
ယခုနှစ်စပိုင်းက တင်သွင်းခွင့်မရှိ ဟုဆိုသော ညာမောင်း Brand New ကားများကို ပြန်လည်ခွင့် ပြုပေးနေကြောင်း ‘စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန’မှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ Brand New အဖြစ် သတ်မှတ်သော ၂၀၁၃၊ ၂၀၁၄ မိုဒယ်ကားများကို ဘယ်မောင်းသာ ပေးသွင်းမည်ဟု ဆိုသော်လည်း ကားသစ်များ တင်သွင်းရန်အတွက် အခက်အခဲမရှိစေရန် ညာမောင်းများကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။“အရင်တုန်းကတော့ Brand New ဆိုရင် ညာမောင်းပေးမသွင်းဘူးလို့ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ပြီး ပေးသွင်းပါတယ်၊ ညာမောင်းပေးသွင်းဖို့ကိစ္စကို မော်တော်ယာဉ် တင်သွင်းမှုကြီးကြပ်ရေးကော်မတီက ၀န်ကြီးသုံးဦး ဆုံတဲ့အချိန်မှာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်၊ ညာမောင်းကားတွေက မြန်မာနိုင်ငံလမ်း အနေအထားနဲ့ မသင့်လျော်တဲ့အတွက် မသွင်းကြဖို့ ဂျပန်ကုမ္ပဏီတချို့ကလည်း ထောက်ပြထားပါတယ်၊ မြန်မာနိုင်ငံရဲ့ လမ်းအနေအထားအရ လက်ယာကပ်မောင်းစနစ် ဖြစ်တဲ့အတွက် ညာမောင်းကားတွေက တစ်စီးနဲ့ တစ်စီးကျော် တက်မယ်ဆိုရင် အန္တရာယ်အရမ်းများပါတယ်၊လာအိုလို နိုင်ငံမျိုးက တောင်ညာမောင်းကားတွေကို ဘယ်မောင်းအဖြစ် ပြန်ပြီးပြောင်း ခိုင်းနေပါတယ်၊ လမ်ပေါ်မှာ ညာ မောင်းကားတွေ တွေ့ရင်လည်း ထိထိရောက်ရောက် အရေးယူနေပါတယ်”ဟု ‘ရောင်နီဦး ကားအရောင်းစင်တာ’မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ဆိုသည်။
Brand New ကားများကို ညာမောင်း ပြန်လည်ပေးသွင်းသော်လည်း လာမည့်နှစ်တွင် ဘယ်မောင်းကားကိုသာ ခွင့်ပြုပေးဖွယ်ရှိကြောင်း သိရသည်။ ထို့ပြင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ မိုဒယ်မြင့်ကားများ တင်သွင်းရန်အတွက် လာမည့်နှစ်အနည်းငယ်တွင် ၂၀၁၀ မိုဒယ်ကို အနိမ့်ဆုံးထားပြီး တင်သွင်းခွင့်ပြုဖွယ်ရှိကြောင်းလည်း ကားအရောင်းစင်တာ ပိုင်ရှင်များမှတစ်ဆင့် သိရသည်။
Automobile Journal
0 comments:
Post a Comment