5 Jun 2014

ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်း ပနားမားကို လေးဂိုးပြတ် အနိုင်ရ


ပနားမားနောက်ခံလူများကို ကျော်ဖြတ်၍ ဂိုးသွင်းယူရန် ကြိုးပမ်းနေသော ဘရာဇီးလ်တိုက်စစ်မှူး နေမာ (Photo:AFP)

ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် နိုင်ငံတကာ ခြေစမ်းပွဲများကို ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ ၂၀၁၄ ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်းက ပနားမားအသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရရှိထားသည့် ဘရာဇီးလ်အသင်းက ဖရက်ဒ်၊ နေမာ၊ အော်စကာ၊ ဟော့ခ်၊ ဂူစတာဗို၊ ရာမီရက်စ်၊ မာဆယ်လို၊ ဒန်တေ၊ ဒေးဗစ်လူးဝစ်ဇ်၊ အဲလ်ဗတ်စ်၊ ဂျူလီယိုဆီဆာ(ဂိုး)တို့ဖြင့် (၄-၂-၃-၁) ပုံစံ ပွဲထွက်လာခဲ့သည်။ 
 
ဘရာဇီးလ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့သလို ပနားမားအသင်းကလည်း အခွင့်အရေးအချို့ ရရှိခဲ့သည်။ သို့သော် ကမ္ဘာ့ထိပ်တန်း ကစားသမားများစွာ ပါဝင်နေသည့် ဘရာဇီးလ်အသင်းက အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး နေမာ (၂၇ မိနစ်)၊ အဲလ်ဗတ်စ် (၄၀ မိနစ်)၊ ဟော့ခ် (၄၆ မိနစ်)နှင့် ၀ီလီယံ (၇၃ မိနစ်)တို့က သွင်းယူပေးခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ဘော့စနီးယားကလည်း နာမည်ကြီး မက္ကဆီကိုအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ယူကာ နှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့သည်။
 
 နှစ်သင်းစလုံးတွင် အဓိက ကစားသမားများ ပါဝင်ခဲ့ပြီး မက္ကဆီကိုအသင်းက ပိုမိုခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ဘော့စနီးယားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုမူ ဟက်ခ်ျရိုဗစ်က ၄၁ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဘော့စနီးယားအသင်းမှာ ယခုပွဲ မတိုင်မီကလည်း အိုင်ဗရီကို့စ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရထားကြောင်း သိရသည်။

ကျန်ပွဲစဉ်များတွင် ဆွစ်ဇာလန်အသင်းက ပီရူးကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂရိနှင့် နိုင်ဂျီးရီးယားတို့ ဂိုးမရှိ သရေကျခဲ့ကြောင်း သိရသည်။

Eleven Media Group


0 comments:

Post a Comment