13 May 2014

ငွေကြေးခက်ခဲသည့် သဘင်ပညာသည်များ၏ သား၊ သမီးများကို ပညာသင်စရိတ် ထောက်ပံ့မည်



အထက်တန်းပညာနှင့် တက္ကသိုလ် ဆက်တက်ရန် ငွေကြေး အခက်အခဲရှိသည့် သဘင်ပညာသည်များ၏ သား၊ သမီးများစာရင်းကို ကောက်ခံပြီးပါက လာမည့်၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစကာ ပညာသင် စရိတ် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

အဆိုပါ သဘင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ၏ သား၊ သမီးများ ပညာရေး ထောက်ပံ့နိုင်ရန် အတွက် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) က ပညာရေး ဖောင်ဒေးရှင်းကို မေလ ၃ ရက်နေ့က တည်ထောင်လိုက်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ဒီဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်ကတော့ သဘင်ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေရဲ့သား၊ သမီးတွေ အမှန်တကယ် ပညာထူးချွန်ပါလျက်နဲ့ ငွေကြေး အဆင်မပြေမှုကြောင့် အထက်တန်းပညာ ဆက်လက်သင်ယူဖို့ အခက်အခဲ ရှိနေရင် ကျောင်းထားပေးဖို့ရယ်၊ အထက်တန်း အောင်သွားပြီး တက္ကသိုလ်တက်ဖို့ အခက်အခဲ ရှိနေရင် တက္ကသိုလ်ပါ ထားပေးဖို့ပါ။ နောက်လ ဆိုရင် ကျောင်းဖွင့်ပြီ ဆိုတော့ ဒီနှစ် ကျောင်းဖွင့်ရာသီအမီ ကျောင်းသား၊ ကျောင်းသူ အရေအတွက်စာရင်း အတိအကျရအောင် စာရင်းကောက်ဖို့ လုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပညာရေး ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘင်အစည်းအရုံးများ၏ မတည်ငွေများဖြင့် တည်ထောင်ခြင်း ဖြစ်ပြီး ရန်ပုံငွေများ ဆက်လက်ရရှိရန် ရန်ပုံငွေ ဖျော်ဖြေပွဲများ၊ နယ်လှည့် ဖျော်ဖြေပွဲများ ပြလုပ်သွားရန် အစီအစဉ်များလည်း ရှိကြောင်း ၎င်းကဆိုသည်။

ယင်းအပြင် သဘင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်နှင့် ဘဝအာမခံချက် ပေးနိုင်ရန်အတွက် မူဝါဒအသစ်များ ချမှတ်ရန် သဘင်ပညာရှင်များကို ဗဟိုပြုသည့် ဆန္ဒခံယူပွဲကို ဇွန်လ ၁ ရက်နေ့မှစကာ ဆန္ဒသဘောထားများ ခံယူသွားမည် ဖြစ်ကြောင်း ဦးဝင်းကြိုင်က ထပ်လောင်းပြောကြားသည်။

သဘင်ပညာရှင်များ၊ သဘင်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများနှင့် တွေ့ဆုံကာ လွတ်လပ် ပွင့်လင်းသည့် ဆန္ဒသဘောထားများ ရယူပြီးပါက မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံးအနေနှင့် မူဝါဒအသစ်များ ရေးဆွဲသွားမည် ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါ ဆန္ဒခံယူပွဲကို မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) မှ အဖွဲ့သုံးဖွဲ့ခွဲကာ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ သဘင်ပညာရှင် အစည်းအရုံးများ ဖွဲ့စည်း ထားပြီး ဖြစ်သည့် မြို့နယ်တိုင်းတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံးထံမှ ထပ်မံသိရသည်။

The Voice Journal
 

0 comments:

Post a Comment