အမြန်လမ်းလား၊ မပြန်လမ်းလားမသိ၊ ကာတွန်းတွေက ကလိလှပြီ။
တမလွန်ကို အမြန်ရောက်တဲ့ လမ်း လား၊ အိမ်ကို ပြန်မရောက်တဲ့ လမ်းလား၊ ဘယ်သူများ ပြောပြနိုင်မှာပါလိမ့်နော်။
လက်တွေ့ဖြစ်ရပ်ကတော့ နှစ်ခုလုံးပါပဲလို့ အဖြေပေးနေပါပြီ ခင်ဗျာ။
(၁၂-၅-၁၄) က အမြန်လမ်း ၁၉၇ မိုင်မှာ ရာဇာမင်းကားဟာ တံတားပေါ်ကနေ အောက်ကို ထိုးကျခဲ့ပြန်ပါပြီ။ ခရီးသည် ၁၄ ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာ ရရှိသွားပါတယ်။ စိတ်မချမ်းမြေ့စရာ သတင်းပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမြန်လမ်း ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက အခင်းဖြစ်ပွားနေတဲ့အချိန်မှာ အမြန်လမ်းမှာ မိုးတွေ အရမ်းရွာနေတယ်။ အမြန်လမ်းမှာ မိုးအရမ်းရွာနေရင် ကားကို ရပ်ထားသင့်ပါတယ်။
ဒါပေမဲ့ အဲဒီကားက ရပ်မထားဘဲ မိုးရွာ နေတဲ့အချိန်လည်း မောင်းလို့လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ အောက် ကို ထိုးကျသွားတယ်လို့ အကြမ်း ဖျင်း ယူဆထားပါတယ်။ ယာဉ်မောင်းဖြစ်သူကို နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံမှာ ရဲတွေနဲ့ စောင့် ကြည့်ထားပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အဆိုးရွားဆုံးဖြစ်စဉ်လို့ ပြောလို့ရ ပါတယ်” လို့ ပြောပါတယ်။
ဒရိုင်ဘာကတော့ ဒီတစ်ခါ ပြေးမလွတ်တော့ဘူးပေါ့။
(ဧပြီလကုန်တုန်းက အမြန်လမ်းပေါ်က ကားမီး လောင်ပြီး လူ ၁၂ သေ ဆုံးခဲ့ရရှာတဲ့ဖြစ်စဉ်မှာ ယာဉ်မောင်းက ထွက်ပြေးသွားသတဲ့။ ခုထိ မိမမိလည်း မသိရပါဘူး) မိုးတွေ အရမ်းရွာနေတုန်း ကားကိုရပ်မထားဘဲမောင်းလို့ လမ်းချော်ပြီး ဒီလို ဖြစ်ရတယ်လို့ အကြမ်းဖျင်း ယူဆထားတယ်တဲ့။ လမ်းတွေက မြေလမ်း၊ ရွှံ့လမ်းတော့ မဟုတ်ဘူးပေါ့နော်။
ကွန်ကရစ် လမ်း ဆိုတာ ချော်မယ်ဆိုလည်း ချော်နိုင်လောက် တာပေါ့။ အမြန်လမ်းဆိုင်ရာ ကျွမ်းကျင် သူတွေ၊ အင် ဂျင်နီယာတွေ ပညာရှင်တွေကတော့ ပြောနေရေးနေကြသားပဲ။ အမြန်လမ်းရဲ့ ချို့ယွင်းချက်တွေကို ဖော် ထုတ်ပြီးတော့လေ။ ဒီရေးသားချက်တွေထဲမှာ ကွန်ကရစ်လမ်း ဖြစ်နေတာလည်း အားနည်းချက် တစ်ခုပဲ လို့ မောင်မှန် ဖတ်မှတ်ဖူးတယ်။ ဝေဖန်ထောက်ပြချက်တွေနဲ့ ပတ်သက်ပြီး အမြန်လမ်း တာဝန်ရှိသူတွေ က သူတို့ကို တိုက်ခိုက်ခဲ့တယ်။
အစိုးရကို တိုက်ခိုက်တယ်လို့ အမြဲယူဆပြီး အမြန်လမ်းပြဿနာ ပေါ်တိုင်း ယာဉ်မောင်းနဲ့ မော်တော်ယာဉ်ကိုပဲ တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်လို့တစ်ဖုံ အပြစ်ပုံချလေ့ရှိတယ်။
