10 May 2014

ဘုန်းကြီးကျောင်းကို ၀င်ရောက် ဖျက်ဆီးခဲ့ခြင်း မရှိဟု NLDပါတီမှ တရားဝင် ငြင်းဆို


ရွှေပြည်သာ မြို့နယ်ရှိ ဘုန်းကြီးကျောင်းဆောက်ရာတွင် NLDပါတီမှ ၀င်ရောက် ဖျက်ဆီးသည်ဟု အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသော သတင်းမှာ မှားယွင်းနေကြောင်းနှင့် ယင်းသတင်းမှာ လုံးဝ မမှန်ကန်ကြောင်းကို ရွှေပြည်သာ မြို့နယ် NLDရုံးမှ တရားဝင် ငြင်းဆိုသွားခဲ့သည်။
ယင်းနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းပွဲအား မေလ ၃ ရက်နေ့တွင် ပြုလုပ်သွားခဲ့သည်။

အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသော ရွှေပြည်သာ မြို့နယ်မှ ဘုန်းကြီးကျောင်းမှာ ရွှေပြည်သာ မြို့နယ် ၁၈ ရပ်ကွက် ပန်းခြံ (၁) အကွက်၊ အကျယ် ပေ ၄၀၀၊ ပေ ၂၀၀ ရှိပြီး ပေ၂၀၀ ပတ်လည် တစ်ဝက်မှာ ဘုရားဝင်းဖြစ်၍ ကျန်တစ်ဝက်မှာ ကလေးများ ကစားရန် အတွက် ကစားကွင်း အဖြစ် ဆောက်လုပ် ထားသော နေရာဖြစ်ကာ ၄င်းကစားကွင်းအား လွန်ခဲ့သော တစ်နှစ်ခန့်က ကလေးများ ပညာရေး အတွက် တစ်နှစ်ခံဝန် ကတိဖြင့် ဘုန်းတော်ကြီး ပညာသင်ကျောင်း အဖြစ် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

“ဘုန်းတော်ကြီးကျောင်းက တစ်နှစ်ပြည့်သွားပြီ။ ပြည့်လို့ ဖျက်ရမယ့် အချိန်မှာ ကျောင်းဆောက်ခဲ့တဲ့ ဆရာတော် ဦးကုသလက ကျောင်းကို မဖျက်ဘဲ အဲဒီမှာဘုန်းကြီးကျောင်းဆောက်ဖို့ လုပ်တယ်။ အဲဒီလိုလုပ်လို့ ရပ်ကွက်က ဒေသခံတွေ ဘုရားဝင်းထဲက ဂေါပက အဖွဲ့တွေက မကျေနပ်လို့ ကျွန်တော်တို့ဆီ ရောက်လာတယ်။

ကျွန်တော်တို့ ကလည်း ဆရာတော် ဦးကုသလကို ဘုန်းကြီးကျောင်း မဆောက်ရန် လျှောက်ထားပေမယ့် ဆရာတော်က ကျောင်းဆောက်ရန် အတွက် မြို့နယ် သံဃနာယက အဖွဲ့က ခွင့်ပြုချက်ရပြီးသား မယုံလို့ရှိရင် တိုင်ချင်ရာကို တိုင်နိုင်တယ် ဆိုပြီး ကျွန်တော်တို့ကို ကြိမ်းမောင်းသွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အင်တာနက်ပေါ်မှာ ဘုန်းကြီးကျောင်း ဆောက်တာကို NLDက ၀င်ရောက်ဖျက်ဆီးတယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာပါတယ်”ဟု NLDပါတီမှ ဦးဝင်းမိုးက ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ရွှေပြည်သာမြို့နယ် မြို့နယ် သံဃ မဟာနာယက ဥက္ကဋ္ဌ ဦးနန္ဒော ဘာသက “ဘာမဟုတ်တဲ့ ကိစ္စ သေးသေးလေးကနေ အကြီးကြီး ဖြစ်သွားတာပါ။ ဘုန်းကြီးတို့ သံဃ မဟာ နာယကမှာလည်း ကျောင်းတစ်ကျောင်း ဆောက်မယ်ဆိုရင် ကျောင်းနဲ့ညီတဲ့ အင်္ဂါရပ်တွေရှိတယ်။ အဲဒါကတော့ ကျောင်းဆောက်မယ့် နေရာအတွက် မြေဂရန် ရှိရမယ်။ အဲဒီကျောင်းမှာ ထိုင်မယ့် ကျောင်းထိုင် ဆရာတော်က တိပိဋက အောင်ရမယ်။

အဲဒီ စည်းကမ်းချက်တွေနဲ့ ပြည့်စုံမှ ကျောင်းဆောက်ခွင့် ပေးတာ အခု ကျောင်းဆောက်ခွင့် မပေးထားသေးပါဘူး။ ဂရန်ကလည်း လျှောက်ထားဆဲလို့ ပြောတယ်။ တကယ်လို့ ဂရန်ကို ချပေးလိုက်ရင်တော့ ကျောင်းဆောက်လို့ ရသွားမှာပါ။ အခုတော့ ဂရန်မကျ သေးလို့ ဘာမှလုပ်ပိုင်ခွင့် မပေးထားသေးဘူး။ အင်တာနက်ပေါ်က သတင်းနဲ့ ပတ်သက်လို့လည်း ပြန်လည် ဖြုတ်ချခိုင်းထားပါတယ်”ဟု မိန့်ကြားခဲ့သည်။

Tomorrow


မန္တလေးတွင် ဆက်သွယ်ရေးစခန်း ၁၀၀ ကျော်နှင့် တာဝါတိုင် ၆၀ ကျော် မေလအပြီး တည်ဆောက်မည်


မန္တလေးတိုင်း ဒေသကြီးအတွင်း ဖုန်းအင်တာနက် အသုံးပြုမှုများ ပိုမို မြန်ဆန်လာစေရန်နှင့် ဖုန်းလိုင်းကျပ်ခြင်း နည်းပါးစေရန် ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် ဆက်သွယ်ရေးစခန်း တစ်ရာကျော်ကို လာမည့် မေလအပြီး တပ်ဆင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိ အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် ၆၀ ကျော်နှင့် စခန်း ၁၀၀ ကျော် တည်ဆောက်ရန် မြေနေရာ ရှာထားပြီး ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်သဖြင့် မေလတွင်အပြီး တပ်ဆင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အခုက ဖုန်းသုံးစွဲသူ ဦးရေကလည်း အရင်နဲ့ မတူတော့ဘူး။ များလာတယ်ဆိုတော့ ဖုန်းလိုင်းတွေက ကျပ်လာတယ်။ ခေါ်ဆိုမှု ခက်ခဲလာတာကို တွေ့နေရတယ်။ ဒီလိုမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ ဘက်ကလည်း ဆက်သွယ်ရေးစခန်းတွေ ထပ်မံတိုးချဲ့ တည်ဆောက်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါကြဖို့ တိုက်တွန်းပါတယ်။ ပူးပေါင်း ပါဝင်ဖို့ ဆိုတာကလည်း တာဝါတိုင်တွေ လိုအပ်တဲ့ နေရာတွေမှာ စိုက်ထူတော့မယ်ဆိုရင် အဲဒီ နေရာမှာရှိတဲ့ ပြည်သူတွေက တာဝါတိုင်နေရာ တစ်ခုအတွက် နေရာတစ်ခုခု ပေးနိုင်ရင် ကောင်းမယ်ပေါ့၊ ဒါမျိုးကို ဆိုလိုတာပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၂၃၃ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၃ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ၃၅ ခု၊ CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၄၃ ခု ရှိပြီး မန္တလေးမြို့တွင်းတွင် GSM ဆက်သွယ်ရေး စခန်းပေါင်း ၁၄၂ ခု၊ WCDMA ဆက်သွယ်ရေး စခန်းပေါင်း ၁၄၀ ခု၊ CDMA 800 MHz ဆက်သွယ်ရေး စခန်းပေါင်း ကိုးခုနှင့် CDMA 450 MHz ဆက်သွယ်ရေး စခန်းပေါင်း ၁၇ ခုခန့် ရှိကာ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း ၂၃၈ ခု ခန့်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။

The Voice Weekly


ပိုမိုကျန်းမာလာစေမည့် ထူးဆန်းသော နည်းများ


တချို့သော ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံး နည်းလမ်းအချို့က ရိုးစင်းပေမယ့် ထိရောက်မှု ရှိပါတယ်။

အပြုသဘော ဆောင်မည့် နာမည်ပြောင်းပါ

အပြုသဘောဆောင်တဲ့ နာမည်တွေ ဥပမာ -J.O.Y ဒါမှမဟုတ် W.O.W စတဲ့ စကားလုံးတွေနဲ့ စတဲ့သူတွေ က ဘာအဓိပ္ပါယ်မှ မရှိတဲ့ နာမည်တွေထက် အသက်ရှည်နိုင်ခြေ လေးနှစ်ခွဲနီးပါး ပိုများကြောင်း လေ့လာသိ ရှိရပါတယ်။ I.L.L နဲ့ D.E.D တို့လို့ စကားလုံးတွေနဲ့ စတဲ့ နာမည်ရှိသူတွေက ဘ၀သက်တမ်းတိုနိုင်ခြေ များပါတယ်။

ပထမဆုံး အိမ်သာကို သုံးပါ


အများသုံးအိမ်သာ ၅၁ ခုကိုလေ့လာပြီးတဲ့အခါ ပင်မတံခါးပေါက်နဲ့ အနီးဆုံး အိမ်သာမှာ ဘက်တီးရီးယား ပမာဏ အနည်းဆုံး ဖြစ်တာကို တွေ့ရပါတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လူတွေက ၀င်ပေါက် တံခါးနဲ့ နီးလွန်းတဲ့ အိမ်သာကို ရှောင်လေ့ရှိကြတာကြောင့်ပါ။

ယားယံလျှင် အခြားနေရာကို ကုတ်ပါ


ညာဘက်လက် ယားယံလျှင် ဘယ်ဘက်လက် အရေပြားကို ကုတ်လိုက်ပါ။ ဒါဟာ တကယ်ယားတဲ့ နေရာ ကို ကုတ်တယ်လို့ ဦးနှောက်ကို လှည့်စားတဲ့ နည်းဖြစ်လို့ သက်သာရာ ရစေပါတယ်။ တကယ်ယားတဲ့ နေ ရာကို ကုတ်တာက ပိုယားစေပြီး ပွန်းပဲ့တာ၊ ဘက်တီးရီးယားပိုး ၀င်တာတို့ ဖြစ်တတ်ပါတယ်။

ဘက်တီးရီးယား ဆပ်ပြာကိုရှောင်ပါ


အမေရိကန် ဆေးပညာအဖွဲ့အစည်းရဲ့ လေ့လာမှုအရ ဘက်တီးရီးယားတား ဆပ်ပြာတွေကို ၀ယ်သင့်တဲ့ အကြောင်းရင်း မရှိဘူးလို့ ဆိုပါတယ်။ ဘက်တီးရီးယားတား ဆက်ပြာတွေထက် ကူးစက်ပိုးမ၀င်အောင် ပိုထိရောက်တဲ့ နည်းကို မကာကွယ်နိုင်ပါဘူး။ ဘက်တီးရီးယားတား ဆပ်ပြာတွေကို သုံးတာကြောင့် ဘက်တီးရီးယား ပိုးတွေကို ယဉ်ပါးသွားနိုင်တဲ့ အတွက် အကောင်းထက် အဆိုးကို ဖြစ်စေနိုင်ပါတယ်။

အနာကို ပျားရည်နဲ့ ပိုးသတ်ပါ


အရေပြား ထိခိုက်ရှရာပေါ်မှာ ပျားရည်အစက်အနည်းငယ် လောင်းပြီး ပတ်တီးစည်းပေးပါ။ ပျားရည်မှာ ဘက်တီးရီးယား ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

