9 May 2014

iPhone အသစ်ကို သြဂုတ်လတွင် မိတ်ဆက်မည်ဟု ထိုင်ဝမ်သတင်းစာ ဖော်ပြ



Apple သည် screen အရွယ်အစား ၄.၇ လက်မရှိ iPhone အသစ်ကို လာမည့် သြဂုတ်လတွင် မိတ်ဆက် သွားရန် စီစဉ်ထားကြောင်း ထိုင်ဝမ်မှ နာမည်ကြီးသတင်းစာက သတင်းဖော်ပြလိုက်သည်။ ပြိုင်ဘက် ကုမ္ပဏီများ၏ screen အရွယ်အစား ကြီးမားသော စမတ်ဖုန်းများ ရောင်းအားကောင်း လာပြီးနောက် Apple က ခန့်မှန်းထားသည်ထက် တစ်လစော၍ ၎င်း၏ iPhone အသစ်တစ်မျိုးကို မိတ်ဆက်သွားမည်ဟု ဆို သည်။ ထိုင်ဝမ်သတင်းစာ The Economic Daily News က အမည်မဖော်ပြထားသော သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြရာ၌ Appl သည် ထိုင်ဝမ်အခြေစိုက် Visual Photonics Epitaxy နှင့် Largan Precision ကုမ္ပဏီတို့ထံမှ iPhone အသစ်အတွက် အစိတ်အပိုင်းများ ဝယ်ယူခဲ့ကြောင်း သိရသည်။

အသစ်ထွက်ရှိလာမည့် iPhone ကို iPhone 6 ဟု Apple က အမည်သတ်မှတ်ဖွယ်ရှိပြီး Foxconn နှင့် Pegatron အပါအဝင် ထိုင်ဝမ်အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီများကလည်း Apple အနေဖြင့် ဟန်းဆက်အသစ် ထုတ်လုပ်ခြင်းကို လာမည့် ဇွန်လကုန်ခန့်တွင် စတင်လိမ့်မည်ဖြစ်ကြောင်း ပြောကြား သည်။ စမတ်ဖုန်းဈေးကွက်တွင် screen ပိုမိုကြီးမားသည့် အမျိုးအစားများကို Samsung နှင့် HTC တို့က ထုတ်လုပ်ရောင်းချခဲ့ပြီး ရောင်းအားကောင်းခဲ့ရာ Apple ကလည်း screen အရွယ်အစား ၄.၇ လက်မရှိ iPhone အသစ်ကို ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

screen အရွယ်အစား ၅.၅ လက်မ သို့မဟုတ် ၅.၆ လက်မရှိ iPhone 6 ကိုမူ မူလခန့်မှန်းထားသည့် အတိုင်း စက်တင်ဘာလတွင် မိတ်ဆက်ဖွယ်ရှိသည်။ အသစ်ထုတ်လုပ်မည့် iPhone အမျိုးအစား နှစ်မျိုးကို အရေအတွက် သန်း ၈၀ အထိ ရောင်းချနိုင်ရန် Apple က မျှော်မှန်းထားကြောင်း ထိုင်ဝမ်သတင်းများက ဆိုသည်။ ဂျပန်သတင်းစာ Nikkei Business Daily ကလည်း iPhone အမျိုးအစားသစ်ကို Apple က စက်တင်ဘာလအတွင်း မိတ်ဆက်သွားမည်ဟု ပြီးခဲ့သည့် မတ်လကတည်းက ဖော်ပြထားခဲ့သည်။ Apple သည် iPhone 5 ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင်လည်းကောင်း၊ iPhone 5S နှင့် iPhone 5C ကို ကို ယမန်နှစ် စက်တင်ဘာလတွင် မိတ်ဆက်ခဲ့သည်။

Planet Myanmar Network


0 comments:

Post a Comment