ခုလည်း ကြည့်လေ။ မိုးတွေ အရမ်းရွာနေတုန်း ရပ်မထားဘဲ မောင်းလို့လို့ အကြမ်းဖျင်း ယူဆပါသတဲ့။ အမြန်လမ်းမှာ မိုးတအားရွာရင် ယာဉ်ကိုရပ်ထားရမည်ဆိုတဲ့ စည်းကမ်းများ ရှိလေသလား။ ဒါ မောင်မှန် တကယ်မသိလို့ မေးတာပါ။ ရွဲ့တာစောင်းတာ သရော်တာရိတာ လုံးဝ မဟုတ်ရပါဘူး။ ဒါမှမဟုတ် ကိုယ့် အသိနဲ့ကိုယ် (လမ်းချော်နိုင်လို့) ရပ်ထားသင့်တယ်လို့ ပြောတာလား။ သိပ်တော့ မရှင်းပါဘူး။
အမြန်လမ်း လမ်းစည်းကမ်းထဲမှာ ပါပြီးသားဆိုရင်တော့ သိပ်ပြဿနာ မရှိပါဘူး။ ကားသမားတိုင်း သိပြီးဖြစ်မှာပါ။ အဲဒီလို မဟုတ်ဘဲ ကိုယ့်အသိနဲ့ကိုယ် မိုးသည်းတုန်း ရပ်ထားသင့်တယ်ဆိုရင်ဖြင့် “ကြိုဆိုပါ၏တို့ နှုတ်ခွန်းဆက် သပါ၏” တို့ဆိုတဲ့ ဆိုင်းဘုတ်တွေလို မိုးသည်လျှင် ကားရပ်ထားပါဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေ အမြန် လမ်းတစ်လျှောက် မြန်မြန်များများ စိုက်ထူထားသင့်လှပါတယ်။
မြန်မြန်လို့ သုံးနှုန်းရတာက အခု မိုးဦးကျ နေပါပြီ။ နောက်ကို တောက်လျှောက် မိုးရွာ မိုးသည်းတော့မှာပါ။ “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ထိရောက်သည်” ဆိုတဲ့ဆောင်ပုဒ်လို မောင်မှန်တို့တွေ ကြိုတင်ကာကွယ်ကြရ အောင်ပါ။
သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေလည်း ပညာပေးမှုတွေ ပြုလုပ်သင့်ပါသေးတယ်။ “မူးရင် မမောင်းနဲ့၊ မောင်းရင်း မမူးနဲ့” ဆိုသလို “သည်းရင်မမောင်းနဲ့၊ မောင်း ရင်းမသည်းနဲ့” ဆိုတဲ့ ဆောင်ပုဒ်မျိုး ကိုလည်း ရေးသား လှုံ့ဆော်ထားသင့်ပါတယ်။
တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိဘူး။ မနှစ်တုန်း ၂၀၁၃ ကလည်း ခုလို မေလထဲမှာပဲ ခရီးသည်တင် ကားတစ်စီး တံတားပေါ်က အောက်ကိုထိုးကျပြီး ခရီး သည် ၁၁ ယောက် အသက်ဆုံးရှုံးသွားခဲ့ရဖူးတယ်။ ခုလို တိုက်ဆိုင်လာတော့ စာဖတ်ပရိသတ်များလည်း ပြန်သတိရသွားကြမယ် ထင်ပါတယ်။
အဲဒီတုန်းကတော့ မိုးရွာမနေခဲ့ပါဘူး။ ယာဉ်မောင်း အိပ်ငိုက်သွားလို့ ထင်ပါရဲ့။ အဲဒီတုန်းက အကြောင်းပြ ချက်ပါ။ အဲဒီဖြစ်စဉ်ကြီးအပြီး ပြည်သူ့ဝန်ဆောင်မှု သတင်းစာကြီးတွေထဲမှာ အမြန်လမ်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ခပ်စိပ်စိပ် ပါလာတယ်။ အနှစ်သာရကတော့ အမြန်လမ်းမကြီးမှာ ဘာချို့ယွင်းချက်မှ မရှိ ကြောင်းနဲ့ ယာဉ်မောင်းတွေ ပေါ့ဆလို့ ဖြစ်ကြောင်း တွေပါပဲ။
(ပုဂ္ဂလိကဂျာနယ်တွေ၊ သတင်း စာတွေနဲ့ တော့ လုံးဝ ပြောင်းပြန်ပါ)
အဲ ..ဒါပေမဲ့ ဆောင်းပါးတစ်ပုဒ်မှာ ထူးခြားတာလေးတစ်ခု ပါလာတယ်။ သိပံ္ပနည်း မကျ ဂမ်္ဘီရ ဇာတ်လေး တစ်ခုပါ။ ဘောင်းဘီဝတ် ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက် ကားရှေ့မှာဖြတ်တာတွေ့ရင် ကွေ့ မရှောင် နဲ့ တိုက်သာချလိုက်။