ဓါတ်မတည့် ဖြစ်နေလျှင် မုတ်ဆိတ်ရိတ်ပါ

နှာချေတာ ၊ နှာစေးတာတို့လို ဓါတ်မတည့်မှု ဝေဒနာ ခံစားလွယ်နေရင် သင့်မုတ်ဆိတ်မွှေးတွေကို တစ်နေ့ နှစ်ကြိမ် ဆပ်ပြာနဲ့ သန့်စင်ပေးပါ။ ဒါမှမဟုတ် မုတ်ဆိတ်ရိတ်ပါ။

သွေးတိုးခြင်း ကာကွယ်နိုင်ရန် ခွေးမွေးပါ


နှလုံးအမောဖောက်ခြင်း (Heart Attack) နဲ့ လေဖြတ်နိင်ခြေနှုန်း လျော့ကျစေဖို့ ခွေးမွေးပါ။ လေ့လာမှု အမျိုးမျိုးအရ ခွေးမွေးတာကြောင့် စိတ်ဖိစီးမှု များနေချိန်မှာတောင် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်တယ် လို့ တွေ့ရှိရပါတယ်။

ကြယ်စင်
Good Health


ဘီး တစ်ခုတည်းနဲ့ မောင်းလို့ရတဲ့ မော်တော်ဆိုင်ကယ်


တွေ့ခဲ့ဖူးသမျှ မော်တော်ဆိုင်ကယ်တွေ ကတော့ ဘီးကို အထူးသဖြင့် နှစ်ဘီး တပ်ဆင် ထားကြသော်လည်း ယခု Ryno လို့ ခေါ်ဝေါ်ကြတဲ့ မော်တော်ဆိုင်ကယ် ကတော့ တစ်ဘီးတည်းပါ။ တစ်ဘီးတည်းပြုလုပ် ထားလို့ အန္တရာယ် ပိုရှိမယ်လို့ မထင်ပါနဲ့။

နှစ်ဘီးဆိုင်ကယ်တွေနဲ့ အတူတူပါပဲ။ ထူခြားမှုတွေ ကတော့ တစ်ဘီတည်းပြုလုပ်ထားလို့ လမ်းကြပ်နေရင် အလွယ်တကူ ကျော်ဖြတ် သွားလာနိုင်မယ် အကွေ့အဝိုက်နဲ့ ဆိုင်ကယ် မောင်ချင်သူတွေ အတွက် ကြိုက်နှစ် သက်စရာပါ။ ဘီးကလည်း ကားဘီး အရွယ်အစားနီးပါးကို တပ်ဆင်ပေး ထားလို့ ဘီချော်တာ ပြု တာတွေ ဖြစ်မှာ မဟုတ်ပါဘူး။ ရှေ့မီး နောက်မီး အကုန်ပါရှိလို့ ညဘက်မှာလည်း မောင်းနိုင်ပါတယ်။

နှစ်ယောက်တော့ စိးလို့ရမယ် မထင်ပါဘူး။ တစ်ယောက်တည်း စီးရင်တော့ အတော်လေး မြန်ဆန်မယ့် ဆိုင်ကယ်ပါ။ ဒါကြောင့် ဗီယိုကို ကြည့်ချင်သူတွေကတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)





အမေက Facebook အကောင့်ကို ဖျက်သိမ်းခိုင်းတဲ့အတွက် ၁၃ နှစ်အရွယ် မိန်းကလေး ကြိုးဆွဲချသေဆုံး


အိန္ဒိယနိုင်ငံက အသက် ၁၃ နှစ်အရွယ် မိန်းကလေး Aditi Gupta ဟာ တစ်နေကုန်တစ်နေခန်း facebook ပေါ်မှာပဲ အချိန်ကုန်နေတဲ့အတွက် သူမအမေ Mohana က သူမရဲ့ Facebook အကောင့်ကို ဖျက်သိမ်းခိုင်း ခဲ့ပါတယ်။ ဒီကိစ္စကို အရမ်းစိတ်ဆိုးသွားတဲ့ Aditi Gupta ဟာ သူမရဲ့ အိပ်ခန်းမှာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့တာပါ။

အသက် ၃၆ နှစ်အရွယ် မိခင်ဖြစ်သူ Mrs.Gupta က သူမအလုပ်က ပြန်လာတဲ့အခါ Facebook အကောင့်ကို ဖျက်သိမ်းပြီးတာ လိုချင်ကြောင်း Aditi ကို အလုပ်မသွားခင် ပြောခဲ့တာပါ။ လေးနာရီကြာပြီးနောက် နေ့  လည်စာ စားဖို့ Mrs.Gupta တစ်ယောက် အိမ်ပြန်လာချိန်မှာတော့ Aditi က သေဆုံးနေပါပြီ။

ဘာမှအရေးမပါတဲ့အရာကြောင့် သူမသမီးလေး ကိုယ့်ဘ၀ကိုယ်အဆုံးသတ်ပစ်မယ်လို့ သူမ မယုံနိုင်ခဲ့ကြောင်း ရဲတွေကို ပြောကြားခဲ့ပါတယ်။

“ ကျွန်မ အလုပ်ကို ပုံမှန်အားဖြင့် မနက် ၉ နာရီခွဲလောက်ဆို ထွက်ပါတယ်။ ကျွန်မ ယောင်္ကျားက အစောကြီး ထွက်သွားသလို သားကြီးကလည်း အားလပ်ရက်မှာ အဖွားအိမ်သွားနေနေတာပါ၊ ကျွန်မ အလုပ်သွားမယ် လုပ်တော့ သမီးလေးက ကွန်ပြူတာရှေ့ မှာ ထိုင်နေပြီ။ ကျွန်မ တော်တော်ဒေါသထွက်သွားခဲ့တယ်။ သူက ဒီ ဆိုရှယ်နက်ဝေါ့ခ်မှာပဲ တစ်နေကုန်တစ်နေခမ်းနေ နေတာလေ”

“ သမီးအသက်က Facebook သုံးဖို့ အရမ်းငယ်နေသေးတယ် ပြီးတော့ သမီးအချိန်တွေ ဖြုန်းနေတာပဲလို့  ကျွန်မ ပြောခဲ့တယ်။ ပြီးတော့ သူ့ ရဲ့ facebook အကောင့်ကို ဖျက်သိမ်းခိုင်းမိခဲ့တယ်”

ဒီကိစ္စကြောင့် အိန္ဒိယမှာ  Facebook ၊ မိဘတွေရဲ့ တာဝန်ရှိမှုနဲ့ ကလေးတွေ ထိတွေ့ ရနိုင်တဲ့ ဆိုက်ဘာအန္တရာယ်တွေ အကြောင်း ငြင်းခုံပြောဆိုနေကြပါတယ်။

Ref: Dailymail.co.uk
trend myanmar
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/facebook_5638.html

လူထုကျန်းမာရေး (အသံဝင်ခြင်း)


အသံဝင်ခြင်း၊ အသံပျက်ခြင်းမှာ အသံအိုးနှင့်ဆိုင်သော ရောဂါ အမျိုးမျိုးကြောင့် ဖြစ်သည်။ အလွန် အားနည်းခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်းနှင့် ပြင်းထန်သော သွေးအားနည်းခြင်းတို့ကြောင့် အသံ ပျက်လေ့ရှိသည်။ အသံကို လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင်၊ အသံပျက်လာလျှင်၊ ရုတ်တရက် အသံဝင် လာလျှင်၊ မကြာခဏ အသံဝင်တတ်လျှင်၊ ရက်ကြာမြင့်စွာ အသံဝင် အသံပျက်နေလျှင် ယင်းတို့၏ နောက်ကွယ်တွင် အကြောင်းရင်းခံ ရောဂါဆိုးများ ရှိနေတတ်သည်ကို သတိ ပြုသင့်သည်။ အသံဝင်ခြင်း သဘောမှာ စာကြည့်များလျှင် မျက်စိညောင်းလာသည်။ လမ်းလျှောက်များလျှင် ခြေထောက်ညောင်း လာသည်။ စကားပြောဖန်များလျှင်၊ ကျယ်လောင်စွာ အော်ဟစ်လာ လျှင်အသံဝင်လာမည် ဖြစ်သည်။

 +သဘာဝ+

အသံဝင်ခြင်း၊ အသံပျက်ခြင်းမှာ အသံနှင့်ဆိုင်သော ရောဂါ အမျိုးမျိုးကြောင့် ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သော အသံအိုးရောင်ခြင်း အမျိုးမျိုး၊ အသံအိုးတွင် အဆုတ်ရောဂါပိုး ဝင်ခြင်း၊ ကာလသား ရောဂါကြောင့် အသံအိုးတွင် အသားပို၊ အနာဖြစ်ခြင်း၊ ဝက်သက်ရောဂါ၊ ဆုံဆို့နာ၊ အသံအိုး အကျိတ်လုံးနှင့် ကင်ဆာရောဂါတို့ ဖြစ်သည်။ အသံအိုး ထိခိုက်၍လည်း အသံ ဝင်နိုင်သည်။ သိုင်းရွိုက်ကလင်း ချို့ယွင်းမှု လွန်ကဲခြင်း၊ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကြွက်သားများ အားနည်းခြင်း၊ အရက်စွဲခြင်း၊ မေးခိုင်ရောဂါနှင့် တခြား ကြွက်သားများ တက်တတ်သည့် ဝေဒနာများ ကြောင့်လည်း အသံ ဝင်နိုင်သည်။ ဦးနှောက်အကျိတ် ချို့ယွင်းမှုကြောင့်ဖြစ်သော ခန္ဓာကိုယ် အဆမတန် မူမမှန် ကြီးထွားသည့် ရောဂါတွင် အသံ ပျက်နိုင်သည်။ အလွန် အားနည်းခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ပြင်းထန်သော သွေးအားနည်းခြင်း၊ လေဖြတ်ခြင်း တို့တွင် အသံပျက်လေ့ ရှိသည်။


+အသံမဝင်ရအောင် +

အသံဝင်ခြင်း မဖြစ်စေရန် အလွန်အမင်း ဟစ်အော် ပြောဆိုခြင်း၊ မရပ်မနား အချိန်ကြာ မြင့်စွာ စကားပြောခြင်း၊ သီချင်း ဟစ်ကြွေးခြင်းတို့ကို ဆင်ခြင်သင့်သည်။ အစားမှန်၊ အနေမှန်ရန် လိုအပ်သည်။ အသံဖြင့် အဓိက နာမည်ကြီးသူများ (အဆိုတော်များ၊ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများသည် တစ်လလျှင် သုံး၊ လေးရက်ခန့် သီချင်းမဆို၊ တရားမဟောဘဲ အနားပေးခြင်းဖြင့် အသံဝင်ခြင်းကို ကာကွယ် နိုင်သည်။) အကယ်၍ အသံ လွန်ကဲစွာ အသုံးမပြုဘဲ အသံဝင် အသံပျက်လျှင်၊ ရုတ်တရက် အသံဝင်လာလျှင်၊ မကြာခဏ အသံဝင်တတ်လျှင်၊ ရက်ကြာမြင့်စွာ အသံဝင်၊ အသံပျက်နေလျှင် စသော သဘာဝမကျသည့် အသံဝင်ခြင်းမျိုး တို့၏ နောက်ဆက်တွဲ အကြောင်းရင်း ရောဂါများ ရှိတတ်၍ ယင်းတို့ ဖြစ်ပေါ်ပါက နီးစပ်ရာ ဆရာဝန် သို့မဟုတ် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ထံ အချိန်မီ သွားရောက်ပြသ တိုင်ပင်၍ ထိရောက်သော ဆေးကုသမှုကို စောစီးစွာ ခံယူသင့်သည်။

+ဓာတ်စာ+

 နို့နှင့် နို့ထွက်ပစ္စည်းများသည် အဆုတ်၌ ချွဲ၊ သလိပ် ဖြစ်ပေါ်မှု ပိုများလာသဖြင့် အသံဝင်တာ မသက်သာခြင်း ဖြစ်သည်။ သကြားနှင့် သကြားဓာတ်ပိုသည့် အစားအစာများ ရှောင်ရမည်။ အဆီများသော အစားအစာ၊ အသင့် အမြန်စား အစားအစာ (ဟမ်ဘာဂါ၊ စနပ်၊ ပီဇာ) မုန့်များ ရှောင်ရမည်။ စိတ်ဖိစီးမှု လျှော့ချရမည်။ အသံအိုး နာနေသဖြင့် စကားပြောခြင်းမှ အနားယူရမည်။ အချဉ်များသည့် အစာ စားသင့်သည်။

