည်းနည်းစဉ်းစားပေးဖို့တော့ လိုနေပြီထင် ပါတယ်။ ဘာလို့လဲဆိုတော့ အခုသွားနေတဲ့ပညာရေးစနစ်က နိုင်ငံတကာအဆင့်မီဖို့နဲ့ ဘက်စုံထူးချွန် လူငယ်တွေပေါ် ထွက်ရေးအတွက် ဖြစ်ပါတယ်။ ဒါတွေကိုတစ်ဆင့်ချင်း အကောင်အထည်ဖော်သင့် တယ်ဆိုတာကို ပညာရေး ဝန်ထမ်း အရာရှိတစ်ဦးဖြစ်တဲ့ အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ ဦးစီးအ ရာရှိဦးငွေတိုးက “သင်ရိုးတွေက များနေတာ မဟုတ်ဘူး။ ဖောင်းပွနေတာ။ ဖောင်းပွနေတော့ မယောင် ရာဆီလူးပုံစံမျိုးတွေဖြစ်နေတာ။ ကလေး တွေကို ဆရာတွေက ထိထိရောက်ရောက်မသင်ပေးနိုင်ဘဲ သူတို့လဲ ပင်ပန်းကုန်တာတွေဖြစ်နေရတာပါ။ အမှန်တကယ်က မူလတန်းအဆင့်မှာပေးရမှာက ဘာ သာစကားတတ်ကျွမ်းမှုကို အမှန်တကယ် တတ်မြောက် သွားနိုင်ဖို့ကို လုပ်ပေးလိုက်ရမှာပါ။ ပြီးတော့ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ ဖြစ်ဖို့သွားတာ၊ လာတာ၊ စားတာ၊ ကျန်းမာရေးအခြေခံအသိတွေ ရရှိဖို့တွေပဲ လုပ်ပေးရမှာပါ” လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။ 


လက်ရှိအခြေခံပညာရေးရဲ့ ဦးတည်ချက်တွေနဲ့ ပတ်သက်ပြီးဦးငွေတိုးက မြန်မာ့ပညာရေးသမိုင်းနှင့် ယှဉ်ပြီးထပ်မံ သုံးသပ်ပြရာမှာတော့ မူလတန်းအဆင့်ရဲ့ ဦးတည်ချက်မှာတစ်မျိုး၊ အလယ်တန်းအဆင့် ရဲ့ဦးတည်ချက်မှာတစ်မျိုးနဲ့ အထက်တန်းအဆင့်ရဲ့ ဦးတည်ချက်မှာတစ်မျိုးဖြစ်နေကြောင်း ပြောပြပါ တယ်။ ဒါကြောင့်ရာတွေဟာ ဦးတည်ချက် ပန်းတိုင်ပျောက်နေရပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေရတယ် လို့ဆိုပါတယ်။ ဒါကြောင့်ဆရာတွေအနေနဲ့ လက်ရှိ သင်ရိုးညွှန်းတမ်းတွေရဲ့ ဦးတည်ချက်တွေကို သေ ချာလေ့လာနိုင်ဖို့ လိုအပ်ပြီးကျောင်းသားတွေကို ပြန်သင်နိုင်ဖို့ လုပ်သင့်တယ်လို့ဆိုပါတယ်။ လက်ရှိ သင်ရိုးများဟာနိုင်ငံတကာ စံချိန်စံညွှန်းများဖြင့် ချိန်ထိုးမည်ဆိုပါက ထပ်မံပြဋ္ဌာန်းပေးရန် လိုအပ်နေ သေးတယ်လို့ ပြောပြပါတယ်။ 


ယခုလိုတင်ပြသွားရတာဟာလည်း နိုင်ငံ၏ပညာရေးစနစ်တွင် မပါမဖြစ်ပါဝင်နေသော သင်ရိုးတွေနဲ့ ပတ်သက်ပြီး ဘာတွေလိုနေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာ သက်ဆိုင်ရာလူကြီးတွေသိရှိနိုင်ဖို့ ရေး သားလိုက်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့မူလတန်းကျောင်းသားအရွယ်နှင့် လေ့လာနေရသော သင်ရိုး တွေကို ကျစ်ကျစ်လျစ်လျစ် ဖြစ်စေချင်ကာ မနိုင်ဝန်ထမ်းနေရသည့် ဒုက္ခများမှလွတ်မြောက်စေလိုသော စေတနာဖြင့် ရေးသားလိုက်ရကြောင်း ပါ။ 


Democracy Today Daily
သြဂုတ် (၂၀) ရက်၊ ၂၀၁၄ ခုနှစ်


0 comments:

Post a Comment