အဲဒါ လူမဟုတ်ဘူး တဲ့။ ရှောင်လိုက်ရင်တော့ ကားမှောက်ပြီ သာမှတ် ဆို တဲ့သဘော ရေးထားတယ်။ ဘုရားရေ အမယ်လေး အကြောင်းရှိလို့များ အမြန်လမ်းပေါ် ခြေလျင်သွား ဖြစ်ခဲ့ကြရင် ဘောင်းဘီမ၀တ်နဲ့၊ ဦးထုပ်မဆောင်းနဲ့၊ ကိုယ်လမ်းဖြတ်ကူးတဲ့အခိုက် မတော်တဆများ ကား လာတာနဲ့ကြုံနေရင် အထက်က ဆောင်းပါးဖတ်မိထားပြီး ယုံတဲ့ကားသမားက ကိုယ့်ကို ရှောင်မှာ မဟုတ် ဘူး။ တိုက်ချပစ်လိုက်မှာ။ ရေးရင်းတောင် ကြက်သီး ထမိပါတယ်။
ဒီလို အတွေးအယူမျိုးကို နိုင်ငံပိုင် သတင်းစာတွေထဲမှာ မဖော်ပြသင့်ပါဘူး။ (ဒီလိုဆိုလိုက်လို့ ပုဂ္ဂလိက သတင်းစာတွေမှာ ဖော်ပြသင့်ပါ တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး ဖြစ်သွားပါဦးမယ်။ ပိုလေး နက်သင့်တယ်လို့ ပြောတာပါ)
ပုဂ္ဂလိက သတင်းစာကြီး တစ်စောင်ကတော့ အမြန်လမ်းပေါ်က မကျွတ်လွတ်တဲ့ ၀ိညာဉ်တွေအတွက် အကျွတ်အလွတ် အမျှအတန်းဝေ အစာကျွေးတဲ့ ပွဲတော်ကြီးအကြောင်းကို သုံးရက်လောက် ဆက်တိုက် ဖော်ပြခဲ့ပါတယ်။ အဲဒီပွဲရဲ့ အဓိက ဒါနရှင်ကလည်း ပြောပါတယ်။
သူ ဒီလမ်းမကြီးပေါ်က ဖြတ်သွားတဲ့ အခါတိုင်း ဘောင်းဘီရှည် ၀တ်ထားတဲ့လူတွေ “အဲ လူတွေတော့ မဟုတ်ဘူးခင်ဗျ။ ဘာညာကွိကွ တွေ့ တယ် တဲ့။ (ဂျပန်စစ်သားတွေလို့ ထင်ကြောင်းလည်း ပြောတယ်) ဒါကြောင့်မို့ ဒီပွဲကို လုပ်ရတာတဲ့။
အဲဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင်ဖြင့် အမြန်လမ်းမကြီးဟာ ခြေတောင် ချဝံ့စရာရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ ဒီလမ်းမကြီးဟာ ဂျပန်ဖက်စစ်တွေရဲ့ သေမင်းတမန် ရထားလမ်းလို မြန်မာ စစ်အာဏာ ရှင်တွေရဲ့ သေမင်းတမန်လမ်းကြီး ဖြစ်နေလို့ပါပဲ။ ဖက်စစ်ရထားလမ်းတွေမှာ ချွေး တပ်သားတွေ ပိုးစိုး ပက်စက်သေခဲ့သလို ဒီကားလမ်းမှာလည်း ရဲဘက်တွေ မရှုမလှ သေခဲ့ကြလို့ပါပဲ။
မောင်မှန် မိတ်ဆွေ နိုင်၊ကျဉ်းဟောင်းတွေပြောပြတဲ့ ထောင်စကား တစ်ခု ကြားဖူးတယ်။ သေချင်ရင် စိန်မစား နဲ့။ အမြန်လမ်းသာ ရဲဘက်လိုက်သွားတဲ့ အခုတော့လည်း ရဲဘက်တင်မက ခရီးသွားတွေပါ သေချင်ရင် စိန်စားဖို့ မလိုတဲ့ သ ဘော ဖြစ်နေပါပြီ။
အခုလည်း တစ်ခု ထူးခြားတာက အကျွတ်အလွတ် ပွဲလည်းပြီးရော အမြန်လမ်းရဲ့ အဆိုးရွားဆုံးဖြစ်ရပ်ကြီး တိုက်ဆိုင် ထွက်ပေါ်လာတာပါပဲ။ သက်ဆိုင်ရာ တာဝန် ရှိသူများ အမြန်လမ်းရဲ့ (သိပ်္ပံနည်းကျ) အား နည်းချက်တွေကို ရှာဖွေဖော်ထုတ် ပြုပြင်သင့်ပါပြီ။ ငြင်းခုန်နေရမယ့်အချိန် မဟုတ်ပါ ဘူး။
ခရီးသည်တွေကို အသက်အာမခံ ဆောင်ရွက် စီစဉ်ပေးနေတာကိုက ကျောချမ်းစရာကြီးပါ။
ဒီတိုင်းသာဆို အာမခံလုပ်ငန်းတွေတောင် အရှုံးပေါ်သွားနိုင်တယ်။ မောင်မှန်တော့ဖြင့် အမြန်လမ်းမှာ ကံမစမ်းချင်ပါဘူး။ စာဖတ် ပရိသတ်ကြီးရော။
Mizzima - News in Burmese
0 comments:
Post a Comment