+ဆေးစားခြင်း+

 လေပြွန် ရောင်ရမ်းနာ ကုသခြင်း၊ တီဘီရောဂါ အတွက် တီဘီဆေး (DOTS) ဖြင့် ခြောက်လ သို့မဟုတ် ရှစ်လ ပြီးပြတ်အောင် ကုသခြင်း လုပ်ဆောင်နိုင်ပြီး ဆရာဝန်၏ လမ်းညွှန်မှုနှင့် ကုသမှုများကို ခံယူသင့် ပါသည်။ ။

 *ဒေါက်တာ လွင်သန့် (ဆေး-၂)*

 Written by ရွှေတည်


မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဂိုးသမားဒီဂီယာဆွတ်ခူး

 
မန်ယူအသင်း၏ အားထားရသော ဂိုးသမား ဒေးဗစ်ဒီဂီယာသည် မေ ၈ ရက်က ကျင်းပပြုလုပ်သော အသင်း ၏ နှစ်စဉ်ဆုပေးပွဲ အခမ်းအနားတွင် မန်ယူကစားဖော်များနှင့် ပရိသတ်၏ အားပေးထောက်ခံမှုဖြင့် မန်ယူ အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ ကြောင်းသိရသည်။ 
 
မန်ယူအသင်းမှ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာသည် ယခုနှစ် ဘောလုံးရာသီတွင် အကောင်းမွန်ဆုံး လက်စွမ်းပြ ကစားနိုင်ခဲ့မှုကြောင့် မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ယခုရရှိခဲ့သည့် ဒေးဗစ် ဒီဂီယာ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုသည် နှစ်ကြိမ်မြောက် ဆွတ်ခူးခဲ့ခြင်းလည်း ဖြစ်သည်။ ဒေးဗစ်ဒီဂီယာသည် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် ပဏာမရွေးချယ်ထားသည့် ဒုတိယနေရာမှ ရွန်းနီနှင့် တတိယ နေရာမှ ဂျာနျူဇာတို့ကို ကျော်ဖြတ်ကာ ထောက်ခံဆန်္ဒမဲ ၅၄ ရာခိုင်နှုန်းဖြင့် မန်ယူအသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

 
ဒေးဗစ်ဒီဂီယာသည် မန်ယူအသင်း ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးခဲ့ပြီးနောက် ““ကျွန်တော့်ကို အားပေးတဲ့ပရိသတ် တွေကို ကျွန်တော်ကျေးဇူးတင်ပါ တယ်။ ပရိသတ်တွေနဲ့ ကစားဖော် တွေရဲ့ ထောက်ခံမှုကြောင့်သာ အခုလို အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ 
 လာမယ့်ရာသီမှာ လည်း အခုလိုဆုမျိုးရအောင် ကြိုးစား သွားမှာပါ””ဟု ပြောကြားခဲ့သည်။ 
 
တိုက်စစ်မှူးရွန်းနီသည် မန်ယူ အသင်းနှင့် ၀က်စ်ဟမ်းအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် သွင်းယူခဲ့သည့် သွင်းဂိုးဖြင့် မန်ယူအသင်း၏ တစ်နှစ် တာအကောင်းဆုံး ဂိုးသွင်းရှင်ဆုကို ဆွတ်ခူးခဲ့ပြီး ယာယီနည်းပြ ရိုင်ယန်ဂစ်မှာမူ မန်ယူအသင်း၏ တစ်သက်တာ အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် ဆုကို ဆွတ်ခူးရရှိခဲ့သည်။ 


 +ငွေကြယ်+


အမြင်မတော် ဆင်တော်နှင့်ခလောက်


အလုပ်လက်မဲ့ဘွဲ့ရ ပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ကို နေရာပြောင်း ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန်မလိုပါ . . . သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့ များ မြက်မစားကြပါနဲ့ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ အဲဒီခြင်္သေ့ကတော့ . . . .

ဖောင်းပွပစ္စည်း

မြန်မာနိုင်ငံရဲ့ အဆင့်ဆင့်သော အစိုးရ၏၀န်ကြီးများ၊ အစိုးရများ၏ ၂၀၁၄ ခုနှစ်အတွင်း ပြောဆိုခြင်း၊ လုပ် ဆောင်ခြင်းများသည် အံ့သြဖွယ်ရာတွေ တွေ့ရပါသည်။ ၀န်ကြီးအချို့က အစည်းအဝေး ခေါ်ဆဲလိုဆဲ၊ စစ်တပ် ထဲမှာ နေတုန်းက ရတဲ့ဒဏ်ရာ လှန်ပြလိုပြ၊ ပုဆိုးလှန်ပြလိုပြ လုပ်နေကြတာ အတော်အံ့သြဖို့ ကောင်းပါ တယ်။ ယခုလည်း ပါရဂူဘွဲ့ (Ph.D) များ ကိုပါ နေ့စား၊ လပေးနှင့်ခန့်မည့် မူလတန်း ပြဆရာ ခေါ်ပြန်ပါပြီ။ လွန်ခဲ့သော နှစ်ပေါင်း (၇၀)က မူလတန်းပြဆရာတွေကို သတ္တမတန်းအောင်က ခန့်အပ်ခဲ့ပါသည်။ လစာ က ၁၂၆ ကျပ် ၇၅ ပြားပေးပါသည်။ ထို မူလတန်းပြဆရာများက သင်ပေးခဲ့သော တပည့်များမှာ ယခုအခါ အသက်(၇၀)နှင့် (၇၀) ကျော်များဖြစ်နေပါပြီ။ ထို့နောက် မျိုးဆက်ကျောင်းသားများကို H.S.F ခေါ် အထက်တန်းကျောင်းထွက် လက်မှတ်ရ စာမေးပွဲအောင်သူများကို ခန့်ထား၍ သင်ပြစေခဲ့ပါသည်။ ယနေ့ထိ မျိုးဆက်ကျောင်း သားများကို ဘွဲ့တစ်ခုခုရသည့် သူများကို ခန့်ထား၍ သင်စေခဲ့ပါသည်။ လစာကလည်း တစ်သိန်းဝန်းကျင်ပေးပါသည်။ ဤ သည်တို့ကိုကြည့်လျှင် ခန့်ထားသည့်ဆရာ များ၏ ပညာအဆင့်၊ ပေးသောလစာ၏ အနည်းအများတို့ကို တွေ့ရပါသည်။ သာမန်ကြည့်လျှင် နှစ်ရပ်စလုံးမြင့်လာသည်ဟု ပြောနိုင်ပါသည်။ သို့သော် ယခင်က ၁၂၆ ကျပ် ၇၅ ပြားရသော လစာဖြင့် ဆရာ တစ်ဦး၏ မိသားစု ၃/၄ ယောက် စားနိုင် သောက်နိုင်ပါသည်။ ရွှေစ တစ်မတ် သား ခန့် ၀ယ်နိုင်ပါသေးသည်။ … ယခု ရွှေဈေး (၇)သိန်းဝန်းကျင်ဆို၍ မိသားစု ၃/၄ ယောက်စားပြီး ရွှေစတစ်မတ် သားမည်သို့ ၀ယ်နိုင်ပါမည်နည်း။ သည်အခါ လစာ အဆင့်မြင့်လာသည်ဟု ဆိုနိုင်ပါမည်လော။ ပညာရေးတွင် လည်း ကြည့်ပါက ဘွဲ့ရတစ်ဦးသည် မြန်မာစာနှင့် အင်္ဂလိပ်စာ ၀ါကျတစ်ကြောင်း ဟန်ကျပန်ကျမရေး တတ်ကြ ပါ။ သို့သော် မြန်မာစာမှလွဲ၍ အခြားဘာသာများကို အထက်တန်းအဆင့်တွင် အင်္ဂလိပ်စာဖြင့် သင်ကြားနေပါ သည်။ ထိုအခါ ကြက်တူရွေး စကားသင်သလို အင်္ဂလိပ်စာ၏ အဓိပ္ပာယ် မသိပါဘဲ အလွတ်ကျက်၍ မေးခွန်းကို ဖြေကြပါသည်။ မေးခွန်းကိုလည်း ဆရာများက ကြိုပေး၍ထားပါသည်။ သို့မှသာ ဖြေနိုင်မည်။ ဘာသာ ရပ်က များသည်။ အင်္ဂလိပ်စာဖြင့် သင်သည်။ အကျများလျှင်လည်း ဌာနကအရေး ယူခံရမည်။ ထိုအခါ အရည်အချင်း မမီသော ဘွဲ့ရများ၊ ပေါများလာသည်။ ဖောင်းပွလာသည်။ မြန်မာပြည်တွင် ငွေ ကြေးဖောင်းပွသည်။ ဘွဲ့ရ ဖောင်းပွသည်။ ပူးပေါင်းကော်မတီများ၊ ကော်မရှင်များ၊ ပါတီများမှာ ဖောင်းပွ၍ မဆုံးပါ။ ပိန်သွား တာက သယံ ဇာတမျိုးစုံဖြစ်သည်။ တောင်တန်းတွေ ပိန်၍ ချိုင့်ဝင်သွားသည်။ ရေလျှံနေသောမြစ်တွေ ပိန်သွားပြီး ရေစီး ချောင်း သာသာသာရှိတော့သည်။

မတူလျှင်မတုနဲ့

ယခုမူလတန်းပြဆရာခန့်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက ပါရဂူ ဘွဲ့ရများကိုပင် ခန့်ထားရန် လျှောက်လွှာ ခေါ်ယူလိုက်ခြင်းသည် စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ ပေါ်လာပါသည်။ (၁) ပါရဂူ ဘွဲ့ရများကို နေ့စားလပေးဖြင့် တစ်သိန်းဝန်းကျင်ရမည့်ဝင်ငွေတွင် ခန့် အပ်ရန် ခေါ်ယူလိုက်ခြင်းသည်။ ပညာရေး ကို အထူးသဖြင့် မူလတန်း ပညာရေးကို မြှင့်တင်လို၍လား (သို့မဟုတ်) ပါရဂူဘွဲ့ရ တွေကိုနှိမ် လို၍လား။ ခြင်္သေ့ဆီကို ရွှေခွက် ဖြင့်မထည့်ဘဲ ရွှံ့ခွက်ဖြင့် ထည့်လိုက်တာလား။ (၂) ပါရဂူဘွဲ့အပါအ၀င် ဘွဲ့ရမျိုးစုံ တွေ အလုပ်လက်မဲ့ဖြစ်နေ၍ အလုပ်ဖန်တီး ပေးလိုက်တာလား။ (၃)အလုပ်ခန့်ထားရန် လျှောက်လွှာ ခေါ်သည့် တိုင်း/ပြည်နယ် ဒေသကြီးမှ ၀န်ကြီးများက ဘူးတောင်းနစ်၍ စောင်းခြမ်းပေါ်အဖြစ်ကို လှစ်ပြလိုက် တာလား။
 (၄) ဂျပန်နိုင်ငံကို အတုယူပြီး ပါရဂူဘွဲ့ရတွေကို မူလတန်းကို သင်ခိုင်းတာလား။ ဂျပန်နိုင်ငံက ပါရဂူ ဘွဲ့ရသူများ သည် ကလေးသူငယ်တို့၏ စိတ်ခံစားချက် နှင့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုလုပ်ထား သည့် ပါရဂူ ဘွဲ့ရများကို ခန့်ထားခြင်းဟု သိရသည်။ ၎င်းတို့ကို တက္ကသိုလ်ပညာရေး တွင် တာဝန် ထမ်းဆောင် နေသည့် ဆရာ၊ ဆရာများ၏လစာထက်မြင့်မားသည့် ခံစား ခွင့်များ၊ နေအိမ်များ ပေးအပ်ချီးမြှင့်ထား သည်ဟု သိရသည်။ မြန်မာနိုင်ငံက လပေး နေ့စားတစ်သိန်းဝန်းကျင်ဖြင့် လက်ရှိခန့် ထားသည်ကိုသိရသည်။ သည်တော့ ““မတူ လျှင် မတုနဲ့””လို့ ပြောချင်ပါတယ်။ သတိ ပြုရမှာက တိုင်းပြည်ကို စေတနာနဲ့အုပ် ချုပ်ဖို့ပါပဲ။ ကိုယ့်သား သမီးရဲ့တစ်နေ့အသုံး စရိတ်တောင် မရှိတဲ့လစာနဲ့ ကိုယ်ကိုယ်တိုင် ပါရဂူဘွဲ့မရဘဲနဲ့ ကိုယ်ချင်းမစာပါဘဲ မလုပ် မပြောသင့်ပါဘူး။ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း မကျပါစေနဲ့။ ကိုယ် ကိုယ်တိုင်ကတော့ “အာဏာ”ကို မရမနေ ရအောင်ယူတတ်တဲ့ ပညာသာတတ်ပြီး တိုင်းပြည်အတွက် တိုးတက်အောင်အသုံး ချပညာရပ်တွေ မတတ်ဘဲ သစ်ဆိုလည်း တောလုံးကုန်အောင် ရောင်း၊ ဓာတ်သတ္တုဆိုလည်း တောင်လုံးပျောက်အောင် ရောင်းတတ်တဲ့ ပညာလောက်နဲ့ မစဉ်းစားသင့်ပါ။ အကောင်းဆုံးက ရရှိနေတဲ့ အဆင့်က ထွက်ပြီး အေးအေးပဲ ထိုင်စား နေသင့် ပါပြီ။ ကိုယ်စီမံခန့်ခွဲတဲ့ နေရာရဲ့ တန်ဖိုးကိုလည်းကြည့်သင့်ပါသည်။ နေရာနှင့် တန်အောင်ပြောပါ။ တန်အောင် လုပ်ပါ။ တန်တဲ့အတွေးအခေါ်ကို သုံးပါလို့ အကြံ ပြုပါတယ်။

