13 May 2014

ကော်ဖီသောက်ခြင်းက မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုနိုင်

 
နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းသည် အမြင်အာရုံ ကြည်လင်ပြတ်သားမှုကို ရေရှည်ထိန်းသိမ်းနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ပညာရှင်များက ထောက်ခံပြောကြားခဲ့သည်။ အသက်အရွယ် ကြီးရင့်လာခြင်း၊ ဆီးချိုရောဂါနှင့် ရေတိမ်ဖြစ်ပွားခြင်းတို့ကြောင့် အမြင်အာရုံ လျော့ပါးဆုံးရှုံးလာခြင်းကို ပုံမှန် ကော် ဖီသောက်ခြင်းဖြင့် အတိုင်းအတာ တစ်ရပ်ထိ တားဆီးနိုင်မည်ဟု သုတေသီများက ယုံကြည် လျှက်ရှိ သည်။
 
 ကော်ဖီတွင် ပါရှိသည့် Antioxidant ဓာတ်ပစ္စည်း တစ်မျိုး၏ သက်ရောက်မှုက မျက်ကြည်လွှာ၏ ကြည်လင်တောက်ပမှုကို ကူညီထိန်းသိမ်းပေးနိုင်ကြောင်း သုတေသန ရလဒ်တစ်ခုက ညွှန်ပြလျှက်ရှိ သည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ Cornall တက္ကသိုလ်မှ ပညာရှင်များက ကော်ဖီ ပုံမှန် သောက်ခြင်းဖြင့် မျက်စိအမြင်အာရုံကို စောင့်ရှောက် ထိန်းသိမ်းနိုင်မည့် ဆက်စပ်မှုတစ်ခုကို တွေ့ရှိခဲ့ သည်။

ကော်ဖီတွင် ကဖိန်းဓာတ် (၁)ရာခိုင်နှုန်းမျှ ပါဝင်သော်လည်း Chlorogenicခေါ် အက်ဆစ်တစ်မျိုးက ပမာဏ ပိုမိုများပြားစွာ စုဖွဲ့နေတတ်သည်။ အဆိုပါ အက်ဆစ်သည် အားကောင်းသည့် Antioxidant အမျိုးအစား တစ်ခုဖြစ်ပြီး ကော်ဖီ၏ ဓာတုဖွဲ့စည်းပုံ၌ (၇)ရာခိုင်နှုန်းနှင့် (၉)ရာခိုင်နှုန်းကြား ပါဝင်နေတတ်သည်။ ယင်းအက်ဆစ်သည် မျက်စိမြင်လွှာကို ထိခိုက်လာမည့် ဆိုးကျိုးများအား တားဆီးပေးနိုင်သည့် အာနိသင် ရှိနေကြောင်း သိရသည်။ ယခုတွေ့ရှိချက်ကို Agricultural and Food Chemistry ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

ယခုသုတေသန လုပ်ဆောင်မှုတွင် ပါဝင်ပြီး အစားအသောက် သိပ္ပံပညာဆိုင်ရာ ပရော်ဖက်ဆာ တစ်ဦး လည်းဖြစ်သော ချန်လီက “မျက်စိရဲ့ မြင်လွှာဆိုတာဟာ ပါးလွှာတဲ့ တစ်သျှူးလွှာလေး တစ်ခုပါ။ အဲဒီမှာ အလင်းကို အာရုံခံနိုင်တဲ့ ဆဲလ်လေးတွေ သန်းနဲ့ချီပြီး ပါဝင်ဖွဲ့စည်းထားတယ်။ ပြီးတော့ အမြင်အတွေ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လက်ခံပေးနိုင်တဲ့ ဆဲလ်တွေလည်း ပါတယ်။
 
 ပြောရမယ်ဆိုရင် ဇီဝကမ္မ ဖြစ်စဉ်တွေ အနိုးကြားဆုံး လှုပ်ရှားနေတဲ့ တစ်သျှူးမျိုးပါပဲ။ အောက်စီဂျင် တောင်းဆိုမှု သိပ်များပြီး ဒီ့အတွက်လည်း Oxidantဓာတ်တွေရဲ့ ဖိနှိပ်မှုကို ပိုခံရတတ်တယ်။ အောက်စီဂျင် ပြတ်လပ်မှုတွေ ဖြစ်လာ တဲ့အခါ တစ်သျှူးမှာ ထိခိုက်မှုတွေ ဖြစ်လာပြီး အမြင်အာရုံ လျော့ပါးသွားတတ်ပါတယ်”ဟု ရှင်းပြခဲ့သည်။

၎င်းက “ခုတွေ့ရှိချက်မှာတော့ မျက်ကြည်လွှာ ကျန်းမာရေးအတွက် ပုံမှန်အစားအစာ တစ်မျိုးကနေ ကောင်း ကျိုးဖြစ်ထွန်း စေနိုင်တယ်ဆိုတာ ကျွန်တော်တို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကော်ဖီဟာ ခုချိန်မှာ တစ်ကမ္ဘာလုံး လူကြိုက်အများဆုံး သောက်သုံးပစ္စည်း ဖြစ်နေပါပြီ။ ကျွန်တော်တို့ အနေနဲ့ ကော်ဖီသောက်ခြင်းကြောင့် မျက်လုံးအတွက် ကောင်းကျိုးတွေ ဖြစ်နိုင်တယ် ဆိုတာကို နားလည်သဘောပေါက်လာခဲ့ပါတယ်” ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network

0 comments:

Post a Comment