
မန္တလေး၊ ဇွန်
မြန်မာနိုင်ငံအလယ်ပိုင်း ဒေသသို့ မုတ်သုံ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း အပူချိန် မြင့်တက်နေဆဲ ဖြစ်သော မန္တလေးမြို့တော်တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်အတွင်း အပူရှပ်၍ အမျိုးသား ၇ ဦး မန္တလေးဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း ယင်းဆေးရုံမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။
အပူချိန် မြင့်တက်နေချိန်တွင် အရက်သောက်သုံးသူများ၊ အခြေအနေမဲ့ သွားလာနေထိုင်သူများ၊ နယ်မှ လာရောက်၍ ဈေးလာဝယ်သူများ ရုတ်တရက် အဖျားများ တက်လာခြင်း၊ ချွေးထွက်များ၍ မူးဝေလာခြင်းများကြောင့် ယင်းသို့ ဆေးရုံကြီးကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဦးမင်းလွင်က The Voice သို့ ထပ်မံ ရှင်းပြသည်။
မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၂ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ အပူကြောင့် လူနာ ၅၇ ဦး ရောက်ရှိလာပြီး သေဆုံးသူ အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦးနှင့် အရက်ကြောင့် တစ်ဦး သေဆုံးသွားခဲ့ကြောင်း ယင်းဆေးရုံ မှတ်တမ်းများအရ သိရသည်။
မန္တလေးမြို့တော်တွင် မေလ ၂၃ ရက်နေ့က အပူချိန် ၃၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
0 comments:
Post a Comment