ခြင်္သေ့ဆိုတာ မြက်မစားဘူး

ခြသေ့င်္တို့မည်သည် မြက်ကိုမစားဘူး။ ဒါပေမဲ့ ကြွက်ကို စားချင်စားမည်။ ကြွက်ကသေးပေမယ့် အသားရှိ သတ္တ၀ါမို့ပဲ။ နွားသည် ကြွက်ကိုမစားဘူး၊ မြက်ကို စားသည်။ သည်လိုပါပဲ။ သူ့သဘာဝနှင့် သူ ရှိကြရမှာပါ။ ယခု ကိစ္စက ခြင်္သေ့ကို မြက်စားခိုင်းသည်နှင့် တူပါသည်။ ယခုကိစ္စမှာ ဆရာဝန်စာရေးဆရာတစ်ဦးက ထောက်ခံ သည့်သဘောရေးထားသည်ကို Hot News မှာဖတ်ရပါတယ်။ သူအလုပ်လက်မဲ့ ဘ၀ ၁၉၉၅ ခုနှစ်က ကုမ္ပဏီ တစ်ခုက ယာဉ်မောင်းခေါ်သည့် အခါ သွားလျှောက်ပါ သည်။ Over Qualification (ခေါ်တဲ့ ခန့် မယ့်အလုပ်နဲ့ အရည်အချင်းလွန်) ဆိုပြီး မခန့်ပါဟုပြောပါသည်။ L.L.M ဘွဲ့ရမိန်းကလေး တစ်ယောက်က ကုမ္ပဏီကြီး တစ်ခု မှာ အောက်တန်းစာရေး လျှောက်ရာ မဟာဥပဒေဘွဲ့ရမို့ ပယ်ဖို့စိတ်ကူးရှိကြောင်း၊ ဒါပေမဲ့ မိန်းကလေးက အလုပ်ရှာနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ၀င်ငွေမရှိကြောင်း၊ အလုပ်ကြီးကြပ်သူ (ဆယ်တန်းမအောင် သေးသူ) ကို ရိုရိုသေသေ ဆက်ဆံပါမည့် အကြောင်း၊ အစမ်းခန့်ကြည့်ဖို့ ပြော၍ ခန့်လိုက်ကြောင်း ဖော်ပြထားပါသည်။ နောက်တော့ လက်ထောက်မန်နေဂျာဖြစ်သွား သည်ဟုဆိုပါသည်။ သည်တော့ မူလတန်း ပြဆရာအလုပ်ကို Ph.D တွေ လုပ်ကြဟုဆိုခြင်းပါ။ ဒါက ပုဂ်္ဂိုလ်ရေး ဆန္ဒနဲ့ဆုံးဖြတ် ချက်ကို ဆိုချင်ကြောင်းလို့ ထင်ပါသည်။ နိုင်ငံတော် အဆင့်က ကြည့်လျှင် နိုင်ငံ တကာအလယ်မှာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကြည့်ပြီး အလုပ်ခေါ်သည့် ပုဂ်္ဂိုလ်များက ကြည့်သင့်ပါသည်။ ယခု Ph.D ဘွဲ့ရတွေ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မှာ လက်ထောက် ညွှန်ကြားရေးမှူးတို့၊ ညွှန်ကြားရေးမှူးတို့လို နေရာတွေမှာ ခန့်ဖို့ခေါ်ပါက နိုင်ငံ့ဂုဏ် မဆောင်ပေ ဘူးလား။ စစ်သားတွေကို ဘာလို့ ခန့်ရသလဲ။ ဒီလို ခန့်တာဟာ နိုင်ငံရေးအမြင်နဲ့ ခန့်တာ၊ စစ်သားဆိုတာ အထက်အမိန့်ကို နာခံရာမှာ ခြောက်ပေတွင်းထဲ မရောက်မချင်းပါဘဲ။ တက္ကသိုလ်က Ph.D ဘွဲ့ရကျောင်းသား က အမိန့်ပေးရင် ဦးနှောက်နဲ့စဉ်းစားပြီးမှ ဆုံးဖြတ်မှာဖြစ်လို့ ကျားကိုက်ကိုက် ခြင်္သေ့စားစား ဆုံးဖြတ်မည် မဟုတ်ပါ။ အလုပ် လက်မဲ့ဘွဲ့ရပြဿနာ ဖြေရှင်းလိုသည်မှာ အမှန်ဖြစ်လျှင် အလုပ်ရှိပြီးသား၊ ဗိုလ်ကြီး၊ ဗိုလ်မှူး တွေကိုနေရာ ပြောင်းပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခန့်အပ်ရန် မလိုပါ။

သည်တော့ Ph.D ဆိုတဲ့ ဘွဲ့ရသော ခြင်္သေ့များ မြက်မစားကြပါနဲ့။ မြက်စားတဲ့ ခြင်္သေ့လည်းရှိမှာပါ။ အဲဒီခြင်္သေ့ ကတော့ . . . . ။

(မြိုင်- တင်လှိုင်)

Myanmartandawsint Newspaper

“မယောင်ရာဆီလူးညွန်ကြားချက်ဟု အလုပ်သမားအရေးကျွမ်းကျင်သူများဆို”


၂၀၁၄   မေလ  ၊မောင်ပေါ်ထွန်း
            အေဂျင်စီများအဖွဲ့ချုပ်သို့ အလုပ်သမားအလုပ် အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွန်ကြားသည့် စာမှာ မယောင်ရာဆီလူခြင်းဖြစ်ပြီး အနာတခြားဆေး တခြားဖြစ်ကြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူများ က ထောက်ပြပြောဆိုသည်။
 
         ၂၀၁၄ ခု မေလ၆ ရက်နေ့စွဲဖြင့် အလုပ်သမားအ လုပ်အကိုင်နှင့်လူမှုဖူ လုံရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးရုံးညွန်ကြားရေးမှူးလက်မှတ်ထိုး၍ ညွန်ကြားစာ တစ်စောင် မမျှော်လင့်ပဲ ထိုင်းငံမှ အလုပ်သမား အရေးေ ဆာင်ရွက် သူများလက်ထဲ သို့ ရောက်ရှိလာခဲ့သည်။    အဆိုပါစာတွင် အလုပ်သမားများစာ အုပ်သက်တမ်းတိုြး ခင်း များ အထူးနည်းပါးနေသဖြင့် အေဂျင်စီများ အနေဖြင့် အလုပ်သမားများကို ဇူလိုင်လ ကုန် အထိ စည်းရုံးပေးရ မည်ဖြစ်ကြောင်း ထိုသို့ မပြုလုပ်ပါက ထိုင်းနိုင်ငံသို့ အလုပ် သမား အကျိုးဆောင်လိုင်စင်အား ပိတ်သိမ်း မည်ဖြစ်ေ ကြာင်း ရေးသားထားသည်။
            ဘန်ကောက်အခြေစိုက်  ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်း က “ဒီကအခြေအနေမှန်တွေကို ကျနော် တို့ အများကြီးတင်ပြဖူးပါတယ်။ 
 
ဒါပေမယ့် မြန်မာအလုပ်   သမားအာဏာပိုင်တွေဟာ လုပ်ချင်တာ စွတ်လုပ် တုန်းပဲ။   ဖြစ်ချင်တာရယ်၊ ဖြစ်နိုင်တာ၊ ဖြစ်သင့်တာနဲ့ ဖြစ်နေတာေ တွကို ယှဉ်းထိုးတိုင်းတာ စဉ်းစားကြစေချင်တယ်။  ဘာကြောင့် အလုပ်သမားတွေ ပတ်စပို့ သက်တမ်း လာ မတိုးကြတာလဲ?  သက်တမ်းကုန်လာတာ ၉လထဲ ကိုေ ရာက်လာပြီး သက်တမ်း ကုန်အလုပ်သမားတွေ များလာေ နပြီ၊ ပုလိပ်တွေနေ့တိုင်းဖမ်းနေပြီ အကြောင်း အကျိုးစဉ်း စားကြပါလား။ ဒီလို ညွှန် ကြားစာထုတ်တာဟာ မစဉ်း စားပဲ မယောင်ရာကို ဆီလူးတာနဲ့တူတယ်။   ပြတိုက် ထဲမှာ ရွှေချထားရမယ့် စပါယ်ရှယ်စီမံခန့်ခွဲမှုပဲ” ဟုရင် ထုမနာပြောသည်။
 
         နိုင်ငံတော် ဒုသမ္မတ တစ်ဦးက  လွန်ခဲ့သည့် ၃လ ခန့်က နေပြည်တော် အစည်းဝေးတစ်ခုတွင် မြန်မာနိုင်ငံ သားများအဖြစ် တရားဝင်အသိအမှတ်ပြု ခြင်း မခံရသေးေ သာ ထိုင်းရောက်ဘင်္ဂါလီများအား တရားဝင် နိုင်ငံသား အဖြစ် သတ်မှတ် သွားသလိုဖြစ်မည်ကိုစိုးရိမ်သဖြင့် ယခုအစီအမံကို ချမှတ်ရကြောင်း အဆိုပါ အစည်းဝေး သို့ တက်ရောက်ခွင့်ရခဲ့သည့် အေဂျင်စီ ဒါရိုက်တာ တစ်ဦြးေ ပာပြ ချက် အရသိခဲ့ရသည်။ 

