9 May 2014

ပျူ မြို့ဟောင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်းဝင်ရန် UNESCO သို့ မေလ အတွင်းတင်ပြမည်


 နန်းစိုက်ရာမြို့ ဖြစ်ခဲ့သောကြောင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အများအပြား တည်ရှိရာ မန္တလေးမြို့တော်ရှိ ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ စာရင်း ဝင်သွားပြီးသည့်နောက် ပျူမြို့ဟောင်း နေရာများကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရန်အတွက် မေလအတွင်း ကျင်းပမည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ အစည်းအဝေးပွဲတွင် တင်သွင်းသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြောကြားသည်။

မန္တလေးမြို့တော်တွင် မေလ ၈ ရက်နေ့က ကျင်းပသော ကုသိုလ်တော် ဘုရားကျောက်စာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရောက်မှု အထိမ်းအမှတ် အခမ်းအနား Logo စိုက်ထူပွဲတွင် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
“လိုအပ်တဲ့ လေ့လာမှုတွေ တင်ပြရမယ့် အချက်အလက်တွေအားလုံး အစုံအလင် ဖြစ်နေပါပြီ။ ဒီလအတွင်း ကျင်းပမယ့် ယူနက်စကို အစည်းအဝေပွဲမှာ တင်ပြသွားမှာပါ။ လိုအပ်ချက် အနည်းငယ် ရှိနေပေမယ့်လည်း နောက် ၂ နှစ် သုံးနှစ်အတွင်းမှာ ပျူမြို့ဟောင်း နေရာတွေဟာ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ရောက်တော့မှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ထပ်မံဆိုသည်။

နိုင်ငံခြား ခရီးသွားများအနေနှင့် လာရောက် လည်ပတ်မည့် နိုင်ငံအတွင်းရှိ ထင်ရှား ကျော်ကြားသော နေရာများကို ဦးစွာလေ့လာပြီး လည်ပတ်လေ့ ရှိကြောင်း၊ ယင်းကဲ့သို့ မြန်မာ့ ရှေးဟောင်း ယဉ်ကျေးမှုဒေသများ ကမ္ဘာ့အမွေနှစ် စာရင်းဝင်သွားပါက ကမ္ဘာ့တွင် မြန်မာသည် ပိုမိုထင်ရှားလာမည် ဖြစ်ပြီး ကမ္ဘာ့လှည့် ခရီးသွားများလည်း ပိုမိုလာရောက်ကြမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ ထိုင်းခရီးသွား ဧည့်လမ်းညွှန် ဦးစိုင်းဝဏ္ဏက ပြောကြားသည်။

အဆိုပါ ပျူမြို့ဟောင်း နေရာများ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းသို့ ဝင်ရောက်ပြီးသည်နှင့် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် အထူးခြားဆုံး ဖြစ်သော ပုဂံဒေသနှင့် ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ ရှေးဟောင်း အမွေအနှစ် နေရာများကိုလည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်နိုင်ရန် ကြိုးစား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ထည့်သွင်း ပြောကြားသည်။
 
The Voice Weekly

0 comments:

Post a Comment