သီလရှိသူ...
ကိုယ်၊ နုတ်၊ စိတ်တို့ကို သတိနဲ့ ကောင်းစွာ စောင့်ရှောက်ပြီး မကောင်းမှုကို မပြု။ မိမိစတဲ့အကြောင်းကြောင့် လိမ်ညာ မပြောဆို။ ထိုသို့သောသူကို သီလရှိသူဟု ဘုရားစတဲ့ သူတော်ကောင်းများက ခေါ်ဆိုကြပါတယ်။
ပညာရှိသူ....
နက်နဲတဲ့ ပြဿနာတွေကို စိတ်ဖြင့် ကြံရုံမျှနဲ့ ဖြေဆိုနိုင်စွမ်းရှိတယ်။ အကျိုးမဲ့ဖြစ်တဲ့ ရုန့်ရင်းတဲ့ အမှုမျိုးကို မပြု၊ အချိန်အခါ အလျှောက်ဖြစ်ပေါ်လာတဲ့ အစီးအပွားကို ကောင်းစွာ အသုံးချနိုင်တယ်။ ထိုသို့သောသူကို ပညာရှိဟု ဘုရားစတဲ့ သူတော် ကောင်းများက ဆိုကြတယ်။
သူတော်ကောင်း....
ကျေးဇူးသိတယ်။ သိတဲ့အတိုင်း ဆပ်လေ့ရှိတယ်။ မြဲမြံတည်ကြည်တယ်။ မိတ်ဆွေကောင်းပီသတယ်။ ဒုက္ခရောက်နေတဲ့ သူငယ်ချင်းရဲ့ အမှုကို ကူညီဆောင်ရွက်ပေးတယ်။ ထိုသို့သောသူကို သူတော်ကောင်းလို့ ဘုရားစတဲ့သူတော်ကောင်းများ က ခေါ်ကြတယ်။
ဘုန်းကျက်သရေရှိသူ.....
သက်ဝင်သော သဒ္ဓါတရားရှိတယ်။ ချစ်ဖွယ်စကား၊ သာယာတဲ့စကား၊ နူးညံ့တဲ့စကားကို ဆိုလေ့ရှိတယ်။ ပေးကမ်းခြင်း အလေ့ရှိပြီး တောင်းလာသူတို့ရဲ့ အသံကို သိတယ်။ ပေးကမ်းခြင်းဖြင့် သူတစ်ပါးကို ချီးမြောက်လေ့ရှိတယ်။ ထိုသူကို ဘုန်းကျက် သရေဟာ ဘယ်တော့မှ စွန့်ခွါမသွားပါဘူး။ အမြဲတမ်း ကျက်သရေရှိနေပါတယ်။ ဒါကြောင့် သူ့ကို ဘုန်းကျက်သရေရှိသူလို့ ဘုရားစတဲ့သူတော်ကောင်းများက ဆိုကြပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး သီလရှိသူများ၊ ပညာရှိသူများ၊ သူတော်ကောင်းများ၊ ဘုန်းကျက်သရေရှိသူများ ဖြစ်နိုင်ကြပါစေ။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
0 comments:
Post a Comment