      
  ယမန်နှစ်က  မဟာချိုင်၊ စူရတ် ဌာနီနှင့်ဘန်ကောက်မြို့တို့တွင် ဗမာ စကားမပြောတတ်သည့်ကမ္ဘောဒီ ယားအလုပ်သမားအချို့(တောင်ကြီး ရှမ်းအမျိုးသမီး အယောင်ဆောင်၍)   နှင့် ဘင်္ဂါလီအမြောက်အမြားတို့ အား ယာယီနိုင်ငံကူးလက်မှတ်လုပ်ေ ပးနေ ပုံများကို ဓါတ်ပုံနှင့်VDO များရိုက်ကူး၍ အမျိုးသားရေး တက်ကြွလှုပ်ရှား သူများက နေပြည်တော်အစိုးရထံသို့ပေး ပို့ခဲ့ကြသော် လည်း တာဝန်ရှိသူများ အား တစ်စုံတစ်ခု အရေးယူ စစ်ဆေးခြင်း မကြားခဲ့ရကြောင်း အထောက် အထားများပေးပို့ခဲ့ကြသည့်မဟာချိုင်လူငယ်များကပြောသည်။
            ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတွေ လွယ်လွယ်ကူကူလုပ်နိုင် မယ့်နည်းလမ်း ကိုရှာသင့်ပါတယ်။ ဒီမှာသာမန်နိုင်ငံကူး ပတ်စပို့လုပ်ပေးရင် တရုတ်မယားအဖြစ် ရောင်းစားခံကြရဖို့အတွက် လုပ်ပေးသလိုဖြစ်နေမလား၊မဖြစ်ခင်စဉ်းစားစေချင်တယ်။ ထိုင်းကိုရောက်နေတဲ့အလုပ်သမားတစ်ယောက် မြန်မာနိုင်ငံသားဖြစ်တယ် ဆိုတဲ့ ယုံကြည်တာနဲ့ အလုပ်သမားကိုင်တဲ့စာအုပ် ထုတ်ပေးတာ ဘာအခက်အခဲရှိမလဲ။ လ၀က တွေမှာ ခွဲခြားနည်းရှိပါတယ်။ ခက်တာက  လ၀က အလုပ်ကို လ၀က မလုပ် ရ၊ ပတ်စပို့ကို နိုင်ငံကူးလက် မှတ်ထုတ်ပေးရေးအဖွဲ့က မဆုံးဖြတ်ရ၊ သတင်းတပ်ဖွဲ့ ဆိုတာ လည်းပါလာသေး တယ် ကိုယ့်အလုပ်ကို ကိုယ် လုပ်ခွင့်မရှိပဲ  ရှုပ်ထွေးတဲ့ စီမံခန့်ခွဲမှုတွေနဲ့လည်း ဆိုင်တယ်ဗျ” ဟုပြောသည်။
၂၀၁၂ ခုနှစ် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခဲ့စဉ် ကာလက မြန်မာ စစ်ဗိုလ်မှူးး   ဟောင်းတစ်ဦးသည် အလုပ်သမားများ၏  အချက်အလက် များအား  ကွန်ပျူ တာစကင် ဖတ်ခ ဟုဆိုကာ အလုပ်သမား တစ်ဦးစီ ကျပ်ငွေ တစ်ထောင်စီေ ကာက် ခံမည်ဟု အလုပ်သမားဝန်ကြီးဌာနနှင့်သတ်မှတ်ခဲ့သော်လည်း  ပတ်စပို့ထုတ်ပေးသည့် စင်တာများတွင် ဘတ်ငွေ၂၀၀ (ကျပ်ငွေ၆,၀၀၀) အထိ ကောက်ယူသွားခဲ့သည်။နံပါတ် တစ်ခုတည်းဖြင့် ပတ်စပို့ ၆အုပ်ခန့် ထွက်သွားသည်များလည်းရှိခဲ့သည်။ ထို့အပြင် ပတ်စပို့ထုတ်ပေးသည့် စခန်း ကိုယ်လက်သန့်စင်ခန်း တို့တွင်  မြန်မာသံမှူး တံဆိပ် တုံးနှင့် ထိုင်းအလုပ်သမား ၀န်ကြီးဌာန တံဆိပ်တုံးများအား ပတ်စပို့ပွဲစားများပေါ်ပေါ် တင်တင် ထုနေေ ကြာင်း သိရှိခဲ့ရသည်။ 
           ထိုကာလ က အလုပ်သမားပတ်စပို့လုပ်ခွင့်စာ ရွက်ရရှိရေးအ တွက်အလုပ် သမား တစ်ဦးစီအတွက် ဘတ်ငွေ ၁,၃၀၀ အထိ  မြန်မာသံရုံးနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာတို့အတွက်ပေးသွင်းခဲ့ရကြောင်းကုမ္ပဏီများကပြော သည်။ ။ ၂၀၁၃ ခုနှစ်လယ်ခန့်က မြန်မာ သံရုံးအနီး မြေကွက်လပ်တွင် သံရုံးနှင့်  နီးစပ် သူတစ်ဦးက ပတ်စပို့ သက်တမ်း တိုးရေးအတွက် စခန်းတစ်ခု ဖန်တီးခဲ့ရာ မအောင်မြင်ခဲ့ကြောင်း အေဂျင်စီ ဒါရိုက်တာ တစ်ဦးကပြောသည်။
 

    ထိုင်းမြန်မာပတ်စပို့ကုမ္ပဏီ ဒါရိုက်တာ တစ်ဦး က“မြန်မာနိုင်ငံသားမှန်ကန်ကြောင်း စီစစ်မယ်ဆိုရင် ကော့သောင်း၊ မြ၀တီနဲ့ တာချီလိတ်မှာဖွင့်သင့် တယ်။ မြန်မာနိုင်ငံ သားစစ်စစ်မဟုတ်တဲ့သူတွေ  မြန်မာဘက်ကို မလာရဲပါဘူး။ထိုင်းဘက်မှာလုပ်ရတော့ ကိုယ့်အချုပ်အခြာအာဏာကို ထိုင်းကို အပ်ထား သလိုဖြစ်နေတယ်။ တစ်နေ့က အလုပ်သမားဒုဝန်ကြီး သံရုံးထဲမှာ အစည်းဝေး လုပ်တယ်၊ အလုပ်သမားအရေးလုပ် တဲ့အဖွဲ့ဘယ်နှစ်ဖွဲ့ပါသလဲ။ ဘဏ်ကိုယ်စား လှယ်၊ အေဂျင်စီများအဖွဲ့ချုပ် ကလူတွေ ၊ အေဂျင်စီတွေနဲ့ ပွဲစားတွေပဲ ဓါတ်ပုံတွေ ကိုကြည့်လေ။ 
 
လူကြီးဆိုသူတွေစဉ်းစားကြ  စေချင်တယ်ဗျာ” ဟု ၎င်း၏ အတွေ့ အကြုံများဖြင့်ယှဉ်၍ ပြောဆိုသွားသည်။
       သန်းချီရှိသည့် ရွှေ့ပြောင်းအလုပ်သမားများမှာတစ်နေ့တခြားသက်တမ်းကုန်နေကြ သဖြင့်လွယ်ကူ ချောမွေ့မြန်ဆန် သက်သာသည့်နည်းလမ်းများပေါ် လာမည်လားဟု   မျှော်လင့်နေကြကြောင်းသိရှိရသည်။

http://www.goldenworkers.asia


မျိုးစောင့်ဥပဒေ ပြဌာန်းရေး ရဟန်းသံဃာနဲ့ သက်ဆိုင်သလား???

 
အမျိုးသားရေးဝါဒ နဲ့ ဗုဒ္ဓ၀ါဒဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။

ဥပမာ - ဂေါတမဗုဒ္ဓ နဲ့ ရှင်ဒေ၀ဒတ္တ တို့ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ဝမ်းကွဲ ညီအကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်က အဂ္ဂသာဝကနှစ်ပါးကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ်ကို မရွေးချယ်ဘဲ ဗြဟ္မဏအနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် တို့ကို သာ
ရွေးချယ်ခဲ့ပါတယ်။

မြတ်စွာဘုရားရှင်ဟာ အမျိုးအနွယ်ကို မကြည့်ပါဘူး။ သီလ သမာဓိ ပညာ ဆိုတဲ့ အရည်အချင်းကိုသာ ကြည့်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်မှာ အမျိုးမာန် အမျိုးစွဲ ထားဖို့ ဟောခဲ့တဲ့ တရား မပါဝင်ပါဘူး။

ရုပ်နာမ် ပရမတ်ကို ထွင်းဖေါက်မြင်တော်မူတဲ့ ဘုရားရှင်အနေဖြင့် အဝိဇ္ဇာဖုံးတဲ့ ပုဂ္ဂိုလ် သတ္တဝါ ပညတ် အမြင် အပေါ် အခြေခံတဲ့ လူမျိုးစွဲ ဘာသာစွဲကို ဟောရန် အကြောင်းမရှိပါဘူး။

အစွဲဆိုတာ တဏှာလောဘပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်ဟာ တဏှာကင်းရာ ကုန်ရာကို ကျင့်ဖို့
ဟောတော် မူခဲ့တဲ့ တရားတော်သာ ဖြစ်ပါတယ်။

တဏှာပွားကြောင်းကို ဖြစ်စေမယ့် မည်သည့်အစွဲကိုမျှ မြတ်စွာဘုရား အားပေးမှာ မဟုတ်ပါဘူး။ မြတ်စွာ ဘုရား က သူ့ရဲ့ သာကီဝင် မင်းမျိုးအတွက်ကိုသာ ရည်ရွယ်ပြီး တရားဟောခဲ့တာလည်း မဟုတ်ပါဘူး။

မြတ်စွာဘုရားက (၃၁) ဘုံမှာ ရှိကြတဲ့ သတ္တဝါအားလုံးအတွက် တရားဟောခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ၀ါဒ က လူမျိုးတမျိုးတည်း၊ ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတခုတည်းနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဗုဒ္ဓဝါဒက သတ္တဝါအားလုံးနဲ့ သက်ဆိုင်တဲ့ ဝါဒပါ။

အမျိုးသားရေးဝါဒကတော့ လူမျိုးတမျိုးနဲ့သာ သက်ဆိုင်ပါတယ်။ ဗုဒ္ဓ၀ါဒ နဲ့ အမျိုးသားရေးဝါဒကို မရောထွေး သင့်ပါဘူး။

အမျိုးသားရေးဝါဒ စွဲကိုင်ခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော် ဟုတ်သလား မဟုတ်ဘူးလား ဆိုတာကို ခုဒ္ဒကနိကာယ်လာ ဝသလသုတ္တန်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပါတယ်။

ဝသလသုတ္တန်ကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ် မြို့ထဲသို့ ဆွမ်းခံ ကြွလာတော်မူတဲ့ ဘုရားရှင်ကို အမျိုးဇာတ်ကြောင့် မာန်မာန ထောင်လွှားနေတဲ့ အဂ္ဂိကဘာရဒွါဇ
ဗြဟ္မဏရဲ့ ရဟန်းယုတ် ဦးပြည်းယုတ် သူယုတ်မာ စသည်ဖြင့် ရိုင်းစိုင်း ကြမ်းတမ်းစွာ ခေါ်ဝေါ် ပြောဆိုမှုကို အကြောင်းပြုပြီး ဟောတော်မူခဲ့ပါတယ်။

သာဝတ္ထိပြည် တည်ရှိရာ အိန္ဒိယနိုင်ငံဟာ ရှေးယခင်မှ စပြီး ယနေ့တိုင်အောင် ဇာတ်ခွဲခြားမှုစနစ် အား
ကောင်းပြီး အမျိုးသားရေးဝါဒ အလွန် ပြင်းထန်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဝသလသုတ္တန်မှ အောက်ပါ ဂါထာ နှစ်ဂါထာကို ထုတ်နှုတ် ဖေါ်ပြလိုပါတယ်။

ကောဓနော ဥပနာဘိ စ၊ ပါပမက္ခီ စ ယော နရော ဝိပန္နဒိဋ္ဌိ မာယာဝီ၊ တံ ဇညာ ဝသလော ဣတိ “အကြင်သူသည် အမျက် ထွက်လေ့ ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက် တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့် ပတ် တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏” န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြဟ္မဏော ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ
ဗြဟ္မဏော “အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့်သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏”

ဒေသနာအဆုံးမှာ အဂ္ဂိကဘာရဒွါဇဗြဟ္မဏဟာ မြတ်စွာဘုရားကို လေးစားကြည်ညိတဲ့ ဥပါသကာ ဒါယကာတယောက် ဖြစ်သွားခဲ့ပါတယ်။

ဗုဒ္ဓအဆုံးအမကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်တဲ့ ဘုရားသားတော်ဆိုပါက ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒကို လက်ခံကျင့်သုံးရန် သင့် မသင့် လေးနက်စွာ ပြန်လည် ဆင်ခြင် စဉ်းစားသင့်ပါ တယ်။

