10 May 2014

မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ နှစ်သန်းကျော်ရှိ


 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချပေးခဲ့သည့် မိုဘိုင်းတယ်လီဖုန်းပေါင်း ရှစ်သန်းကျော်တွင် ဖုန်းအင်တာနက်လျှောက်ထား အသုံးပြုသူမှာ ၂ ဒသမ ၄ သန်းခန့် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

မိုဘိုင်းတယ်လီဖုန်းများ ရောင်းချရာတွင် ယခုလက်ရှိ ရောင်းချနေသော တန်ဖိုးနည်းမိုဘိုင်းဖုန်း ၄ ဒသမ ၂၅ သန်းနှင့် ယခင်က ရောင်းချခဲ့သည့် မိုဘိုင်းဖုန်းများအပါအ၀င် တယ်လီဖုန်းလိုင်းပေါင်း ၈ ဒသမ ၀၅ သန်းရောင်းချပေးပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဧပြီလ၌ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အင်တာနက်လျှောက်ထားသုံးစွဲ သူပေါင်း နှစ်သန်းခြောက်သိန်းခန့်ရှိနေပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူဦးရေမှာ နှစ်သန်းလေးသိန်း (၂ ဒသမ ၄ သန်း) ခန့်ရှိနေ ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စုံစမ်းသိရသည်။

မိုဘိုင်းဖြင့် အင်တာနက်လျှောက်ထားသုံးစွဲသူ နှစ်သန်းလေးသိန်းတွင် ဂျီအက်စ်အမ်ဖုန်းသုံးစွဲသူမှာ ၁၇ သိန်း ၇ သောင်းခန့်ဖြင့် အများဆုံးဖြစ်ပြီး WCDMA မိုဘိုင်းဖုန်း သုံးစွဲသူမှာ သုံးသိန်းခန့်သာ ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စစ်ဆေးရေးဌာနမှ သတင်းရရှိသည်။

ယခင်ကသာ အင်တာနက်လျှောက်ထားနိုင်ပြီး လက်ရှိအင်တာနက်လိုင်း သတ်မှတ်အရေအတွက် ပြည့် သွားခြင်းကြောင့် ထပ်မံလျှောက်ထားခွင့်မရသည့် CDMA မိုဘိုင်းဖုန်းများ အင်တာနက်အသုံးပြုသူမှာ တစ်သိန်းခန့်သာရှိကြောင်း သိရသည်။

သို့သော် ၁၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေသည့် CDMA 800 MHz မိုဘိုင်းဖုန်းများမှာ အင်တာနက်လျှောက် ထားနိုင်ပြီး ရောင်းချပေးခဲ့သည့် မိုဘိုင်းဖုန်းလိုင်း တစ်သန်းကျော်တွင် အင်တာနက်လျှောက်ထားအသုံးပြုသူ သုံးသိန်းခန့်ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ သိရသည်။

လက်ရှိတွင် အင်တာနက်လျှောက်ထားရာ၌ GSM နှင့် WCDMA ဖုန်းများမှာ နံပါတ် 1331 သို့ မက်ဆေ့ခ်ျပို့ ၍ လျှောက်ထားနိုင်ပြီး MECTel CDMA 800 MHz ဖုန်းများမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဖွင့်လှစ် ထားသည့် Mobile Care center တွင် One-Stop Service ဖြင့် လျှောက်ထားနိုင်ပြီဖြစ်သည်။

7Day Daily


0 comments:

Post a Comment