![]() |
အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ ဒိုလီဒေသရှိ ပြည့်တန်ဆာတန်းပိတ်မည့်အစီအစဉ်ကို ဆန့်ကျင်သည့် လိင်လုပ်သားများ၏ ဆန္ဒပြပွဲတွင် ဒေသခံများ ပါဝင်ဆန္ဒပြနေသည်ကို ဇွန်လ ၅ ရက်က တွေ့ရစဉ် (Juni KRISWANTO/AFP) |
အရှေ့တောင်အာရှ၏ အကြီးဆုံးပြည့်တန်ဆာတန်းများအနက် တစ်ခုပိတ်မည့်အစီအစဉ်ကို အင်ဒိုနီးရှား လိင်လုပ်သား ၁,၀၀၀ ကျော်က ဇွန်လ ၅ ရက်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
အပေါ်ပိုင်း လုံလုံခြုံခြုံဝတ်စားကာ စကတ်တိုများ ဝတ်ဆင်ထားသည့် လိင်လုပ်သားများသည် ၎င်းတို့ မည်သူ မည်ဝါဖြစ်သည်ကို ခွဲခြားမရစေရန် မျက်နှာများအား ဖုံးအုပ်ဆန္ဒပြခဲ့ကြသည်။
မွတ်စလင်အများစုနေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၏ ဒိုလီဒေသရှိ ပြည့်တန်ဆာ တန်းကို အာဏာပိုင်များ လျစ်လျူရှုထားခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်သည်။
သို့သော် မြို့တော်ဝန်သစ်က ယခုအခါ ယင်းပြည့်တန်ဆာတန်းကို ပိတ်ပစ်မည်ဟု ကြွေးကြော်ထားသည်။ အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဆိုပါက မိမိတို့ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်မဟုတ်ဟု ဒိုလီဒေသတွင် အလုပ်လုပ်သော အမျိုးသမီးများစွာက ပြောသည်။
ဇွန်လ ၅ ရက်တွင် လိင်လုပ်သား ၁,၂၀၀ ခန့်သည် ယင်းဒေသအနှံ့ ချီတက်ဆန္ဒပြခဲ့ကြောင်း ယင်းနေရာတွင် သတင်းယူနေသည့် အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောသည်။
၎င်းတို့က အင်ဒိုနီးရှားသမ္မတ ယူရိုယူနိုနှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြသည်။
ယင်းလိင်လုပ်သားများကို ငွေကြေးအကူအညီပေးမည်ဟု ဆူရာဘာယာမြို့တော်ဝန် ထရီရစ်မဟာရီနီက ကတိပြုထားပြီး လက်မှုပညာရပ်များကဲ့သို့ ၎င်းတို့ စွမ်းရည်သစ်များ ရှိလာစေရန် ဒေသဆိုင်ရာ အာဏာပိုင်များက သင်ပေးလိမ့်မည်ဟု ပြောကြားထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ပြည့်တန်ဆာများကို တွေ့မြင်နေကျ ဖြစ်သော်လည်း ယင်းအလုပ်မှာ နိုင်ငံတွင် တရားမဝင်ပေ။
—Ref: AFP
7 Day
0 comments:
Post a Comment