ပြင်းထန်တဲ့ လူမျိုး ဘာသာ အယူဝါဒမှ တဖက်စွန်း အမျိုးသားရေးဝါဒကို ဦးတည်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။ အန္တရာယ်ရဲ့ ခါးသီးတဲ့ အရသာကို မကြာလှသေးတဲ့ ကာလတွေမှာ အပြစ်မဲ့ မြန်မာပြည်သူတွေ ခံစားခဲ့ရပြီးပါပြီ။

ပြင်းထန်တဲ့ လူမျိုး ဘာသာဝါဒဟာ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုး ဖြစ်စေသလား။ ဆိုးကျိုး ဖြစ်စေ သလား ဆိုတာ ကမ္ဘာ့သမိုင်းမှာလည်း သက်သေ ပြခဲ့ပြီးပါပြီ။

ယခုလည်း ဆီးရီးယား အီရတ် နိုက်ဂျီးရီးယား စတဲ့ နိုင်ငံတွေမှာ အပြစ်မဲ့ သာမာန်ပြည်သူတွေဟာ ပြင်းထန် တဲ့ လူမျိုး ဘာသာ အယူဝါဒရဲ့ သားကောင်ဘဝကို ကျရောက်နေကြရတဲ့ သတင်းတွေကို နေ့စဉ်လိုလို
တွေ့မြင်ကြားသိနေရပါတယ်။

မြတ်စွာဘုရားရဲ့ သန့်စင်မွန်မြတ်တဲ့ တရားတော်ကို လူမျိုးစွဲ ဘာသာစွဲ ဆိုတဲ့ တဏှာအစွဲနဲ့ အရောင် ဆိုးတဲ့ လုပ်ရပ်မှန်သမျှဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့
ဗြဟ္မဇိုရ်တရားရဲ့ ပြယုဂ်ဖြစ်တဲ့ မွန်မြတ်သန့်စင်တဲ့ ဗုဒ္ဓသာသနာထွန်းကားရာ နိုင်ငံတနိုင်ငံဖြစ်ပါလျှက်နဲ့ မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံ၊ ကမ္ဘာမှာ အဆင်းရဲဆုံး အမွဲတေဆုံး နိုင်ငံ ဖြစ်နေရခြင်းရဲ့ အဓိက တရားခံဟာ အာဏာရှင်တို့ရဲ့ အာဏာအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာဥပါဒါန် အစွဲကြောင့်ပဲ ဖြစ်ပါတယ်။

အာဏာကို မစွန့်နိုင် ဖြစ်နေကြတဲ့ စစ်အာဏာရှင် မျိုးဆက် ဗိုလ်ချုပ်ကြီးတွေကို အာဏာအပေါ် တပ်မက်
မော တဲ့ တဏှာကို စွန့်ဖို့ ဟောပြော ပြသ ဆိုဆုံးမခြင်းသည်သာလျှင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများရဲ့ တာဝန် ဖြစ်ပါတယ်။

ထိုတာဝန်ကို ထမ်းဆောင်ခြင်းဟာ လက်ရှိ မြန်မာ့နိုင်ငံ အရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးအကြီးဆုံး လည်း ဖြစ်ပါတယ်။

ယနေ့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ရည်ရွယ်ပြီး ပြဌာန်းဖို့ ကြိုးစားနေကြတဲ့ မျိုးစောင့်ဥပဒေ ဆိုတာ သူတို့အတွက် လို မလို၊ အဓိက ကျ မကျ ဆိုတာ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်မယ် ထင်ပါတယ်။

ခေတ်ပညာတတ် ဘွဲ့ရတွေတောင် ပါဝင်တဲ့ မြန်မာအမျိုးသမီးငယ်များဟာ ဘာ့ကြောင့် ဟောင်ကောင်ကို သွားပြီး အိမ်ဖေါ်လုပ်နေကြရပါသလဲ။

မြန်မာအမျိုးသမီးငယ် အများစု ကြုံတွေ့နေရတဲ့ အဓိက ပြဿနာက ဘာလဲ ဆိုတာ အရိပ်အမြွက်မျှ သိချင် ရင် အထည်ချုပ်စက်ရုံ တရုံလောက်ကိုပဲ သွားကြည့်လိုက်ရင် အဖြေပေါ်မယ် ထင်ပါတယ်။

သူတို့အတွက် မျိုးစောင့်ဥပဒေ လို မလို ဆိုတာ သူတို့အနေနဲ့ စဉ်းစားဖို့ အချိန်ရကြမယ် မထင်ပါဘူး။

မြန်မာနိုင်ငံမှာ ပရိယတ်နဲ့ ပဋိပတ်အလုပ်ကိုသာ အားထုတ်နေတော်မူကြတဲ့ ဆရာတော် သံဃာတော် များစွာ ရှိကြပါတယ်။

ထိုဆရာတော် သံဃာတော်များဟာ ရဟန်းသဃာများနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မျိုးစောင့်ဥပဒေ ဆိုတာကို မကြိုက်ပေမယ့် ရှုတ်ရှုတ်ရှက်ရှက် ကိစ္စတွေမှာ ဝင်မပါချင်ဘဲ ကင်းကင်းရှင်းရှင်း နေတော်မူ လိုတာကြောင့် ဒီကိစ္စအပေါ်မှာ တခွန်းတပါဒမျှ မိန့်ကြားမှု မပြုကြတာပါ။

မျိုးစောင့်ဥပဒေအတွက် သဲသဲမဲမဲ ကြိုးပမ်းနေကြတဲ့ ရဟန်းသံဃာ တချို့ကို မြင်ရတော့ နူရာဝဲစွဲ လဲရာ သူခိုးထောင်း ဆိုသလို မငြိမ်းချမ်းနိုင်တဲ့ နိုင်ငံကို ပိုပြီး မငြိမ်းချမ်းအောင်၊ ဆင်းရဲတွင်း နက်ပြီးသား နိုင်ငံကို ဆင်းရဲတွင်း နက်သထက် နက်အောင် တွန်းပို့နေသလိုပါပဲ။

မျိုးစောင့်ဥပဒေဆိုတာ ထိုင်ခုံမြဲရေး ပဓာနတရား လက်ကိုင်ထားကြတဲ့ စစ်အာဏာရှင် မျိုးဆက်အတွက်
တော့ အကြိုက်တွေ့မယ့် ဥပဒေဖြစ်မှာ သေချာပါတယ်။

အရှင်စန္ဒိမာ (မွန်စိန်တောရ)


မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ နှစ်သန်းကျော်ရှိ


 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေးခဲ့သည့် မိုဘိုင်းတယ်လီဖုန်းပေါင်း ရှစ်သန်းကျော်တွင် ဖုန်းအင်တာနက်လျှောက်ထား အသုံးပြုသူမှာ ၂ ဒသမ ၄ သန်းခန့် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိုဘိုင်းတယ်လီဖုန်းများ ရောင်းချရာတွင် ယခုလက်ရှိ ရောင်းချနေသော တန်ဖိုးနည်းမိုဘိုင်းဖုန်း ၄ ဒသမ ၂၅ သန်းနှင့် ယခင်က ရောင်းချခဲ့သည့် မိုဘိုင်းဖုန်းများအပါအ၀င် တယ်လီဖုန်းလိုင်းပေါင်း ၈ ဒသမ ၀၅ သန်းရောင်းချပေးပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဧပြီလ၌ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်တာနက်လျှောက်ထားသုံးစွဲ သူပေါင်း နှစ်သန်းခြောက်သိန်းခန့်ရှိနေပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူဦးရေမှာ နှစ်သန်းလေးသိန်း (၂ ဒသမ ၄ သန်း) ခန့်ရှိနေ ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရသည်။

မိုဘိုင်းဖြင့် အင်တာနက်လျှောက်ထားသုံးစွဲသူ နှစ်သန်းလေးသိန်းတွင် ဂျီအက်စ်အမ်ဖုန်းသုံးစွဲသူမှာ ၁၇ သိန်း ၇ သောင်းခန့်ဖြင့် အများဆုံးဖြစ်ပြီး WCDMA မိုဘိုင်းဖုန်း သုံးစွဲသူမှာ သုံးသိန်းခန့်သာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ သတင်းရရှိသည်။

ယခင်ကသာ အင်တာနက်လျှောက်ထားနိုင်ပြီး လက်ရှိအင်တာနက်လိုင်း သတ်မှတ်အရေအတွက် ပြည့် သွားခြင်းကြောင့် ထပ်မံလျှောက်ထားခွင့်မရသည့် CDMA မိုဘိုင်းဖုန်းများ အင်တာနက်အသုံးပြုသူမှာ တစ်သိန်းခန့်သာရှိကြောင်း သိရသည်။

သို့သော် ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေသည့် CDMA 800 MHz မိုဘိုင်းဖုန်းများမှာ အင်တာနက်လျှောက် ထားနိုင်ပြီး ရောင်းချပေးခဲ့သည့် မိုဘိုင်းဖုန်းလိုင်း တစ်သန်းကျော်တွင် အင်တာနက်လျှောက်ထားအသုံးပြုသူ သုံးသိန်းခန့်ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ သိရသည်။

လက်ရှိတွင် အင်တာနက်လျှောက်ထားရာ၌ GSM နှင့် WCDMA ဖုန်းများမှာ နံပါတ် 1331 သို့ မက်ဆေ့ခ်ျပို့ ၍ လျှောက်ထားနိုင်ပြီး MECTel CDMA 800 MHz ဖုန်းများမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဖွင့်လှစ် ထားသည့် Mobile Care center တွင် One-Stop Service ဖြင့် လျှောက်ထားနိုင်ပြီဖြစ်သည်။

7Day Daily


၂၀၀၈ဖွဲ့စည်းပုံတွင် “တိုင်းပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံးအလို စီမံချက်ကြီး”များဖြင့် အာဏာပြန်လည် သိမ်းယူနိုင်သည်အထိ ဖန်တီးထားသည်ကို တွေ့ရ

 
၂၀၀၈ဖွဲ့စည်းပုံတွင် “တိုင်းပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံးအလို စီမံချက်ကြီး”များဖြင့် အာဏာပြန်လည် သိမ်းယူနိုင်သည်အထိ ဖန်တီးထားသည်ကို တွေ့ရသည် . . .

၅၉ (စ) မပြင်ဆင်ရေးလာပြီ

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ် ရေးအတွက် ကြိုတင်ဖန်တီးရေးဆွဲခဲ့သည် ဟု နိုင်ငံရေးရပ်ဝန်းမှ ဝေဖန် လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) ပြင် ဆင်ရေး၊ မပြင်ဆင်ရေး ဒွိဟပွားနေမှုအပေါ် ရှင်းလင်း ပြတ် သားသော သဘောထားတစ် ရပ်အား ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူအများ အမြင်ရှင်းသွားစေရန် လှုပ်ရှားမှု တစ်ခု ကို ၂၀၁၄ မေလ ၃ ရက်နေ့က ပြုလုပ်ခဲ့ သည်။ လေးမျက်နှာမြို့နယ်တွင် မေလ ၂ရက်က NLD ပါတီမှ ဦး ဆောင်၍ ၅၉(စ) အပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ပြီး နောက်တစ်ရက် မေလ ၃ ရက် တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ၅၉ (စ) မပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ ဤမတိုင်မီ ၅၉ (စ) မပြင်ဆင်ရေး ဟောပြောပွဲ၊ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ဖူးသော် လည်း ပြည်ခိုင်ဖြိုးပါတီ ၏ ခေါင်း စဉ်အောက်တွင်တော့ မဟုတ်ခဲ့ချေ။ မေ လ ၃ ရက် ၅၉ (စ) မပြင်ဆင်ရေးဆန္ဒ ထုတ်ဖော်ပွဲကား ပြည်ခိုင်ဖြိုးပါတီမှ ပထမ ဆုံးအကြိမ် ဦးစီးပြုလုပ်ခြင်း လည်း ဖြစ်သည်။… ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ် မည်ကို မလိုလားသော ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအား တိုင်းသိပြည်သိကြေ ညာလိုက်ခြင်းလည်း မည်၏။ လက်ရှိ အစိုးရ၏ ဆင်ခြေပေးနေကျ မူအတိုင်း ““အောက်ကလုပ်တာ အပေါ်ကမသိလိုက်ဘူး””ဟုဆိုလျှင် မူကား ပြည်ခိုင်ဖြိုးပါတီ အောက်ခြေပိုင်းသည် ဗဟိုကော်မတီအား မထီမဲ့မြင်၊ လျစ်လျူရှုကာ ကိုယ့်သဘော နှင့် ကိုယ်လုပ်ခွင့် ရှိသည့်သဘော သက်ရောက်နေသည်မှာ ဧကန်ဟုသာဆိုရမည်။ သို့သော် အထက်- အောက် စီးဆင်းပုံ ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင် ဖြိုးပါတီ၏ ဖွဲ့စည်းပုံရှုထောင့်မှကြည့်လျှင် နာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၏ သဘောထားဟုသာ ယူဆရပါလိမ့်မည်။ ပြည်ခိုင်ဖြိုးကား ၅၉ (စ)အား ပြင်ဆင်ရန် အလိုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မပေးနိုင်ဟု တစ်နိုင်ငံလုံး အား တိုင်းသိပြည်သိ ပထမဆုံး ကြေညာ လိုက်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မကြာမီကာလများတွင် ၅၉ (စ) မပြင် ဆင်ရေး အတွက် ပြည်ခိုင်ဖြိုးဘက် တော်သားများက ဆန္ဒထုတ်ဖော်ပွဲများ ထပ်မံပြုလုပ်လာနိုင်ဖွယ်ရှိ၍ ဖြစ်သည်။

တိုက်ဆိုင်စွာပင် ဧပြီ ၂၀ ရက်၌ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပြီး လူထုဟောပြောပွဲများ၊ ဆန္ဒထုတ်ဖော်ပွဲများ၊ လက်မှတ်ရေးထိုးလှုပ်ရှား မှုများဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှု များအား အရှိန်မြှင့်တင်ရန်ဆုံးဖြတ်၍ ပထမ ဆုံးအကြိမ်အဖြစ် NLD နှင့် ၈၈ တို့ ပူးပေါင်း ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြသည်။

မေလ ၃ ရက် ပြည်ခိုင်ဖြိုး၏ ၅၉ (စ) မပြင်ဆင်ရေးလှုပ်ရှားမှုသည် NLD ၏ ၅၉ (စ) ပြင်ဆင်ရေး လှုပ်ရှားမှု များအား တန်ပြန် အဟန့်သဘောဆောင်နေသည် ဟု နိုင်ငံရေးရပ်ဝန်းက ဝေဖန်သုံးသပ်ခဲ့ကြ သည်။ လွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်း ထားသည်မှာ နှစ်ဝက် ခန့်ရှိ နေပြီဖြစ် သော်လည်း ပြည်ခိုင်ဖြိုးပါတီဝင်အများစုပါဝင်သော ကော်မတီမှ မည်သည့် အချက်များပြင်ဆင် မည်၊ မည်သည့် အချက်များမပြင်ဆင်ဟူ၍ တိတိကျကျထုတ်ပြန်ကြေညာခြင်းမရှိဘဲ ကော်မတီတွင်းဆွေးနွေးမှုများအား လျှို့ ၀ှက်ထားရမည်ဟူ၍ သတင်းမီဒီယာတစ်ခု ၏ဖော်ပြချက်အရ သိရသည်။ အခြေခံ ဥပဒေပြင်ဆင်ရေး ကော်မတီ သည် ပြည်တွင်း၊ ပြည်ပတွင် မျက်နှာပန်းလှရုံသက် သက်ဖွဲ့စည်းထားသောကော်မတီဟု ဆိုရ မလိုပင် လက်ရှိ ကာလအထိ ထိရောက် သော သက်ဝင်လှုပ်ရှားမှုမျိုးကား မမြင် တွေ့ရသေးချေ။ အတိတ်မေ့ သလိုလို၊ ရွှေ ပျောက်သလိုလို လုပ်နေသည်ဟုပင် နိုင်ငံရေးသုတေသီတစ်ဦးက ဆိုခဲ့သည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြည် သူတွေ ပြင်ချင်သော ဆန်္ဒရှိလျှင် ပြင်ဆင် သင့်ကြောင်း အာဏာရပြည် ခိုင်ဖြိုးပါတီ၏ အကြီးအကဲက ဆိုခဲ့လေသနည်း။ ပြည် ထောင်စုလွှတ်တော်နာယကကြီးကလည်း လွှတ်တော်ထဲ တွင် ဖွဲ့စည်းပုံပြင်ဆင်လိုသူ ကိုယ်စားလှယ်တွေက အများစုဖြစ်ပါသည် ဟု ဆိုခဲ့လေသနည်း။ အများစုဆို သည်မှာ လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များဖြစ် ၍ ပြည်ခိုင်ဖြိုးမှဦးဆောင်၍ ဖွဲ့စည်းပုံမပြင် ရေး ၅၉(စ)အား ဆန်္ဒထုတ်ဖော်ပွဲများလုပ် နေသည်ဆိုလျှင် ပြည်ခိုင်ဖြိုးမှမည်သည့် အချက်များ မပြင်ချင်သည်ကို ခန့်မှန်း၍ပင် ရနိုင်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆လ အလိုတွင် ဖွဲ့စည်းပုံမှ ပြင်ဆင်သင့်သည်များ ပြင်ရမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက၏ ပြောကြားထားချက်အရဆိုလျှင် ၅၉(စ)ကိုတော့ ပြင်ဆင်မပေးချင်သည့် သဘောရှိ သည်ဟု ကောက်ချက်ချနိုင် သည်။ ထို့ပြင် မကြာမီကာလက ပြောကြား သွားခဲ့သော သမ္မတ မိန့်ခွန်းနှင့် ကာချုပ် မိန့်ခွန်းတို့ကိုထောက်ရှုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သော့ခလောက်သဖွယ် ဖြစ်သော ပုဒ်မ ၄၃၆ အားလည်း ပြင်ဆင် မပေးနိုင်ဟု ယူဆ၍ရသည်။ ပုဒ်မ ၄၃၆ မပြင်လျှင် (သို့) စတိသဘော စကား ရပ် အနည်းငယ်သာပြောင်းလဲပြင်ဆင်၍ ပုဒ်မ ၄၃၆ အား သော့ခလောက်အဖြစ် ဆက် လက်ထား ရှိမည်ဆို လျှင် ဖွဲ့စည်းပုံ ပြင် ဆင်ရေးမှာ ဟန်ပြသဘောသာ ဖြစ်နေ ပေလိမ့်မည်။

မေလ ၃ရက် လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်သော ဆန္ဒထုတ်ဖော်ပွဲတွင် အချက်သုံးချက် အား တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သည်။ (၁) ၅၉(စ) မပြင်ဆင်ရေး၊ (၂) အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေး၊ (၃) တည်ငြိမ် အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက် များအား ဆိုင်းဘုတ်များကိုင်ကာ တောင်း ဆိုဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး

အာဏာရှင်အစိုးရအဆက်ဆက် သည် သံဃာတော်များ နိုင်ငံရေးကင်းရှင်း ရမည်ဟု အကြိမ်ကြိမ်ဆိုခဲ့သည်။ ထိုသို့ ဆိုလျှင် နိုင်ငံရေးနယ်ပယ်တွင်လည်း ဘာသာရေးအား ခုတုံးလုပ်အမြတ်ထုတ်၍ နိုင်ငံရေးကစားကွက် အသာမယူသင့်ဟု ယူဆမိပါသည်။ ဘာသာတရားကိုင်းရှိုင်း သော ဗုဒ္ဓဘာသာ မြန်မာလူမျိုးအများစု အတွက် ““အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး””ဟူသောစကားရပ်သည် သည်း ခြေကြိုက်စကားရပ်ဖြစ်သည်။ ၅၉(စ)ပုဒ်မ သည် နိုင်ငံရေးနယ်ပယ်မှဖြစ်သည်။ ပြည် ခိုင်ဖြိုးပါတီဝင်ပြောဆိုသော ““အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး””သည် ၅၉(စ) ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဆိုသည်မှာ နိုင်ငံရေးနှင့် ဘာသာရေးအား ရော ထွေး တွဲစပ်ဖန်တီးယူခြင်းပင်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကမ္ဘာသိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော ဘာသာရေးဆန်သည့် လူမျိုးရေး ပဋိပက္ခ များ၊ အမျိုးသားရေး အစွန်းရောက် ပြဿနာများတွင် မီဒီယာများ၏အမြင်မှန်ကန်မှု၊ ဘက် နှစ်ဖက်မျှတမှုဖြင့် ဖော်ပြနိုင်စွမ်းရှိမှုသည် ကမ္ဘာ့အလယ်တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာ မကျဆင်းစေရေးအတွက် လွန်စွာ အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ မီဒီယာကျင့်ဝတ်နှင့်အညီ ဘက်နှစ် ဖက် မျှတအောင် အမုန်းခံရမည်ကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ တင်ပြနိုင်စွမ်းသည် လွန်စွာအရေးကြီးလေသည်။ လက်ရှိကာလ အထိ မငြိမ်းနိုင် သေး သော ပဋိပက္ခများသည် နိုင်ငံရေးပယောဂကြောင့်လား၊ လူထု၏ အသိရေချိန် မရင့်ကျက်မှုကြောင့်လား ဆို သည်ကို ပညာရှင်များ၊ တာဝန်ရှိသူများ ၀ိုင်းဝန်းအဖြေရှာသင့်ပေသည်။

ကွယ်လွန်လေပြီးသော သတင်းစာ ဆရာကြီး ဦးဝင်းတင်ကတော့ နိုင်ငံရေး ပယောဂမဟုတ်ရင်တောင် ပယော ဂတော့ ပယောဂပဲဟု ကောက်ချက်ချခဲ့ဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲကြီး နီးကပ် လာသည်နှင့်အမျှ အမုန်းတရား ဖြန့်ဖြူး ရေးအေဂျင်စီများ အလျှိုလျှို ပေါ် ပါက်လာ နိုင်ပြီး နိုင်ငံရေးအာရုံလွှဲခြင်း (Political masturbation) များ ဖြစ်ပေါ်နိုင်သည်ကို ပြည်သူတစ်ရပ်လုံး အထူးဂရုပြုစောင့်ကြည့် ရန် လိုပေလိမ့်မည်။

တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး

န၀တ၊ နအဖလက်ထက်က ဆောင် ပုဒ်နှင့် အသွင်တူ စကားရပ်ပင်ဖြစ်သည်။ ယခင်စစ်အာဏာရှင်ခေတ်တွင် နိုင်ငံရေး လှုပ်ရှားမှုတိုင်းအား အမျိုးသားလုံခြုံရေး ရှုထောင့်တစ်ခုတည်းမှသာ ရှုမြင်၍ နိုင်ငံ ရေးဆိုသည်မှာ နှိမ်နင်းရန်သာဖြစ်ပြီး ထို နှိမ်နင်းမှုအတွက်လည်း တရားမျှတသည် ဟု စစ်အာဏာရှင်များ ခံယူခဲ့ကြသည်။ လက်ရှိ ဒီမိုကရေစီအကူးအပြောင်းကာလ တွင် လူပုဂိ္ဂုလ်အခြေပြု အာဏာချုပ်ကိုင် ခြင်းမရှိတော့သော်လည်း ၂၀၀၈ အခြေခံ ဥပဒေဖြင့် အာဏာအား ထိန်းချုပ်ထားသော အခင်းအကျင်းအား ဖန်တီးထားခဲ့သည်။

၂၀၀၈ အခြေခံဥပဒေတွင် အာဏာ မပြိုလဲအောင် ခံတပ်အဆင့်ဆင့်ဖြင့် သေ ချာစွာ စနစ်တကျ စီမံထား သည်ကို လည်း တွေ့ရသည်။ ၂၀၀၈ဖွဲ့စည်းပုံတွင် ““တိုင်း ပြည်ချောက်ထဲကျဖို့ရန် လက်တစ်လုံး အလို စီမံချက်ကြီး””များဖြင့် အာဏာပြန် လည်သိမ်းယူနိုင်သည်အထိ ဖန်တီးထား သည်ကို တွေ့ရသည်။

သုံးသပ်ချက်

အချုပ်အားဖြင့်ဆိုသော် ဒီဘူတာပဲ ပြန်ဆိုက်ပါတော့မည်။ အခြေခံဥပဒေ၏ အရေးကြီးပုဒ်မများပြင်ဆင်ရပါမည်။ ပြည် တွင်းငြိမ်းချမ်းရေး၊ လူမှုစီးပွားများတိုးတက် ရေး၊ တရားဥပဒေစိုးမိုးရေး အစ ရှိသဖြင့် ခေတ်နောက် ကျန်ရစ် နေသော တိုင်းပြည် အနာဂတ်အတွက် အရေးပါသောကဏ္ဍများ ပြုပြင်ပြောင်းလဲချောမွေ့ရန်မှာ ၂၀၀၈ အခြေခံဥပဒေအား အကောင်းဆုံး မွမ်းမံ ပြင်ဆင်ရပါလိမ့်မည်။ မဟုတ်သော် အရပ် သားတစ်ပိုင်း အစိုးရသည် လည်း ၂၀၀၈ အခြေခံဥပဒေဖြင့် အာဏာသိမ်းထားခြင်း ဟုသာ ယူဆရပါတော့မည်ဖြစ်ပါကြောင်း။

  လင်းထိုက် (Y.I.T)

Myanmartandawsint Newspaper
 
 

ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့် ရာထူးမှနုတ်ထွက်ခဲ့

 
၂၀၁၄ တက္ကသိုလ်ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ ချန်ပီယံ ဆုဖလားအား နေပြည်တော် ဘောလုံးအ သင်း နည်းပြချုပ်ဦးမျိုးလှိုင်ဝင်း သယ်ယူမှုအပေါ် ဝေဖန်ခဲ့မှုကြောင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာဦးဇော်မြင့်ဟာ ရာထူးမှနုတ်ထွက်ခဲ့ ရတယ်လို့ သိရပါတယ်။
"ကျွန်တော်က ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောတာပါ။ နုတ်ထွက်ခဲ့ရတာကို ၀မ်းမနည်းပါဘူး၊ တက္ကသိုလ် ဘောလုံးသမားတွေ သယ်တာပဲ ဖြစ်သင့်တယ်ထင်ပါတယ်"လို့ ဦးဇော်မြင့်ကပြောပါတယ်။

Author မြင့်ဟိန်း

ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်းဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံဆုဖလား ယူဆောင်လာစဉ်



အမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိသွားမည့် ရန်ကုန်မြို့တွင်း ဘတ်စကားလိုင်းများ


ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ (၄၈)အထူး ယာဉ်လိုင်းတွေမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ ခန့်အပ်ဖို့စီစဉ်နေပြီး လက်ရှိမှာ အမျိုးသမီး ယာဉ်နောက်လိုက်တွေ စမ်းသပ်လိုက်ပါ နေပြီလို့ သိရပါတယ်။ မကြူကြူခိုင်ဟာ ဗိုလ်တထောင်ကနေ လှော်ကားကို ပြေးဆွဲတဲ့ (၄၈)အထူးယာဉ်လိုင်းမှာ အမျိုးသမီး ယာဉ်မောင်းအဖြစ် စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မမကြူကြူခိုင်က အရင်ကဈေးရောင်းခဲ့ပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေတဲ့အတွက် ယခုလိုယာဉ်နောက် လိုက်အလုပ်ကို လုပ်ကိုင်လာတာဖြစ်ပါတယ်။

မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စကားလိုင်းတွေမှာ ခရီးသည်နဲ့စပါယ်ယာတွေကြား ဆက်ဆံရေးဟာ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလိုမျိုး အဆင်မပြေမှုတွေ ပြေလည်စေဖို့အတွက် အခုလိုမျိုး အမျိုးသမီးယာဉ်နောက်တွေထားရှိမှုကို စီစဉ်တာ ဖြစ်တယ်လို့ (၄၈)အထူးယာဉ်လိုင်းကားပိုင်ရှင် ဦးသက်တင်ဦးက ပြောပါတယ်။

အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အမျိုးသမီးတွေဟာ လူမှုဆက်ဆံရေးပိုမိုပြေပြစ်တဲ့အတွက် ခုလိုအမျိုးသမီးယာဉ်နောက်လိုက်တွေ ထားရှိခြင်းဟာ ခရီးသွားတွေအတွက်ပိုမို အဆင်ပြေနိုင်တယ်လို့ ရန်ကုန်မြို့တွင်း သွားလာသူတွေက ပြောကြပါတယ်။ ယခုလို အမျိုးသမီးယာဉ်နောက်လိုက်တွေကို စတင်ခန့်အပ်တာဟာ အဆင်ပြေမှုရှိ၊ မရှိ စမ်းသပ်နေဆဲကာလဘဲဖြစ်ပါတယ်။

ဒီစမ်းသပ်မှုဟာ အောင်မြင်ခဲ့ပါက အမျိုးသမီးယာဉ်နောက်လိုက်တွေအတွက် မ.ထ.သရုံးမှ ယာဉ်လိုက်ခွင့်လိုင်စင်တွေ ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

MRTV-4


မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြု၍ ပန်းပုထုမည်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_5067.html

မြန်မာနိုင်ငံ၏ မိုးလေဝသ ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြုသောအားဖြင့် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေတွင် ပုံတူပန်းပုရုပ် ထုလုပ်ခြင်းနှင့် ပုံတူရေးဆွဲခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက ပြောကြားသည်။

အဆိုပါ ဂုဏ်ပြု ပန်းပုထုခြင်းကို အမှတ် ၆၂ ပထမထပ် ပန်းဆိုးတန်းလမ်း ရန်ကုန်မြို့ရှိ လောကနတ် ပန်းချီပြခန်းတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည် ဖြစ်ပြီး ပန်းချီပညာရှင်များဖြစ်သူ ဦးရွှေမြင့်နှင့် ဦးသာဆန်း တို့ကလည်း ပုံတူပန်းချီ ရေးဆွဲမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ဆရာကြီးရဲ့ ပုံတူကို ဂုဏ်ပြု အမှတ်တရ အနေနဲ့ ပေးချင်လို့ပါ။ ပန်းပုကတော့ ရွှံ့နဲ့အရင်ထုပြီး မိုလောင်းမှာပါ” ဟု ဦးကျော်ကျော်မင်းက ဆိုသည်။ ယင်းသို့ ၎င်းပုံတူ ဂုဏ်ပြုပန်းပု ထုလုပ်သူများကို ရွှေ FM မှဂုဏ်ပြုချီးမြှင့် ငွေတစ်ဦးလျှင် ကျပ်ငါးသိန်း ပေးအပ်မည်ဟု ကြားသိရကြောင်း ဦးထွန်းလွင်က ပြောကြားသည်။

“အခုလို ပန်းပုထုပြီး ဂုဏ်ပြုခံရတဲ့အတွက် အံ့သြဝမ်းသာရ ပါတယ်။” ဟု ၎င်းကဆိုသည်။ ပန်းပုပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်ကျော်မင်းသည် ဗိုလ်ကလေးတင့်အောင်၊ လယ်တွင်းသား စောချစ်နှင့် ဆရာမ ဒေါ်သန်းမြင့်အောင်တို့၏ ပုံတူရုပ်တု များကိုလည်း ဂုဏ်ပြုအမှတ်တရ ထုလုပ်ပေးခဲ့ဖူးသည်။

The Voice Weekly

သီရိလင်္ကာနိုင်ငံမှာ ငါးမိုးရွာချသွားခဲ့


သီရိလင်္ကာနိုင်ငံအနောက်ပိုင်းက ဒေသခံတွေဟာ ကောင်းကင်ပေါ်က ရွာချလာတဲ့ ငါးမိုးကြောင့် အံ့သြမင်တက် ခဲ့ရပါတယ်။

ချီလောမြို့ က ရွာတစ်ရွာမှာ မုန်တိုင်းဝင်ပြီးနောက် များပြားလှတဲ့ ငါးအသေနဲ့ အရှင်တွေဟာ လမ်းတွေ၊မြက်ခင်း တွေနဲ့ အိမ်ခေါင်မိုးတွေမှာ ပြည့်နှက်သွားခဲ့ပါတယ်။ ငါးတွေ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အသံ ကျယ်တွေကို ခရိုင်တစ်လျှောက်လုံး ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီငါးတွေဟာ မုန်တိုင်းက မြစ်တစ်လျှောက် တိုက်ခတ်နေစဉ်မှာ ငါးတွေ မုန်တိုင်းနဲ့ ပါလာပြီး ကုန်းတွင်း မုန်တိုင်းဝင်ရောက် တဲ့အခါမှာ အားပျော့သွားပြီး မြေပြင်ပေါ်ကို ပြန်လည်ပြုတ်ကျလာတာဖြစ်တယ်လို့  သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

ဒါဟာ သီရိလင်္ကာမှာ ပထမဆုံး ငါးမိုးရွာတာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း သီရိလင်္ကာတောင်ပိုင်း မှာ အလားတူဖြစ်ရပ်မျိုးတစ်ကြိမ်ကြုံတွေ့ ခဲ့ရပါသေးတယ်။ အဲ့တုန်းကတော့ ပုဇွန်မျိုးရွာခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေဟာ ကောင်းကင်က ပြုတ်ကျလာတဲ့ ငါးတွေကို ချက်ပြုတ်စားသောက်ခဲ့ကြတယ်လို့ သိရပါတယ်။

trend myanmar

ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ


ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ..

အားသွင်းလို့ရတဲ့ ဘက်ထရီ အတော်များများကို ရေနဲ့ အားသွင်းလို့ ရပြီဆိုရင် သင် လက်ခံနိုင်ပါ့မလား ? ဒါဟာ တကယ့်ကို ဖြစ်နိုင်နေပါပြီ။ ဆွီဒင် အခြေစိုက် ကုမ္ပဏီတစ်ခုမှ ယခင်နှစ်ကုန်ပိုင်းတွင် အာစီလိုနားတွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်း ညီလာခံတွင် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သည်။ 
 
ယင်းအားသွင်းစက်သည် ခွက်အငယ်စားနှစ်ခု ပူးတွဲပါရှိတဲ့ ပုံစံဖြစ်ပြီး လိုရာကို အလွယ်တကူ သယ်ယူသွားနိုင်သည့် အရွယ်အစားဖြစ်ပါသည်။ ရေကို ခွက်တစ်ခုထဲတွင် ထည့်သွင်းပေးလိုက်ရုံဖြင့် Sodium Silicide နှင့် ဓာတ်ပြုကာ ဟိုက်ဒရိုဂျင်ဂက်စ် ထွက်ရှိလာပြီး အားသွင်းနိုင်မည်ဖြစ်သည်။ 
 
 
 
စားပွဲတင်ဇွန်း တစ်ဇွန်းစာ ရေဖြည့် အသုံးပြုရုံဖြင့် ဖုန်းဘက်ထရီကို ၁၀ နာရီစာ အသုံးပြုနိုင်သည့် အားဖြည့်သွင်းပေးနိုင်တယ်လို့လည်း သိရှိရပါသည်။ USB ကြိုးဖြင့် ချိတ်ဆက်အားသွင်းရသော လျှပ်စစ်ပစ္စည်းတိုင်းကို အလွယ်တကူ အားသွင်းပေးနိုင်ပါသည်။
 
 
 
 မေလ ဇွန်လလောက် ကတည်းက ဈေးကွက်အတွင်း ရောက်ရှိနေပြီး ရောင်းဈေးမှာ ဒေါ်လာ ၂၀၀ နှင့် ၂၅၀ ကြား သတ်မှတ်ထားပါသည်။ အောက်ခံခွက်ကိုတော့ ၄ ဒေါ်လာဖြင့် လဲလှယ် အသုံးပြုနိုင်ပါသည်။ ဒီ အံ့သြဖွယ်ရာ ပစ္စည်းကိုတော့ PowerTrekk လို့ နာမည်ပေးထားပါတယ်။

http://www.myanmarengineer.org